ဒေါက်တာမေခင်ချော
(မိုး/ဇလ)
(ယမန်နေ့မှအဆက်)
တိုင်ဖွန်းမုန်တိုင်း “ရာဂီ” ၏ အကြွင်းအကျန်လေပွေလှိုင်း မြန်မာနိုင်ငံအတွင်းသို့ လေပွေလှိုင်းအဆင့်ဖြင့် ၃ ရက်ခန့် ကြာမြင့်စွာ ဖြတ်ကျော်ခဲ့ရာ ဖြတ်ကျော်ဝင်ရောက်နေသည့် ၉-၉-၂၀၂၄ ရက်နေ့မှ ၁၂-၉-၂၀၂၄ ရက်နေ့များအတွင်း မိုးကြီးခြင်းများ ဖြစ်ပေါ်ခဲ့ကာ မိုးရေချိန် စံချိန်သစ်တင်ခြင်းများကို ၁၅ ကြိမ်တိုင်တိုင် တိုင်းတာရရှိခဲ့ပါသည်။
မြန်မာနိုင်ငံတွင်
တိုင်ဖွန်းမုန်တိုင်း “ရာဂီ” ၏ အကြွင်းအကျန်လေပွေလှိုင်းများ ဖြတ်သန်းနေစဉ်ကာလအတွင်း
တောင်ကျချောင်းရေများ အရှိန်အဟုန် ပြင်းစွာ စီးဆင်းမှုကြောင့် တိုင်းဒေသကြီး နှင့်
ပြည်နယ်ကိုးခုတွင် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများ နှစ်ပေါင်း ၈၀ ကျော်အတွင်း
မကြုံစဖူးခံစားခဲ့ရခြင်းကြောင့် လူပေါင်း ၅၂၀ သေဆုံး၊ ပျောက်ဆုံးခဲ့ပြီး ကဏ္ဍပေါင်းစုံတွင် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပါသည်။
(ဃ) ရာသီဥတုပြောင်းလဲမှုနှင့်
မုန်တိုင်းများအခြေအနေ
မုန်တိုင်းအကြိမ်ရေ
လျော့နည်းလာမှု။ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းများဖြစ်ပေါ်ခြင်းသည် မြန်မာနိုင်ငံအတွက်
ကောင်းကျိုး၊ ဆိုးကျိုး ဒွန်တွဲနေလေ့ရှိပါသည်။ မိုးကြိုကာလ မုန်တိုင်းဖြစ်လျှင် မုတ်သုံကို
အဝင်စောစေပြီး မုတ်သုံကာလအတွင်း မုန်တိုင်းဖြစ်ခဲ့လျှင် မုတ်သုံအင်အားကောင်းစေ ကာ မိုးပိုရစေပါသည်။
မြန်မာ့ကမ်းရိုးတန်းကို တည့်တည့်ဖြတ်ပြီဆိုပါက ပျက်စီးဆုံးရှုံးမှုများကို ဖြစ်စေတတ်သည်။
(၁၈၉၁-၂၀၂၀)အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းအရေအတွက် စုစုပေါင်း ၁၂၂၇ ကြိမ်
ဖြစ်ပွားခဲ့သည့်အနက် (၁၈၉၁-၁၉၇၀) ကာလနှင့် (၁၉၇၁-၂၀၂၀)ကာလတို့ကို ခွဲခြားလေ့လာကြည့်လျှင်
ရာသီဥတုပြောင်းလဲမှုနှင့်အတူ မုန်တိုင်းအရေအတွက် လျော့နည်း လာနေသည်ကို သိသာထင်ရှားစွာ
တွေ့မြင်ရပါသည်၊၊
လွန်ခဲ့သည့် (၁၈၉၁-၁၉၇၀)
ကာလတွင် ဘင်္ဂလားပင်လယ်အော်၌ တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် မုန်တိုင်း ၁၁ ကြိမ်ခန့်
ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းကာလများဖြစ်သော (၁၉၇၁-၂၀၂၀) အတွင်းတွင် တစ်နှစ်ပျမ်းမျှအားဖြင့်
မုန်တိုင်း ခုနစ်ကြိမ်ခန့်သာ ဖြစ်ပွားမှုရှိတော့ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့်
