Saturday, January 18, 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအကြောင်း သိကောင်းစရာ

 

လင်းလက်နေခြည်

မိမိနားခိုမှေးစက်ရာ အိပ်ခန်းမှအစပြု၍ မိမိအိမ်ခြံဝင်း သန့်ရှင်းသာယာလှပရေးအတွက် ကြိုးစားဆောင်ရွက်ရမည်မှာ မိမိ၏တာဝန်ပင်ဖြစ်သည်။ ထို့အတူပင် မိမိမွေးဖွားရာ ဇာတိချက်ကြွေ မွေးရပ်မြေကအစပြု၍ မိမိနိုင်ငံအစဉ်သဖြင့် ထာဝရသာယာလှပစေရေး ကြိုးစားဆောင်ရွက်ပေးကြရမည်မှာလည်း မိမိတို့၏သမိုင်းပေးတာဝန်ပင်ဖြစ်သည်။ ထိုတာဝန်ကို ကျေပွန်စွာ ထမ်း‌ဆောင်နိုင်ရေးအတွက် ကြိုးစားရာတွင် လူမှုပတ်ဝန်းကျင်တစ်ခုလုံးကို အကျည်းတန်အရုပ်ဆိုးစေကာ အမျိုးမျိုးသော ဆိုးကျိုးများကိုသာ ဖြစ်ပေါ်စေသည့်အရာများကို ပြုလုပ်ခြင်းမှရှောင်ကြဉ်ရမည်ဖြစ်သကဲ့သို့ ပြုလုပ်သူများကိုလည်း ရှာဖွေဖော်ထုတ်ရှင်းလင်းနိုင်ရေး ကြိုးစားသင့်ပေသည်။

ပန်းရောင်စုံများဖူးပွင့်ကာ သာယာလှပနေသည့် ဥယျာဉ်ကြီးအတွင်း လှပဝေဆာစွာ ပွင့်ဖူးနေသော ပန်းကလေးများကို ညှိုးနွမ်းကြွေကျ မြေခမသွားစေရေးအတွက် ပိုးမွှားများ၏အန္တရာယ်ကို ကြိုတင်ကာကွယ်ကြရမည်ဖြစ်သကဲ့သို့ လူမှုပတ်ဝန်းကျင်အတွင်း၌လည်း အတွင်းလှိုက်စား၍ ခြများအသွင်ဖြင့် တွေ့ထိသမျှသောအရာများကို ပျက်စီးယိုယွင်းသွားအောင် စွမ်းဆောင်တတ်သည့် ကိုယ်ကျင့်တရားပျက်ယွင်းမှုဖြစ်စေသော အဂတိလိုက်စားမှုများကို တားဆီးကာကွယ် တိုက်ဖျက်သွားကြရန်လိုသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဟု ဆိုလိုက်လျှင် တာဝန်ယူဆောင်ရွက်ရသော အစိုးရဌာနအဖွဲ့အစည်း၏ တာဝန်ဟုသာ မှတ်ထင်ရန်မသင့်ပေ။ မိမိတို့ ပြည်သူများကိုယ်တိုင်ကလည်း ကိုယ်ကျင့်တရားပျက်ယွင်းသည့် အပြုအမူများကို ရှောင်ရှားကာ အဂတိလိုက်စားမှုများကို ကျရာနေရာမှ တွန်းလှန်တိုက်ဖျက်နိုင်ရေးနည်းလမ်းရှာ ဆောင်ရွက်သင့်သည်။

