Sunday, February 23, 2025

ကမ်းဆင့်လို့ ထိန်းသိမ်းရမယ့် သမိုင်းထဲက တောင်ငူ အမွေအနှစ်

 


ဗညားဦး

တူးဆွဖော်ယူထားသည့် မြေစာပုံများကြားမှအုတ်ရိုးအုတ်ဟောင်းများသည် ထင်ရှားကျော်ကြားခဲ့သော သမိုင်းတစ်ခေတ်၏ အမွေအနှစ်အဖြစ်တည်ရှိနေသည်။ အချိန်ကာလ၏တိုက်စားမှုကြောင့် ပြိုပျက်ဟောင်းနွမ်းနေပြီဖြစ်သော်လည်း စည်ပင်ဝပြောခဲ့သည့် တောင်ငူမင်းဆက်၏ ရှေးဟောင်းမြို့တော် အသွင်အပြင်ကို အုတ်ရိုးအုတ်ဟောင်းတို့က လှစ်ဟပြသနေသည်။ ထိုအုတ်ရိုးအုတ်ဟောင်းတို့ကို လေ့လာခြင်းဖြင့် ရှေးကဘိုးဘေးများ၏ ရှင်သန်နေထိုင်ခဲ့မှုနှင့် ဗိသုကာပညာရပ်ဆိုင်ရာစွမ်းရည်များကို သိရှိနိုင်သည်။

 











“Old but gold” ဟု ဆိုကြသည့်အတိုင်း ဟောင်းနွမ်းနေပြီဖြစ်သည့် အမွေအနှစ်များသည် နိုင်ငံသားတိုင်းအတွက် ရွှေကဲ့သို့အဖိုးတန်သည့် အမွေအနှစ်များဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုတန်ဖိုးကိုနိုင်ငံ၏ သက်ရှိ၊ သက်မဲ့အမွေအနှစ်များအပေါ် နိုင်ငံသားတို့ အလေးထားမှု၊ ထိန်းသိမ်းစောင့်ရှောက်မှုစွမ်းရည်ဖြင့် အကဲဖြတ်ကြသည့်အတွက် တောင်ငူမင်းဆက်၏ ကြွင်းကျန်ရစ်သော မြို့တော်ဟောင်းအသွင်အပြင်အရပ်ရပ်ကိုလည်း ဝိုင်းဝန်းထိန်းသိမ်းကြရမည်သာ။

ထို့အတွက်ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တောင်ငူမြို့ ကေတုမတီ မြို့ဟောင်းရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းကို အလေးပေးဆောင်ရွက်လျက်ရှိသည်။ တောင်ငူမြို့တော်ဟောင်းသည် အရှေ့အနောက်တာ ၇၀၀၊ တောင်မြောက်တာ ၅၀၀ အကျယ်အဝန်းဖြင့် လေးထောင့်သဏ္ဌာန်တည်ရှိသည်။ မြို့တော်အတွင်း ရေကျုံး၊ နွံကျုံး၊ နှစ်ထပ်မြို့ထောင့်စေတီလေးဆူ၊ မြို့တံခါး ၂၀၊ သိမ် ၂၀ နှင့် ကန်တော်ကြီးတို့ကို ထည့်သွင်းတည်ထားခဲ့ကြသည်။

လက်ရှိအချိန်တွင် မြို့ဟောင်းသည် တောင်ငူမြို့မှ အနောက်ဘက်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အနောက်ဘက် ၁ ဒသမ ၄၇ မိုင်အကွာတွင်တည်ရှိပြီး မြို့ဟောင်းကို ဆိုင်ကယ်၊ ကားတို့ဖြင့် အလွယ်တကူ သွားရောက်လေ့လာနိုင်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ တောင်ငူမြို့ ကေတုမတီမြို့ဟောင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်ရန် တူးဖော်သုတေသန လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းထားရှိပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်မှစတင်၍ လုပ်ငန်းများဆောင်ရွက်နေပြီဖြစ်သည်။

