ဒေါက်တာမျိုးကြွယ်
နိုင်ငံတကာစိုက်ပျိုးရေးပညာသင်ကြားသော တက္ကသိုလ်များရှိ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်နေသော သီးခြားဌာနများ (Separate Departments)၊ အထူးပြုဘာသာရပ်အသစ်များ (New Majors/Specializations) (အဆက်)
နိုင်ငံအချို့ရှိ စိုက်ပျိုးမွေးမြူရေး (ပုဂ္ဂလိက/အစိုးရ) တက္ကသိုလ် အရေအတွက် (၂၀၂၄) ကို ဇယား-၁ တွင် ဖော်ပြထားပါသည်။
- အစိုးရ/ပုဂ္ဂလိကတက္ကသိုလ်အားလုံး၊ ** - စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောတက္ကသိုလ် တစ်ကျောင်းစီစုပေါင်းထား၊ စိုက်ပျိုးရေးပညာဘွဲ့ပေးနိုင်သော ပုဂ္ဂလိကတက္ကသိုလ်မရှိသေးပါ (၃-ကျောင်း)
ဌာနအသစ်/ဘာသာရပ်အသစ်များအနေဖြင့် (C-Chemistry) အကြောင်း မဆွေးနွေးခင် A နှင့် B ဘာသာရပ်များတွင် ကျန်ရှိခဲ့သော ဘာသာရပ်များ ထပ်မံဖြည့်စွက်လိုပါသည်။
A – Agronomy ၏ အောက်တွင်
(၁-င) မိုးလေဝသ၊ စိုက်ပျိုးရေးမိုးလေဝသ၊ ဇီဝရာသီဥတုဗေဒဌာန/ဘာသာရပ် (Meteorology/Climatology/Agricultural Meteorology/Agrometeorology/Bioclimatology)
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် အလွန်အရေးကြီးသော ဘာသာရပ်ဖြစ်ပါသည်။ အထူးပြုဘာသာရပ်၊ ဘွဲ့ဒီဂရီအနေဖြင့် သင်္ချာ၊ ရူပဗေဒဘာသာရပ်များဖြင့် တွဲဖက်သင်ကြား၊ သုတေသန ပြုသင့်ပါသည်။ ကွယ်လွန်သွားသော မိုးလေဝသပညာရှင် ဆရာကြီး ဦးထွန်းလွင်မှာ ရူပဗေဒပညာရှင်ဖြစ်ပါသည်။ စိုက်ပျိုးရေးတက္ကသိုလ်ရှိ ရူပဗေဒဌာနမှာ အထောက်အကူပြုဌာနအငယ်လေးသာ ဖြစ်နေသဖြင့် နိုင်ငံတကာဘက်စုံဘာသာရပ်သင်တက္ကသိုလ်များ (International Comprehensive Universities)လို ဌာနများစွာ/ ဘာသာရပ် များစွာသင်ကြားမှသာ ပေါင်းစပ်သုတေသနပြု သင်ကြားပေးနိုင် ပါလိမ့်မည်။ ဤဘာသာရပ်များ အားကောင်းနေသော ကမ္ဘာ့နာမည်ကြီး တက္ကသိုလ်များမှာ -
(၁-င-၁) ဇီဝရာသီဥတုဗေဒဌာန ဂူတင်ဂန်းတက္ကသိုလ် ဂျာမနီနိုင်ငံ (Department of Bioclimatology, University of Goettingen, Germany) မိုးလေဝသနှင့် သီးနှံ၊ မွေးမြူရေးတိရစ္ဆာန်များ ဆက်နွှယ်နေမှုကို လေ့လာသုတေသနပြုနေပါသည်။ အထူးပြုဘွဲ့လည်းပေးပါသည်။
(၁-င-၂) မိုးလေဝသဌာန ရက်ဒင်းတက္ကသိုလ် ယူကေနိုင်ငံ (Department of Meteorology, University of Reading, UK) စိုက်ပျိုးရေးမိုးလေဝသ၊ ရာသီဥတုနှင့် စိုက်ပျိုးမွေးမြူရေး၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးပညာများကို ဆက်စပ်သင်ကြား၊ သုတေသန ပြုနေကြပါသည်။
