ကျော်တေဇ(ဥက္ကလာ)
နိုင်ငံတစ်နိုင်ငံကို တည်ဆောက်မောင်းနှင်ကြရာမှာ နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေးမောင်းနှင်အားနဲ့ ကာကွယ်ရေးမောင်းနှင် အားဆိုပြီး မောင်းနှင်အားသုံးမျိုးရှိပါတယ်။ နိုင်ငံရေးတည်ငြိမ်မှုရှိမယ်၊ စည်းလုံးညီညွတ်မှုရှိမယ်ဆိုရင် နိုင်ငံရေးအား ကောင်းမွန်ပြီး စစ်ရေးအင်အား၊ လုံခြုံရေးအင်အား ကောင်းမွန်ပါကလည်း ကာကွယ်ရေးအင်အား ကောင်းမွန်မည်မှာ ဖြစ်ပါတယ်။ ဒီအင်အားနှစ်ခု ကောင်းမွန်နေဖို့အတွက် အခြေခံကတော့ စီးပွားရေးအင်အားပဲဖြစ်ပါတယ်။ စီးပွားရေးမောင်းနှင်အားဟာ တိုင်းပြည်အတွက် အဓိကကျပါတယ်။
မိမိတို့နိုင်ငံဟာ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တွေကို အောင်မြင်အောင်ထုတ်လုပ်နိုင်တဲ့ အခြေခံကောင်းတွေကို ပိုင်ဆိုင်ထားရှိတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့အတွက် နိုင်ငံတကာမှာ စားရေရိက္ခာ လုံခြုံရေး Food Security ကို များစွာအထောက်အကူပြုနိုင်တဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ ဒီအတွက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံတဲ့ စားသောက်ကုန်တွေ၊ လူသုံးကုန်တွေကို ဒေသထွက်ကုန်ကြမ်းတွေ အသုံးပြုပြီး အရည်အသွေးမြင့်ထုတ်လုပ်ကာ ဒေသတွင်းစီးပွားရေးဖြစ်တဲ့ ပြည်တွင်းထွက်ကုန်ကနေ ပြည်ပပို့ကုန်အထိ မျှော်မှန်းဆောင်ရွက်နိုင်ကြမယ်ဆိုရင် နိုင်ငံ့စီးပွားရေးတိုးတက်မှု ရေချိန်တစ်ခုကို အားလုံး လှမ်းမျှော်မြင်တွေ့ကြမှာလည်း ဖြစ်ပါတယ်။ ဒီကတစ်ဆင့် ပြည်ပ ပို့ကုန်ဆိုတဲ့ အပိုင်းမှာလည်း မိမိတို့နိုင်ငံရဲ့ ဘိုးဘွားအမွေ ပထဝီမြေဟာ ဘယ်လိုနေရာမျိုးပိုင်ဆိုင်ထားပါသလဲ၊ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံ့စီးပွားရေးကို ပြည်ပအထိ ဘယ်လိုထိုးဖောက်ဆောင်ရွက်သွားမလဲဆိုတာ နိုင်ငံသားတိုင်း သိသင့်တဲ့အချက်တစ်ချက်လည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနေရာမှာ စာရေးသူဟာ မြန်မာနိုင်ငံပါဝင်တဲ့ မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်ခြင်း အစီအစဉ်တွေနဲ့ မြန်မာနိုင်ငံရဲ့ မဟာဗျူဟာရည်မှန်းချက်အချို့ကို စာဖတ်သူများထံ သတင်းစကားပါးသွားမှာပဲ ဖြစ်ပါတယ်။
မဟာမဲခေါင်ဒေသခွဲ (Greater Mekong Subregion-GMS) ဆိုသည်မှာ
