မောင်လူအေး(ရေစကြို)
(ယမန်နေ့မှအဆက်)
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ Malaysia Youth Creative and Innovative Hub အား စတင်တည်ထောင်စလုပ်ငန်းများနှင့် လူမှုစီးပွားရေးလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရှင်သန်နိုင်စေရေးအတွက် ဆန်းသစ်တီထွင်မှုများ၊ စိတ်ကူးပုံဖော်မှုများနှင့်အတူ လူငယ်အားလုံး အကျုံးဝင်ပါဝင်နိုင်စေရေး ရည်ရွယ်ကာ ဒီဇိုင်းရေးဆွဲ ခဲ့ခြင်းဖြစ်သည်။ စွန့်ဦးတီထွင်ခြင်းနှင့် လုပ်ငန်းသစ်များ စတင်တည်ထောင်ဖွင့်လှစ်ခြင်း ပြုလုပ်နိုင်ရန် လူငယ်များအား လိုအပ်သည့် ကျွမ်းကျင်မှုများ လေ့ကျင့်သင်ကြားပေးခြင်း၊ လုပ်ငန်းဆိုင်ရာ အကြံ ဉာဏ်များနှင့် အတွေ့အကြုံများ မျှဝေပေးခြင်း၊ ဈေးကွက်နှင့် ချိတ်ဆက်ပေးခြင်းတို့ ဆောင်ရွက်ပေးကာ အလုပ်လက်မဲ့ဦးရေ လျှော့ချပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။ Malaysia Youth Creative and Innovative Hub တွင်လည်း ဧည့်ခန်းမ၊ ဧည့်ကြိုဆောင်၊ အုပ်ချုပ်စီမံခန်း၊ အစည်းအဝေးခန်း၊ ညီလာခံ/ဆွေးနွေးခန်းမ၊ စာသင်ခန်းမ၊ စာကြည့်တိုက်၊ ထုတ်ကုန်ပြခန်း၊ စံနမူနာပစ္စည်းများပြုလုပ်သည့်ခန်းမ၊ Resource Center ၊ အိပ်ဆောင်၊ ကြံ့ခိုင်မှုလေ့ကျင့်ရေး ခန်းမ၊ အဝတ်လဲခန်း၊ ကော်ဖီဆိုင်၊ မီးဖိုချောင်၊ အဝတ်လျှော်ခန်း၊ နားနေခန်းများ ပါဝင်ဖွဲ့စည်းထားပါသည်။
လူငယ်စင်တာသည်
လူငယ်များ လက်လှမ်းမီ အလွယ်တကူ သွားလာနိုင်သည့်နေရာတွင် ဖွင့်လှစ်ထားရှိရန်လိုအပ်ပြီး
လူငယ်များအတွက် ငြိမ်းချမ်းမှု၊ လုံခြုံစိတ်ချရမှု၊ သာတူညီမျှရှိမှု၊ သက်သောင့် သက်သာရှိမှု၊
ရင်းနှီးကျွမ်းဝင်မှုနှင့် လူငယ်များကိုယ်တိုင် ဦးဆောင် ပါဝင်ခွင့်ရရှိအောင် ဖန်တီးထားရှိရမည်ဖြစ်သည်။
ထို့အပြင် စင်တာဝန်ထမ်းများ၏ ဆက်ဆံရေးကောင်မွန်မှုရှိခြင်း၊ ခွဲခြားဆက်ဆံမှု မရှိခြင်း၊
အပြန်အလှန်လေးစားမှုရှိခြင်း၊ နည်းပညာကျွမ်းကျင်ခြင်း၊ ကူညီပံ့ပိုးခြင်းနှင့် အခြေခံလိုအပ်ချက်များကို
ဖြည့်ဆည်းပေးနိုင်ခြင်းတို့သည်လည်း လူငယ်များ စင်တာသို့ လာရောက်ရခြင်းအတွက် ဆွဲဆောင်နိုင်သော
အခြေခံအချက်များဖြစ်ပါသည်။ လူငယ်စင်တာ များသို့ လူငယ်များ အမြဲလာရောက်စေရေးအတွက် အဓိကစေ့ဆော်သောအချက်များမှာ
လူငယ်အချင်းချင်းကြား ပြောဆိုစည်းရုံးနိုင်ခြင်း၊ ၎င်းတို့ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်
အထောက်အကူပြုနိုင်ခြင်း၊ လူငယ်စင်တာ၏ နာမည်ဂုဏ်သတင်းကောင်းခြင်းနှင့် မိမိပိုင်နေရာကဲ့သို့
စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးနိုင်ခြင်းတို့ဖြစ်ကြောင်း
လေ့လာတွေ့ရှိရပါသည်။
IREX UNITY အဖွဲ့က
