နေပြည်တော် နိုဝင်ဘာ ၇
မန္တလေးမြို့တွင် ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် ၇ အတွက် လူသစ်ထပ်ခေါ်ခြင်းနှင့်လမ်းမပေါ်၌ ဖမ်းဆီးခြင်းများရှိနေပြီး အမည်စာရင်းပါသူများက ငွေကျပ်သိန်းဆယ်နှင့်ချီပေးနေရကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လှုံ့ဆော်ဝါဒ ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ မန္တလေးမြို့မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေးပူးပေါင်းအဖွဲ့များက မန္တလေးမြို့အတွင်း ပြည်သူများ အေးချမ်းစွာလုပ်ကိုင်နေထိုင် နိုင်ရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးဆိုင်ရာ လုပ်ငန်းများကို ထုတ်ပြန်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းများကြောင့် အကြမ်းဖက်သမားများ လွယ်ကူစွာ ဝင်ထွက်သွားလာနိုင်ခြင်းမရှိသဖြင့် အကြမ်းဖက်အားပေး တရားမဝင်ပြည်ဖျက်မီဒီယာများက ယခုကဲ့သို့အခြေအမြစ်မရှိသည့် သတင်း ဓာတ်ပုံများဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန် လုပ်ကြံ ရေးသားနေခြင်းဖြစ်ကြောင်း သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများသည် ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်သည့်နေ့မှစ၍ ပြည်သူ့စစ်မှုထမ်းဆောင်ရန်အကျုံးဝင်သည့် ပြည်သူများကို ဖမ်းဆီးခြင်း၊ လမ်းသွားလမ်းလာများကို ပေါ်တာဆွဲခြင်းနှင့် ငွေကြေးများကောက်ခံခြင်းစသည့် သတင်းတု၊ သတင်းအမှားများကို ပြည်သူများ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ဝါဒဖြန့်လျက်ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment