Wednesday, January 8, 2025

စာဖတ်သည့်ယဉ်ကျေးမှုအစ ပညာသင်ကျောင်းများက ….

ဒေါက်တာမောင်သင်း

စာဖတ်ချိန်မရှိအောင် ကြိုးစားနေပါသည် ဆိုသော လူမျိုးသည် ဘယ်သောအခါမှ အောင်မြင် သည့်လူမျိုးဖြစ်လာမှာမဟုတ်ပါ

ကွန်ဖြူးရှပ်(တရုတ်ပညာရှိကြီး)

စာဖတ်တတ်လို့သာ သက်ရှိအားလုံးကို

လွှမ်းမိုးနိုင်တာပါ

လူနှင့် တိရစ္ဆာန်ကွာခြားချက်မှာ တိရစ္ဆာန်ကအချိန်သက်ဟူသည့် အသက်တစ်မျိုးတည်းဖြင့် သာ အသက်ရှင်၏။ လူက အသက်နှစ်သက်ဖြင့် အသက်ရှင်၏။ ယင်းတို့မှာရင့်ကျက်သက်နှင့်အချိန်သက်တို့ဖြစ်ကြသည်။ ရင့်ကျက်သက်ဆိုတာ ကိုယ့်ကိုယ်ကိုယ် အမြဲဖြည့်ဆည်းနေပါမှ ရနိုင်တာမျိုးပါ။ ထိုင်နေ၊ အိပ်နေရုံဖြင့်မရပါ။ သင်၊ မြင်၊ ကြားသမျှကို လေ့လာမှတ်သားနေရပါမည်။ များများနှင့်မြန်မြန် ဖြည့်ဆည်းနိုင်သည့် နည်းလမ်းကတော့ စာများများဖတ်ခြင်းနှင့် စာဖတ်အထုံ ပါရမီရှိခြင်းပဲ ဖြစ်ပါသည်။

စာရေးသူသည် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည့်တိုက်ဖွံ့ဖြိုးရေး ဟောပြောပွဲတစ်ခုတွင် လူနှင့် တိရစ္ဆာန်ကွာခြားချက်နှင့်ပတ်သက်၍ အထက်ပါအတိုင်းပြောကြားခဲ့ပါသည်။ စာဖတ်တတ်ခြင်းနှင့်စာဖတ်သည့်ယဉ်ကျေးမှု” (Reading Culture) ထွန်းကားနေခြင်းကြောင့် လူသားအနေဖြင့် ရလာ သည့်အကျိုးကျေးဇူးက ရင့်ကျက်သက်ရှိလာခြင်းပါ။ လူသားမှာသာ မှတ်တမ်းရေးနိုင်သည့်စာပေရှိ၏၊ စာပေရှိ၍ ဆိုးမှု၊ ကောင်းမှု၊ အောင်မြင်မှု၊ ကျဆုံးမှု၊ ဆောင်ရန်၊ ရှောင်ရန် (Do and Don’t) တို့ကို နောက်မျိုးဆက်များသို့ သင်ခန်းစာယူနိုင်ရန် ယခင်မျိုးဆက်များက မှတ်တမ်းတင်ထားနိုင်ခဲ့သည်၊ စာပေဖြင့် လက်ဆင့်ကမ်းပေးခဲ့သည်။

စာဖတ်တတ်သည့် နောက်မျိုးဆက်များကလည်း ထိုမှတ်တမ်းကို ဖတ်ရှုဖော်ထုတ်နိုင်ခဲ့သည်။ ပြီးလျှင် သူတို့နှင့် ခေတ်ပြိုင်မျိုးဆက်များဆီသို့ ဆက်လက်ဖြန့်ဝေနိုင်ခဲ့သည်။ သို့အတွက် အရင်မျိုးဆက်များ၏ လူ့အဖွဲ့အစည်းပျက်သုဉ်းစေမည့် တိုင်းဖျက်ပြည်ဆူအမှားများကို ဖယ်ရှားနိုင်၏။ လူ့အဖွဲ့အစည်း အေးချမ်းဖွံ့ဖြိုးမှုကို ဖော်ဆောင်ပေးမည့် ကောင်းမွေများကို ခံယူ၏၊ ခံယူပြီးလျှင် နောက်မျိုးဆက်က အရင်မျိုးဆက်ထက်သာလွန်အောင် လူ့ဘောင်လောကဖွံ့ဖြိုးမှုကို ဆက်လက် ကြိုးပမ်း၏။

ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပညာခေတ်မှသည် ယနေ့ ဉာဏ်ရည်တုခေတ်(အေအိုင် ခေတ်, AI - Age) အထိ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက်တိုးတက်လာခဲ့သည်။ စာပေစတင် ပေါ်ပေါက်လာသည့် လွန်ခဲ့သောနှစ်ပေါင်း ၅၀၀၀ ကျော်မှသည် ယနေ့အထိ လူ့သမိုင်း၏ တိုးတက်မှု အရှိန်အဟုန်သည် လျင်မြန်လာခဲ့ကြောင်းကို သမိုင်းက မှတ်တမ်းတင်နိုင်ခဲ့သည်။ အခြားသက်ရှိများ တုပြိုင်၍မရနိုင်တော့သည့် သက်ရှိဖြစ်လာသည်၊ သက်ရှိအားလုံးကို လွှမ်းမိုး၍ ခိုင်းစေနိုင်၏။ ဤကဲ့သို့ သက်ရှိအားလုံးတို့၏ထိပ်က သက်ရှိဖြစ်လာရခြင်းမှာ တိရစ္ဆာန်များမှာ စာပေမရှိပေ။ လူသားမှာသာ စာပေရှိ၍ စာများများဖတ်သည့် အထုံပါရမီရှိခြင်း(သို့) စာဖတ်နာခြင်းကြောင့်ပင် ဖြစ်ပေသည်။

တစ်ချိန်က စာမတတ်လျှင် အကန်းဟုဆိုကြသည်။ အကယ်၍ စာဖတ်တတ်သော်လည်း စာကို ဆက်လက်လေ့လာ ဖတ်ရှုခြင်းကင်းခဲ့လျှင် တစ်နည်းအားဖြင့် စာပေမှတစ်ဆင့် ဆက်လက် ဖြည့်ဆည်းမှုမရှိခဲ့လျှင် လူသားသည် တိရစ္ဆာန်ဘဝလိုသာ အချိန်သက် တစ်မျိုးတည်းဖြင့် အသက်ရှင်သူသာ ဖြစ်လာပေလိမ့်မည်။ တိရစ္ဆာန်ဘဝနှင့် မခြားသူသာဖြစ်ပေလိမ့်မည်။ စာဖတ်သည့် လူသားဖြစ်မှသာလျှင် အထက်တွင်ပြဆိုခဲ့သည့် လူ့လောက၏ ကောင်းမှု၊ ဆိုးမှု၊ အောင်မြင်မှု၊ ကျရှုံးမှု၊ ဆောင်ရန်၊ ရှောင်ရန်တို့ကို သိနိုင်စွမ်းဉာဏ်ရည်မြင့်မားလာ၏။ လူ့အဖွဲ့အစည်းကောင်းကျိုး သယ်ပိုးရမှာကို မြင်တွေ့နိုင်၏။