စာရေးသူဆိုခဲ့တဲ့ မဟာဗျူဟာရည်မှန်းချက်တွေကို မပြောခင်မှာ မဟာမဲခေါင်ဒေသခွဲရဲ့ သမိုင်းအကျဉ်းကို စာဖတ်သူတို့နဲ့ မိတ်ဆက်ပေးချင်ပါသေးတယ်။ မဟာမဲခေါင်ဒေသခွဲ (Greater Mekong Subregion-GMS )ဟာ အင်ဒိုချိုင်းနားကျွန်းဆွယ်မှာ တည်ရှိပါတယ်။ အာရှဒေသမှာရှိတဲ့ မဲခေါင်မြစ်ရဲ့နိုင်ငံဖြတ်ကျော်ဒေသတစ်ခုလို့ ဆိုရပါမယ်။ အာရှဖွံ့ဖြိုးရေးဘဏ်( Asian Development Bank-ADB)ဟာ ၁၉၉၂ခုနှစ်မှာ အာရှဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တစ်ခုကို စတင်ရေးဆွဲခဲ့တယ်။ ဒီအစီအစဉ်မှာ အာရှဒေသတွင်း ၆နိုင်ငံဖြစ်တဲ့လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတို့ပါဝင်ခဲ့ကြတယ်။ မဟာမဲခေါင်ဒေသခွဲ(GMS) ဆိုတာ မဲခေါင်မြစ်ဖြတ်သန်း စီးဆင်းရာတစ်လျှောက်ဖြစ်ပြီး မြေဧရိယာအကျယ်အဝန်း ၂.၆သန်း စတုရန်းကီလိုမီတာနဲ့ လူဦးရေပေါင်း ၃၂၆ သန်းကျော်မှီတင်းနေထိုင်တဲ့ ဒေသခွဲကြီးတစ်ခုလည်းဖြစ်ပါတယ်။ ဒါ့အပြင်မဟာ မဲခေါင်ဒေသခွဲဟာ အရှေ့အာရှ၊ တောင်အာရှနဲ့ အရှေ့တောင်အာရှဒေသတွေရဲ့ Land Bridge (ကုန်းမြေပေါင်းကူး) တစ်ခုအဖြစ်မဟာဗျူဟာကျကျ အရေးပါနေတယ်ဆိုတာကို စာဖတ်သူများဆီမျှဝေ ပေးလိုပါတယ်။
မဟာမဲခေါင်ဒေသခွဲ (GMS) အတွင်းမှာရှိတဲ့ နိုင်ငံတွေဟာ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် မဲခေါင်မြစ်ကော်မရှင် (Mekong River Commission -MRC)၊ မဟာမဲခေါင်ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (GMS – Programme)နဲ့ အာဆီယံ-မဲခေါင်ဖွံ့ဖြိုးရေးပူးပေါင်း ဆောင်ရွက်မှုအစီအစဉ် ( ASEAN - Mekong Basin Development Cooperation -AMBDC) စတဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွေကိုပါ ချမှတ် ဆောင်ရွက်နေတာကို တွေ့ရပြန်ပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက် ကြတဲ့နေရာမှာ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ငွေကြေး ဆိုင်ရာထောက်ပံ့ကူညီမှုတွေကို ရယူဆောင်ရွက်ကြသလို အဓိကထောက်ပံ့ပေးတဲ့အဖွဲ့အစည်းကတော့ အာရှဖွံ့ဖြိုးရေးဘဏ်(ADB)ပဲ ဖြစ်ပါတယ်။ မဟာမဲခေါင်ဒေသခွဲ(GMS)ရဲ့ ပူးပေါင်းဆောင်ရွက်မှု အဓိက ရည်ရွယ်ချက်ကတော့ ပိုမိုပေါင်းစည်း၍ ပြည့်စုံကြွယ်ဝပြီး လိုက်လျောညီထွေမှုရှိသည့် မဲခေါင်ဒေသခွဲဖြစ်လာစေရေး၊ ချိတ်ဆက်မှု (Connectivity) ပိုမိုကောင်းမွန်လာစေရေး၊ ယှဉ်ပြိုင်နိုင်စွမ်း (Competitiveness) မြင့်မားလာစေရေးနှင့် အသိုက်အဝန်း (community) စိတ်ဓာတ်ကို မြှင့်တင်ရေးတွေပဲဖြစ်ပါတယ်။