(၁-င-၃) စိုက်ပျိုးရေးရူပဗေဒဌာနကြီး အိန္ဒိယစိုက်ပျိုးရေး သုတေသနဗိမာန် အိန္ဒိယနိုင်ငံ (Division of Agricultural Physics, IARI – Indian Agricultural Research Institute, India) စိုက်ပျိုးရေး မိုးလေဝသပညာအပြင် သီးနှံနှင့်ရာသီဥတုဆက်စပ်နေသော ကွန်ပျူတာ သရုပ်ပြပုံစံငယ်များ (Crop Weather Models)၊ ရာသီဥတုအန္တရာယ် ကို စီမံခန့်ခွဲမှု (Climate Risk Management) စသည်တို့ သင်ကြား သုတေသနပြုနေပါသည်။ ဤတက္ကသိုလ်ကို ကျွန်တော်တို့အဖွဲ့ ၂၀၁၈ ခုနှစ်က နှစ်ပတ်ကြာ လေ့လာသုတေသနပြုခဲ့ရပါသည်။
မိုးလေဝသပညာကို ရူပဗေဒ၊ ပထဝီဝင်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောဘာသာရပ်များဖြင့် ပေါင်းစည်းပြီး သီးသန့်ဌာန၊ သီးသန့်ဘွဲ့ ပေးသင့်ပါသည်။
အသုံးချရူပဗေဒ (Applied Physics) ဘာသာရပ်များအကြောင်း ရောက်မှ ဆက်လက်ဆွေးနွေးပါမည်။
(၁-စ) စိုက်ပျိုးမွေးမြူရေးဆိုင်ရာစာရင်းအင်းပညာ/ဇီဝစာရင်းအင်း ပညာဌာန/ဘာသာ (Department of Agricultural Statistics/Biometrics/Biostatistics)
ဤဘာသာရပ်မှာ စိုက်ပျိုးမွေးမြူရေးဘွဲ့ကြို၊ ဘွဲ့လွန်သုတေသနပြုလုပ်မည့် ကျောင်းသား ကျောင်းသူများအတွက် မရှိမဖြစ်လိုအပ်သော ဘာသာရပ်ပါ။ ကျွန်တော် ဩစတြေးလျနိုင်ငံ ကွင်းစလန်တက္ကသိုလ်တွင် မဟာစိုက်ပျိုးရေးသိပ္ပံဘွဲ့ ကျောင်းတက်စဉ်က သင်ကြားပေးခဲ့သော ကွယ်လွန်သွားသောဆရာကြီး (Mr. I.F. Horton) နှင့် လက်ရှိ အငြိမ်းစားဆရာမကြီး (Professor Kays Basford) တို့က ဇီဝစာရင်းအင်းပညာ (Biometrics) ဆရာများဖြစ်ပြီး သူတို့၏ဘွဲ့များမှာ စိုက်ပျိုးရေးဘွဲ့မဟုတ်ပါ။ သင်္ချာနှင့် စာရင်းအင်း ပညာဘွဲ့ရထားသူများဖြစ်ပါသည်။
စိုက်ပျိုးရေးတက္ကသိုလ်တွင် ဤဘာသာကို လက်ရှိ လယ်ယာ သီးနှံဌာနမှ သင်ကြားပေးနေပါသည်။ နိုင်ငံတကာတွင် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ဤဘာသာရပ်ကို သင်ကြားသုတေသနပြုနေသော နာမည်ကြီးတက္ကသိုလ်များမှာ -
(၁-စ-၁) ဇီဝဗေဒဆိုင်ရာစာရင်းအင်းပညာနှင့် တွက်ချက်မှုဆိုင်ရာ ဇီဝဗေဒဌာန ကော်နယ်တက္ကသိုလ် အမေရိကန်နိုင်ငံ (Department of Biological Statistics and Computational Biology) ဇီဝစာရင်း အင်းပညာ၊ ဇီဝအချက်အလက်ပညာ (Bioinformatics) နှင့် စိုက်ပျိုး မွေးမြူရေးအတွက် စာရင်းအင်းပညာဗီဇဗေဒ (Statistical Genetics for Agriculture) စသည်တို့ကို သင်ကြား သုတေသနပြုနေသော ကမ္ဘာကျော်တက္ကသိုလ်ဖြစ်ပါသည်။ အထူးပြုဘွဲ့လည်းပေးပါသည်။