လူ့အဖွဲ့အစည်းကို ဖျက်ဆီးမည့် ကြံစည်တွေးတောလုပ်ကိုင်မှုကို ရှောင်ရှားနိုင်၏။ ဖျက်ဆီး သူများ၏အန္တရာယ်မှ ကာကွယ်၏။ အရာရာကို ဘက်ပေါင်းစုံမှ ရှုမြင်သုံးသပ်ကာ ကောက်ချက်ချနိုင် ၏၊ ပြီးလျှင်ဆောင်ရွက်၏။ နားတစ်ဖက်တည်းဖြင့် လက်မခံပေ၊ နား၊ မျက်စိ၊ နှလုံးသား၊ ဦးနှောက်တို့ဖြင့် ခံယူ၏၊ ယင်းတို့ဖြင့် ကိစ္စအဝဝကို ဟန်ချက်ညီညီ ဆုံးဖြတ်၏။ ဤသည်မှာ လူချင်းတူပါလျက်ရင့်ကျက်သက်ရှိသူ လူသားတို့၏ ရှင်သန်မှုဘဝ ပေတည်း၊ ထိုအခါ သက်ရှိချင်းအတူတူအချိန်သက်ရော၊ ရင့်ကျက်သက်ဖြင့်ပါ အသက်နှစ်သက်ဖြင့် အသက်ရှင်နေသည့် တန်ဖိုးမြင့်လူသား ဖြစ်လာပေတော့သည်။ ထိုလူ သားသည် စာမဖတ်ပေမဖတ် လူသားကို လွှမ်းမိုးနိုင် ၏။ သူတို့ကို စေခိုင်းနိုင်သည့်ဘဝတွင် ရပ်တည်နေသည့်အဆင့်မှာရှိပေသည်။ စာပေမရှိသည့် တိရစ္ဆာန်သည် မည်မျှအင်အားကြီးစေကာမူ လူသား၏ အခိုင်းခံဘဝတွင်သာရှိနေသကဲ့သို့ စာတတ်သော်လည်း စာမဖတ်သူသည် အမြဲစာဖတ်သူ၏ စေခိုင်းရာဘဝ ရောက်ရရှာပေသည်။

လွတ်လပ်ရေးရပြီးကတည်းက အခြေခံပညာကျောင်းများတွင် တွေ့နေရသည့် ဆောင်ပုဒ်က အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းကဟူ၍ ပင်ဖြစ်ပါသည်။ အလွန်မှန်ကန်သဖြင့် စာရေးသူက ဒီမိုကရေစီအစ စာသင်ကျောင်းကဟူ၍ ရှေးက ဆရာကြီးများ၏အဆိုကို အတုခိုးကာ ဆောင်းပါးများ ရေးသားခဲ့ပါသည်။ ယခုလည်း မြန်မာ့လူ့အဖွဲ့အစည်းတွင် စာဖတ်သည့်ယဉ်ကျေးမှုကို အမှန်တကယ် အကောင်အထည်ဖော်ရမည့် မူလအစနေရာသည် အခြေခံပညာကျောင်းများသာဖြစ်၍ စာဖတ်သည့် ယဉ်ကျေးမှုအစ ပညာသင်ကျောင်းကဟု ရှေးဆရာကြီးများကို ထပ်မံအတုခိုးရေးသားလိုက်ပါသည်။

သို့သော် စာသင်ကျောင်း ကို ပညာသင်ကျောင်းဟူသောဝေါဟာရဖြင့် အစားထိုးလိုက်ပါသည်။ တကယ်တော့ စာသင်ကျောင်းသည် စာကိုအခြေပြု၍ မျိုးဆက်သစ်လူသားများကို ပညာရည်မြင့်မားအောင် လေ့ကျင့်ပေးရာ ပညာသင်ကြားပေးရာ နေရာဖြစ်ပါသည်။ ခေတ်များ ပြောင်း၍ ဝေါဟာရအသစ်အဆန်းများ မည်မျှပေါ်ပေါက်စေကာမူ မြန်မာ့လူ့အဖွဲ့အစည်းက နှစ်ပေါင်းထောင်ချီ ကျင့်သုံးလျက်ရှိနေသော ပညာရေးမျှော်မှန်းချက်ဖြစ်သည့် ဗလငါးတန်ဖွံ့ဖြိုးရေး ကို လေ့ကျင့်ပေးသည့်နေရာသည် ကျောင်းပင်ဖြစ်ပါသည်။