တူးဖော်သုတေသန လုပ်ငန်းဆောင်ရွက်ရာတွင် တောင်ငူ ကေတုမတီမြို့ရိုးနှင့် မြို့ဝင်ပေါက်များ ကြွင်းကျန်ရှိနေသည့် ပုံသဏ္ဌာန်များ အပြည့်အဝရရှိနိုင်ရန်အတွက် အလျားလိုက် တူးဖော်သုတေသနဆောင်ရွက်ခြင်းနှင့် လိုအပ်သည့်နေရာများတွင် ယဉ်ကျေးမှုဆိုင်ရာဖြစ်စဉ်များကို သိရှိနိုင်ရန်အတွက် အနက်ချတူးဖော်သုတေသနဆောင်ရွက်သည့် နည်းစနစ်များဖြင့် ချဉ်းကပ်တူးဖော်လျက်ရှိသည်။ ထိုသို့ တူးဖော်သုတေသနပြုနိုင်ရန် စာအုပ်စာပေအချက်အလက်များ ရှာဖွေစုဆောင်းခြင်း၊ တူးဖော်မှုခွင့်ပြုချက်ရယူခြင်း စသည့်လုပ်ငန်းစဉ်များကို ကြိုတင်ဆောင်ရွက်ကြရသည်။

ထို့နောက် သုတေသနနည်းစနစ်များဖြင့် တူးဖော်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်သည့်အခါ တူးဖော်မှုလုပ်ငန်းရပ်တိုင်းကို စနစ်တကျဆောင်ရွက်ရသည့်အပြင် ယဉ်ကျေးမှုဆိုင်ရာဝတ္ထုပစ္စည်းများ ပြန်လည်ရယူခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်း၊ အစီရင်ခံစာရေးသားတင်ပြခြင်း စသည့်လုပ်ငန်းစဉ်အဆင့်ဆင့်ကိုပါ တစ်ပါတည်းဆောင်ရွက်ရကြောင်း တူးဖော်သုတေသနလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့မှ သိရသည်။

“လက်ရှိမှာက မြို့ဟောင်းတံခါးပေါက် ၂၀ ထဲက မော်ကွန်းတံခါးပေါက်ကို တူးဖော်သုတေသန ပြုလျက်ရှိပါတယ်။ ဒီကေတုမတီမြို့ဟောင်းရဲ့ အားသာချက်က မြို့ရိုးနဲ့ ရေကျုံးလေးဖက်လေးတန်လုံး မြို့ရိုးတန်း ထင်ထင်ရှားရှားကျန်နေတယ်။ ရေကျုံးမှာဆိုရင် ရေအပြည့်နဲ့ကျန်ရှိတယ်။ ဒါကြောင့် မြို့ရိုးနဲ့ မူလတံခါးဝင်ပေါက်တွေကို ဖော်ထုတ်ထိန်းသိမ်းပြီး အများပြည်သူလေ့လာနိုင်အောင် စီစဉ်သွားမှာဖြစ်ပါတယ်” ဟု တူးဖော်သုတေသနလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပြောကြားသည်။

တောင်ငူ ကေတုမတီမြို့ဟောင်းသည် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် တည်ရှိသည့် မြို့တော်ဟောင်းတစ်ခုဖြစ်ပြီး မြို့တော်ဟောင်းပုံစံသည် လေးထောင့်ပုံသဏ္ဌာန်တည်ရှိသည်။ မြို့ရိုးကို အုတ်ဖြင့်တည်ဆောက်ထားပြီး အုတ်မြို့ရိုး၏အတွင်းဘက်တွင် မြို့ရိုးပိုမိုကြံ့ခိုင်စေရန်အတွက် မြေသားများဖြင့် ထောက်ပိုးထားသည်။ မြို့ရိုး၏ အပြင်ဘက်တွင် ရေကျုံး၊ နွံကျုံးတို့ဖြင့် ဝန်းရံထားသည်။

