စစ်တွေ ဒီဇင်ဘာ ၇
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်စာရင်းစစ်ချုပ်ရုံးနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးများသို့သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ထမ်းများရုံးလုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုကြပြီး ရဲတပ်ဖွဲ့ဝင်များနှင့်အတူ အထူးနေ့လယ်စာ စားပွဲသို့ တက်ရောက်ကြသည်။
ဦးစွာ
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်စာရင်းစစ်ချုပ်ရုံးသို့သွားရောက်ပြီး
ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို
ဆောင်ရွက်သည့်အခါ နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် အလေအလွင့်ဆုံးရှုံးမှုများ
မရှိစေရန်နှင့် စနစ်တကျစည်းကမ်းရှိရှိ ဆောင်ရွက်နိုင်ရန်အရေးကြီးကြောင်း၊ နောက်ဆုံးတွင်
စာရင်း စစ်ဆေးခံနိုင်အောင် လုပ်ဆောင်ရကြောင်း၊ ထို့ကြောင့် စာရင်းစစ်ဌာနသည်အရေးကြီးကြောင်း၊
ဌာနတိုင်း ဌာနတိုင်းသည် ဆက်စပ်နေသည့်အတွက် အရေးကြီးကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို
ကျေပွန်စွာထမ်းဆောင်ပြီး ဝန်ထမ်းလုံခြုံရေး၊ ရုံးလုံခြုံရေးနှင့်ရုံးစာရွက် စာတမ်းများလုံခြုံရေးတို့ကို
အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ ရုံးလုပ်ငန်းများကိုလည်း ဝန်ထမ်းများအချင်းချင်း
စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရုံးအတွင်းဝန်ထမ်းများက မိမိတို့၏ရုံးလုပ်ငန်းများအား
လုပ်ဆောင်နေမှုကို လှည့်လည်ကြည့်ရှုပြီး ရုံးသန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့်
ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှုခဲ့သည်။
ထို့နောက်
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးသို့သွားရောက်ပြီး
အစည်းအဝေးခန်းမ၌ အရာရှိတပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံကြသည်။ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က
ပြည်နယ်တစ်ခုဖွံ့ဖြိုးတိုးတက်ရန်အတွက် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးသည် အဓိကကျကြောင်း၊
တည်ငြိမ်အေးချမ်းမှုရှိမှ ဒေသဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုရှိမှလည်း
ဒေသတည်ငြိမ် အေးချမ်းမည်ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များသည် ဒေသတည်ငြိမ်ရေးတရားဥပဒေစိုးမိုးရေးအတွက်
တာဝန်ထမ်းဆောင်နေကြသူများဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များသည် အချင်းချင်းစည်းစည်းလုံးလုံး
ညီညီညွတ်ညွတ်နှင့် တပ်ဖွဲ့စိတ်ရှိရန်လိုကြောင်း၊ ထို့ပြင် မိမိတို့လုပ်ငန်းအပေါ်တွင်
ကျွမ်းကျင်မှုရှိရန် လေ့ကျင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မှသာ ပေးအပ်သည့်တာဝန်များကို
ယုံကြည်စိတ်ချစွာ ထမ်း ဆောင်နိုင်မည်ဖြစ်ကြောင်း၊ အထက်အရာရှိများ၏အတွေ့အကြုံများကို
ရယူကာကြိုးစားဆောင်ရွက် ကြစေလိုကြောင်းနှင့် ရဲတပ်ဖွဲ့၏လုပ်ငန်းတာဝန်များ အောင်မြင်ရန်အတွက်
တပ်ဖွဲ့ဝင်များနှင့်အတူ မိသားစုသဖွယ် စည်းစည်းလုံးလုံးပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရုံးအတွင်းတပ်ဖွဲ့ဝင်များက မိမိတို့၏ရုံးလုပ် ငန်းများအား
လုပ်ဆောင်နေမှုကို လှည့်လည်ကြည့်ရှုပြီး ရုံးအတွင်း ဟင်းသီးဟင်းရွက်များစိုက်ခင်းနှင့်
သက်သာဆိုင်ခန်းတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက်
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့၊ ရဲအကူတပ်ဖွဲ့ခွဲ ဂစ္ဆပခန်းမ၌
ပြုလုပ်သော အထူးနေ့လယ်စာ စားပွဲသို့တက်ရောက်ကြပြီး ရဲတပ်ဖွဲ့ဝင်များနှင့်အတူ နေ့လယ်စာကို
အတူတကွသုံးဆောင်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အထူးနေ့လယ်စာကျွေးမွေးမှုအတွက်
ချီးမြှင့်ငွေကျပ် (၂၃) သိန်းအား ပေးအပ်ချီးမြှင့်ပြီး တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး
တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း
(ပြန်/ဆက်)
No comments:
Post a Comment