ကိုယ်တိုင်နားလည်ထားရန်လို

အဂတိလိုက်စားမှုဆိုသည့် အဓိပ္ပာယ်ကို ဥပဒေနှင့်အညီ သိသင့်သိထိုက်သလောက်သိရှိထားပြီး မိမိရှေ့တွင် ဖြစ်ပျက်နေသော အဖြစ်အပျက်တစ်ခုသည် အဂတိလိုက်စားမှု ဟုတ်၊ မဟုတ်ဆိုသည်ကို ကိုယ်ပိုင်အသိဖြင့် ပိုင်းခြားသိမြင်နိုင်ရေးအတွက် မိမိနိုင်ငံတွင် ပြဋ္ဌာန်းထားသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအကြောင်းကို သိရှိထားရန်လိုသည်။ အဂတိလိုက်စားမှုများကို ရင်ဆိုင်ကြုံတွေ့ရသည့်အချိန်တွင်လည်း သတင်းပေးဖော်ထုတ်တိုင်ကြားနိုင်ရေးအတွက် သတင်းပေးပို့ တိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် တိုင်ကြားရာတွင် မည်သည့်အချက်များ ပါဝင်ရမည်ဆိုသည့် အချက်များကိုလည်း ဂဃနဏသိရှိထားရန်လိုသည်။

ကိုယ်တိုင် အမှန်တရားကို မြတ်နိုးတန်ဖိုးထားသူ၊ အမှန်တရားအတွက် ရပ်တည်ဆောင်ရွက်လိုသူ၊ မိမိပတ်ဝန်းကျင်ကို တတ်စွမ်းသမျှအကျိုးပြုလို သူတိုင်းအတွက် မသိမဖြစ်သိသင့်သည်မှာ ၇-၈- ၂၀၁၃ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ အဂတိလိုက်စားမှု၏ အဓိပ္ပာယ်ဖြစ်သည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃(က) - အဂတိလိုက်စားမှုဆိုသည်မှာ အောက်ပါတို့ကိုဆိုလိုသည်-

(၁) မည်သူမဆို ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ တစ်စုံတစ်ရာကို ပြုလုပ်ရန် သို့မဟုတ် ဥပဒေနှင့် အညီပြုလုပ်ခြင်းမှ ရှောင်ကြဉ်စေရန် သို့မဟုတ် တစ်ဦးတစ်ယောက်အား ဥပဒေနှင့်အညီ ရထိုက်သောအခွင့်အရေးကိုပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်ခွင့်မရှိသော အခွင့်အရေးကိုပေးရန် သို့မဟုတ် ဥပဒေနှင့်အညီရထိုက်သောအခွင့်အရေးကို မမှန်မကန်ပိတ်ပင်ရန်အတွက် တံစိုးလက်ဆောင်ကို တစ်ဦးတစ်ယောက် အားပေးခြင်း၊ ပေးရန်အားထုတ်ခြင်း သို့မဟုတ် တစ်ဦးတစ်ယောက်ထံမှလက်ခံခြင်း၊ ရယူခြင်းနှင့် ရယူရန်အားထုတ်ခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်နည်းနည်းဖြင့် ပြုလုပ်ခြင်း၊

(၂) မည်သူမဆို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အများပြည်သူဆိုင်ရာအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်း၏ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်စီမံဆောင်ရွက်သည့် လုပ်ငန်းစဉ်တွင်ဖြစ်စေ၊ ယင်းတို့၏ ပိုင်ဆိုင်မှုကိုတောင်းခံခြင်း၊ ရယူခြင်း၊ စီမံခန့်ခွဲခြင်း၊ ရှင်းလင်းဖျက်သိမ်းခြင်း ပြုရာတွင်ဖြစ်စေ၊ ယင်းတို့နှင့် သက်ဆိုင်မှုရှိသော သဘောတူစာချုပ်တစ်ခုတွင် ပါဝင်ခြင်း၊ စီမံဆောင်ရွက်ခြင်းပြုရာတွင်ဖြစ်စေ တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း တစ်ရပ်ရပ်ကိုဖောက်ဖျက်လျက် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခြင်းဖြစ်သည်။