“တူးဖော်တွေ့ရှိချက်ရလဒ်တွေအရ လက်ရှိတူးဖော်သုတေသန ဆောင်ရွက်တဲ့နေရာက တောင်ငူ ကေတုမတီမြို့ဟောင်း မြောက်ဘက်မြို့ ဝင်ပေါက်တံခါးနေရာတစ်ခုအဖြစ် အတည်ပြုနိုင်ပါတယ်။ လက်ရှိအနေအထားအထိ တူးဖော်သုတေသနဆောင်ရွက်ခြင်းရလဒ်မှာ မြို့ဝင်ပေါက်ရဲ့ အခြေခံအဆောက်အအုံသွင်ပြင်လက္ခဏာတွေဖြစ်တဲ့ ပြအိုးနေရာ၊ မြို့ရိုးနဲ့ ချိတ်ဆက်တည်ဆောက်ထားတဲ့ မြို့ဝင်ပေါက်လက်တံ အထောက်အထားတွေကို တူးဖော်တွေ့ရှိထားပြီး ဖြစ်ပါတယ်” ဟု ကွင်းဆင်းတူးဖော်ပညာဌာနမှကထိက ဦးဇင်ဦးက ပြောသည်။

မြို့တည်မှုအခင်းအကျင်းများကို လေ့လာရာတွင် မြို့ဟောင်းရှိ မြို့ဝင်ပေါက်နှင့် လမ်းများ၏ တည်ရှိမှုပုံသဏ္ဌာန်သည် စနစ်တကျမဟာဗျူဟာမြောက် ဖောက်လုပ်ဆက်သွယ်ထားသည်။ မြို့တွင်းရှိ အဓိကလမ်းမကြီးများသည် မြို့ဝင်ပေါက်များနှင့် ဆက်သွယ်ထားသည့်အတွက် ကုန်သွယ်ကူးသန်းသွားလာမှုအပါအဝင် ဆက်သွယ်သွားလာရေးလွယ်ကူစေရန် စီမံထားခြင်းလည်း ဖြစ်နိုင်သည်။

မြို့ရိုးပတ်လည်တွင် ကျုံးများအဆင့်ဆင့်ကာရံထားခြင်းဖြင့် မြို့တော်အတွင်း ရန်သူများ အလွယ်တကူ မဝင်ရောက်နိုင်ရန် မြို့တော်လုံခြုံရေးကို အဆင့်မြှင့်ထားသည်။ ထို့ပြင် မြို့ရိုးကြံ့ခိုင်မှုအားကောင်းစေရန် အဆင့်နှစ်ဆင့်ခံပြီး တည်ဆောက်ထားသည်ကို တူးဖော်သုတေသန ဆောင်ရွက်မှုရလဒ်များမှတစ်ဆင့် သိရှိခဲ့ရပြီးဖြစ်သည်။

လေးထောင့်ကျကျ တည်ရှိနေသည့်မြို့တော်၏ အလယ်ချက်နေရာများကို တော်ဝင်နန်းတော်ရာနေရာများ၊ အုပ်ချုပ်ရေးဆိုင်ရာအဆောက်အအုံများဖြင့် စုဖွဲ့တည်ဆောက်ထားခဲ့သည်။ ထို့အတူ မြို့တော်၏ မြို့ပြနေရာများတွင် ဘုရား၊ ကျောင်း၊ သိမ်၊ ကန်၊ နေအိမ်များ၊ ကုန်စည်ဖြန့်ဖြူးရာနေရာများလည်း ပါဝင်နေသည်။

မြို့ဟောင်းဝန်းကျင်ရှိ ဘာသာရေးဆိုင်ရာအဆောက်အအုံနေရာများဖြစ်သည့် ဘုရားကျောင်းများနှင့် စေတီပုထိုးများသည် ဗုဒ္ဓဘာသာလွှမ်းမိုးမှုတို့ကို ထင်ဟပ်လျက်ရှိပြီး စည်ပင်ဝပြောခဲ့သည့် မြို့ပြ၏ အထင်ကရသွင်ပြင်လက္ခဏာများလည်းဖြစ်သည်။ ထိုအဆောက်အအုံများသည် ဝတ်ပြုရာနေရာများအဖြစ်သာမက ယဉ်ကျေးမှုနှင့်လူမှုရေးဆိုင်ရာလှုပ်ရှားမှုများ၏ ဗဟိုချက်လည်းဖြစ်သည်။

