Thursday, November 7, 2024

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံနှင့်လူမျိုးအပေါ် ကျရောက်လာမည့် မည်သည့်အခက်အခဲ အကျပ်အတည်း၊ စိန်ခေါ်မှုမျိုးကိုမဆို တိုင်းရင်းသားများ၏ စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံသော မျိုးချစ်စိတ်ဓာတ်တို့ဖြင့် တိုင်းရင်းသားပြည်သူများနှင့်အတူ အခိုင်အမာ ရင်ဆိုင်ကျော်လွှားနိုင်ကြမည်ဟု ယုံကြည်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်

ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ

သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ

(၆၉) နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

(၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ  ရက်)

ချစ်ခင်လေးစားအပ်ပါသော ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကိုမောင်နှမများခင်ဗျား ယနေ့ကျရောက်သော (၆၉) နှစ်မြောက် ကရင်ပြည်နယ်နေ့ နေ့ထူးနေ့မြတ်အခါသမယတွင် ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စုဖွား မိဘပြည်သူညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ရှေးနှစ်ပေါင်းများစွာကတည်းက ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေနှင့် ကိုယ်ပိုင်ဘာသာစကားများကို ပိုင်ဆိုင်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုဖြစ်ပါသည်။ နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံးတို့သည် နိုင်ငံ၏ နေရာဒေသအသီးသီးတွင် ဥမကွဲ သိုက်မပျက်၊ စည်းလုံးညီညွတ်စွာ ယှဉ်တွဲ၍ စုပေါင်းနေထိုင်လာခဲ့ကြသည်ကို သမိုင်းအထောက်အထားများက ခိုင်မာစွာ သက်သေပြလျက်ရှိပါသည်။

ကရင်ပြည်နယ်တွင်လည်း ကရင်တိုင်းရင်းသားတို့သည် အခြားတိုင်းရင်းသားများနှင့်အတူ ရှေးယခင်ကတည်းကပင် ချစ်ခင်ရင်းနှီးစွာ အတူတကွ နေထိုင်လာခဲ့ကြပါသည်။ ၁၈၈၅ ခုနှစ်တွင် မိမိတို့နိုင်ငံသည် လွတ်လပ်ရေးဆုံးရှုံးခဲ့ပြီး ကိုလိုနီနယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ရပါသည်။ ထိုသို့ လွတ်လပ်ရေးဆုံးရှုံးပြီးနောက် ပြည်ထောင်စုကြီး၏ ဒေသအသီးသီးတွင်နေထိုင်သည့် တိုင်းရင်းသားလူမျိုးများသည် မျိုးချစ်စိတ်ဓာတ်၊ သူ့ကျွန်မခံလိုသည့် စိတ်ဓာတ်တို့ဖြင့် ကိုလိုနီနယ်ချဲ့နှင့် ဖက်ဆစ်တို့ကို စည်းလုံးညီညွတ်စွာဖြင့် တွန်းလှန်တိုက်ထုတ်ခဲ့ကြပြီး လွတ်လပ်ရေးကို အတူတကွရယူခဲ့ကြပါသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဖွဲ့စည်းတည်ထောင်ခဲ့ရာ ကရင်တိုင်းရင်းသားအများစုနေထိုင်သည့် ဒေသများကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် စတင်ဆောင်ရွက်ခဲ့ကြပါသည်။

၁၉၅၁ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ချက် အက်ဥပဒေအမှတ် ၆၂ အရ သံလွင်ခရိုင်၊ ဖာပွန်ဒေသကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်ခဲ့ပါသည်။ ယင်းနောက် ၁၉၅၂ ခုနှစ်၊ ကရင်ပြည်နယ် တိုးချဲ့သတ်မှတ်ရေး အက်ဥပဒေအမှတ် ၁၄ အရ သံလွင်ခရိုင်နှင့် ဆက်စပ်ဒေသများဖြစ်သည့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ဘားအံမြို့နယ်နှင့် သံတောင်ကြီးမြို့နယ်တို့ကို ဒုတိယအဆင့် တိုးချဲ့သတ်မှတ်ခဲ့ပြီး (၆) မြို့နယ်ဖြင့်လည်းကောင်း၊ ၁၉၆၀ ပြည့်နှစ်၊ မတ်လ ၁ ရက်နေ့တွင် မြဝတီမြို့အား မြို့နယ်တစ်ခုအဖြစ်သတ်မှတ်ခဲ့၍ စုစုပေါင်းမြို့နယ် (၇) မြို့နယ်ဖြင့်လည်းကောင်း အဆင့်ဆင့်ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