တိုင်ကြားရာတွင် သတိယှဉ်

အဂတိလိုက်စားမှု၏ အဓိပ္ပာယ်ကို လေ့လာသိရှိ ပြီးသည့်အခါတွင် မိမိအနေဖြင့် အဂတိလိုက်စားမှုများကို ရင်ဆိုင်ကြုံတွေ့ရသည့်အခါတွင် ခေါင်းငုံ့မခံလိုဘဲ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ ဥပဒေနှင့်အညီ တိုင်ကြားတတ်ရန်လည်း လိုအပ်သည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၄ အရ “မည်သူမဆို အဂတိလိုက်စားမှုနှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာခြင်းနှင့် စပ်လျဉ်း၍သော်လည်းကောင်း သတ်မှတ်ချက်များနှင့်အညီ ကော်မရှင်သို့ဖြစ်စေ၊ ကော်မရှင်ရုံးသို့ဖြစ်စေ၊ ဤဥပဒေအရဖွဲ့စည်းသော လုပ်ငန်းကော်မတီ၊ လုပ်ငန်းအဖွဲ့၊ ပဏာမစိစစ်ရေးအဖွဲ့နှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုခုသို့ဖြစ်စေ၊ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတစ်ခုခုသို့ဖြစ်စေ သတင်းပေးပို့ချက်နှင့် တိုင်တန်းချက်များကို ပေးပို့နိုင်သည်။” ဟု ပြဋ္ဌာန်းထားပြီးဖြစ်သဖြင့် မည်သူမဆို ဥပဒေနှင့်အညီ အမှန်တရားဘက်တော်သားအဖြစ် ရပ်တည်နိုင်ခွင့်ရရှိပြီးဖြစ်သည်။

သို့ရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၂၂(ခ)အရ ကော်မရှင်အနေဖြင့် “တိုင်ကြားမှုတွင် အရေးကြီးသည့် သက်သေခံချက်များမပါရှိခြင်း သို့မဟုတ် လိုအပ်၍ ကြိုတင်ထောက်လှမ်းစုံစမ်းရာတွင်လည်း ခိုင်လုံသည့် သက်သေခံချက်မရရှိခြင်း” စသည့် ကိစ္စများကို စုံစမ်းစစ်ဆေးခြင်းမပြုရဟု ပြဋ္ဌာန်းထားသည်။ ထို့အတွက်ကြောင့် ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားရာတွင် သတိပြုရမည့်အချက်များကို နေ့စဉ်ထုတ်သတင်းစာများအပါအဝင် မီဒီယာများမှတစ်ဆင့် အသိပညာပေးနေသကဲ့သို့ ကော်မရှင်၏ တရားဝင် Website တွင်လည်း တင်ပြထားသည်ကိုတွေ့ရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၄ အရ မည်သူမဆို သတင်းပေးပို့ချက်နှင့် တိုင်တန်းချက်များ ပေးပို့နိုင်သော်လည်း အောက်ဖော်ပြပါအချက်များကို သတိပြုရမည်ဖြစ်သည်-

(က) တိုင်ကြားစာပေးပို့ရာတွင် ကော်မရှင်ထံ မိတ္တူပေးပို့ခြင်းမဟုတ်ဘဲ တိုက်ရိုက်လိပ်မူပေးပို့ရမည်၊

(ခ) တိုင်ကြားသူ၏ အမည်၊ လက်မှတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ၊ ဆက်သွယ်ရန် လိပ်စာအပြည့်အစုံ၊ ဖုန်း နံပါတ်ပါဝင်ရမည်၊

(ဂ) အရေးကြီးသော သက်သေခံချက်ဖြစ်သည့် မျက်မြင်သက်သေ၊ စာရွက်စာတမ်း၊ ဓာတ်ပုံ၊ အသံဖိုင်၊ ဗီဒီယိုဖိုင် စသည်တို့ရှိကြောင်း ဖော်ပြနိုင်ရမည်၊

(ဃ) ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား နစ်နာစေရန် သို့မဟုတ် ဂုဏ်သရေပျက်စေရန် တမင်ပြုလုပ်တိုင်ကြားပါက ပုဒ်မ ၅၉ အရ အရေးယူခံရနိုင်သည်ကိုလည်း သတိပြုရမည်။

ထူးခြားချက်များ

မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၁၇(ဈ)အရ “အဂတိလိုက်စားမှုရှိကြောင်း ကျော်စောသတင်းတစ်ရပ်ရပ်ကို သတင်းပေးပို့ချက်အဖြစ် သတ်မှတ်နိုင်ပြီး” ပုဒ်မ ၂၁ (ဃ)အရ “အဂတိလိုက်စားမှုဖြစ်နေကြောင်း ကျော်စောသတင်းဖြစ်ပေါ်နေခြင်း”ကို ကော်မရှင်အနေဖြင့် တရားဥပဒေအရ အရေးယူနိုင်ရန်စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် စုံစမ်းစစ်ဆေးစေခြင်းပြုနိုင်သည်။ သို့ရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃ (ဂ) အရ “ကျော်စောသတင်းဆိုသည်မှာ အများပြည်သူအတွင်း ပျံ့နှံ့နေသော သတင်းတစ်ရပ်ရပ်တွင် သူတစ်ဦးဦးသည် အဂတိလိုက်စားမှုနှင့် ပတ်သက်၍ ဤဥပဒေအရ ပြစ်မှုကျူးလွန်မှုရှိကြောင်း သင်္ကာမကင်းဖွယ်ရာဖြစ်ခြင်းအတွက် ခိုင်လုံသည့် အထောက်အထားရှိနိုင်သည်ဟု ကော်မရှင်ကယုံကြည်ရန် အကြောင်းပေါ်ပေါက်သော သတင်းကိုဆိုသည်” ဟု ပြဋ္ဌာန်းထားပြီးဖြစ်ရာအရပ်ထဲတွင် ဖြစ်ပေါ်နေသောသတင်းတိုင်းသည် ကျော်စောသတင်း ဖြစ်နိုင်ခြင်းမရှိသည်ကိုလည်း ပြည်သူများလေ့လာသိရှိထားနိုင်ရေး တင်ပြခြင်းဖြစ်သည်။

နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ

ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းနိုင်ရေးအတွက်ဆိုသည်မှာ လွယ်ကူသည့်အလုပ်မဟုတ်ပေ။ ဥပဒေပညာရှင်များက အဘက်ဘက်မှ ခြုံငုံသုံးသပ်ပြီးမှသာ အတည်ပြုပြဋ္ဌာန်းဆောင်ရွက်ရခြင်းမျိုးဖြစ်သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို လေ့လာကြည့်သည့်အခါတွင် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဖြစ်နေသည်ကို တွေ့ရသည်။ ဥပဒေပုဒ်မ ၂၄ အရ စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် “စွပ်စွဲတိုင်တန်းသည့် အကြောင်းအရာတွင် အကျိုးသက်ဆိုင်သူ၊ စွပ်စွဲတိုင်ကြားသူ သို့မဟုတ် စွပ်စွဲတိုင်ကြားခံရသူအပေါ် မလိုမုန်းတီးသူ၊ စွပ်စွဲ တိုင်ကြားသူ သို့မဟုတ် စွပ်စွဲတိုင်ကြားခံရသူနှင့် ဆွေမျိုးတော်စပ်သူ၊ စွပ်စွဲတိုင်ကြားသူ သို့မဟုတ် စွပ်စွဲတိုင်ကြားခံရသူနှင့် လုပ်ငန်းဆက်စပ်လုပ်ကိုင်နေသူ”တို့ မပါဝင်ရဟု ပြဋ္ဌာန်းထားသည်။ အဂတိလိုက်စားမှုများကို စုံစမ်းစစ်ဆေးခြင်း မပြုမီကပင် စုံစမ်းစစ်ဆေးခြင်းကို ဆောင်ရွက်ရမည့်သူများ အနေဖြင့် ပုဂ္ဂိုလ်ရေးရင်းနှီးမှုများက အစပြု၍ အကျိုးစီးပွား ပဋိပက္ခများ ပါဝင်လာခြင်းမရှိအောင် ဥပဒေအရ တားမြစ်ထားခြင်းဖြစ်ပြီး ဥပဒေနှင့်အညီ ဖွဲ့စည်းလိုက်သော စုံစမ်းစစ်ဆေးရေးအဖွဲ့သည် သမာသမတ်ကျစွာဆောင်ရွက်မည်ကို ထောက်ပြနေသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၂၆ တွင် “စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြုလုပ်သည့် စုံစမ်းစစ်ဆေးမှုတွင် စွပ်စွဲခံရသူသည် စွပ်စွဲချက်နှင့်စပ်လျဉ်း၍ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့် ဖြစ်စေထုချေရှင်းလင်းနိုင်သည်” ဟု ပြဋ္ဌာန်းထားသည်။ စွပ်စွဲခံရသူမည်သူမဆို မိမိအနေဖြင့် ဥပဒေနှင့်မညီသော အဂတိလိုက်စားမှုကို ကျူးလွန်ထားခြင်းမရှိသည်မှာ သေချာပါက ခိုင်လုံသည့် သက်သေများနှင့်တကွ ရှင်းလင်းတင်ပြနိုင်ခွင့် အခွင့်အရေးကို ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းကာ ပေးအပ်ထားခြင်းဖြစ်သည်။ အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာမှုကြောင့်ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းခြင်း ဆောင်ရွက်ရာတွင်လည်း ဥပဒေပုဒ် ၅၃ (ခ) အရ “ငွေကြေးနှင့်ပစ္စည်းများသည် ဥပဒေနှင့်ညီညွတ်သောနည်းလမ်းဖြင့် ရရှိသောငွေကြေးနှင့် ပစ္စည်းများဖြစ်ကြောင်း လုပ်ပိုင်ခွင့်အာဏာရှိသူက သက်သေထင်ရှားပြနိုင်လျှင် အဆိုပါငွေကြေးနှင့် ပစ္စည်းများကို ယင်းအားပြန်လည်ပေးအပ်ရမည်”ဟု ပြဋ္ဌာန်းထားသဖြင့် စွပ်စွဲခံရသူအနေဖြင့် ရသင့်ရထိုက်သော အခွင့်အရေးများကို ဥပဒေနှင့်အညီ ပေးအပ်ထားပြီး ဖြစ်သည်ကိုလည်း တွေ့ရသည်။