မဟာမဲခေါင်ဒေသခွဲ၏ မဟာဗျူဟာဦးတည်ချက်
လူ့အဖွဲ့အစည်းမှာပဲဖြစ်ဖြစ်၊ ဒေသတွင်းနိုင်ငံတွေကြားမှာပဲ ဖြစ်ဖြစ်၊ ကမ္ဘာကြီးအတွင်းမှာပဲဖြစ်ဖြစ် ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းဟာ မည်ရွေ့မည်မျှ ခိုင်မာကျစ်လျစ်လဲဆိုတာကို အားလုံးသိချင် ကြမှာပါပဲ။ သူတို့ဘာတွေလုပ်ကြမှာလဲ၊ ဒေသတွင်းကတစ်ဆင့် ပါဝင်တဲ့နိုင်ငံတွေအထိ အမျိုးသားအကျိုးစီးပွား မည်ရွေ့မည်မျှခိုင်မာကောင်းမွန်သွားကြမှာလဲ၊ ပြည်သူတွေ ဘယ်လောက်မျှော်လင့်ချက် ရေချိန်ထားနိုင်ကြမှာလဲ စတဲ့အချက်တွေဟာ ပေါ်ပေါက်လာတဲ့ ဒီအဖွဲ့အစည်းကြီးကို အကဲခတ်မေးမြန်းနေကြမယ့် မေးခွန်းများ လည်းဖြစ်ပါတယ်။ ဥပမာ လက်ရှိကမ္ဘာကြီးက စိတ်ဝင်တစားစောင့်ကြည့်နေကြတဲ့ (BRICS) အဖွဲ့အစည်းကြီးကို စိတ်ဝင်တစား စောင့်ကြည့်နေကြသလိုမျိုးလို့ ဆိုရမှာပေါ့။
GMS လို့ခေါ်တဲ့ မဟာမဲခေါင်ဒေသခွဲအဖွဲ့အစည်းရဲ့ အစီအစဉ်ကဏ္ဍတွေကို လေ့လာကြည့် ကြမယ်ဆိုရင်-
( ၁ ) သယ်ယူပို့ဆောင်ရေးကဏ္ဍ (Transport)
( ၂ ) စွမ်းအင်ကဏ္ဍ (Energy)
( ၃ ) ဆက်သွယ်ရေးကဏ္ဍ(ICT)
( ၄ ) လယ်ယာစိုက်ပျိုးရေးကဏ္ဍ (Agriclture)
( ၅ ) သဘာဝပတ်ဝန်းကျင်ကဏ္ဍ (Environment)
( ၆ ) ခရီးသွားလုပ်ငန်းကဏ္ဍ (Tourism)
( ၇ ) ကျန်းမာရေးကဏ္ဍ (Health)
( ၈ ) ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်မှု လွယ်ကူချောမွေ့ စေရေးကဏ္ဍ (Transport and Trade Facilitation)
( ၉ ) မြို့ပြဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ (Urban Development)
(၁၀) အခြားကဏ္ဍပေါင်းစုံနှင့် နယ်စပ်ဖြတ်ကျော် စီးပွားရေးဇုန် များ ( Other Multisector)
စတဲ့ ကဏ္ဍအသွယ်သွယ်ရဲ့လုပ်ငန်းတွေကို အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ကြဖို့ မဟာဗျူဟာဦးတည်ချက်တွေ ချမှတ်ထားတာကို လေ့လာတွေ့ရှိရတယ်။
မဟာမဲခေါင်ဒေသခွဲ(GMS) ၏ ဖွဲ့စည်းဆောင်ရွက်မှုများ
GMS ဒေသတွင်းနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းတွေရဲ့ တိုးတက်မှုအခြေအနေ အရပ်ရပ်ကိုတော့ GMS ထိပ်သီးအစည်းအဝေး၊ GMS စီးပွားရေးစင်္ကြံများဖိုရမ်၊ GMS ဝန်ကြီးအဆင့် အစည်းအဝေး၊ GMS အဆင့်မြင့်အရာရှိများ အစည်းအဝေးနဲ့ ကဏ္ဍအလိုက်လုပ်ငန်း အဖွဲ့တွေဆောင်ရွက်ပြီး ဆောင်ရွက်တာကိုတွေ့ရတယ်။ GMS ရဲ့ (၈) ကြိမ်မြောက်ထိပ်သီးအစည်းအဝေးကိုတော့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ကူမင်းမြို့မှာ ကျင်းပသွားမှာလည်းဖြစ်ပါတယ်။ မဟာမဲခေါင်ဒေသခွဲရဲ့ ကဏ္ဍအလိုက် လုပ်ငန်း(၇)ရပ် လွယ်ကူစွာဆောင်ရွက်နိုင်ဖို့ လုပ်ငန်းအဖွဲ့တွေ၊ ကော်မတီတွေနဲ့ ဖိုရမ်တွေကိုဖွဲ့စည်းပြီး ဆွေးနွေးညှိနှိုင်းမှုတွေ ဆောင်ရွက်နေတာကို တွေ့ရတယ်။ ဒီကဏ္ဍတွေကတော့ -