“ကျွန်တော်တို့ဒေသက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြစ်ထွန်းတယ်။ ဘုရားစေတီ၊ ကျောင်း၊ ကန် ပေါများတယ်။ မြို့တော်ဟောင်းရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေလည်း တည်ရှိတယ်။ အဘက်ဘက်က ပြည့်စုံတယ်။ ဒေသခံတစ်ဦးအနေနဲ့ ကိုယ့်ရပ်ရွာမှာ ဒီထက်ဖွံ့ဖြိုးစေချင်တယ်။ ခရီးသွားတွေ အများကြီးလာစေချင်တယ်။ ကိုယ့်ဒေသမှာ ထိန်းသိမ်းစောင့်ရှောက်ရမယ့် အမွေအနှစ်တွေလည်း ပေါများတော့ အခုလည်း သက်ဆိုင်ရာဌာနတွေက လုပ်ဆောင်နေကြပါတယ်။ ဒီအတွက် နိုင်ငံတော်ကလည်းအားပေးတယ်။ ဒါကြောင့် ဒီဒေသအတွက် ယဉ်ကျေးမှုပြတိုက်ကြီးတွေ၊ ဟိုတယ်ဇုန်တွေနဲ့ စည်ကားစေချင်တယ်” ဟု တောင်ငူမြို့မှ ဦးဇော်ကိုကိုက ပြောသည်။

လက်ရှိ မော်ကွန်းတံခါးတူးဖော်သုတေသန ဆောင်ရွက်ထားသည့်အနေအထားအထိ ရှေးဟောင်းသုတေသနဆိုင်ရာ သွင်ပြင်လက္ခဏာ သုံးခုတွေ့ရှိထားပြီးဖြစ်သည်။ မော်ကွန်းတံခါးနှင့် ဆက်စပ်နေသည့် မြို့ရိုးအစိတ်အပိုင်း၊ မြို့ဝင်ပေါက်၏ အရှေ့ဘက်အနီးတွင် တွေ့ရှိရသည့် အုတ်ရိုးတန်း အထောက်အထားနှင့် မော်ကွန်းတံခါးဝင်ပေါက် လက်တံအစိတ်အပိုင်းစသည့် သွင်ပြင်လက္ခဏာသုံးခုကို တွေ့ရှိရကြောင်း တူးဖော်သုတေသနကြီးကြပ်ရေးအဖွဲ့မှ သိရသည်။

“ဒီလို ယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့အတွက် ဒေသရဲ့ခရီးသွားလုပ်ငန်းကို အဆင့်မြှင့်တင်နိုင်တယ်။ ဒီလိုမြှင့်တင်ရင်းနဲ့ ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှုလုပ်ငန်းတွေကိုပါ တစ်ပါတည်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီလိုဖွံ့ဖြိုးမှုတွေရရှိလာဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ ဒေသဆိုင်ရာအဖွဲ့အစည်းတွေ၊ ပြည်သူတွေအားလုံး ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပြောကြားသည်။

ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့သော်လည်း လေးကျွန်းကန်တော်ကြီးသည် တောင်ငူခေတ်အမွေအဖြစ် ယနေ့တိုင်တည်ရှိနေသည်။ ယနေ့အထိ တောင်ငူခေတ်သမိုင်းဝင်ဘုရား စေတီပုထိုးများကိုလည်း ဖူးမြော်ကြည်ညိုခွင့်ရရှိနေသေးသည်။ လက်ရှိတွင် မြို့ဟောင်းမြို့ရိုးများကို တူးဖော်ကာ ဘိုးဘေးတို့၏ အမွေအနှစ်များကို ထိန်းသိမ်းလျက်ရှိသည်။ သို့ဖြစ်ရာ နိုင်ငံသားများသည် အမွေအနှစ် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြရင်း ကြွင်းကျန်ရစ်သည့် ဘိုးဘေးတို့၏ အမွေအနှစ်များကို နောင်မျိုးဆက်အဆက်ဆက်တိုင် လက်ဆင့်ကမ်းပြီး မြန်မာ့ယဉ်ကျေးမှုတန်ဖိုးကို မြှင့်တင်ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းသွားကြရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

No comments:

Post a Comment