ကရင်ပြည်နယ်ကို မွေးဖွားသန့်စင်သောနေ့ဖြစ်သည့် ၁၉၅၁ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ချက်ဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့သည့် ၁၉၅၅ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် ဂုဏ်ယူသတ်မှတ်ပြီး နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့ခြင်းဖြစ်ပြီး ယနေ့ဆိုလျှင် (၆၉) နှစ် တိုင်ခဲ့ပြီဖြစ်ပါသည်။ ယခင်က ခရိုင် (၄) ခရိုင်နှင့်မြို့နယ် (၇)မြို့နယ်တို့ဖြင့် ဖွဲ့စည်းထားသော ကရင်ပြည်နယ်ကြီးကို မိမိတို့တာဝန်ယူပြီး နောက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကြာအင်းဆိပ်ကြီး မြို့နယ်နှင့် သံတောင်ကြီးမြို့နယ်တို့ကို ခရိုင်အဆင့်တိုးမြှင့်ပြီး ခရိုင် (၆) ခရိုင်ဖြင့် တိုးချဲ့ဖွဲ့စည်းထားပြီး ဖြစ်ပါသည်။

ကရင်ပြည်နယ်အတွင်းတွင် ကရင်တိုင်းရင်းသားများနှင့်အတူ ရှမ်း၊ ပအိုဝ်း၊ ဗမာ၊ မွန် အစရှိသည့် တိုင်းရင်းသားများသည် အတူတကွချစ်ကြည်အေးချမ်းစွာ နေထိုင်လျက်ရှိပါသည်။ ကရင်ပြည်နယ်သည် နိုင်ငံ၏အရှေ့တောင်ဘက်တွင် တည်ရှိပြီး ရာသီဥတုမျှတကောင်းမွန်၍ သဘာဝအရင်းအမြစ်များဖြစ်သည့် မြစ်ချောင်းများ၊ ရေတံခွန်စိမ့်စမ်းများ၊ မြင့်မားစိမ်းစိုသည့် တောင်တန်းများ၊ စိမ်းလန်းစိုပြည်သော သစ်တောများရှိသည့်အပြင် ဇွဲကပင်တောင်၏ သဘာဝအလှတရားသည်လည်း ကရင်ပြည်နယ်၏ အမှတ်သင်္ကေတတစ်ခုအဖြစ် တည်ရှိနေပါသည်။ ထို့အပြင် တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် စေတီပုထိုးများနှင့် လှပသောသဘာဝလိုဏ်ဂူများ၊ ချစ်ခင်မြတ်နိုးဖွယ်ရာ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများကို ပိုင်ဆိုင်ထားသည်မှာ ဂုဏ်ယူဖွယ်ရာဖြစ်ပါသည်။ ကရင်တိုင်းရင်းသားဆိုသည်နှင့် ရွှင်မြူးတက်ကြွဖွယ်ကရင်ဒုံးအကသည် ဖားစည်သံနှင့်အတူ ဇွဲကပင်တောင်တည်ရှိရာနေရာ အထင်ကရဒေသအဖြစ် ပြည်တွင်း၌သာမက ပြည်ပတွင်ပါ ထင်ရှားပါသည်။

လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ခဲ့မှုကြောင့် တိုင်းရင်းသားညီနောင်များအချင်းချင်း အထင်အမြင်လွဲမှားကာ ကရင်ပြည်နယ်အတွင်းတွင်လည်း လက်နက်ကိုင်ပဋိပက္ခများဖြင့် မတည်ငြိမ်၊ မအေးချမ်းသည့်ကာလများ ရှိခဲ့ပါသည်။ နောက်ပိုင်း နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် ရရှိစေပြီး (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်ခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ပါဝင်လက်မှတ်ရေးထိုးပြီး လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ယနေ့နိုင်ငံတော်တွင် ကြုံတွေ့နေရသည့် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကို လက်နက်ဆွဲကိုင်ပြီး တိုက်ပွဲများ၊ အကြမ်းဖက်မှုများဖြင့် ဖြေရှင်းနေကြခြင်းကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများသာ ဆင်းရဲဒုက္ခမျိုးစုံခံစားနေရခြင်းဖြစ်ရာ တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီး အဖြေရှာခြင်း နည်းလမ်းဖြင့် NCA လမ်းကြောင်းအတိုင်း လိုက်ပါဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်သူများအား အသိပေးတိုက်တွန်းလိုပါသည်။

ယနေ့အချိန်တွင် နိုင်ငံတော်အစိုးရသည် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရှိလာစေရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အခက်အခဲများကြားမှ ပိုမိုကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေးအပြည့်အဝရရှိလာအောင် အလေးထားဆောင်ရွက်သွားမည်” ဟူသည့် ရှေ့လုပ်ငန်းစဉ်သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။