(၁) စိုက်ပျိုးရေးလုပ်ငန်းအဖွဲ့
(၂) ဒေသတွင်း စွမ်းအင်ကုန်သွယ်မှု ညှိနှိုင်းရေးကော်မတီ
(၃) ဒေသခွဲပို့ဆောင်ရေးဖိုရမ်
(၄) ခရီးသွားလုပ်ငန်းအဖွဲ့
(၅) မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့
(၆) ကျန်းမာရေးပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့
(၇) ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းအဖွဲ့
စတဲ့ကဏ္ဍတွေအလိုက် လုပ်ငန်းအဖွဲ့အလိုက်၊ ကော်မတီအလိုက် ဆွေးနွေးညှိနှိုင်းကြတာပဲဖြစ်တယ်။ ဒီနေရာမှာ မြန်မာနိုင်ငံရဲ့ GMS ဝန်ကြီးအဖြစ် မည်သူကတာဝန်ယူပြီး နိုင်ငံအနေနဲ့ မည်သည့်လုပ်ငန်း တွေမှာ ပါဝင်နေကြတာလဲ၊ ကိုယ့်နိုင်ငံရဲ့ ပထဝီမြေအနေအထားကရော မဟာမဲခေါင်ဒေသခွဲစီမံကိန်းမှာ ဘယ်လောက်အရေးပါလဲဆိုတဲ့ အချက်ဟာကျွဲကူးရေပါအသိမျိုးမဟုတ်ဘဲ တိတိပပသိရမယ့်အချက် ဖြစ်လာတာကို တွေ့ရပြန်ပါတယ်။
မဟာမဲခေါင်ဒေသခွဲ (GMS)တွင် မြန်မာနိုင်ငံမှ ဆောင်ရွက်မှုများ
မြန်မာနိုင်ငံရဲ့ GMS ဝန်ကြီးအဖြစ်တာဝန်ယူဆောင်ရွက်နေတာကတော့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပဲဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ နိုင်ငံရဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနဟာ နိုင်ငံညှိနှိုင်းရေးမှူးရုံး၊ နိုင်ငံဆိုင်ရာအတွင်းရေးမှူးရုံးတွေအဖြစ် တာဝန်ယူဆောင်ရွက်ပါတယ်။ ဒီနေရာမှာ GMS အစီ အစဉ်ကဏ္ဍတွေရဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာပါဝင်တဲ့ GMS စီးပွားရေးစင်္ကြံ လမ်းကြောင်းသုံးခုကို ကနဦးသိဖို့ လိုအပ်ပါတယ်။ ဒီစင်္ကြံ သုံးခုကိုကတော့ မြန်မာနိုင်ငံနဲ့ GMS အဖွဲ့ဝင်နိုင်ငံများကြား တောင်-မြောက်စီးပွားရေးစင်္ကြံမှာ ရန်ကုန် - ကူမင်း၊ အရှေ့-အနောက် စီးပွား ရေးစင်္ကြံမှာ (ဒါနန်း (ဗီယက်နမ်)-မော်လမြိုင်(မြန်မာ)-သီလဝါ (တိုးချဲ့))နဲ့ တောင်ပိုင်းစီးပွားရေးစင်္ကြံမှာ (ဘန်ကောက်-ကန်ချနာဘူရီ- ထားဝယ် တိုးချဲ့)အပိုင်းဆိုတဲ့ စင်္ကြံသုံးခုနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။ ဒေသတစ်လျှောက်ရဲ့ စာဖတ်သူတွေအနေနဲ့ မိမိဒေသများရဲ့ နိုင်ငံအတွက်အရေးပါမှုနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝစတဲ့ အနာဂတ်ပုံရိပ်တွေကို လှမ်းမျှော်ရှုမြင်နိုင်မှာပဲ ဖြစ်ပါတယ်။
