ပြည်သူလူထု၏ သယံဇာတအား ပြည်သူလူထုထံသို့
အပိုင်း(၄)
ခွန်နီဂါးတား(ရေနံ)နှင့် မောင်သုတ(စွမ်းအင်)
(ယမန်နေ့မှအဆက်)
CNG သည် သဘာဝဓာတ်ငွေ့အား လေထုဖိအား၏ အဆ ၂၀၀ ဖြင့် ဖိသိပ်၍ အိုးအတွင်းထည့်သွင်းထားသည့် ဖိအားအလွန်မြင့်သည့် ဓာတ်ငွေ့ဖြစ်ရာ ပေါက်ကွဲမှုများဖြစ်ပွားပါက အင်အားပြင်းထန်သည့် ဗုံးတစ်လုံးပေါက်ကွဲသကဲ့သို့ ပတ်ဝန်းကျင်ရှိ ပြည်သူများအား ထိခိုက်ပျက်စီးစေနိုင်ကြောင်း သိရှိထားရန် လိုအပ်ပါသည်။
CNG မော်တော်ယာဉ်များအား မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနစိတ်မှ
ယာဉ်စစ်ဆေးရေးအဖွဲ့များဖြင့် နှစ်စဉ်နှစ်ပတ်လည် Annual Inspec-tion(AI) စစ်ဆေးမှုခံယူရန်လိုအပ်ပြီး
စစ်ဆေးမှုအောင်မြင်သော ယာဉ်များကို CNG အသုံးပြုခွင့် စာအုပ်နှင့် ကတ်ကိုထုတ်ပေး၍
CNG ကို ရောင်းချပေးလျက်ရှိပါသည်။ သဘာဝဓာတ်ငွေ့သုံး ဆလင်ဒါအိုးများ၏ ထုတ်လုပ်သည့်ခုနှစ်မှ
ငါးနှစ်ပြည့်ပြီးသော အိုးများသည် ပထမအကြိမ် စစ်ဆေးမှုခံယူရန် လိုအပ်ပြီး နောက်ငါးနှစ်ပြည့်လျှင်
ဒုတိယအကြိမ် ထပ်မံစစ်ဆေးမှုခံယူရမည်ဖြစ်သည်။ သက်တမ်း ၁၅ နှစ် ပြည့်ပြီးသော သဘာဝဓာတ်ငွေ့သုံး
ဆလင်ဒါအိုးများကို သတ်မှတ်စံချိန်စံညွှန်းများအရ သက်တမ်းလွန်ပယ်ဖျက်(Reject) အိုးအဖြစ်
သတ်မှတ်ဆောင်ရွက်ခြင်းများကို CNG Retest Factory များတွင် သက်တမ်းအလိုက် စစ်ဆေးပေးလျက်ရှိပါသည်။
CNG Cylinder အိုးများ၏ ကြံ့ခိုင်မှုနှစ်ပတ်လည်
စစ်ဆေးခြင်းများကို စစ်ဆေးဆောင်ရွက်ပေးနိုင်ရန် Retest Factory များကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ
မော်တော်ယာဉ်များအတွက် အင်းစိန်မြို့နယ် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာန (ရွာမ)၌လည်းကောင်း၊
မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးရှိ CNG မော်တော်ယာဉ်များအတွက် မန္တလေးမြို့တွင်လည်းကောင်း
ဖွင့်လှစ်၍ ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထို့အပြင် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့အရောင်းဆိုင်များတွင်
လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက်
ရေးဆွဲထားသည့် Stan-dard Operating Procedure (SOP)များအတိုင်း အလေးထားလိုက်နာဆောင်ရွက်လျက်ရှိပြီး
CNG ဖြန့်ဖြူးရောင်းချမှုကို ထိခိုက်မှုမရှိစေရေးတို့အတွက် Compressor စက်များ ကြံ့ခိုင်ကောင်းမွန်စေရေးတို့အတွက်
ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို နှစ်အလိုက် အစီအမံများချမှတ်၍ ဆောင်ရွက်လျက်ရှိပါသည်။
YBS ယာဉ်များအား CNG ဖြန့်ဖြူးရာတွင်
CNG စာအုပ်နှင့် ကတ်ထုတ်ပေးပြီး ယာဉ်စစ်ဆေးမှုခံယူပြီးသည့် ပြည့်စုံသည့်ယာဉ်များအား
ယာဉ်၏ရှေ့လေကာမှန်တွင် အနီရောင်စတစ်ကာ တပ်ဆင်ပေးထားပြီး CNG စာအုပ်နှင့် ကတ်ရရှိရန်
