နိုင်ငံတကာရေးရာ သုတေသီတစ်ဦး
ဒီနေ့ခေတ်မှာ နိုင်ငံတစ်နိုင်ငံကို စစ်စတင်တိုက်ခိုက်တယ်ဆိုတာ လွယ်တာမဟုတ်ဘူး။ လွယ်တာမဟုတ်ဘူးဆိုတာ အင်အားကြီးတိုင်း စစ်တိုက်လို့ရတာမဟုတ်ဘူး။ ကိုယ့်ဘက်က စတင်တိုက်ခိုက်တာ မှန်ကြောင်းပြဖို့လိုတယ်။ နိုင်ငံတကာက လက်ခံဖို့လိုတယ်။ လူထုက ကိုယ့်ဘက်ပါဖို့လိုတယ်။ သမိုင်းအထောက်အထား ကျန်ခဲ့ဖို့လိုတယ်။ မဟုတ်ရင် ကျူးကျော်သူ၊ လူဆိုး၊ လူမိုက်နိုင်ငံဖြစ်သွားမှာပေါ့။
ဒါကြောင့် ၁၉၄၅
ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်း တစ်နိုင်ငံကတစ်နိုင်ငံကို စစ်တိုက်တဲ့ အခါ မတိုက်ခင်
အချက်အလက်တွေ စုဆောင်းရတယ်။ မဟာမိတ်တွေ ရှာဖွေရတယ်။ သူ့အလွန်ကို စောင့်ရတယ်။ တိုက်မယ့်နိုင်ငံကို
လူဆိုးဖြစ်အောင် လုပ်ရတယ်။ သူက စတိုက်လာအောင်ဆွပေးရတယ်။ သူက စမတိုက်ရင်တော့ ကိုယ်ကသွားတိုက်ပေါ့။
လုံခြုံရေးအကြောင်းပြပေါ့။ ငြိမ်းချမ်းရေးအကြောင်းပြပေါ့။ ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်း
ကမ္ဘာကြီးမှာ နိုင်ငံအချင်းချင်း စစ်ပွဲများစွာဖြစ်ခဲ့တယ်။ အခုဆို ၂၀၂၅ ခုနှစ်တောင်
နှစ်တစ်ဝက်ကျိုး ခဲ့ပြီ။ နိုင်ငံအချင်းချင်း စစ်တွေက ဖြစ်နေတုန်းပဲ။ အခုဆို အစ္စရေးနဲ့အီရန်
စစ်ဖြစ်တဲ့သတင်းက ကမ္ဘာ့ သတင်းတိုင်းမှာ နေရာယူထားတယ်။
သမိုင်းကိုလေ့လာရင်တော့
ရေးရေးအဖြေပေါ်
ဒီနေ့ခေတ် လူငယ်တွေက
ဘာကြောင့်စစ်ပွဲတွေဖြစ်နေမှန်း နားမလည်ကြဘူး။ ဘာကြောင့် စစ်ဖြစ်ချင်နေကြတာလဲပေါ့။ ဘာကြောင့်
စစ်ကို မတားဆီးနိုင်သလဲပေါ့။ သူတို့မှာ အဖြေမရှိသလို ဘယ်သူ့ဆီမှာမှ အဖြေမရှိဘူး။ သမိုင်းကိုလေ့လာရင်တော့
ရေးရေးအဖြေပေါ်လိမ့်မယ်။ ဒီကမ္ဘာမှာ အနောက်နိုင်ငံတွေနဲ့ ထိပ်တိုက်တိုးမိရင် အနည်းနဲ့
အများ စစ်ဆိုတာဆီ ဦးတည်သွားလေ့ရှိတယ်။ ထိပ်တိုက်တိုးတယ်ဆိုတာ သာမန်အဆင်မပြေဖြစ်တာ၊
ရန်ဖြစ်တာလောက်ကို ပြောတာမဟုတ် ဘူး။ နိုင်ငံရေးစနစ်ကွဲပြားတာ၊ သူတို့လုံခြုံရေး ခြိမ်းခြောက်တာ၊
နောက်ဆုံး သူတို့ထက်သာသွားမယ့်အခြေအနေရှိတယ်ဆိုရင် စစ်ဆိုတာဖြစ်မှာပဲ။ အခုမဖြစ်လည်း
နောင်ဖြစ်မှာပဲ။ ကိုယ့်ဘက်ကသာ မပြောင်းလဲဘူးဆိုရင်ပေါ့။ အပြောင်းအလဲ လုပ်ချင်လုပ်၊