GMS အဖွဲ့ဝင် မြန်မာနိုင်ငံအနေနဲ့ တိုးတက်ပြောင်းလဲလာမယ့် လူဦးရေ၊ လူမှုစီးပွား၊ ပတ်ဝန်းကျင်အခြေအနေဆိုင်ရာ အချက်အလက်တွေကို ကြိုတင်တွက်ဆထားပြီးဖြစ်တယ်။ တွက်ဆထားချက်တွေအရ နိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အရည်အသွေးပြည့်ဝ စေဖို့ GMSရဲ့ ကျန်းမာရေး မဟာဗျူဟာနဲ့ချိတ်ဆက်ပြီး ဒေသန္တရအစိုးရတွေနဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမှုတွေရှိနေကြောင်း လေ့လာတွေ့ရှိရတယ်။ နိုင်ငံတော်ရဲ့စီးပွားရေးရည်မှန်းချက်ဖြစ်တဲ့ စားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနဲ့ မွေးမြူရေးထုတ်ကုန် တွေကို ခေတ်မီနည်းစနစ်တွေသုံးပြီး အလေးထားဆောင်ရွက်လျက် ရှိတယ်။ ပြည်တွင်းပို့ကုန်မှသည် ပြည်ပပို့ကုန်အထိ တိုးမြှင့်နိုင်ဖို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေနဲ့ ဦးတည်ချက်ချမှတ် ဆောင်ရွက်နေတာကို စာဖတ်သူတို့ သိမြင်ပြီးသားပဲဖြစ်ပါတယ်။ GMS အဖွဲ့ဝင်နိုင်ငံတွေနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေအပြင် အဖွဲ့ဝင်နိုင်ငံ တွေနဲ့ ချုပ်ဆိုခဲ့တဲ့ ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် တွေအပါအဝင် အခြားသောနိုင်ငံတကာ ကတိကဝတ်တွေကိုလည်း တက်ညီလက်ညီ အကောင်အထည်ဖော်ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍဦးတည်ချက်
စီးပွားရေးကဏ္ဍတိုးတက်မှုတွေကို နိုင်ငံတွေမှာ လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍနဲ့ ဝန်ဆောင်မှုကဏ္ဍစတဲ့ ကဏ္ဍတစ်ခုခုနဲ့ အကောင်အထည်ဖော်ဆောင်ရွက်မှုကိုကြည့်ပြီး နိုင်ငံတော်၏ GDP ကို တွက်ချက်ကြပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားတဲ့ စီးပွားရေးဦးတည်ချက်များတွင် စိုက်ပျိုးမွေးမြူရေးကဏ္ဍကို အဓိကအခြေခံထားတာကိုလည်း တွေ့ရမှာပဲဖြစ်ပါတယ်။ ဒီလို အခြေခံထားရခြင်းအကြောင်းကလည်း မိမိနိုင်ငံရဲ့ ပထဝီ ပိုင်ဆိုင်မှုကိုက စိုက်ပျိုးမွေးမြူရေးကို အခြေခံစေတဲ့သမိုင်းမြေခံဖြစ် နေလို့ပဲဆိုတာကို အားလုံးသိမြင် နားလည်ကြရပါမယ်။ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းတွေကရရှိလာတဲ့ ထွက်ကုန်တွေကို ကုန်ထုတ် စွမ်းအားစုတွေအဖြစ် ပြောင်းလဲပြီး ပြည်တွင်းဖူလုံမှုမှသည် ပြည်ပပို့ကုန်မြှင့်တင်ရေးအထိ တိုးချဲ့မျှော်မှန်း ဆောင်ရွက်ကြရပါမယ်။ မိမိနိုင်ငံရဲ့ ပြည်တွင်းထုတ်လုပ်မှုအတွက် အသေချာဆုံးလုပ်ငန်းဟာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေမှ ကုန်ထုတ်လုပ်ခြင်းပဲဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကနေ ကုန်ထုတ်လုပ်ခြင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မဖြစ်မနေတိုးမြှင့်ဆောင်ရွက်သွားဖို့ တိုက်တွန်းပြောကြားနေခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံတိုင်းမှာ သူ့လူစွမ်းအားအရင်းအမြစ်၊ သူ့ product များနဲ့သူ နိုင်ငံ့စီးပွားရေးကို ခိုင်မာအောင်တည်ဆောက်နေကြပါတယ်။ ကိုယ့်နိုင်ငံအနေနဲ့လည်း ကိုယ့်လူ့စွမ်းအား အရင်းအမြစ်၊ ကိုယ့် product ကို ကိုယ်တိုင်တည်ဆောက်ပြီး ကမ္ဘာကိုပြသနိုင်ရပါမယ်။ ကိုယ့်နိုင်ငံ့စီးပွားရေးကို အရှိန်အဟုန်မြှင့် တိုးတက်ပြီး ပုံမှန်လည်ပတ်နိုင်အောင် ကြိုးစား ကြရပါမယ်။ ဟုတ်ပါပြီ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းရဲ့ ရှုထောင့် ကနေကြည့်ရင်လည်း ကိုယ့်နိုင်ငံရဲ့ ပိုင်ဆိုင်ထားတဲ့ ရေခံမြေခံကောင်းဟာ မဟာမဲခေါင်ဒေသခွဲ (GMS)ရဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမှာ မည်ရွေ့မည်မျှ အရေးပါနေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။
နောက်တစ်ခုစာရေးသူစိတ်ဝင်စားတာကတော့ သယ်ယူပို့ဆောင်ရေးကဏ္ဍနဲ့ ကုန်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်မှု လွယ်ကူချောမွေ့စေ ရေးကဏ္ဍပါပဲ။ အဲဒါနဲ့ဆက်စပ်တဲ့ မဟာဗျူဟာကတော့ စင်္ကြံ သုံး ခုပါပဲ။ ဒီအပိုင်းမှာလည်း ကိုယ့်နိုင်ငံရဲ့ ပြည်ထောင်စုလမ်းမကြီးတွေရဲ့ အရေးပါနေပုံကို လယ်ပြင်မှာ ဆင်သွားသလို အထင်းသားမြင်နေရပြန်ပါတယ်။ ဒါ့အပြင် ပြည်တွင်းရေလမ်း သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေကလည်း တွဲဖက်အရေးပါလာတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ကိုယ်ပိုင်ဆိုင်တဲ့ သယ်ယူပို့ဆောင်ရေးလမ်းမကြီးတွေဟာ အမိမြန်မာနိုင်ငံမှသည် မဟာမဲခေါင်ဒေသခွဲအထိဆိုတဲ့ ခရီးပန်းတိုင် တစ်ခုအထိ ဦးတည်နေတယ်ဆိုတာကို အမိမြေရဲ့ သမိုင်းရေခံမြေခံတွေက သက်သေညွှန်းဆိုနေပါတယ်။ ဒီလမ်းကြောင်းတွေကတစ်ဆင့် မြင်လာရမယ့် အခြားသောဖွံ့ဖြိုးတိုးတက်မှုပုံရိပ်တွေဟာ ကန့်လန့်ကာ နောက်ကွယ်က ပြကွက်ပြရုပ်များပမာ စိတ်ဝင်စားစရာ ကောင်းလွန်းပါတယ်။