ဆောင်ရွက်ဆဲ Safety အရ စစ်ဆေးမှုခံယူကာ ယာဉ်များအား အဝါရောင်စတစ်ကာ တပ်ဆင်ခြင်းများကို
ဆောင်ရွက်ပေးလျက်ရှိပါသည်။
စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ
အဆင်ပြေချောမွေ့စေရေးနှင့် မော်တော်ယာဉ်စီးနင်းသည့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်
အလေးထားကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိရာ CNG သုံး YBS ယာဉ်များအနက် CNG အိုးများအား
သတ်မှတ်ထားသည့် အချိန်ကာလအတွင်း စစ်ဆေးမှုခံယူရန်ပျက်ကွက်ပါက အများပြည်သူအသက်အန္တရာယ်ထိခိုက်နိုင်သဖြင့်
CNG တပ်ဆင်အသုံးပြုခွင့်ရရှိထားသော စာရင်းမှ ပယ်ဖျက်သွားမည်ဖြစ်ပါသည်။
နိုင်ငံတော်မှ စီမံဆောင်ရွက်ပေးထားမှုအပေါ်
ပြည်သူများအကျိုးခံစားခွင့်ရရှိစေရေး
စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် “ပြည်သူလူထု၏
သယံဇာတအား ပြည်သူလူထုထံသို့” အစီအစဉ် တစ်ရပ်အနေဖြင့် ကုန်းတွင်းနှင့်
ကမ်းလွန်မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များအား အထူးသက်သာသောဈေးနှုန်းဖြင့် ပြည်သူလူထုသက်သာချောင်ချိရေးအတွက်
ရောင်းချပေးလျက်ရှိသော်လည်း အချို့သောယာဉ်ပိုင်ရှင်များနှင့် ယာဉ်မောင်းများသည် ယာဉ်စီးခများအား
အခြားစက်သုံးဆီမော်တော်ယာဉ်များကဲ့သို့ ပြည်သူလူထုထံမှ ကောက်ခံလျက်ရှိသည်ကို တွေ့ရှိရပါသည်။
သို့ဖြစ်၍ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့
အသုံးပြုခွင့်ရရှိနေသည့် ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းများအနေဖြင့် နိုင်ငံတော်မှ
ပြည်သူလူထုသက်သာချောင်ချိရေးအတွက် ဆောင်ရွက်ထားရှိမှုအပေါ်တွင် အခွင့်ကောင်းယူ၍ ယာဉ်စီးခများအား
အခြားစက်သုံးဆီယာဉ်များကဲ့သို့ ကောက်ခံပါက CNG တပ်ဆင်အသုံးပြုခွင့်ရရှိထားသော စာရင်းမှ ပယ်ဖျက်သွားနိုင်ရေးစွမ်းအင်ဝန်ကြီးဌာနသည်
သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါသည်။
ပြည်သူလူထုကို သက်သာသောဈေးနှုန်းနှင့် အမှန်တကယ်ကောက်ယူမည့်
လုပ်ငန်းရှင်များကိုသာ ရွေးချယ်ပြီး သဘာဝဓာတ်ငွေ့အား ရောင်းချပေးသွားမည်ဖြစ်ရာ မော်တော်ယာဉ်သုံး
သဘာဝဓာတ်ငွေ့အသုံးပြုခွင့်ပေးထားမှုများကို စွမ်းအင်ဝန်ကြီးဌာနမှ ပြန်လည်စိစစ်ဆောင်ရွက်လျက်ရှိပြီး
ပြည်သူလူထုထံမှ သက်သာသည့်နှုန်းဖြင့် ကောက်ခံပါမည်ဟု အာမခံချက်ပေးနိုင်သည့် လုပ်ငန်းရှင်များကိုသာ
ရောင်းချပေးသွားမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်မှုမရှိသော လုပ်ငန်းရှင်များထံမှ ပြန်လည်ရုပ်သိမ်းရန်
စတင်ဆောင်ရွက်လျက်ရှိပါသည်။
ပြည်သူလူထုအနေဖြင့်လည်း စွမ်းအင်ဝန်ကြီးဌာနမှ
မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အသုံးပြုရန် ခွင့်ပြုထုတ်ပေးထားသော မော်တော်ယာဉ်များတွင်