တစ်နှစ်တွင် ပျမ်းမျှအားဖြင့် မုန်တိုင်း လေးကြိမ်ခန့် လျော့နည်းသွားသည်ကို တွေ့ရှိရပါသည်။
မုန်တိုင်းပြင်းအားတိုးလာမှု။
မုန်တိုင်းအကြိမ်ရေ နည်းသွားသော်လည်း မုန်တိုင်းဖြစ်ပေါ်ပြီး မြန်မာ့ကမ်းရိုးတန်းသို့
ဖြတ်ကျော်ဝင်ရောက်ပြီဆိုပါကလည်း အင်အားကြီး မုန်တိုင်းများအဖြစ်သို့ ရောက်ရှိတတ်ကြောင်း၊
၂၀၀၆ ခုနှစ် “မာလာ”မုန်တိုင်း၊ ၂၀၀၇ ခုနှစ် “အာကရှ်” မုန်တိုင်း၊ ၂၀၀၈ ခုနှစ် “နာဂစ်”မုန်တိုင်း၊
၂၀၁၁ခုနှစ် “ဂီရိ” မုန်တိုင်း၊ ၂၀၂၃ ခုနှစ် “မိုခါ”မုန်တိုင်းများက သာဓကအဖြစ် ညွှန်ပြလျက်ရှိပါသည်။
မုန်တိုင်းအစပျိုးရာနေရာ၊
ဖြစ်ပွားသည့် အချိန်နှင့် မုန်တိုင်းလမ်းကြောင်းများ သွေဖည်လာမှု။ ၂၀၂၂ ခုနှစ်က ဖြစ်ပွားခဲ့သည့်
အားကောင်းသော မုန်တိုင်းငယ် (02B/2022) သည် မုန်တိုင်းအဖြစ်နည်းသော ကပ္ပလီပင်လယ်ပြင်မှ
အစပျိုးခဲ့ခြင်း၊ မုန်တိုင်းလုံးဝမဖြစ်ဖူး သော မတ်လတွင်ဖြစ်ပွားခြင်း စသည့် ထူးခြားချက်များ
တွေ့ရှိလာရပါသည်။ ထို့ပြင် ၂၀၂၂ ခုနှစ် မေလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သော
မုန်တိုင်းငယ်သည်လည်း မုန်တိုင်းစတင်ဖြစ်ပွားလေ့မရှိသော ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်း၌
ကမ်းခြေနှင့် အလွန်နီးကပ်စွာ စတင်အစပျိုးဖြစ်ပေါ်ခဲ့ပြီး အချိန်တိုအတွင်း မွန်ပြည်နယ်အတွင်းသို့
ဖြတ်ကျော်ဝင်ရောက်ခဲ့ပါသည်။
အဆိုပါ မုန်တိုင်းငယ်သည်
မုန်တိုင်း စတင်ဖြစ်ပွားလေ့မရှိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၌ ဖြစ်ပေါ်ခဲ့ကာ မုန်တိုင်းဝင်ရောက်လေ့မရှိသော
မွန်ပြည်နယ်အတွင်းသို့ ဝင်ရောက်ခဲ့သည့် တစ်ခုတည်းသော ထူးခြားသည့် မုန်တိုင်းငယ်တစ်ခု
ဖြစ်ခဲ့ပါသည်။ အလားတူပင် ၁၉၈၀ ပြည့်နှစ်တွင် ဖြစ်ပေါ်ခဲ့သော “ဂွ” မုန်တိုင်းနှင့် ၂၀၀၈
ခုနှစ်တွင် ဖြစ်ပွားခဲ့သော “နာဂစ်” မုန်တိုင်းတို့၏ မုန်တိုင်း လမ်းကြောင်းကို လေ့လာကြည့်လျှင်လည်း
ပုံမှန်မုန်တိုင်းလမ်းကြောင်းများ နှင့်သွေဖည်၍ လတ္တီကျုနိမ့်သော ဧရာဝတီတိုင်းဒေသကြီးအနီးမှလည်းကောင်း၊
မြစ်ဝကျွန်းပေါ်ဒေသများ မှလည်းကောင်း ဖြတ်ကျော်ဝင်ရောက်ခဲ့သည်ကို လေ့လာတွေ့ရှိခဲ့ရပါသည်။
အနာဂတ်မြန်မာ့ရာသီဥတု
ပြောင်းလဲနိုင်မှုအလားအလာများ
အနာဂတ်ကာလများတွင်
ရာသီဥတု မည်ကဲ့သို့ပြောင်းလဲနိုင်မည်ဆိုသည့် ခန့်မှန်းချက်ကို သိရှိမှသာ အဆိုပါ ရာသီဥတုပြောင်းလဲမှုနှင့်
လိုက်လျောညီထွေ နေထိုင်နိုင်မည့်နည်းလမ်းများ၊ ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်မည့်နည်းလမ်းများကို