အဓိကသယ်ယူပို့ဆောင်ရေးလမ်းတွေဆီက နယ်စပ်ကုန်သွယ်ရေး ဇုန်တွေရဲ့ အရေးပါမှုကိုလည်း အထင်းသားမြင်ရပြန်ပါတယ်။ ဒီလမ်းမကြီးတွေမှာ မည်သို့သော အခက်အခဲအတားအဆီးတွေရှိနေ စေကာမူ GMS အဖွဲ့ဝင်နိုင်ငံတစ်ခု၊ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အသိုင်းအဝိုင်း နဲ့ဆိုရင် တစ်စတစ်စပျောက်ကွယ်သွားမယ့် ဒီအခက်အခဲအတားအဆီးတွေရဲ့ အနာဂတ်မှေးမှိန်သွားနိုင်မှုကိုလည်း မှန်းဆမြင်တွေ့နိုင်မှာပဲ ဖြစ်တယ်။ ဒါဆိုရင် အစိုးရတစ်ရပ်ခိုင်မာစေရေးဟာ အဓိကအရေးပါနေပြီး ခိုင်မာတဲ့အစိုးရတစ်ရပ် ပိုင်ဆိုင်နိုင်ရေးဟာ တိုင်းရင်းသားပြည်သူတွေရဲ့ မှန်ကန်တဲ့အတွေးအခေါ် အယူအဆ ရွေးချယ်မှုတွေဟာ အဓိကကျကြောင်း ညွှန်းဆိုနေပြန်ပါတယ်။ နိုင်ငံတော်ရဲ့တာဝန်ကိုထမ်းဆောင်တဲ့ ဘယ်အစိုးရမဆို နိုင်ငံကောင်း အောင် ဆောင်ရွက်ဖို့တာဝန်ရှိပါတယ်။ နိုင်ငံတော်အစိုးရတစ်ရပ်ဟာ အမျိုးသားအကျိုးစီးပွားအတွက် မဆုတ်မနစ်သောဇွဲနဲ့ ကြိုးပမ်း ဆောင်ရွက်နေချိန်မှာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးဟာ မှန်ကန် တဲ့အမြင်နဲ့ ရှုမြင်တတ်ဖို့လိုပြီး ကျစ်လျစ်တဲ့စုပေါင်းအားနဲ့ ဝန်းရံထောက်ခံဖို့ အရေးကြီးပါတယ်။ ဒါဟာ ပြည်သူတစ်ရပ်လုံးအတွက် တာဝန်ထက်ပိုတဲ့ နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှုတရားတစ်ခုသာဖြစ်ကြောင်း အသိပေးနှိုးဆော်လိုပါတယ်။
မဟာမဲခေါင်ဒေသခွဲ(GMS)ရဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ခြင်း အစီအစဉ်တွေမှာ မြန်မာနိုင်ငံအနေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အားတက်သရော ကြိုးပမ်းဆောင်ရွက်နေတာကို တွေ့မြင်ရမှာပဲဖြစ်ပါ တယ်။ သမိုင်းကပေးတဲ့ ပထဝီဆိုတဲ့ ရေ၊ မြေအခြေခံကောင်းတွေကြောင့် အမိမြန်မာနိုင်ငံဟာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်ခု ဆီဆိုတဲ့ရည်မှန်းချက်ကို မဆုတ်မနစ် လျှောက်လှမ်းခွင့်ရခဲ့တာပဲဖြစ် ပါတယ်။ နိုင်ငံတော်ရဲ့ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်မှု၊ မြန်မာ့လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေမှုစတဲ့ တိုးတက်မှုအခြေခံကောင်းတွေကို မြင်တွေ့နိုင်စေဖို့ မဟာမဲခေါင်ဒေသခွဲ ဗျူဟာများနှင့် အမိမြန်မာနိုင်ငံဟူသော ဆောင်းပါးလေးဖြင့် စာလွှာပါးလိုက်ရပါ တော့တယ်။ ။
No comments:
Post a Comment