အဂတိကင်းပါသည်

ဥပဒေဆိုသည်မှာ “အများပြည်သူတို့ လိုက်နာရန် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့က ပြဋ္ဌာန်းထားသည့် စည်းမျဉ်း”ဖြစ်ပြီး ဥပဒေအထက်တွင် မည်သူမျှမရှိဆိုသည့် စကားနှင့်အညီ နိုင်ငံသားတိုင်းသည် ဥပဒေအရ တန်းတူအခွင့်အရေးရပြီးဖြစ်သည်။ ဥပဒေနှင့်မညီသော အဂတိလိုက်စားမှု များကို ကျူးလွန်မိပါက ဥပဒေအရအရေးယူခံရမည်သာဖြစ်သည်။ ဥပဒေပညာရှင်တစ်ဦး မဟုတ်သော်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ဖတ်ရှုလေ့လာမိသည့်အခါတွင် အဂတိလိုက်စားမှုများကို သတင်းပေးပို့တိုင်ကြားခြင်းမှအစပြု၍ စုံစမ်းစစ်ဆေးခြင်းနှင့် အရေးယူခြင်းတို့အထိကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် သမာသမတ်ကျစွာ ပြဋ္ဌာန်းထားသည်ကိုတွေ့ရသည်။ သို့ဖြစ်ရာ ပြည်သူများအနေဖြင့် ဤဆောင်းပါးမှတစ်ဆင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်းသည့် ဗဟုသုတများ တိုးပွားလာကာ အဂတိလိုက်စားမှုများကို အစိုးရနှင့်လက်တွဲ တွန်းလှန်တိုက်ဖျက်နိုင်သည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ရရှိနိုင်ကြပါစေကြောင်း ရည်ရွယ်တင်ပြလိုက်ရပါသည်။ ။

ရည်ညွှန်းကိုးကား

- မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ (၂၀၁၃)၊

- မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် Website (https://www.accm.gov.mm/)

- နေ့စဉ်ထုတ်သတင်းစာများ။

No comments:

Post a Comment