၂၀၂၁ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် လူငယ်စင်တာများအပေါ် လူငယ်များ၏သဘောထားအမြင်နှင့် ပတ်သက်သည့်
သုတေသနစစ်တမ်းအစီရင်ခံစာအရ လူငယ်စင်တာသို့ လူငယ်များ လာရောက်အသုံးပြုစေရေး အဓိကဆွဲဆောင်စေသည့်
အချက် များမှာ စင်တာသည် ဆိတ်ငြိမ်ခြင်း၊ လုံခြုံစိတ်ချရခြင်း၊ အပြန်အလှန် လေးစားမှုရှိခြင်း၊
ဝန်ဆောင်မှုကောင်းမွန်ခြင်း၊ ဘဝအောင်မြင်ရေးအတွက် ပံ့ပိုးကူညီမှုပေးနိုင်ခြင်းနှင့်
လူငယ်များအတွက် အကျိုးကျေးဇူးများခြင်းတို့ကြောင့်ဖြစ်ကြောင်း စစ်တမ်းဖြေဆိုသူ ၂၂၇
ဦး၏ ၇၀ ရာခိုင်နှုန်းက ထောက်ခံထားရှိပါသည်။ လူငယ်စင်တာ၏ တည်နေရာနှင့်ပတ်သက်၍ ကျောင်းအခြေပြုဖွင့်လှစ်ရန်
ထောက်ခံသူ ၅၀ ရာခိုင်နှုန်း၊ တက္ကသိုလ်အခြေပြု သို့မဟုတ် အဆင့်မြင့်ပညာရေး အဖွဲ့အစည်းအခြေပြုဖွင့်လှစ်ရန်
ထောက်ခံသူ ၆၀ ရာခိုင်နှုန်းနှင့် စာကြည့်တိုက်အခြေပြု ဖွင့်လှစ်ရန် ထောက်ခံသူ ၆၉ ရာခိုင်နှုန်း
ဖြစ်ကြောင်း ယင်းစစ်တမ်းအရ သိရှိရပါသည်။
အဆိုပါ IREX
UNITY အဖွဲ့၏ သုတေသနစစ်တမ်းအရ ခေတ်မီလူငယ်စင်တာတစ်ခုတွင် အခမဲ့ဆွေးနွေးအကြံဉာဏ်ပေးသည့်
ဝန်ဆောင်မှုများထားရှိရန်နှင့် ဖြေဆိုသူဦးရေ၏ ၅၆ ရာခိုင်နှုန်းမှာ စိတ်ပိုင်းဆိုင်ရာပံ့ပိုးကူညီမှုပေးခြင်း၊
၃၅ ရာခိုင်နှုန်းမှာ စီးပွားရေး ဆိုင်ရာ အကြံဉာဏ်ပေးခြင်း၊ ၂၅ ရာခိုင်နှုန်းမှာ ဥပဒေဆိုင်ရာ
အကြံဉာဏ်ပေးခြင်း၊ ၂၄ ရာခိုင်နှုန်းမှာ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အကြံဉာဏ်ပေးခြင်းနှင့်
၂၂ ရာခိုင်နှုန်းမှာ လူမှုရေးဆိုင်ရာကိစ္စရပ်များ နှင့်စပ်လျဉ်း၍ အကြံဉာဏ်ပေးခြင်းတို့ကို
အဓိကဆောင်ရွက်ပေးရန် ဆန္ဒပြုထားပါသည်။ ခေတ်မီလူငယ်စင်တာတစ်ခုတွင် လေ့ကျင့်သင်ကြားပေးစေလိုသည့်
ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများနှင့်ပတ်သက်၍ စစ်တမ်းဖြေဆိုသူများက အောက်ဖော်ပြပါအတိုင်း
အကြံပြုထားပါသည်-
(၁) စီမံခန့်ခွဲမှုနှင့်ဘဝတွက်တာကျွမ်းကျင်မှု၊
(၂) လူမှုကွန်ရက်မီဒီယာအသုံးပြု၍ ဈေးကွက်ရှာဖွေခြင်း၊
(၃) လုပ်ငန်းစီမံကိန်းများစီမံခန့်ခွဲမှု၊
(၄) အခမ်းအနားများစီမံခန့်ခွဲမှု၊
(၅) နည်းပညာနှင့်ကွန်ပျူတာသိပ္ပံ၊
(၆) ဘာသာစကား (အင်္ဂလိပ်စာ၊ မိခင်ဘာသာနှင့် စကားပြော
သင်တန်းများ)၊
(၇) အနုပညာ (လက်မှုပညာရပ်များ၊ အက၊ ဂီတ၊ ပန်းချီ၊
စာပေ၊ ဒီဇိုင်း)၊
(၈) ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက်
ကျန်းမာရေးနှင့်အညီ နေထိုင်စားသောက်သည့် လူနေမှုပုံစံ၊
(၉) ကမ္ဘာ့နိုင်ငံများ၏ ယဉ်ကျေးမှု၊ သမိုင်းကြောင်းနှင့်
မြို့တော် များ၊
(၁၀) ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးနှင့် ရပ်ရွာလူထုနှင့်