စာဖတ်ခြင်းသည်ပညာရေး၏ ဉာဏဗလစွမ်းရည် ဖွံ့ဖြိုးစေရန်အတွက်ပါ

ပညာရေးဟု ပြောကြတိုင်း ကျောင်းနေ၊ ကျောင်းတက်၊ စာသင်စာမေးပွဲကျင်းပ၊ အတန်းတက်၊ ဘွဲ့ရများလေ့ကျင့်ပေးမှုဟုသာ မြင်ကြသည်။ ပညာရေး၏ မူလအဓိပ္ပာယ်ဖွင့်ဆိုချက်မှာလူသား၏ မွေးရာပါအရည်အသွေးများကို ထွက်ပေါ်လာအောင်၊ ထက်မြက်လာအောင် ဆွဲထုတ်လေ့ကျင့်ပေး တာပါဆိုလိုသည်မှာ လူသား၏ ဉာဏ်ရည်မြင့်မားလာအောင် တစ်နည်းအားဖြင့် မြန်မာတို့၏ ဗလငါးတန်ကို အစွမ်းကုန်ဖွံ့ဖြိုးလာအောင် လေ့ကျင့်ပေးသည့်လုပ်ငန်းသည် ပညာရေးဖြစ်ပါသည်။ မြန်မာတို့၏ ဗလငါးတန်ထဲတွင်ဉာဏဗလပါဝင်ပေသည်။ ဉာဏစွမ်းရည် (ဉာဏဗလ) ကို ခေတ်သစ်ပညာရေးပညာရှင်များက အဓိပ္ပာယ် ဖွင့်ဆိုကြရာတွင် -

() နှုတ်မှုနှင့် ဘာသာစကားကျွမ်းကျင်လိမ္မာမှု ဉာဏ်ရည်၊

() ကျိုးကြောင်းဆက်စပ်နိုင်မှုနှင့် သင်္ချာ ဆိုင်ရာ ဉာဏ်ရည်၊

() ခံစားမှုနှင့်အမြင်ကို ပြန်လည်ပုံဖော်နိုင်မှု စွမ်းရည်၊

() ဂီတနှင့် အနုပညာခံစားနိုင်မှု မြင့်မားသည့် ဉာဏ်ရည်၊

() လူမှုဆက်ဆံရေးဉာဏ်ရည်၊

() မိမိကိုယ်ကို ရှုမြင်သုံးသပ်မှုဆိုင်ရာ ဉာဏ်ရည်၊

() ကိုယ်ခန္ဓာလှုပ်ရှားထိတွေ့မှု ဉာဏ်ရည် _ _ _ _ စသည်တို့ ပါဝင်ပါသည်။

ထိပ်ဆုံးတွင် ပါဝင်သည့် နှုတ်မှုနှင့် ဘာသာ စကားကျွမ်းကျင်လိမ္မာမှုဉာဏ်ရည်(Verbal and Linguistic Skill) တွင် အရေး၊ အဖတ်၊ အပြော၊ တင်ပြမှုများ အစီရင်ခံစာနှင့် စာပေရေးသားမှုများ ပါဝင်ပါသည်။ ပြောချင်တိုင်းပြော၍မရပါ။ အချက်အလက်စုံလင်စွာဖြင့် ကျိုးကြောင်းဆီလျော်စွာ ပြောတတ်ရမည်။ ရှေ့နောက်ညီညွတ်စွာ ရေးတတ်ရမည်။ ရှင်းပြနိုင်စွမ်း၊ တင်ပြနိုင်စွမ်းရှိရမည်။ ထိုသို့နှုတ်မှုနှင့် ဘာသာစကားကျွမ်းကျင်လိမ္မာမှုရှိရန် အဓိကလိုအပ်ချက်မှာ မိမိမှာ အသိဉာဏ်၊ ဗဟုသုတ ဝမ်းစာပြည့်အောင် ဖြည့်ဆည်းထားမှုရှိရပါမည်။ ဉာဏ်ပညာဝမ်းစာဖြည့်သည့် ရှေးအကျ ဆုံးနှင့် ခေတ်လည်းအမီဆုံးနည်းမှာ စာဖတ်အထုံပါအောင်လေ့ကျင့်ခြင်းပင်ဖြစ်ပါသည်။