CNG မော်တော်ယာဉ်ဖြစ်ကြောင်း စတစ်ကာများ တပ်ဆင်ထားရှိသည့်အတွက် အဆိုပါမော်တော်ယာဉ်များကို
ငှားရမ်းအသုံးပြုမည်ဆိုပါက ယာဉ်စီးခနှုန်းထားများအား ပိုမိုသက်သာသောနှုန်းထားဖြင့်
အသုံးပြုနိုင်ကြောင်းကိုလည်းကောင်း၊ CNG အသုံးပြုပါက ရောက်ရှိနိုင်မည့် ခရီးမိုင်အကွာအဝေး၊
ဆီစားနှုန်းနှင့် ပုံမှန်ဓာတ်ဆီများအသုံးပြုပါက ရောက်ရှိနိုင်မည့် ခရီးမိုင်အကွာအဝေး၊
ဆီစားနှုန်းများအပေါ် မူတည်၍ သက်သာနိုင်မှုပမာဏနှင့် ကုန်ကျစရိတ်များကိုလည်းကောင်း
ပြည်သူများအနေဖြင့် သိရှိနေရန်လည်း လိုအပ်မည်ဖြစ်ပါသည်။ သို့ဖြစ်၍ နိုင်ငံတော်မှ ပြည်သူလူထု၏
သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးထားသည့် အခွင့်အရေးများအား လက်လွှတ်ဆုံးရှုံးမှု
မရှိစေရေးအတွက် ပြည်သူလူထုအနေဖြင့်လည်း စွမ်းအင်ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားရန်
လိုအပ်မည်ဖြစ်ပါသည်။
ထို့အပြင် ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင်
CNG သုံးမော်တော်ယာဉ်များကို ပိုမိုရွေးချယ်အသုံးပြုခြင်းဖြင့် ပြည်ပမှ စက်သုံးဆီဝယ်ယူတင်သွင်းမှုကို
လျှော့ချနိုင်မည်ဖြစ်ပြီး နိုင်ငံခြားငွေသုံးစွဲမှုကိုလည်း လျော့နည်းစေမည်ဖြစ်ပါသည်။
ထို့အပြင် သဘာဝဓာတ်ငွေ့များကို အကျိုးရှိ ထိရောက်စွာအသုံးပြုခြင်းဖြင့်
ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုနည်းပါးပြီး ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချပေး၍
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်အကူဖြစ်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ပါသည်။
စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်လည်း ကုန်းတွင်းနှင့်
ကမ်းလွန်လုပ်ကွက်များမှ သဘာဝဓာတ်ငွေ့ကိုတိုးမြှင့်ရှာဖွေ၍ သဘာဝဓာတ်ငွေ့ရရှိမှုအပေါ်
မူတည်ပြီး မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်များ ပိုမိုတိုးချဲ့ဖွင့်လှစ်ကာ
မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့များအား ပိုမိုဖြန့်ဖြူးရောင်းချပေကာ ပြည်သူလူထုသက်သာချောင်ချိရေး
အတွက်ကိုလည်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ
အဆင်ပြေချောမွေ့စေရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် နိုင်ငံတော်မှ ပြည်သူများသက်သာချောင်ချိရေးအတွက်
စီမံဆောင်ရွက်ပေးမှုများအား ပြည်သူများ အမှန်တကယ်အကျိုးခံစားခွင့်ရရှိရေးတို့အတွက်
စွမ်းအင်ဝန်ကြီးဌာနသည် ပြည်သူလူထုနှင့် လက်တွဲ၍ “ပြည်သူလူထု၏ သယံဇာတအား ပြည်သူထံသို့” အမှန်တကယ်ရောက်ရှိစေရေး
ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။



No comments:
Post a Comment