စေ့စပ်ညှိနှိုင်း ခြင်း၊
(၁၁) ဂေဟဗေဒနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊
(၁၂) စိတ်ပညာနှင့်စိတ်ကျန်းမာရေး၊
(၁၃) ချေးငွေ/အထောက်အပံ့လျှောက်ထားခြင်းနှင့် အဆိုပြု
လွှာ ရေးသားနည်း၊
(၁၄) လူ့အခွင့်အရေးနှင့်ဥပဒေပညာရပ်။
အိန္ဒိယနိုင်ငံ
ဟိုက်ဒရာဘတ်မြို့ရှိ Jawaharlal Nehru National Youth Center သည် ကျေးလက်ဒေသမှလူငယ်များ၊
ဆင်းရဲနွမ်းပါး သောလူငယ်များ၊ အလုပ်လက်မဲ့လူငယ်များအပါအဝင် လူငယ်များအတွက် နိုင်ငံတကာအသိအမှတ်ပြုကျွမ်းကျင်မှုသင်တန်းများ၊
ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသည့် အသက်မွေးဝမ်းကျောင်းပညာရပ်များ ဖွင့်လှစ်သင်ကြားပေးခြင်းအားဖြင့်
အိန္ဒိယနိုင်ငံတွင်သာမက နိုင်ငံခြားတိုင်းပြည်များတွင်ပါ အလုပ်အကိုင်အခွင့်အလမ်းများ
ပိုမိုရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါသည်။ အလားတူ အင်ဒို နီးရှားနိုင်ငံ ဂျကာတာမြို့ရှိ
လူငယ်စင်တာတွင် လူငယ်များအတွက် Young Innovators Program အား စီစဉ်ထားရှိပြီး လုပ်ငန်းသစ်
စတင်ထူထောင်သည့် စွန့်ဦးတီထွင်သူလူငယ်များအား ရင်းနှီးမြှုပ်နှံသူ စီးပွားရေးလုပ်ငန်းရှင်များနှင့်
ချိတ်ဆက်ပေးခြင်းဖြင့် စွန့်ဦးတီထွင် လူငယ်လုပ်ငန်းရှင်များကို မွေးထုတ်ပေးနေခြင်းဖြစ်သည်။
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်
(အထက်မြန်မာပြည်) ၌ ဖွင့်လှစ်သည့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း အမှတ်စဉ် (၁၆)
နှင့် အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ် (၁၉) တို့တွင် တက်ရောက်လျက်ရှိသည့် သင်တန်းသားအရာရှိကြီးများ၏
ဆွေးနွေးအကြံပြုချက်များအရ လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ် စင်တာများ
ဖွင့်လှစ်ရာတွင် Vision/ Missionများ ချမှတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ အဆောက်အအုံဒီဇိုင်းသည်
လူငယ်များအတွက် သက်သောင့်သက်သာရှိရန်နှင့် လုံခြုံစိတ်ချရမှုရှိရန် လိုအပ်ကြောင်း၊
မသန်စွမ်းလူငယ်များအပါအဝင် အထူးအလေးပေးရမည့် လူငယ်များ အားလုံးပါဝင်နိုင်ရန် စီစဉ်ရမည်ဖြစ်ကြောင်း၊
လူငယ်များ၏ လိုလားချက်၊ လိုအပ်ချက်နှင့် ကိုက်ညီရမည်ဖြစ်ကြောင်း၊ လိုအပ်ချက်ဆန်းစစ်သည့်စစ်တမ်းများပြုလုပ်ပြီး
စီမံကိန်းရေးဆွဲဆောင်ရွက်ရန်နှင့် Public Private Partnership (PPP) ဖြင့် ရင်းနှီးမြှုပ်နှံ
ဆောင်ရွက်သွားရန် အကြံပြုတင်ပြထားပါသည်။
လူငယ်စင်တာအား
ဘက်စုံအသုံးပြုနိုင်သည့် အဆောက်အအုံ အဖြစ် ဒီဇိုင်းရေးဆွဲဆောင်ရွက်ရန်နှင့် စင်တာတွင်