ဉာဏဗလဖွံ့ဖြိုးမှုအစ စာဖတ်သည့်ဓလေ့ ကဟု ဆိုပါရစေ။ သင့်သားသမီး ဉာဏ်ရည် မြင့်မားစေလိုလျှင် ပြင်ပစာများများ ဖတ်စေပါဟု မိဘများကိုတိုက်တွန်းပါရစေ။ စာဖတ်သည့် ယဉ်ကျေးမှု (Reading Culture) ထွန်းကားအောင် လေ့ကျင့်ပေးရပါမည်။ ကျောင်းသင်ရိုးပါဖတ်စာအုပ် မဟုတ်သည့် ပြင်ပစာများဖတ်၍ စာကျက်ချိန် နည်းသွားမည်၊ ဝတ္ထုဖတ်၍ စိတ်လေမည်ဟူသည့် ပညာရေးအမြင်ကင်းသည့် အယူအဆများကို ပယ်သင့်ပါပြီ။

သို့မှသာ ဦးသန့်ပြောခဲ့သည့် စာဖတ်တာ အမြင့်ကို ပျံသန်းချင်လို့ တောင်ပံတပ်ဆင်ခြင်းပါ၊ စာဖတ် သည့်လူမျိုးသည်တိုးတက်၍ တိုးတက်သောလူမျိုး တိုင်းစာဖတ်ကြသည် ဟူသော စာဖတ်သည့်နိုင်ငံ သားများပေါကြွယ်ဝကာ ဖွံ့ဖြိုးသည့်နိုင်ငံဖြစ်ပေလိမ့်မည်။

မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် စာဖတ်ပါရမီ ရင့်သန်စေရန်နိုင်ငံတစ်ဝန်းရှိ ပညာသင်ကျောင်း များက မဖြစ်မနေ လေ့ကျင့်ပေးရန် လိုပါလိမ့်မည်။ သို့မှသာ နိုင်ငံဖွံ့ဖြိုးမှုအစ ပညာသင်ကျောင်းများ က ဟု မြင်ကြ၊ လက်ခံကြပါလိမ့်မည်။ ထို့အတူ လူသားအမည်ခံရုံသာအဆင့်ရှိပြီး တိရစ္ဆာန်နှင့် အသိဉာဏ်မကွာမခြားသည့် စာမဖတ်သူများ စာဖတ်ပျင်း၍ ကိုယ့်ကိုယ်ကိုယ် နွံတွင်းသို့တွန်းချ နေသူမျိုးဆက်များပပျောက်သွားပေလိမ့်မည်။ ကျွန်တော်တို့ နိုင်ငံတွင် အခြေခံပညာကျောင်းသား ဘဝကတည်းက စာဖတ်သည့် အလေ့အကျင့်မှ စာမဖတ်ဘဲမနေနိုင်သည့် အလေ့အထ(Reading Practice to Reading Culture) ကို လက်တွေ့ပျိုးထောင်လေ့ကျင့်ပေးနိုင်မည့် အစီအစဉ်ကိုစာရေးသူ လေ့လာစုဆောင်းမိသမျှနိုင်ငံဖွံ့ဖြိုးမှု ကောင်းကျိုးမျှော်ကိုး၍ ရေးသားလိုက်ရပါသည်။