(၁-စ-၂) ဇီဝစာရင်းအင်းပညာဌာန ဗာဂမ်နီကမ်တက္ကသိုလ် နယ်သာလင်နိုင်ငံ (Department of Biometrics, WUR -Wageningen University and Research, The Netherlands) စိုက်ပျိုးမွေးမြူရေး၊ အစားအသောက်သိပ္ပံနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနများအတွက် စာရင်းအင်းပညာနှင့် သင်္ချာပညာ (Statistics and Mathematics for Agriculture, Food Science and Ecological Research) တို့ကို နိုင်ငံအသီးသီး၌ ကျောင်းသား ကျောင်းသူများအတွက် လက်ဆင့်ကမ်းပေးနေသော ကမ္ဘာကျော်တက္ကသိုလ် ဖြစ်ပါသည်။ အထူးပြုဘွဲ့လည်းပေးနေပါသည်။
(၁-စ-၃) စာရင်းအင်းပညာနှင့် အသုံးချသင်္ချာဌာန တရုတ်နိုင်ငံ စိုက်ပျိုးမွေးမြူရေးတက္ကသိုလ် တရုတ်နိုင်ငံ (School of Statistics and Applied Mathematics, China Agricultural University, China) စာရင်းအင်းပညာ လူမှုရေးသိပ္ပံနှင့် ဇီဝစာရင်းအင်းပညာကို အဓိကထား ပြည်တွင်း၊ ပြည်ပ စိုက်ပျိုးမွေးမြူရေး ပြဿနာများကို သင်ကြားသုတေသနပြုနေပါသည်။
ဇီဝစာရင်းအင်းပညာကို သီးသန့်ဌာန၊ သီးသန့်ဘွဲ့ဒီဂရီ စတင်ပေး သင့်ပါပြီ။ အသုံးချသင်္ချာပညာ (Applied Mathematics) အကြောင်း ကြမှ အသေးစိတ် ဆွေးနွေးပါဦးမည်။
(B – Botany) ၏အောက်တွင် -
(၂-စ) ဗီဇအင်ဂျင်နီယာ (Genetic Engineering) မှ ထပ်မံခွဲထွက်သွားသော စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ဇီဝနည်းပညာဌာနအသစ် (Department of Agricultural Biotechnology) မှာ ၂၀၁၅ ခုနှစ်တွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ စတင်တည်ထောင်ခဲ့သဖြင့် သီးသန့် ဆွေးနွေးပါမည်။
(၃) ဓာတုဗေဒ (C - Chemistry)
A-B-C အစဉ်အလာအရ တက္ကသိုလ်စတင်တည်ထောင်ကာစက ဓာတုဗေဒ၊ နောက်တော့ စိုက်ပျိုးရေးဓာတုဗေဒ (Agricultural Chemistry) ယခုတော့ မြေဆီလွှာနှင့်ရေသိပ္ပံဌာန (Department of Soil and Water Sciences) နှင့် ရိုးရိုးဓာတုဗေဒဘာသာ (Pure Chemistry Subjects) များအဖြစ် ပြောင်းလဲသင်ကြားပေးနေပါသည်။ အောက်ဖော်ပြပါဘာသာရပ်များထဲမှ တချို့ကို လက်ရှိသင်ကြား လျက်ရှိသော်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍမှ ဖြည့်ဆည်းပေးနိုင်မည့် လိုအပ်နေသော၊ ခေတ်စနစ်နှင့်အညီ နိုင်ငံတကာတွင် ပြောင်းလဲသင်ကြားနေသော ဘာသာရပ်အသစ်များ၊ စိုက်ပျိုးရေးပညာဆိုင်ရာ ဌာနအသစ်များ များစွာလိုအပ်နေပါသေးသည်။