အသက်မွေးဝမ်း ကျောင်းဆိုင်ရာနှင့် ပညာရပ်ဆိုင်ရာသင်တန်းများ၊ ဘာသာရေးနှင့် လူမှုယဉ်ကျေးမှုဆိုင်ရာသင်တန်းများ၊
ဘာသာစကားနှင့် နည်းပညာဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ကျန်းမာရေး/ စီးပွားရေး/
ပညာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများနှင့် ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်း၊
ဥပဒေဆိုင်ရာ အသိပညာပေးခြင်း၊ စိတ်လူမှုရေး ဆိုင်ရာပံ့ပိုးကူညီခြင်းနှင့် နှစ်သိမ့်ဆွေးနွေးပေးခြင်းစသည့်
ဝန်ဆောင်မှုများ ထားရှိဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ဆွေးနွေးကြပါသည်။ ထို့အပြင် လူငယ်များကျန်းမာကြံ့ခိုင်ရေးအတွက်
အားကစားကွင်း၊ အားကစားရုံနှင့် အားကစားအထောက်အကူပြုပစ္စည်းများ ထားရှိပေးခြင်း၊ အားကစားပြိုင်ပွဲများ
ကျင်းပပြုလုပ်ပေးခြင်း၊ အပန်းဖြေအနားယူနိုင်ရန်နေရာများ ထားရှိပေးခြင်းဖြင့် ဗလငါးတန်နှင့်
ပြည့်စုံသည့်လူငယ်များ မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း တင်ပြဆွေးနွေး ကြပါသည်။
တိုင်းဒေသကြီး/
ပြည်နယ်များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုအခြေအနေပေါ်မူတည်၍ လူငယ်စင်တာများ၏
ဦးတည်ချက်များနှင့်ဦးစားပေးအစီအစဉ်များ ကွာခြားမှုရှိမည်ဖြစ်သော်လည်း လူငယ်စင်တာတစ်ခုတွင်
အနိမ့်ဆုံးရှိသင့်သည့် စံချိန်စံညွှန်းများ တစ်ပြေးညီ ဖြစ်စေရေး မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီက
ဦးဆောင်၍ အကျိုးဆိုင်သူလူငယ်များ၊ ကျွမ်းကျင်ပညာရှင်များ၊ အလှူရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊
တိုင်းဒေသကြီး/ပြည်နယ် လူငယ်ရေးရာကော်မတီများနှင့် ပူးပေါင်းကာ ရေးဆွဲဆောင်ရွက်သွားရမည်ဖြစ်သည်။
လူငယ်ရေးရာမူဝါဒနှင့်အညီ ပထမဦးစွာ လူငယ်စင်တာများ တည်ထောင်ဖွင့်လှစ်ရခြင်း၏ မျှော်မှန်းချက်၊
ဦးတည်ချက်များ ချမှတ်ပြီးနောက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရေးဆွဲ အတည်ပြုရန်
လိုအပ်ပါသည်။ လိုအပ်ချက် ဆန်းစစ်အကဲဖြတ်ခြင်း၊ စီမံကိန်းရေးဆွဲခြင်း၊ အခြေခံအဆောက်အအုံများ
တည်ဆောက်ခြင်းနှင့် အသုံးအဆောင်ပစ္စည်းများ ဖြည့်ဆည်းခြင်း၊ အစီအစဉ်များ ရေးဆွဲခြင်းနှင့်
ပူးပေါင်းဆောင်ရွက်ခြင်း၊ စတင်ဝန်ဆောင်မှုပေးခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် အကဲဖြတ်သုံးသပ်ခြင်း၊
အစီအစဉ်တိုးချဲ့ခြင်းတို့အား အဆင့်လိုက် ဆောင်ရွက်သွားရမည်ဖြစ်သည်။
လူငယ်စင်တာများဖွင့်လှစ်နိုင်ရေးအတွက်
လိုအပ်သည့် လူ့စွမ်းအား၊ နည်းပညာ၊ ပစ္စည်း၊ ငွေကြေးအရင်းအမြစ်များအား ပြည်ထောင်စုအစိုးရ၊
တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်တွင်း/ပြည်ပ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊
မိတ်ဖက်အဖွဲ့အစည်းများ၊ အလှူရှင်များ၊ လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းများနှင့် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ၏
ပူးပေါင်းပါဝင်မှုဖြင့် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါသည်။ နိုင်ငံတော်ကအားထားရသည့်
မျိုးဆက်သစ်လူငယ်များ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးနှင့် လူငယ်စင်တာများ ရေရှည်တည်တံ့စေရေးအတွက်
လိုအပ်သည့် ကြီးကြပ်မှုကော်မတီများ၊ အကြံပေးအဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့်
စင်တာဝန်ထမ်းများ (အမြဲတမ်း ဝန်ထမ်းများ၊ လုပ်အားပေးလူငယ်များ၊ စေတနာ့ဝန်ထမ်းများ၊
ကျွမ်းကျင်ပညာရှင်များ) ခန့်ထားခြင်းကို ဆောင်ရွက်ရမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်
ဗလငါးတန်နှင့် ပြည့်စုံ သောလူငယ်များ ဖြစ်လာစေရေး လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ
အနာဂတ်တွင် အသင့်ဖြစ်စေမည့် လူကောင်းလူတော်များ မွေးထုတ်ပေးနိုင်ရန်အတွက် လူငယ်စင်တာများကို
ပြည်ထောင်စု နယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးတွင် ဖွင့်လှစ်နိုင်ရေး
အလေးထားဆောင်ရွက်သွားရမည့် အချိန်အခါဖြစ်ပါသည်။
ရန်ကုန်တိုင်းဒေသကြီး
လူငယ်စင်တာအား ၂၃-၃-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ မကွေးတိုင်းဒေသကြီး လူငယ်စင်တာအား ၂၆-၃-၂၀၂၅
ရက်နေ့တွင်လည်းကောင်း အသီးသီး ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် ယင်းဒေသရှိ လူငယ်များ
ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အတွက် များစွာအထောက်အကူဖြစ်စေမည်ဖြစ်ရာ ဝမ်းမြောက်ဖွယ်ရာကိစ္စရပ်
ဖြစ်ပါသည်။ သို့သော် လူငယ်စင်တာများ ဖွင့်လှစ်ရာတွင် သက်ဆိုင်ရာဒေသအလိုက် လူငယ်များ၏
လိုလားချက်များ၊ မြေပြင်အခြေအနေများနှင့် ကိုက်ညီမှုရှိရန် အရေးကြီးသကဲ့သို့ လက်ရှိနိုင်ငံတော်၏
ပကတိလိုအပ်ချက်များနှင့်လည်း ညီညွတ်မှုရှိစေရေး အလေးထားဆောင်ရွက်သွားရမည်ဖြစ်သည်။
လူငယ်စင်တာများ
စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက်လည်း အစီအစဉ်များ
ရေးဆွဲထားရှိရမည်ဖြစ်သည်။ လူငယ်စင်တာများ ပီပီပြင်ပြင်ဖွင့်လှစ်နိုင်ပါက လူငယ်များ၏ဘဝ
သိသာထင်ရှားစွာ ပြောင်းလဲတိုးတက်လာစေမည် ဖြစ်ပြီး ၎င်းတို့ကိုယ်တိုင်နှင့် မိသားစုများအတွက်သာမက
ရပ်ရွာနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်အကျိုးပြုသည့် လူသားအရင်းအနှီးများ
မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။
No comments:
Post a Comment