ကျောင်းများတွင် စာဖတ်သည့်ယဉ်ကျေးမှု ပျိုးထောင်ပေးရသည့် ရည်ရွယ်ချက်များမှာ

၁။ ယနေ့ကျောင်းနေအရွယ် မျိုးဆက်သစ်များ အနေဖြင့် မိမိဘဝမြှင့်တင်ရေးနှင့် မိမိပတ်ဝန်းကျင် ကို ကောင်းကျိုးပြုနိုင်ရေးအတွက် စာဖတ်ခြင်းဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ထွန်းလာစေရန်။

၂။ မျိုးဆက်သစ်နိုင်ငံသားများတွင် အမှန်နှင့် အမှား၊ အကောင်းနှင့်အဆိုး ခွဲခြားနိုင်စွမ်းရှိမှု၊ ဆင်ခြင်တွေးတောတတ်မှု (Critical Thinking) နှင့် တီထွင်ကြံဆမှု (Creative Thinking) ရင့်သန်လာ စေမည့် ဉာဏ်ပညာ ဗဟုသုတများ ပိုမိုတိုးပွား လာစေရန်။

၃။ အခြေခံပညာအဆင့်ပြီးဆုံးပါက အကြောင်းအရာတစ်ရပ်ရပ် (သို့) ပြဿနာတစ်ခုခုကို ကျိုးကြောင်းဆင်ခြင်သုံးသပ်နိုင်မှုဖြင့် ချဉ်းကပ်နိုင်စွမ်းရှိသည့်ရင့်ကျက်သူများ (သို့) “ရင့်ကျက် သက်ဖြင့် အသက်ရှင်နေသူများဖြစ်ထွန်းလာစေရန်နှင့် မိမိဘဝ အောင်မြင်တိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် အသိပညာ၊ အတတ်ပညာများနှင့် နည်းလမ်းများကို စာပေဖတ်ရှုခြင်းမှတစ်ဆင့် ရယူနိုင်ကြောင်း အသိတရားများကိုရရှိစေပြီး စာဖတ်သည့်ဓလေ့ကို သက်ဆုံးတိုင် မြတ်နိုးခုံမင် သွားစေရန်- - - တို့ ဖြစ်ပါသည်။

ပျိုးထောင်ပေးရခြင်း အကြောင်းရင်းများ

၄။ အခြေခံပညာကျောင်းသူ ကျောင်းသားအတော်များများသည် ပြဋ္ဌာန်းထားသည့် ဖတ်စာအုပ်ပါ ကျောင်းစာမှလွဲ၍ ပြင်ပစာပေများကို ဖတ်ရှုမှုမရှိ သလောက်ဖြစ်နေသဖြင့် ပြင်ပဗဟုသုတနည်းပါး လာခြင်း။

၅။ ဖတ်စာအုပ်လွန် ပြင်ပဗဟုသုတနည်းပါးလာ သဖြင့် အတန်းအောင်သော်လည်း အကြောင်းနှင့် အကျိုး ခွဲခြားနိုင်စွမ်းမရှိတော့ခြင်း၊ ဆင်ခြင်တုံ တရားနည်းပါးလာခြင်း၊ တခြားလူပြောသမျှ ယုံလွယ်သဖြင့် ပညာသင်ဆဲကာလနှင့် လုပ်ငန်းခွင်တွင် နိုင်ငံနှင့် လူမျိုးကို ဖျက်ဆီးသူများ၏ သွေးဆောင်ခံရခြင်းကြောင့် ဥပဒေဘောင်ကျော်လွန် လုပ်ကိုင်မှုများနှင့် နောက်ဆုံးတွင် အသက်ဆုံးရှုံးရမှုများ မြန်မာ့မျိုးဆက်သစ်များအတွင်း တွေ့ရှိနေရခြင်း။