ထို့ပြင် နိုင်ငံရေးဦးတည်ချက်များနှင့်အညီ တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲစနစ်ဖြစ်စေရန် ဖော်ဆောင်လျက် ရှိပါသည်။ သို့ဖြစ်ရာ မိမိတို့နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသား မိဘပြည်သူများက ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ပေးကြပါရန် အလေးထားတိုက်တွန်း မှာကြားလိုပါသည်။

ချစ်ခင်လေးစားအပ်ပါသော ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများနှင့် မိဘပြည်သူညီအစ်ကိုမောင်နှမများခင်ဗျား နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီးပွားရေးနှင့် ဆက်စပ်လျက်ရှိသည့် ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လမ်းပန်းဆက်သွယ်မှုတိုးတက်စေရေး စသည့်လုပ်ငန်းရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ စီးပွားရေးကဏ္ဍတွင် ပြည်တွင်းပြည်ပကုန်သွယ်ရေးလုပ်ငန်းများကို ပင်လယ်ရေကြောင်းမှ ဆောင်ရွက်နေသကဲ့သို့ ကရင်ပြည်နယ်အပါအဝင် နယ်စပ်ဒေသများမှလည်း ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိပါသည်။ ကုန်သွယ်မှုတွင် ကိန်းဂဏန်းများအရ အပေါင်းလက္ခဏာတိုးတက်မှုရှိခဲ့သော်လည်း နယ်စပ်ဒေသများမှ တရားမဝင်ကုန်သွယ်မှုများ နေ့စဉ်ရှိနေသည့်အတွက် နိုင်ငံ့စီးပွားရေးကို ထိခိုက်စေခဲ့ပြီး တိုးတက်သင့်သလောက် မတိုးတက်ခဲ့သည်ကို တွေ့ရှိရပါသည်။ နယ်စပ်ဒေသကုန်သွယ်ရေးတွင် လမ်းခရီး၌ မလိုလားအပ်သော ကုန်ကျစရိတ်များကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်နိုင်သဖြင့် အဟန့်အတားများ မဖြစ်စေရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့်လည်း ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါသည်။

ထို့ပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများတွင် ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းစေရန် အဓိကအားဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိပါသည်။ စပါးစိုက်ပျိုးရာတွင်လည်း ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိစေရန်ဆောင်ရွက်ပြီး ပြည်တွင်းဆန်ဖူလုံမှုသာမက ပြည်ပပို့ကုန်အဖြစ် တင်ပို့နိုင်ရေးမဖြစ်မနေဆောင်ရွက်ရမည် ဖြစ်ပါသည်။

ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အခြေခံအကျဆုံးဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSMEs) လုပ်ငန်းများ တိုးတက်အောင်မြင်မှုရရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အဆိုပါလုပ်ငန်းများကို နည်းပညာနှင့် ပေါင်းစပ်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားရေးကို တိုးတက်စေမည်ဖြစ်ပါသည်။ ကရင်ပြည်နယ်အတွင်း အခြေခံရှိပြီးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသော MSMEs လုပ်ငန်းများကို ပြည်နယ်အစွန်အဖျားပါမကျန် နိုင်ငံတစ်ဝန်း အကြားအလပ်မရှိ ဆောင်ရွက်ခြင်းဖြင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်သည့်အတွက် ကရင်ပြည်နယ်အပါအဝင် အခြားတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များကလည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးကို အားလုံးဆောင်ရွက်သွားကြရမှာ ဖြစ်ပါသည်။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုနှင့် စက်မှုလုပ်ငန်းများကို ပိုမိုလည်ပတ်နိုင်ပြီး ထိုမှတစ်ဆင့် ဝန်ဆောင်မှုလုပ်ငန်းများလည်း တိုးတက်လာမည်ဖြစ်သဖြင့် နိုင်ငံ၏ GDP တိုးတက်လာနိုင်မည်ဖြစ်ပါသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရန် လူသားအရင်းအမြစ်များ လိုအပ်သဖြင့် စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ ပညာတတ်များ မွေးထုတ်နိုင်ရန် လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံအတွက် လိုအပ်လျက်ရှိသော ပညာတတ်လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ပညာရေးကဏ္ဍကို ဘက်စုံပညာရေးအဖြစ် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။

ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အားပေးဆောင်ရွက်ရာတွင် တစ်နိုင်ငံလုံးအနေဖြင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်၌ ၇၀ ရာခိုင်နှုန်းခန့် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ၉၂ ရာခိုင်နှုန်း ကျောင်းတက်ရောက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ဆူပူအကြမ်းဖက်မှုများနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ယာယီရပ်ထားရသည့်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင်လည်း ကျောင်းသားများအား အချိန်ပိုများသင်ကြားစေပြီး အမှန်တကယ် စာတတ်မြောက်စေရေးဆောင်ရွက်ပေးလျက်ရှိပါသည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်လျက်ရှိရာ ပြည်သူအားလုံးအနေဖြင့် အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်အယူအဆများ ပြည့်ဝမှန်ကန်ရန် လိုအပ်ပါသည်။ ထို့ကြောင့် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားနိုင်ရေးနှင့် ဗလငါးတန်နှင့် ပြည့်ဝသော လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ရာတွင် အားလုံးက ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုပါသည်။

ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပေါ်ခဲ့ရသည့် အခက်အခဲအကျပ်အတည်းများ၊ သဘာဝဘေးအန္တရာယ်များကြောင့် ကြုံတွေ့ရသည့် အခက်အခဲအကျပ်အတည်းများကို ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ကျော်ဖြတ်နိုင်ခဲ့ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းစေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝများ တိုးတက်စေရန်အတွက်လည်း လူတိုင်းကျန်းမာရေးကောင်းမွန်ရန်၊ ပညာရေးကောင်းမွန်ပြီး အလုပ်အကိုင်များရရှိကာ လူတိုင်းဝင်ငွေရရှိစေရန်၊ ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်စေရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ တိုင်းရင်းသားပြည်သူတစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝများ တိုးတက်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အတွက် လူတစ်ဦးချင်းစီ၏ လူမှုစီးပွားတိုးတက်ရေးကို ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာကဏ္ဍအလိုက်နှင့် ဒေသအလိုက် ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်ရန် တိုက်တွန်းအပ်ပါသည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် နိုင်ငံတော်အစိုးရကို ဆန့်ကျင်လျက်ရှိသော အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှု၊ အကြမ်းဖက်ဖျက်ဆီးမှုအန္တရာယ်များကိုလည်း တွန်းလှန်ချေမှုန်းလျက်ရှိရာ တိုင်းရင်းသားပြည်သူများကပါ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အလေးထားတိုက်တွန်းအပ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံနှင့်လူမျိုးအပေါ် ကျရောက်လာမည့် မည်သည့်အခက်အခဲအကျပ်အတည်း၊ စိန်ခေါ်မှုမျိုးကိုမဆို တိုင်းရင်းသားများ၏ စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံသော မျိုးချစ်စိတ်ဓာတ်တို့ဖြင့် တိုင်းရင်းသားပြည်သူများနှင့်အတူ အခိုင်အမာရင်ဆိုင်ကျော်လွှားနိုင်ကြမည်ဟု ယုံကြည်ပါသည်။

ချစ်ခင်လေးစားအပ်ပါသော ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူညီအစ်ကိုမောင်နှမများခင်ဗျား ယခုထက်ပို၍ ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည့် ကရင်ပြည်နယ်ကြီး ဖြစ်ပေါ်လာစေရေးအတွက် ပြည်နယ်အတွင်း နေထိုင်ကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါသည်။ နိုင်ငံ၏အားသည် နိုင်ငံအတွင်းမှာပင်ရှိသလို ပြည်နယ်၏ အင်အားသည်လည်း ပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ စုပေါင်းအားပင်ဖြစ်ပါသည်။ ထို့ပြင် ယနေ့အချိန်တွင် တိုင်းရင်းသားပြည်သူများ လိုလားတောင့်တနေသော နိုင်ငံတော်ကြီးအား စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်နိုင်ရေးတို့အတွက် တွေ့ကြုံနေရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို ကြံ့ကြံ့ခံကျော်လွှားပြီး တိုင်းရင်းသားညီအစ်ကို မောင်နှမများ အားလုံး၏ စုပေါင်းစွမ်းအားဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် အလေးအနက်တိုက်တွန်းအပ်ပါသည်။

ကရင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူအားလုံး ယနေ့ကျရောက်သော (၆၉) နှစ်မြောက် ကရင်ပြည်နယ်နေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်များကို ရယူခံစားနိုင်သူများဖြစ်ကြပါစေ။ ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုကြီးအတွင်းမှ ဂုဏ်ယူဖွယ်ရာ ပြည်နယ်ကြီးအဖြစ် တည်ရှိနေစေရေး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် ဖော်ဆောင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း သဝဏ်လွှာပေးပို့အပ်ပါသည်။

ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ

သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်

နိုင်ငံတော်ဝန်ကြီးချုပ်

ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ        

No comments:

Post a Comment