မလုပ်ရင်တော့ ဝိုင်းပယ်ပိတ်ဆို့ခြင်းခံရမယ်။
အမေရိကန်က ပိတ်ဆို့ပြီဆိုတာနဲ့
ဥရောပလည်း ပိတ်ဆို့ပြီပဲ။ အမေရိကန်၊ ဥရောပဆိုတာနဲ့ အနောက်ကမ္ဘာတစ်ခုလုံးပါပြီပဲ။ အနောက်နိုင်ငံတွေ
သဲသဲမဲမဲဖြစ်ပြီဆိုတာနဲ့ ဂျပန်တို့၊ ကိုရီးယားတို့လို အမေရိကန်မဟာမိတ်တွေက ပါလာမှာပဲ။
အာရှက ကြားနေသလို ပါးနပ်တဲ့နိုင်ငံတွေလည်း ပါလာမှာပဲ။ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂအဖွဲ့တွေ
ကလည်း အနောက်အုပ်စုက ဘာမှမပြောခင်ကို အရိပ်ပြအကောင်မြင် သံစုံတီးဝိုင်းလို အသံထွက်
လာမှာပဲ။
အနောက်ရဲ့ဗျူဟာက
သူတို့နဲ့အဆင်မပြေဘူးဆိုရင် ပိတ်ဆို့ဖယ်ကြဉ်မှုတွေကနေ အားနည်း အောင်လုပ်မယ်။ အတိုက်အခံတွေကို
အကူအညီပေးမယ်။ အလိုအလျောက် အတွင်းကနေပြိုကွဲသွား အောင်လုပ်မယ်။ မဟုတ်ဘဲ သူတို့ပိတ်ဆို့တဲ့ကြားက
တိုးတက်လာပြီ၊ အောင်မြင်လာပြီဆိုရင် နေရာ ဒေသနဲ့ နိုင်ငံအနေအထားပေါ်ကြည့်ပြီး ကိုယ်ထိလက်ရောက်
တိုက်ခိုက်ထိန်းချုပ်ဖို့ ကြိုးစားလိမ့် မယ်။ အခု အီရန်လိုမျိုးပေါ့။ အီရန်ကို အနောက်နိုင်ငံတွေက
ဝိုင်းဝန်းပိတ်ဆို့တာ ကြာလှပြီ။ အမေရိကန်က ခြောက်လိုက်၊ ဥရောပက ချော့လိုက်နဲ့ အီရန်မှာ
အပြောင်းအလဲတွေဖြစ်အောင် ကြိုးစား ခဲ့တယ်။ ဒါပေမဲ့ ဒီကြားထဲကပဲ အီရန်က ဆက်ပြီး တိုးတက်လာနေခဲ့တယ်။
အနည်းဆုံး လက်နက်အင်အား ကြီးမားလာတယ်ပေါ့။ ဒေသတွင်းက လက်နက်ကိုင်အုပ်စုတွေကို ထောက်ပံ့ပေးနိုင်တဲ့အထိ
အင်အားကောင်းလာတယ်။ နောက်ကွယ်မှာ နိုင်ငံကြီးတချို့ကလည်း အီရန်ကို အကူအညီပေးတာ ရှိနိုင်ပါတယ်။
ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ ဆိုတာ အဲဒီနိုင်ငံရဲ့ ကိုယ်တိုင်စွမ်းဆောင်မှု
မပါဘဲ မဖြစ်နိုင်ပါဘူး။
မြောက်ကိုရီးယားနိုင်ငံကလည်း
ဘယ်နိုင်ငံတွေက ဘယ်လိုပဲအကူအညီပေးတယ် ပြောပါစေ။ သူတို့ကိုယ်တိုင် စွမ်းဆောင်နိုင်လို့သာ
လက်နက်နိုင်ငံတော်အဖြစ်တည်ဆောက်နိုင်တာ ဖြစ်ပါတယ်။ မဟုတ်ရင် အချို့အာဖရိကနိုင်ငံတွေလို
အကူအညီ ပဲမျှော်တဲ့လက်ဝေခံနိုင်ငံတွေ ဖြစ်သွားမှာပေါ့။ ဒါကြောင့် အီရန်နိုင်ငံ တဖြည်းဖြည်းတိုးတက်လာတာကို
အမေရိကန်က စိုးရိမ်ပါတယ်။ ရန်ဖြစ်ထားတဲ့ နိုင်ငံလေ။ နျူကလီးယားလက်နက်ကလည်း ပိုင်ဆိုင်တော့မယ်။
ဆိုတော့ မဖြစ်မနေတားဆီးဖို့လိုလာပါပြီ။ မဖြစ်မနေထိန်းချုပ်ဖို့လိုလာပါပြီ။ အီရန်ကို
အစ္စရေးက စတင်တိုက်ခိုက်ခြင်းက နျူကလီးယားလက်နက်အကြောင်းပြချက်နဲ့ဖြစ်တယ်။ စစ်စတင်ဖို့
အကြောင်းအရာတစ်ခုခု ပြသဖို့လိုတယ်။ စိတ်ဝင်စားစရာကောင်းတာက အမေရိကန်နိုင်ငံ အမျိုးသားထောက်လှမ်းရေးအကြီးအကဲ
Tulsi Gabbard က ပြီးခဲ့တဲ့ မတ်လ ကြားနာပွဲတစ်ခုမှာ အီရန်ဟာ နျူကလီးယားလက်နက်ထုတ်လုပ်မနေပါဘူး၊
ထုတ်လုပ်ဖို့အစီအစဉ် မရှိဘူးဆိုပြီး ကွန်ဂရက်မှာထွက်ဆိုတယ်။ အခုထရမ့်က အီရန်နျူကလီးယားလက်နက်အကြောင်းပြပြီး
အစ္စရေးဘက်ကနေ စစ်ထဲဝင်မယ် အသံပြုတယ်။
မီဒီယာတွေက ထရမ့်ကို
သမ္မတကြီးရဲ့ ထောက်လှမ်းရေးအကြီးအကဲက လွန်ခဲ့တဲ့ မတ်လ တုန်းက လွှတ်တော်မှာ အီရန်က နျူကလီးယားလက်နက်ထုတ်လုပ်မနေပါဘူးလို့
အစီရင်ခံခဲ့တာကို ဘယ်လိုမြင်သလဲမေးတော့ ထရမ့်က “သူပြောတာ ငါဂရုမစိုက်ဘူး” (I don’t
care what she said) လို့ တစ်ခွန်းပဲဖြေတယ်။ အီရန်က နျူကလီးယားလက်နက်ထုတ်လုပ်ဖို့ သိပ်နီးစပ်နေပြီ
ဆိုတာ ထပ်ပြောတယ်။ သဘောက ထရမ့်ဟာ သူလုပ်ချင်ရင်လုပ်မှာပဲ။ နောက်ဆုံး အီရန်က နျူကလီးယားကိစ္စ
အလျှော့ပေးမယ်ဆိုလည်း လွန်သွားပါပြီ။
နိုင်ငံရေးမှာ
ရန်ဖြစ်ပြီးရင် ကျေအေးဖို့ဆိုတာ မဖြစ်နိုင်
အချို့ကိစ္စတွေက
နိုင်ငံရေးမှာ ရန်ဖြစ်ပြီးရင် ကျေအေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လူပြောင်းပေးမှသာ ဖြစ်ပါမယ်။
ပြောင်းတဲ့သူကလည်း အနောက်နိုင်ငံတွေအလိုကျ လုပ်ဆောင်ဖို့လိုပါတယ်။ ဒီလိုနဲ့ နိုင်ငံငယ်တွေမှာ
အနောက်အုပ်စုလိုလားသူနဲ့ အနောက်အုပ်စုဖိအား အလျှော့မလိုလားသူတွေ နှစ်ခြမ်းကွဲပြီး အတွင်းမှာတင်
စစ်တွေဖြစ်၊ မတည်ငြိမ် မအေးချမ်းတာ ဆယ်စုနှစ်များစွာရှိပါပြီ။ အခု အီရန် ကတော့ ပိတ်ဆို့မှုအားလုံးကို
ကျော်ဖြတ်ပြီး အင်အားကြီးသထက် ကြီးလာပြီဖြစ်လို့ နောက်ဆုံး စစ်ဆိုတာအထိ ဖြစ်လာတော့တာပါပဲ။
အချို့ကလည်း အစ္စရေးနဲ့အမေရိကန်က နျူကလီးယား ဆိုတာ အကြောင်းပြတာဖြစ်တယ်။ တကယ်က တိုက်ချင်လို့ကိုတိုက်တာဖြစ်တယ်လို့
ထောက်ပြ ကြပါတယ်။
အခု အစ္စရေးနဲ့
အီရန် အပြန်အလှန်တိုက်ခိုက်တာ ရက်ကြာလာတော့ အမေရိကန်က သူကိုယ်တိုင် ပါလာတော့မယ်ဆိုပြီး
အီရန်ကို ခြိမ်းခြောက်ပါတယ်။ တစ်ဖက်မှာ ဥရောပက အီရန်ကို ဂျီနီဗာမှာ ခေါ်တွေ့ ပြီးချော့ပါတယ်။
နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီလို အဖွဲ့အစည်းတွေကလည်း ဝင်ရောက် အကဲဖြတ်ကြည့်ရှုခွင့်တောင်းဆိုပါတယ်။
အီရန်က လိုက်လျောပြန်ရင်လည်း အဆုံးအထိ နင်းကြမှာပါ ပဲ။ နောက်ဆုတ်လို့မရပါဘူး။ ဆုတ်တာနဲ့
တောင်းဆို မှုတွေ ထပ်လာမှာဖြစ်ပါတယ်။ နောက်ဆုံးအုပ်ချုပ်သူတွေ နန်းစွန့်မယ်၊ သူတို့လိုလားတဲ့သူတွေ
တက်လာမယ်ဆိုရင်တော့ ငြိမ်းအေးပါမယ်။ တစ်နိုင်ငံလုံးက တညီတညာတည်း အနောက်ကတင်ပေးတဲ့ အစိုးရသစ်ကိုထောက်ခံရင်
အကြောင်းမဟုတ်ပါဘူး။ မဟုတ်ရင် အတွင်းမှာတင် ပြည်တွင်းစစ်က ဖြစ်နေမှာပါပဲ။ အနည်းဆုံးတော့
နိုင်ငံပြိုကွဲသွားတာပေါ့။ အားနည်းသွားတာပေါ့။ အခု လစ်ဗျား၊ အီရတ်၊ ဆီးရီးယားဖြစ်နေတာ
တစ်ပုံစံတည်းပါပဲ။ အဲဒီသုံးနိုင်ငံလည်း အနောက်အုပ်စုနဲ့ အဆင်မပြေ တော့ စစ်တိုက်တာခံရပါတယ်။
သူတို့အားလုံးကို
စစ်မတိုက်ခင် လူဆိုးဖြစ်အောင် ပုံဖော်ပါတယ်။ ပိတ်ဆို့တယ်၊ ဒဏ်ခတ် တယ်၊ အတိုက်အခံတွေကို
အကူအညီပေးတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ လှည့်တိုက်တယ်။ နောက်ဆုံးလိုအပ်ရင် ကိုယ်တိုင်ဝင်တိုက်ပါတယ်။
ဒီလိုရေးသားလို့ စစ်အတိုက်ခံရတဲ့ လစ်ဗျားတို့၊ အီရတ်တို့၊ ဆီးရီးယားတို့က အပြစ်မရှိဘူးလို့
ရေးနေတာမဟုတ်ပါဘူး။ အီရတ်ဆို အိမ်နီးချင်းကူဝိတ်ကို ကျူးကျော်ခဲ့တာရှိခဲ့တယ်။ နောက်ဆုံး
အီရတ်မှာ နျူကလီးယားလက်နက်ထုတ်လုပ်ဖို့ ကြိုးစားနေတယ်အကြောင်းပြပြီး အမေရိကန်က အီရတ်ကို
စစ်ဝင်တိုက်တာပါပဲ။ လစ်ဗျားနဲ့ ဆီးရီးယားကတော့ အတိုက်အခံတွေကို အကူအညီပေးလိုက်ရုံနဲ့
အစိုးရတွေ အပြောင်းအလဲဖြစ်သွားတယ်။ ပြောချင်တာ အနည်းဆုံး ဒီနိုင်ငံတွေဟာ အချင်းချင်းတိုက်ခိုက်ကြတဲ့
ပြည်တွင်းစစ်ထဲကို နစ်ဆင်းသွားတယ်။ အနောက်နိုင်ငံတွေကို ရန်ပြုဖို့မပြောနဲ့။ အနောက်နိုင်ငံတွေဆီက