၆။ မြန်မာ့မျိုးဆက်သစ်များအတွင်း စာဖတ်ခြင်း သည် မှားယွင်းသောအယူအဆများကို ပယ်ဖျောက် နိုင်ခြင်းနှင့် ယုံမှားသံသယကင်းစေသည်ဟူသည့် အသိတရားကို ပိုင်ဆိုင်စေ၍ အမှားနှင့်အမှန်၊ ဓမ္မနှင့် အဓမ္မခွဲခြားနိုင်မှု အသိဉာဏ်မြင့်မားလာစေကာ နိုင်ငံနှင့် မြန်မာ့လူ့အဖွဲ့အစည်းကို ဖွံ့ဖြိုးအောင် ဆောင်ရွက်လာနိုင်ခြင်းနှင့် ယင်းတို့အား ပျက်သုဉ်းစေမည့် အပြုအမူများကင်းဝေးအောင် ရှောင်ရှားနိုင်သည့် ဉာဏ်ရည်မြင့်မားလာခြင်း။

၇။ အတန်းအောင်၊ ဘွဲ့ရသော်လည်း ပြဋ္ဌာန်းစာအုပ်ဘောင်ကို ကျော်၍မကြည့်တတ်၊ မမြင်တတ် သည့်လူငယ်များအား အတန်းပညာရေး လေ့ကျင့်သင်ကြားမှုနှင့်အတူ စာဖတ်မှုပါရမီ ရင့်သန် စေခြင်း (Reading Culture) ဖြင့် မိမိပတ်ဝန်းကျင်နှင့် ကမ္ဘာတစ်လွှားကို ကြည့်မြင်တတ်သည့် ဉာဏ်အလင်းတံခါးပွင့်လင်းလာစေကာ မိမိနှင့် မိမိနိုင်ငံ လူ့အဖွဲ့အစည်းကောင်းကျိုးကို မြှင့်တင်လို စိတ်၊ သယ်ပိုးလိုစိတ်များ မြင့်မားလာစေခြင်းတို့ ဖြစ်ပါသည်။

လက်တွေ့အကောင်အထည်ဖော်မည့်အစီအစဉ်

၈။ KG နှင့် Grade 1 တို့တွင် ပြဋ္ဌာန်းစာအုပ်တွင် မပါဝင်သည့် ရောင်စုံဓာတ်ပုံ၊ ပန်းချီများဖြင့် ရေးဆွဲ ထားသည့် သစ်ပင်၊ တိရစ္ဆာန်၊ လူ၊ တိုင်းရင်းသား လူမျိုးများ၏ ဝတ်စုံ စသည်တို့ဝတ်ဆင်ထားသည့် ကလေးငယ်များပုံ၊ ကာတွန်းအရုပ်များသာပါသည့် စာအုပ်များကို ကလေးများအားကြည့်ခိုင်းပြီး ဆရာ ဆရာမကရှင်းပြကာ စာအုပ်ထဲမှ အနှစ်သက်ဆုံးပုံနှင့် အကြိုက်ဆုံးစာအုပ်ကို ရွေးချယ်တတ်စေပြီး ပြင်ပဗဟုသုတစာအုပ်များနှင့် ရင်းနှီးကျွမ်းဝင်မှုကို စတင်မိတ်ဆက်မှုပြုရန်။

၉။ Grade 2 မှစတင်၍ မူလတန်းအဆင့်ပြီးမြောက်သည်ထိ ကျောင်း၏ဖွံ့ဖြိုးရေးအချိန်များတွင် သက်ဆိုင်ရာ Grade အဆင့်နှင့်အညီ အကျင့်စာရိတ္တ၊ လူမှုဆက်ဆံရေး၊ စိတ်ဓာတ်ခိုင်မာမြင့်မားရေး၊ ဗဟုသုတနှင့် အားကျအတုယူနိုင်သည့်စံပြပုဂ္ဂိုလ်များ၏ စာအုပ်များအား အနည်းဆုံးသုံးအုပ်မှ ငါးအုပ်အထိ ဖတ်ပြီးကြောင်းနှင့် မူလတန်း၏ နောက်ဆုံးအဆင့် (Grade-5) ၌ စာသင်ခန်းတွင်း၊ ကျောင်း Assembly တွင် မိမိနှစ်သက်ရာ ဖတ်ရှုလေ့လာထားသည့်စာအုပ်တို့မှ စံနမူနာယူဖွယ်ရာ၊ အားကျစရာတစ်ခုခုအကြောင်း ပြောပြစေခြင်း၊ Grade 4 နှင့် Grade 5 မှစတင်၍ စာကြည့်တိုက်၌ စာအုပ်ငှားရမ်းခြင်း၊ စာအုပ်ထိန်းသိမ်းခြင်းတို့တွင် အလှည့်ကျတာဝန်ယူစေခြင်း။