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် တစ်ကျောင်းတည်းတွင် ဘာသာရပ်အားလုံး စုပြုံထည့်ရမည်ဟူ၍ ဆိုလိုခြင်းမဟုတ်ပါ။ သင့်တော်ရာ ဒေသအလိုက်၊ ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များလို ခွဲဝေသင်ကြား သုတေသနပြုစေလိုခြင်းဖြစ်ပါသည်။
(၃-က) အော်ဂဲနစ်ဓာတုဗေဒ (Organic Chemistry)၊ အင်အော်ဂဲနစ်ဓာတုဗေဒ (Inorganic Chemistry)၊ ရူပဓာတုဗေဒ (Physical Chemistry)၊ ဓာတ်ခွဲဓာတုဗေဒ (Analytical Chemistry) စသည်ဖြင့် ပုံမှန်နှင့် အထောက်အကူပြုဘာသာရပ်များကို နိုင်ငံတကာတွင်လည်း သင်ကြားနေပါသည်။
(၃-ခ) ဇီဝဓာတုဗေဒ (Biochemistry)
ဤဘာသာမှာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အစားအစာသိပ္ပံ ပညာရှင်များအတွက် ယခုထက် ခေတ်မီ၊ အသေးစိတ်လေ့လာရန် လိုအပ်လိမ့်မည်ဟု ထင်မြင်ယူဆမိပါသည်။ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ဓာတုဗေဒ (Agricultural Biochemistry)၊ အပင်များဆိုင်ရာ ဇီဝ ဓာတုဗေဒ (Plant Biochemistry) စသည်ဖြင့်လည်း ထပ်မံခွဲထုတ်နိုင်ပါသေးသည်။ စိုက်ပျိုးမွေးမြူရေးအတွက် နိုင်ငံတကာတွင် အောင်မြင်နေသော ဤဘာသာရပ်ဆိုင်ရာ ဌာနများမှာ -
(၃-ခ-၁) အပင်ဇီဝဓာတုဗေဒအုပ်စုကြီး အပင်မော်လီကျူးဆိုင်ရာ ဇီဝဗေဒဌာန ဆွစ်ဇာလန်နည်းပညာတက္ကသိုလ် ဆွစ်ဇာလန်နိုင်ငံ (Plant Biochemistry Group, Institute of Molecular Plant Biology, ETH – Federal Institute of Technology, Zurich, Switzerland) သီးနှံအထွက်ကောင်းရန်နှင့် ရာသီဥတုဆိုးရွားမှုဒဏ်ခံနိုင်ရန်အတွက် အပင်ဇီဝဗေဒရှုထောင့်မှ သင်ကြား သုတေသနပြုနေပါသည်။
(နိုင်ငံတကာတွင် နည်းပညာတက္ကသိုလ် (Institute of Technology) ၏ အဓိပ္ပာယ်မှာ အင်ဂျင်နီယာဘာသာတစ်ခုတည်း သင်ကြား သုတေသနပြုနေတာမဟုတ်ပါ။ ကျန်ဘာသာများအားလုံးလည်း စုပေါင်းပါဝင်နေပါသည်။)
ဥပမာ-
ZTH Federal Institute of Technology, Switzerland -
Agriculture,
MIT – Massachusetts Institute of Technology, US – Biology,
Soil Science
NTU – Nanyang Technological University, Singapore –
Medicine, Business
(၃-ခ-၂) အသုံးချဇီဝဓာတုဗေဒဌာန စိုက်ပျိုးမွေးမြူရေးနှင့် သက်ရှိသိပ္ပံဘွဲ့လွန်သင်တန်းကျောင်း တိုကျိုတက္ကသိုလ် ဂျပန် (Department of Applied Biological Chemistry, Graduate of School of Agricultural and Life Sciences, The University of Tokyo, Japan) စိုက်ပျိုးရေးအပင်များနှင့် ဓာတုဗေဒဆက်စပ်မှု အကြောင်း သင်ကြား သုတေသနပြုလုပ်နေပါသည်။
(၃-ဂ) မြေဆီလွှာသိပ္ပံ (Soil Science)
စိုက်ပျိုးရေးအတွက် အသုံးချရသော မြေဆီလွှာသိပ္ပံဘာသာရပ်သည် ကမ္ဘာမြေပြင်အကြောင်း လေ့လာရသော ဘာသာရပ်ကြီးများ (Earth Sciences)ထဲမှ တစ်ဘာသာအပါအဝင်ဖြစ်ပါသည်။ ဤဘာသာကြီး၏ အောက်တွင် -
ဘူမိဗေဒ (Geology)
ပထဝီ (Geography)
မြေဆီလွှာသိပ္ပံ (Soil Science)
ကမ္ဘာ့လေထုဆိုင်ရာသိပ္ပံ (Atmosphere Science)
အဏ္ဏဝါဗေဒ (Oceanography)
ဇလဗေဒ (Hydrology)
မြေငလျင်ပညာ (Seismology)
မီးတောင်များအကြောင်းလေ့လာသောပညာ (Vocalnology)
ရေခဲမြစ်အကြောင်းလေ့လာသောပညာ (Glaciology)
(j) အခြားဂြိုဟ်ကမ္ဘာမှ မြေကြီးများအကြောင်း လေ့လာသောပညာ (Planetary Science)
(k) ဇီဝဘူမိသိပ္ပံပညာ (Biogeoscience) စသည်ဖြင့် အမျိုးစုံလှပါသည်။
တစ်ဖန် မြေဆီလွှာသိပ္ပံပညာ စိုက်ပျိုးရေးနှင့်ဆိုင်သော မြေဆီလွှာများ (Agricultural Soils) အောက်တွင် ဆက်စပ်ဘာသာခွဲများဖြစ်သည့်- မြေဆီလွှာဓာတုဗေဒ (Soil Chemistry)၊ မြေဆီလွှာရူပဗေဒ (Soil Physics)၊ မြေဆီလွှာအဏုဇီဝဗေဒ (Soil Microbiology)၊ မြေဆီလွှာ ဇီဝဓာတုဗေဒ (Soil Biochemistry)၊ မြေဆီလွှာအာဟာရဓာတ်နှင့် အပင်အာဟာရဓာတ်များစီမံခန့်ခွဲမှု (Soil Fertility and Nutrient Management)၊ မြေဆီလွှာနှင့် ရေပျက်စီးဆုံးရှုံးမှုမရှိစေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်း (Soil and Water Conservation)၊ မြေဆီလွှာ အမျိုးအစားခွဲခြင်းပညာ (Soil Classification and Pedology)၊ ပတ်ဝန်းကျင်ဆိုင်ရာ မြေဆီလွှာသိပ္ပံ (Environmental Soil Science)၊ မြေဆီလွှာတွင်းထွက်ဓာတ်သတ္တုပညာ (Soil Mineralogy)၊ မြေဆီလွှာ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း (Soil Testing and Analysis)၊ မြေ-ရေ-အပင်များ ဆက်နွှယ်မှုကိုလေ့လာခြင်း (Soil-Water-Plant Relationships)၊ မြေဆီလွှာဆိုင်ရာဂေဟဗေဒ (Soil Ecology) စသည်ဖြင့် များစွာကျန်ပါသေးသည်။ ဤဘာသာရပ်များစွာကို မြေဆီလွှာသိပ္ပံပညာအောက်မှ စိုက်ပျိုးရေးတက္ကသိုလ် ပထမနှစ်မှစ၍ နောက်ဆုံးနှစ်အထိ အနည်းငယ်စီ သင်ပေးနေပါသည်။ တချို့ဘာသာ စိတ်များတွင် ပါရဂူဘွဲ့ရကျွမ်းကျင်သူမရှိသေး၍ ကျန်ပညာရှင်များက တွဲဖက်သင်ယူနေရပါသည်။