အကူအညီရအောင် မျက်နှာချိုသွေးရတဲ့ အခြေအနေဖြစ်သွားတယ်။
အမျိုးမျိုးဖိအားပေးခံရပြီး
နောက်ဆုံး စစ်အတိုက်ခံရ
ဒါကြောင့် နိုင်ငံရေးမှာ
အချို့ကိစ္စတွေက ဖြစ်ပြီးရင် နောက်ဆုတ်လို့မရဘူး။ မပြတ်မသား လုပ်လို့မရဘူး။ အထူးသဖြင့်
အရှေ့အလယ်ပိုင်းလို၊ ဥရောပလို အနောက်နိုင်ငံတွေ အကျိုးစီးပွားရှိတဲ့ နေရာတွေမှာ သူတို့နဲ့အဆင်မပြေတဲ့
နိုင်ငံတွေရှိနေရင် အမျိုးမျိုးဖိအားပေးခံရပြီး နောက်ဆုံး စစ်အတိုက်ခံရမှာပဲ။ အနှေးနဲ့
အမြန်ပဲကွာတယ်။ အနောက်နိုင်ငံတွေဟာ သူတို့ကို ခြိမ်းခြောက်လာတဲ့အထိ မစောင့်ဘူး။ သူတို့ကသာ
ခြိမ်းခြောက်နိုင်သူ အနေနဲ့ ရှိချင်တယ်။ အခြားနိုင်ငံတွေ နျူကလီးယားလက်နက် ပိုင်ဆိုင်ခြင်းကို
ခွင့်မပြုလိုဘူး။ သူတို့က သာ ပိုင်ဆိုင်လိုတယ်။ အနည်းဆုံး သူတို့ထီးရိပ်အောက်ကိုခို၊
သူတို့ အကာအကွယ်ပေးမယ်ပေါ့။ သူတို့သာ ကမ္ဘာ့လုံခြုံရေးကို ထိန်းသိမ်းသူတွေ ဖြစ်ချင်တယ်။
ကမ္ဘာ့ငြိမ်းချမ်းရေးကို သူတို့သာ စောင့်ရှောက်နိုင်တယ်ပေါ့။ ဒါကလည်း အင်အား ကြီးမားလာရင်
သူများတွေ ကိုယ့်ထက် အင်အား မကြီးစေချင်တဲ့ လူ့သဘောသဘာဝလည်းဖြစ်တယ်။ ကိုယ်လုပ်သမျှခံ၊
ကိုယ့်ကိုဆရာလာမလုပ်နဲ့ပေါ့။ ကိုယ်ကသာ ပြောသူဖြစ်လိုတယ်။ အပြောခံရသူ မဖြစ်လိုဘူး။ သူများကို
လုပ်ထားတော့ ကိုယ့်ကို အလုပ်ခံရမှာ ကြောက်တယ်ပေါ့။
အနောက်နိုင်ငံမှတင်
မဟုတ်ဘူး။ နိုင်ငံတကာ ဆက်ဆံရေးမှာ ဘယ်နိုင်ငံမဆို အင်အားကြီးလာရင် လက်ဦးမှုယူချင်တယ်။
ရှေ့မှာအမြဲအသာရချင်တယ်။
ကိုယ့်လုံခြုံရေးဦးစားပေးတာပေါ့။ အခု ၂၁ ရာစုမှာ အနောက်နိုင်ငံတွေ အင်အားနည်းလာတဲ့တိုင်
ဆင်ပိန်ကျွဲပဲ။ ထရမ့်တက်လာပြီးနောက်ပိုင်း အမေရိကန်ဟာ ဆင်ဖြစ် အောင် ပြန်ပြီးကြိုးပမ်းနေကြတဲ့အချိန်၊
ကျွဲကနေ ဆင်လောက်ဖြစ်လာနေတဲ့နိုင်ငံတွေကို အတင်း ပြန်ဆွဲချနေတဲ့အချိန်ဖြစ်တယ်။ အင်အားကြီးတဲ့သူတွေရဲ့
အတွေးအခေါ်၊ အပြုအမူက ဟိုးအရင်ကနဲ့ ဘာမှမပြောင်းလဲဘူး။
အီရန်ဆိုရင် ရုရှားနဲ့ကော၊
တရုတ်နဲ့ကော ရင်းနှီးတယ်။ နှစ်စဉ် သုံးနိုင်ငံ စစ်ရေးပူးတွဲလေ့ကျင့် မှုတွေလုပ်တယ်။
ဆိုတော့ အမေရိကန်က အီရန်ကို ပိုမဲတာပေါ့။ အီရန်ကိုတိုက်ခြင်းဟာ သူ့မဟာမိတ် နိုင်ငံတွေကို
ခံရခက်စေတယ်။ အများအမြင်မှာ မဟာမိတ်တွေအနေနဲ့ အရေးအကြောင်းဆို အားမကိုး ရဘူးဆိုပြီးဖြစ်စေတယ်။
အမေရိကန်နဲ့ အနောက်နိုင်ငံတွေသာ မတော်တဆပြိုလဲသွားခဲ့ရင် သူတို့နေရာရောက်လာမယ့် အခြားနိုင်ငံကြီးတွေ
သူတို့ထက် မဆိုးပါစေနဲ့သာ ဆုတောင်းရမယ်။ နိုင်ငံတကာဆက်ဆံရေးဆိုတာ အေးအေးနေချင်လည်း
နေလို့ ရတာမျိုး မဟုတ်တတ်ဘူး။ တကယ်စစ်ကြီးဖြစ်လာရင် ငါမပါဘူး၊ ကြားနေပါမယ် နေလို့မရတတ်ဘူး။
လျင်တဲ့ နိုင်ငံတွေ၊ လည်တဲ့နိုင်ငံတွေက သူ့ထက်ငါ အင်အားကြီးအောင် အလုအယက် ကြိုးပမ်းနေကြမှာပဲ။
ဒါကြောင့် နိုင်ငံတိုင်းက ကာကွယ်ရေးအတွက် ဆိုပြီး စစ်အင်အားတွေတိုးမြှင့်၊ နောက်ဆုံးအားလုံးက
စစ်ပွဲတွေနဲ့ကင်းလို့မရဘူး ဖြစ်လာတယ်။
ကြီးမားတဲ့စစ်ပွဲတွေဆီ
ဦးတည်သွားနိုင်
အခုဆို အမေရိကန်က
အီရန်ကို ဗုံးကြဲပြီ။ အီရန်ကလည်း လက်တုံ့ပြန်ပြီး ကာတာနိုင်ငံနဲ့ အီရတ်နိုင်ငံက အမေရိကန်စစ်အခြေစိုက်စခန်းတွေကို
ဒုံးကျည်နဲ့ပစ်တယ်လို့ဆိုတယ်။ တစ်ချိန် တည်းမှာ အစ္စရေးနဲ့ အီရန်ကလည်း ဒုံးကျည်တွေနဲ့
အပြန်အလှန်ပစ်ကြတယ်။ အခု အမေရိကန် ကြားဝင်မှုနဲ့ အစ္စရေးနဲ့ အီရန် အပစ်ရပ်တယ် ဖြစ်ပြန်ပြီ။
အခု ဒီဆောင်းပါးအဆုံးသတ်နေတုန်းပဲ အစ္စရေးက အီရန်ကို အပစ်ရပ်ချိုးဖောက်တယ်။ သူ့ဘက်က
ပြန်တိုက်မယ်ပြောပြန်တယ်။ အခု အပစ်ရပ်လိုက်ပြန်ပြီ။ သေချာတာက စစ်ရပ်လည်း ခဏပဲ။ ကမ္ဘာကြီးက
အစ္စရေး - အီရန် စစ်ပွဲထက် ကြီးမားတဲ့စစ်ပွဲတွေဆီ ဦးတည်သွားနိုင်တယ်။ နေရာအနှံ့ စစ်ရိပ်စစ်ငွေ့သန်းလာနေတယ်။
အီရန် ပြီးရင် သူတို့ကိုအန်တုနိုင်တဲ့ တခြားနိုင်ငံတစ်နိုင်ငံဆိုပြီး ပြောနေကြတယ်။
နှစ်ဖက်စလုံးက လိုအပ်ရင် နျူကလီးယား လက်နက်တွေပါ သုံးမှာဖြစ်တယ်။ အင်အားကြီးတာ ထိုင်ကြည့်နေမလား၊
အခုပဲ ဟန့်တားမလားဆိုတဲ့ အတွေးအခေါ်က လွှမ်းမိုးသွားရင် အင်အားကြီးနိုင်ငံတွေနဲ့ အဆင်မပြေတဲ့
ဘယ်နိုင်ငံမှ မလွတ်နိုင်ပါဘူး။ အခုစစ်ပွဲတွေက နောက်ဆုတ်လို့မရတဲ့စစ်ပွဲတွေ ဖြစ်ပါကြောင်း
သုံးသပ်တင်ပြလိုက်ရပါတယ်။ ။
No comments:
Post a Comment