စီမံချက်များ ချမှတ် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကာဗွန်ထုတ်လုပ်မှုတွက်ချက်သည့်
လမ်းကြောင်း (Representative Concentration Pathway- RCP) RCP 4.5 နှင့် RCP 8.5 တို့ဖြင့်
တွက်ထုတ်ထား သော နောင်လာမည့် မြန်မာနိုင်ငံ၏ အနာဂတ်ကာလများအတွက် ရွာကျမှု ဖြစ်စဉ်များ
ပြောင်းလဲနိုင်မှု ရာခိုင်နှုန်းနှင့် အမြင့်ဆုံးအပူချိန် မြင့်တက်လာနိုင်မှုအလားအလာတို့ကို
ဇယား-၂ အတိုင်း ဖော်ပြအပ်ပါသည်။
ရာသီဥတု ပြောင်းလဲခြင်းသည်
တစ်ကမ္ဘာလုံးရှိ လူသားများအား ခြောက်လှန့်နေသော စိန်ခေါ်မှု တစ်ရပ်ပင်ဖြစ်ပါသည်။ ယနေ့ကမ္ဘာတစ်ဝန်းလုံးတွင်
ရာသီဥတုမျှတစေရေးအတွက် ပြုမူ ဆောင်ရွက်မှုများ၊ ကျွမ်းကျင်မှုနည်းပညာများဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု
လျှော့ချရေးများကို ဆောင်ရွက်နေကြသော်လည်း လေထုအတွင်းရောက်ရှိ နေပြီးဖြစ်သော ဖန်လုံအိမ်ဓာတ်ငွေ့များကြောင့်
ထိခိုက်မှုဆိုးကျိုးများကို တစ်ကမ္ဘာလုံး ဆက်လက်ခံစားနေရဦးမည် ဖြစ်ပါသည်။ အထက်ဖော်ပြပါအချက်များအရ
ရာသီဥတုပြောင်းလဲနေခြင်းကြောင့် မြန်မာနိုင်ငံတွင် ထိခိုက်မှု ဆိုးကျိုးများကို လက်ရှိတွင်
ခံစားနေရသကဲ့သို့ အနာဂတ်တွင်လည်း ဆက်လက်ဖြစ်ပေါ် ခံစားနေရဦးမည်ဖြစ်ပါသည်။
ရာသီဥတုပြောင်းလဲမှုကြောင့်
မြန်မာနိုင်ငံ၏ အရေးကြီးကဏ္ဍများတွင် ပျက်စီးဆုံးရှုံးလွယ်သည့် အခြေအနေများကို လျှော့ချရန်၊
လိုက်လျောညီထွေ ပြုမူ နေထိုင် ဆောင်ရွက်နိုင်ရန် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးအစီအစဉ်များ၊
ချမှတ်ဆောင်ရွက်ရန် ရာသီဥတုဒဏ် ကြံ့ကြံ့ခံနိုင်သော အစီအမံများကို ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်
ဖြစ်ပါသည်။
ရာသီဥတုပြောင်းလဲမှုဆိုင်ရာ
အစွန်းရောက်ဖြစ်စဉ်များ ပေါ်ပေါက်လာပါကလည်း တရားမဝင်သတင်းဌာနများနှင့် Social
Media များမှ ခိုင်မာမှုမရှိသော ထုတ်လွှင့်ချက်များအပေါ် နားယောင်မှုမပြုဘဲ မိုးလေဝသနှင့်
ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိသော ကြိုတင်သတိပေးချက်များကို
ဂရုပြုနားထောင်၍ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုများကို
သဘာဝ ဘေးအန္တရာယ်အသွယ်သွယ်မှ ဘေးကင်းလုံခြုံနိုင်စေရေးအတွက် လိုက်နာဆောင်ရွက်ကြရန်
တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။
No comments:
Post a Comment