C- Chemistry တွင် ယခုမှ (၂) ဘာသာနှင့် မြေဆီလွှာဘာသာရပ် အချို့သာရှိပါသေးသည်။ စိုက်ပျိုးရေးတက္ကသိုလ်တွင် သင်ကြားပေးသည့် ဘာသာရပ်များက များပြားနေ၍ အားလုံးနည်းနည်းစီသိအောင် ကျွန်တော်တို့ ကျောင်းသားဘဝ ကတည်းက ယခုကဲ့သို့ သင်ယူခဲ့ရ၍ ‘Jack of All Trades, Master of None’ ဆိုသည်များ ဖြစ်နေမည်လား ကျွန်တော်တွေးမိနေပါသည်။ နိုင်ငံတကာတက္ကသိုလ်များတွင်တော့ ဘာသာရပ်ကျွမ်းကျင်ပညာရှင်များ များပြားသဖြင့် ဘွဲ့ကြို သင်တန်းများ (B.Agr.Sc.) မှအစ မဟာသိပ္ပံ၊ ပါရဂူဘွဲ့ (M.Agr.Sc./Ph.D. Degree)အထိ အထူးပြုဘာသာရပ်အလိုက် သုတေသနပြု သင်ကြားလေ့လာလေ့ရှိနိုင်ပါသည်။
(စာရေးသူ စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်ဘဝက အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးတက္ကသိုလ်တစ်ခုမှ လေ့လာရေးအဖွဲ့လာပါသည်။ အဲဒီအဖွဲ့ထဲက ပါမောက္ခတစ်ယောက်က ‘ခင်ဗျားတို့ မြန်မာနိုင်ငံက ကျွန်တော်တို့ အိန္ဒိယနိုင်ငံကို ပဲစင်းငုံ (Pigeonpea)တွေ စိုက်ပျိုး ထုတ်လုပ်တင်ပို့နေတာ နှစ်တိုင်းပါ။ ခင်ဗျားတို့တက္ကသိုလ်မှာ ပဲစင်းငုံမျိုး မွေးမြူရေးပညာရှင် (Pigeonpea Breeder) ဘယ်နှယောက် ရှိပါသလဲ’ မေးပါသည်။ ကျွန်တော်က ဖြေခဲ့ရာမှာ ‘သီးနှံပေါင်းစုံ၊ အထွေထွေအပင်မျိုး မွေးမြူရေးပညာရှင် (General Crops Breeders) တွေသာ ရှိနေပါတယ်။ တက္ကသိုလ်မှာ ပဲစင်းငုံမျိုးမွေးမြူရေးချည်းပဲ သီးသန့်သုတေသနပြုနေသူ မရှိသေးပါ။ စိုက်ပျိုးရေးသုတေသနဌာန တွင်တော့ ပဲစင်းငုံသီးနှံကိုပဲ တစိုက်မတ်မတ် တာဝန်ယူနေသူတစ်ဦး၊ နှစ်ဦးစရှိပါတယ်။ ပဲစင်းငုံအပင်မျိုးမွေးမြူရေး (Pigeonpea Breeding) တွင်သာမက ပဲစင်းငုံစိုက်ပျိုးရေးသုတေသန (Pigeonpea Agronomic Research)၊ ပဲစင်းငုံမြေဆီလွှာနှင့် အာဟာရဓာတ် (Pigeonpea Soil and Nutrition Research)၊ ပဲစင်းငုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး (Pigeonpea Pest management Research) ကို အခြားဌာနမှ သုတေသနပညာရှင်တွေနဲ့ တွဲဖက်လုပ်ဆောင်နေပါတယ်’ ဟု ဖြေကြားလိုက်ပါသည်။
သူက ကြွားသွားသလားတော့မသိပါ။ ‘သူတို့တက္ကသိုလ်တစ်ခု တည်းတွင် ပဲစင်းငုံမျိုးမွေးမြူရေးပညာရှင် (Pigeonpea Breeder) ၁၀ ဦးထက်မနည်း ရှိပါတယ်’ ဟု ပြောသွားပါသည်။ အိန္ဒိယနိုင်ငံတစ်နိုင်ငံလုံး စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်ပေါင်း အစိုးရ ၆၇ ကျောင်း၊ ပုဂ္ဂလိက ၂၄၁ ကျောင်း ရှိပါသည်။)
(မိမိတို့နိုင်ငံရှိ စိုက်ပျိုးရေးသုတေသနပညာရှင်နှင့် အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးသုတေသနပညာရှင် အခြေအနေနှိုင်းယှဉ်ကြည့်စေလိုသည့်သဘောပါ။)
C-Chemistry အကြောင်း မပြီးသေးပါ။ ဆက်ပါဦးမည်။
No comments:
Post a Comment