၁၀။ အလယ်တန်းအဆင့် (Grade 6-9) ၌ အတန်းတိုင်းတွင် သတင်းစာ၊ ဂျာနယ်၊ နိုင်ငံချစ်စိတ်၊ မျိုးချစ် စိတ်နှင့် အမျိုးသားရေးစိတ်ဓာတ်များ ဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်စေမည့်စာအုပ်များ၊ စည်းလုံး ညီညွတ်မှု၏အရသာ၊ ခေါင်းဆောင်ကောင်းများ၏ အများအကျိုးအတွက် သယ်ပိုးမှု အတုယူအားကျ စရာစာအုပ်များနှင့် ပုံပြင်၊ သုတ၊ စံပြပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများ၊ ဆောင်းပါးပေါင်းချုပ်၊ မြန်မာနှင့် ကမ္ဘာ့သမိုင်း (သင်ရိုးတွင်မပါဝင်သည့်) ကဗျာနှင့် ဝတ္ထုတိုများစသည်တို့မှ အနည်းဆုံး ()အုပ် ဖတ်ရှုပြီးမြောက်ကြောင်းနှင့် ဖတ်ရှုရာမှရရှိသည့် ဗဟုသုတ၊ အတွေးအမြင်အကြောင်းအရာတစ်ခုခုကို စာစီစာကုံး (သို့) ကဗျာတစ်ပုဒ်တို့ကို ရေးသား တင်သွင်းစေခြင်းနှင့် ကျောင်းသား ကျောင်းသူများအား စာကြည့်တိုက်တွင် အလှည့်ကျတာဝန်ချထား ခြင်း။

၁၁။ အခြေခံပညာအထက်တန်း(Grade 10, 11, 12)အဆင့်တွင် သုတနှင့်ရသစာပေမျိုးစုံ၊ ဝတ္ထု၊ ဆောင်းပါး၊ အတ္ထုပ္ပတ္တိ၊ သင်ရိုးတွင်မပါသည့် ကမ္ဘာနှင့် မြန်မာ့ပထဝီ၊ ကမ္ဘာနှင့် မြန်မာ့သမိုင်းနှင့် သိပ္ပံ အကြောင်း၊ နေ့စဉ်ထုတ်သတင်းစာများ၊ အပတ်စဉ်ထုတ်ဂျာနယ်များ၊ လစဉ်ထုတ်မဂ္ဂဇင်းများမှ ကြိုက်နှစ်သက်ရာကို ဖတ်ရှုရခြင်းကြောင့် မိမိအတွက် မည်ကဲ့သို့ခံစားရကြောင်း၊ အသိအမြင် တိုးလာကြောင်းနှင့် အကျိုးရရှိလာကြောင်းကို စာစီစာကုံး (သို့) ဆောင်းပါး (သို့) ကဗျာ နှစ်စောင် (ပထမ နှစ်ဝက်တွင် တစ်စောင်နှင့် စာသင်နှစ်အဆုံးတွင် တစ်စောင်) ရေးသားခြင်း၊ ကျောင်းသား ကျောင်းသူများအား စာကြည့်တိုက်တွင် အလှည့်ကျတာဝန်ချထားခြင်း၊ မိမိရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ၌ ကျောင်းအားလပ်ရက်များတွင် ကူညီလုပ်အား ပေးစေခြင်း။

(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment