Thursday, October 3, 2024

FPTP စနစ်ချည်းသာလော … PR စနစ်ကိုလည်း ပါစေချင်ပါသည်

နိုင်ငံရေးသမားဟောင်းတစ်ဦး

ဘဝသက်တမ်းတစ်ဝက်လောက်ကို နိုင်ငံရေးနယ်ပယ်ထဲတွင် ကျင်လည်နေခဲ့သော ကျွန်တော်သည် မီးစာကုန်ဆီခန်းသည့်အချိန် မရောက်သေးသရွေ့ နိုင်ငံ့အရေးအတွက် နိုင်ငံရေးတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေဦးမည်သာ။ နိုင်ငံ့အရေးအတွက် နိုင်ငံရေးလုပ်ဖို့ ဆိုလျှင်လည်း မသေချာမရေရာသော မဲဆွယ်စကားများ၊ မဟုတ်မမှန် လုပ်ကြံရေးသားသော နိုင်ငံရေးဇာတ်လမ်းများကြား တံလျပ်ရေထင် ရွှေသမင်အလိုက်မမှားစေဖို့အတွက် သမိုင်းကျေကြဖို့တော့လိုပါသည်။ ဖြစ်ချင်သောဆန္ဒများထက် အဖြစ်သင့်ဆုံးအရာများကို အကောင်အထည်ဖော်ရန်အတွက် နိုင်ငံသားတိုင်းနိုင်ငံရေးရေချိန် ပြည့်ဝနေဖို့လည်း လိုအပ်လှပေသည်။ လက်ရှိတွင် နိုင်ငံတော်ကို အုပ်ချုပ်နေသော တည်ဆဲအစိုးရက လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ် ဆောင်ရွက်နိုင်ရေးအတွက် ဦးတည်ဆောင်ရွက်နေကြောင်း ကြားသိရပြီးနောက် ထိုရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကျွန်တော့်အမြင်ကို စာဖတ်သူတို့သိရှိနိုင်ရန် ရေးသားလိုက်ရပေသည်။

လွတ်လပ်ရေးရပြီးချိန်ကစလို့ မြန်မာနိုင်ငံ၏ ပါတီနိုင်ငံရေး သမိုင်းကို လေ့လာကြည့်မည်ဆိုပါက ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့သည့်အချိန်တွင် ဖဆပလပါတီကသာ အနိုင်ရခဲ့သည်။ အခြားသောပါတီများက အိမ်ဖြည့်အဖြစ်မျှသာ ပါဝင်နိုင်သည်။ အတိုက်အခံအဆင့်အထိ ရပ်တည်နိုင်ခြင်းမျိုးမရှိခဲ့ပါ။ ဖဆပလတစ်ပါတီတည်းမှာပင် အာဏာကိုဆက်တိုက်ရလာသည့်အခါ ပါတီတွင်းအကွဲအပြဲမှာ ထိန်းသိမ်းမရအောင်ပေါ်လာခဲ့သည်။ ဦးဗိုလ်သခင်ဆိုသောစကားရပ်သည် ထိုစဉ်က ပေါ်လာသည့်စကားဖြစ်သည်။ ၁၉၅၈ ခုနှစ် ဖဆပလပါတီ ဝန်ကြီးချုပ်ဦးနု ကိုယ်တိုင်က သူတို့အစိုးရအဖွဲ့ (ပါတီ) အကွဲအပြဲဆိုးရွားလာသည့်အတွက် ထိုစဉ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းကို အိမ်စောင့်အစိုးရအဖြစ် လွှဲပြောင်းပေးခဲ့သည်။

ထိုတုန်းက အိမ်စောင့်အစိုးရဆိုတာ တပ်ကလူတွေချည်း မဟုတ်ခဲ့ပါ။ အရပ်သားပညာရှင်တွေ အများကြီးပါပါသည်။ ၁၉၆၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲကျင်းပပေးခဲ့သည့်အခါ ဖဆပလမှ သန့်ရှင်းနှင့် တည်မြဲကွဲသွားကာ သန့်ရှင်းဖဆပလကအနိုင်ရ၍ အစိုးရဖွဲ့နိုင်ခဲ့သည်။ ပြည်ထောင်စုပါတီဟု အမည်ပြောင်းသည်။ ၁၉၆၂ ခုနှစ်တွင် ပြည်နယ်များ သီးခြားခွဲထွက်ခွင့် ဖက်ဒရယ်မူကို တောင်းဆိုလာကြ သည်။ ဤပြဿနာမှာ တိကျသောအဖြေပေါ်ထွက်မလာဘဲ ငြင်းခုံခြင်းဖြင့် အချိန်များကုန်လွန်ခဲ့သည်။ ကြာလာလျှင်တိုင်းပြည်ပြိုကွဲ တော့မည့်အခြေအနေပေါ်လာသဖြင့် တပ်မတော်ကနိုင်ငံတော်၏ အာဏာအရပ်ရပ်ကို ထိန်းသိမ်းလိုက်ရသည်။ ၁၉၇၄ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ပေါ်လာကာ အစိုးရတစ်ရပ်ပေါ်လာခဲ့သည်။ နိုင်ငံရေးသမားအချင်းချင်း စိတ်ဝမ်းကွဲပြားမှုမရှိစေရန်အတွက် ပါတီပေါင်းစုံမှ ခေါင်းဆောင်များကို တစ်ပါတီစနစ်တွင် ပါ၀င်စေခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုသည်မှာ ပါတီပေါင်းစုံပါဝင်ဖွဲ့စည်းကာ ဆိုရှယ်လစ်စနစ်ဖြင့် နိုင်ငံကို တည်ဆောက်ခဲ့သည်။

မြန်မာ့နိုင်ငံရေးတွင် တစ်ပါတီစနစ်ကိုလေ့လာသည့်အခါ နိုင်ငံ တိုးတက်စေရေး စီးပွားရေးမူဝါဒ ပြောင်းသင့်သည့်အချိန်တွင် မပြောင်းခဲ့သည့်အတွက် နိုင်ငံစီးပွားရေးများစွာ ကျဆင်းခဲ့သည်။ ထို့ကြောင့် ၁၉၈၈ ခုနှစ်တွင် အရေးအခင်းကြီးတစ်ရပ်ပေါ်ပေါက်လာကာ အုပ်ချုပ်မှုယန္တရားများ ရပ်ဆိုင်းသွားခဲ့သည်။ ဤနေရာတွင် စာရေးသူအနေဖြင့် ယနေ့လူငယ်များမသိသေးသည့် အချက်အချို့ကိုဖော်ပြချင်ပါသည်။ ထိုစဉ်က နိုင်ငံတော်သမ္မတ ဒေါက်တာမောင်မောင်က စစ်အုပ်ချုပ်ရေးရုပ်သိမ်းကာ ဒီမိုကရေစီပေးခဲ့သည်။ ရွေးကောက်ပွဲကော်မရှင်ဖွဲ့သည်။ ပါတီဖွဲ့ပြီး ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်စေသည်။ သို့သော်ပြည်ပက သွေးထိုးနှောင့်ယှက်မြှောက်ပင့်ပေးမှုကြောင့် ဒီမိုကရေစီမဟုတ်တော့ဘဲ အလုံးစုံပျက်သုဉ်းရေးကို ဦးတည်ကာ လူသတ်ခေါင်းဖြတ်သည့်အပြင် ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ အုပ်ချုပ်ရေးယန္တရားပျက်သွားသည့်အတွက် ၁၉၈၈ ခုနှစ် စက်တင် ဘာလ ၁၈ ရက်နေ့တွင် တပ်မတော်က နိုင်ငံတော်အာဏာကို ထိန်းသိမ်းလိုက်ရသည်။

ဒီနေရာမှာ ကျွန်တော်သည် မျှတသောအမြင်ဖြင့် ရေးသားလိုပါသည်။ နဝတ/နယက လက်ထက်တွင် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းတွေ အများကြီးလုပ်ခဲ့သည်။ သူတို့ဆောက်ပေးထားသည့် လမ်းတံတားတွေ၊ အဆောက်အအုံတွေ၊ နောက်ဆုံး တက္ကသိုလ်တွေ အများကြီး ပြစရာကျန်ခဲ့သည်။ ပြည်သူများတောင့်တနေသည့် ဒီမိုကရေစီစနစ်ကို စနစ်တကျအကောင်အထည်ဖော်ပေးကာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို တည်ငြိမ်အေးချမ်းစွာတည်ဆောက်ပေးခဲ့သည်။ တက္ကသိုလ်က ဘွဲ့ရခဲ့သော ကျောင်းသူ ကျောင်းသား တို့သည် မိမိတို့တက်ခဲ့သော တက္ကသိုလ်ကို မည်သည့်အစိုးရက တည်ဆောက်ပေးခဲ့သည်ကို သိသူနည်းပါးလှသည်။ စစ်အာဏာရှင်ဟူသော စကားလုံးအောက်တွင် သူတို့၏အသိအမြင်များကို နိုင်ငံရေးသမားအမည်ခံ အစွန်းရောက်ဝါဒစွဲကိုင်သူအချို့က အရောင်ဆိုးပေးခဲ့ သည်။

နယက အစိုးရက တစ်နိုင်ငံလုံးမှာရှိသော အသိပညာရှင်များနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကိုရေးဆွဲပေးခဲ့ပြီး ထိုဥပဒေအရ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနှင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲဟူ၍ ရွေးကောက်ပွဲသုံးကြိမ် ကျင်းပခဲ့သည်။ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အာဏာရပါတီအနေဖြင့် အာဏာကို အလွဲသုံးစားပြုကာ မဲမသမာမှု ကြီးကြီးမားမားဖြစ်ခဲ့သည်။ ဘယ်လိုနည်းနဲ့နိုင်နိုင် နိုင်အောင်လုပ်ရမည်ဆိုသည့် ပါတီခေါင်းဆောင်၏ စကားကြောင့် မဲမသမာမှုမှာဖြေရှင်းမရနိုင်လောက်အောင် ဖြစ်ခဲ့သည်။ ထိုအချိန်ကသာ မဲမသမာမှုဖြစ်စဉ်ကို သက်ဆိုင်သူအားလုံးက ပူးပေါင်းဖြေရှင်းမည်ဆိုပါက မြန်မာနိုင်ငံ၏အနာဂတ်မှာ သာယာနေမည်ဖြစ်သည်။ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဟူသော ဒီမိုကရေစီ နည်းလမ်းကို သုံးသင့်ပါလျက် မသုံးဘဲနေခဲ့သည်။ ဤဖြစ်ရပ်မှန်ကို အနောက်နိုင်ငံနှင့် အပေါင်းပါတို့က ရေငုံနှုတ်ပိတ်နေခဲ့သည်။ ဒါကလည်း အကြောင်းရှိသည်။ မဲမသမာမှုဖြစ်နေမှန်းသိသော်လည်း နှုတ်ပိတ်မနေလျှင် သူတို့အလိုကျ ကြိုးဆွဲရာကမည့် ရုပ်သေးအစိုးရကို လက်လွှတ်လိုက်ရမည်ဖြစ်ကြောင်း သိနေသဖြင့် သူတို့အာဏာစက် အတိအကျသက်ရောက်မည့် အစိုးရမျိုးကို ဒီမိုကရေစီအကြောင်းပြကာ အစိုးရ တင်မြှောက်လိုခြင်းကြောင့်ဖြစ်သည်။

တပ်မတော်က ဒီမိုကရေစီစနစ်ကို ခိုင်မာစွာတည်ဆောက် ပေးခဲ့သည့်အတွက် ဒီလိုမျိုး ဒီမိုကရေစီစနစ် ပျက်ယွင်းသွားမည်ကို လိုလားမည်မဟုတ်ကြောင်း ကျွန်တော်ပြေးကြည့်စရာမလို တွေးကြည့်ရုံနှင့်တင်သိပါသည်။ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင် တပ်မတော်အား ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ပေးထားသည်။ ထို့ကြောင့် အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ တပ်မတော်က နိုင်ငံတော်ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ရသည်။ ထိုနေ့က မှတ်မှတ်ရရ မဲမသမာမှု အငြင်းပွားနေသည့် လွှတ်တော်ခေါ်ယူမည့်နေ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပေါ်ပေါက်လာခဲ့ သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဦးဆောင်ပြီး အစိုးရတစ်ရပ် ဖွဲ့စည်းပါသည်။ သေချာလေ့လာကြည့်လျှင် ထိုအစိုးရတွင် တိုင်းရင်းသားခေါင်းဆောင်များနှင့်တပ်တို့ အချိုးအစားတူညီစွာ ဖွဲ့ထားခြင်းဖြစ်သည်။ အဓိကအချက်ပြောရရင် တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးမည်။ အနိုင်ရပါတီအဖွဲ့အစည်းကို အာဏာလွှဲအပ်မည်။ မဲမသမာမှုအမှန်တကယ်ရှိကြောင်းကိုလည်း မြေပြင် ကွင်းဆင်းပြီး တိတိကျကျဖော်ထုတ်မည်။ တကယ်လည်း ဖော်ထုတ် ပေးခဲ့သည်။ မဲ ၁၁ သန်းကျော် မသမာမှုပြုခဲ့သည်။ နစကအစိုးရသည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ခံကိုယ်စားလှယ်များကိုပင် လွတ်လွတ်လပ်လပ်သွားလာခွင့် ပြုထားခဲ့သည်။ ထိုသို့လွတ်လပ်ခွင့် ပေးလိုက်ခြင်းကပင် ရွေးကောက်ခံကိုယ်စားလှယ်အချို့ ပြည်ပထွက်ပြေးခွင့်ရကာ ယခုပေါ်ပေါက်နေသည့် CRPH , NUG စသဖြင့် စင်ပြိုင်အစိုးရ တည်ထောင်နိုင်ခဲ့ခြင်းဖြစ်သည်။ အမှန်တကယ် လက်တွေ့ကျကျ ပြောရလျှင် နစကအစိုးရသည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် လမ်းဖွင့်ပေးထားခြင်းဖြစ်သည်။ ထိုသူများသာ နိုင်ငံချစ်စိတ်၊ သဘောထားရိုးဖြောင့်သည့်စိတ်ရှိပါက ပါတီကိုဆက်လက် တည်ထောင်ကာ ရွေးကောက်ပွဲဝင်ကြရန်ဖြစ်သည်။ သို့သော် သူတို့သည် မသိနားမလည်သောလူငယ်များကို မမှန်မကန်ဝါဒဖြန့်ကာ စစ်အာဏာရှင်တိုက်ဖျက်ရေးဟူသော စကားလုံးဖြင့်လမ်းမှားသို့ ပို့ကာလူသတ်၊ မိုင်းထောင်၊ အကြမ်းဖက်လုပ်ရပ်များ လုပ်စေခဲ့သည်။ နိုင်ငံကိုပျက်စီးအောင် လုပ်ဆောင်လျက်ရှိသည်။ အမှန်တကယ်တော့ စစ်အာဏာရှင်ဟု သူတို့စွပ်စွဲနေသော နစကအစိုးရသည် အာဏာရှင်မဆန်စွာ အလွန့်အလွန်သဘောထား ပျော့ပျောင်းသည့် အစိုးရတစ်ရပ် ဖြစ်ကြောင်း သူတို့လုပ်ရပ်ကြည့်ကာ ကျွန်တော်မှတ်ချက်ပြုချင်သည်။ CRPH, NUG နှင့်PDF ဟူသော အကြမ်းဖက်အဖွဲ့များသာ မပေါ်ပေါက်လာပါက ယခုအချိန်တွင် မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းတွင် ပြန်လည်လျှောက်လှမ်းနေနိုင်ပြီဖြစ်သည်။ ဒီမိုကရေစီတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုသည့် မဏ္ဍိုင်ကြီးသုံးရပ်ရှိသည်ကို အားလုံးသိကြမည်ထင်ပါသည်။ ထိုထဲ ကမှ ဥပဒေပြုရေးအတွက် အဓိကတာဝန်ရှိသည့် အဖွဲ့အစည်းမှာ လွှတ်တော်ဖြစ်ပါသည်။ လိုရင်းပြောရလျှင် ရွေးကောက်ခံကိုယ်စား လှယ်များသည် ဥပဒေပြုရမည့်သူများဖြစ်ပါလျက် ဥပဒေကိုမျက်ကွယ်ပြုကာ အကြမ်းဖက်လမ်းစဉ်ကို ရွေးခဲ့ကြသည်။ မိုက်မဲ လိုက်ကြသည်ဖြစ်ခြင်း …။

လက်ရှိတည်ဆဲအစိုးရ၏ ပန်းတိုင်မှာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ပင်ဖြစ်ပါသည်။ အလွယ်ဆုံးနှင့် အရိုးရှင်း ဆုံးပြောရလျှင် မဲခိုး၊ မဲလိမ်မှုမရှိသော၊ ပွင့်လင်းမြင်သာသော၊ တရား မျှတသော၊ ရွေးကောက်ပွဲကျင်းပနေစဉ်အတွင်း မကျေနပ်မှု တစ်စုံ တစ်ရာရှိပါက မှတ်ကျောက်တင်စစ်ဆေးမှုကိုခံနိုင်သော ရွေးကောက်ပွဲ မျိုးကို ကျင်းပပေးလိုခြင်းဖြစ်သည်။ အချို့သောနိုင်ငံရေးမှတ်ချက်တချို့က တပ်မတော်မှဖြစ်ပေါ်လာသော ယခုအစိုးရသည် ရွေးကောက်ပွဲဖြစ်မြောက်ရန် အားထည့်ဆောင်ရွက်နေခြင်းမှာ ထိုရွေးကောက်ပွဲကသာလျှင် တပ်မတော်အတွက် ထွက်ပေါက်ဖြစ် သောကြောင့်ဟူ၍ ကြားသိနေရသည်။ ထိုမှတ်ချက်နှင့် ပတ်သက်၍ ကျွန်တော့်အမြင်ကိုပြောပါဟုဆိုလာပါက အဖြေသည်ခပ်ရှင်းရှင်းသာရှိလေသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆိုသည်မှာ ဒုတိယဒီမိုကရေစီအစိုးရအနေဖြင့် မဲလိမ်မဲခိုးမှုများ၊ မဲမသမာမှုပြဿနာများ ကို ပြည်သူလူထုအား ဖြေရှင်းရန်ပျက်ကွက်ခဲ့မှုကြောင့် ထိုပြဿနာများကိုဖြေရှင်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည့်အတွက် ထိုပြဿနာများကို ပြေလည် အောင် ဖြေရှင်းပြီး လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ဖို့ကို ရည်မှန်းချက် ၂ ရပ်၊ ရှေ့လုပ်ငန်းစဉ်များ ၅ ရပ်နှင့် ဦးတည်ချက်များ ၉ ရပ်တို့ချမှတ်ကာ လက်ရှိတည်ဆဲအစိုးရက ဆောင်ရွက်နေခြင်းသာဖြစ်သည်ဟု မြင်ပါသည်။

နစကအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပပေးဖို့ လုပ်ဆောင်လျက်ရှိရာ မိမိဖြတ်သန်း လာသော သမိုင်းအတွေ့အကြုံများအရ ရွေးကောက်ပွဲတွင် အဖြစ်သင့်ဆုံးသော ရွေးကောက်ပွဲစနစ်များကိုလည်း အကြံပြုလိုပါသည်။ ယခင် ရွေးကောက်ပွဲသုံးခုတွင် အသုံးပြုခဲ့သော အနိုင်ရသူအကုန်ယူစနစ် (First past the post) နှင့်အတူ အချိုးကျကိုယ်စားပြုခြင်းစနစ် (Proportional Representation) ကိုပါ ပူးတွဲ ကျင့်သုံးမှသာ မိမိနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ပို၍သင့်တော်မည်ဖြစ်ပါသည်။

အနိုင်ရသူအကုန်ယူစနစ် (First past the post)

မဲဆန္ဒနယ်တစ်နယ်တွင် ပါဝင်ယှဉ်ပြိုင်သူများအနက် မဲအများဆုံးရရှိသူကို ရွေးကောက်တင်မြှောက်သော စနစ်ဖြစ်ပါသည်။ မဲဆန္ဒနယ် တစ်နယ်တွင် တစ်ယောက်သာ ရွေးကောက်တင်မြှောက်သည့် ပုံသဏ္ဌာန်မှာယှဉ်ပြိုင်သူများအနက်မှ အနိုင်ရသူအကုန်ယူစနစ် (First past the post) ဖြင့် ရွေးကောက်တင်မြှောက်ခြင်းဖြစ်ရာ ယင်းစနစ်ဖြင့် ရွေးကောက်တင်မြှောက်ခြင်းသည် ဆန္ဒမဲပေးသူများအတွက် အချိုးကျနှင့် သင့်တင့်လျောက်ပတ်သည့် ကိုယ်စားပြုခြင်းမရရှိနိုင်ပါ။ ဥပမာအနေဖြင့် အရိုးရှင်းဆုံးဖြစ်စဉ်တစ်ခုဖြင့် လူအများနားလည် လွယ်အောင်တင်ပြလိုပါသည်။ လူအယောက် ၁၀၀၀ ခန့်ရှိသော မဲဆန္ဒနယ်တစ်ခုတွင် A,B,C ဟူ၍ ယှဉ်ပြိုင်ရွေးကောက်ပွဲဝင်သူ သုံးဦး ရှိသည်ဆိုကြပါစို့။ A သည် ၄၀၀ မဲ၊ B သည် ၂၅၀ မဲ၊ C သည် ၃၅၀ မဲရလျှင် A သည် မဲအများဆုံးရသဖြင့် ထိုမဲဆန္ဒနယ်အတွက် ရွေးကောက်တင်မြှောက်ခံရသူအဖြစ် သတ်မှတ်ခံရလေသည်။ ထိုဖြစ်စဉ်ကို သုံးသပ်လျှင် လူ ၁၀၀၀ တွင် A ကို ကြိုက်သူ ၄၀၀၊ မကြိုက်သူ ၆၀၀ ခန့်ရှိသော်လည်း A သည် ထိုမဲဆန္ဒနယ်ရှိ လူ ၁၀၀၀ လုံးကို ကိုယ်စားပြုသော ကိုယ်စားလှယ်ဖြစ်သွားခြင်းပင်ဖြစ်သည်။

FPTP စနစ်၏ အားသာချက်နှင့် အားနည်းချက်များ

FPTP စနစ်၏ အားသာချက်များကို အကြမ်းဖျင်းဖော်ပြရလျှင် တိကျပြတ်သားသည့် ရွေးချယ်မှုကို ဖြစ်ပေါ်စေနိုင်ခြင်း၊ ပါတီစုံညွန့်ပေါင်းအုပ်ချုပ်ရာမှဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများကို ရှောင်လွှဲနိုင်ခြင်း၊ လွှတ်တော်တွင်း အတိုက်အခံအင်အားစုကိုလည်း ပေါ်ပေါက်စေသဖြင့် တစ်ပါတီအစိုးရ၏ ဆန့်ကျင်ဘက်တွင် အတိုက်အခံအင်အားစုဖြင့် အပြန်အလှန်ထိန်းကျောင်းပေးနိုင်သည့် လုံလောက်သော လွှတ်တော်ကိုယ်စားလှယ်နေရာများကို ပေးထားနိုင်ခြင်း၊ မိမိတို့၏ပါတီအမည်ထက် သတ်မှတ်ထားသည့် မြို့သို့မဟုတ် ဒေသမဲဆန္ဒနယ်များကို ကိုယ်စားပြုကြရခြင်း၊ မဲဆန္ဒရှင်များအတွက် ပါတီကိုရွေးချယ်မှုပြုခြင်းထက် ကိုယ်စားလှယ်လောင်းများအား ရွေးချယ်မှုကို ဖြစ်ပေါ်စေနိုင်ပါသည်။

FPTP စနစ်၏ အားနည်းချက်များမှာ အကြမ်းဖျင်းအားဖြင့် လူနည်းစုပါတီများကို ဘေးဖယ်ထားခြင်း၊ လူနည်းစုများကို ဖယ်ထုတ်ထားခြင်း၊ အမျိုးသမီးများကို ချန်လှပ်ထားခြင်း၊ မဲအလေ အလွင့်ဖြစ်မှုများပြားခြင်း၊ မကြာခဏကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပရန်လိုခြင်း၊ ဆန္ဒမဲနယ်နိမိတ် ကန့်သတ်ရန်လိုအပ်ခြင်း၊ နိုင်ငံရေးအကျိုးအမြတ်အတွက် ရည်ရွယ်သည့် လက်ဝါးကြီးအုပ်မှု ဖြစ်ပေါ်စေနိုင်ခြင်းနှင့် အဝေးရောက်မဲပေးစနစ်ကို စီစဉ်ရခက်ခဲခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။

အချိုးကျကိုယ်စားပြုခြင်းစနစ် (Proportional Representation)

မဲဆန္ဒနယ်တစ်ခုကို ဧရိယာကျယ်ပြန့်စွာသတ်မှတ်၍ ယင်းမဲဆန္ဒနယ်မှ ရွေးကောက်တင်မြှောက်ရမည့် ကိုယ်စားလှယ်ဦးရေကိုပါ သတ်မှတ်ပေးပြီး ပါတီအဖွဲ့အစည်းအလိုက် ယှဉ်ပြိုင်စေခြင်း ဖြစ်ပါသည်။ ရွေးကောက်ပွဲတွင် ပါတီအလိုက်ရရှိမည့် ထောက်ခံဆန္ဒမဲအပေါ်မူတည်ပြီး ရွေးကောက်ခံရသည့် ကိုယ်စားလှယ်ဦးရေ သတ်မှတ်ပေးသည့်စနစ်ဖြစ်ပါသည်။ ယင်းစနစ်အရ တစ်သီးပုဂ္ဂလများလည်း ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ယင်းတို့ရရှိသော ထောက်ခံဆန္ဒမဲအပေါ်မူတည်ပြီး ရွေးကောက်တင်မြှောက်ခံနိုင်ပါသည်။ ဥပမာအနေ ဖြင့် အရိုးရှင်းဆုံးဖြစ်စဉ်တစ်ခုဖြင့် လူအများနားလည်လွယ်အောင် တင်ပြလိုပါသည်။ လူဦးရေ ၁၆ သိန်းခန့်ရှိသော မဲဆန္ဒနယ်တစ်ခုတွင် ကိုယ်စားလှယ်ရှစ်ဦး သတ်မှတ်ထားသည်ဆိုပါစို့။ အကြမ်းဖျင်းအရ ကိုယ်စားလှယ်တစ်ဦးလျှင် လူနှစ်သိန်းခန့် အချိုးကျကိုယ်စားပြု သည့်သဘောပင်ဖြစ်ပါသည်။ ထိုမဲဆန္ဒနယ်တွင် ပါတီလေးခုက ဝင်ရောက်ယှဉ်ပြိုင်လျှင် မဲဆန္ဒပေါင်းရှစ်သိန်းရရှိသည့် ပါတီကကိုယ်စားလှယ်လေးနေရာ၊ မဲဆန္ဒလေးသိန်းရရှိသော ပါတီကနှစ်နေရာ၊ မဲဆန္ဒပေါင်းနှစ်သိန်းစီရရှိသော ပါတီနှစ်ခုက ကိုယ်စားလှယ်နေရာ တစ်နေရာစီဟူ၍ စုစုပေါင်းရှစ်နေရာ ရွေးကောက်တင်မြှောက် ခံရမည်ဖြစ်ပါသည်။

PR စနစ်၏ အားသာချက်နှင့် အားနည်းချက်များ

PR စနစ်၏အားသာချက်များကိုဖော်ပြရလျှင် အချိုးညီမျှမှုရှိခြင်း၊ အားလုံးပါဝင်နိုင်ခြင်း၊ လူနည်းစုကိုယ်စားပြုမှုရှိခြင်း၊ မဲအလေအလွင့်ဖြစ်မှုနည်းပါးခြင်း အမျိုးသမီးကိုယ်စားလှယ်များ ရွေးကောက်ခံရရန်ပိုမိုလွယ်ကူခြင်း၊ မဲဆန္ဒနယ်နိမိတ်များ ရေးဆွဲသတ်မှတ်ရန်မလိုခြင်း (သို့မဟုတ်) နည်းပါးခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပရန်မလိုခြင်း၊ အဝေးရောက်မဲစနစ်ဖြင့် ဆန္ဒမဲပေးရန် ပိုမိုလွယ်ကူခြင်း၊ တစ်ပါတီကြီးစိုးသည့် ဒေသများဖြစ်ပေါ်မှုကို ကန့်သတ်ထားခြင်းနှင့် လာရောက်မဲပေးသူများ အရေအတွက် များပြားနိုင်ဖွယ် ရှိခြင်းတို့ပင်ဖြစ်ပါသည်။

PR စနစ်၏အားနည်းချက်များကိုဖော်ပြရလျှင် ညွန့်ပေါင်းအစိုးရများဖြစ်ပေါ်စေပြီး အစိတ်စိတ်အမြွှာမြွှာကွဲပြားနေသော ပါတီစုံစနစ်ကို ဖြစ်ပေါ်စေခြင်းဟူသော ဝေဖန်မှုများရှိခြင်းနှင့် ညွန့်ပေါင်းအစိုးရအဖွဲ့များကို ဖြစ်ပေါ်စေသဖြင့် အကျိုးဆက်အဖြစ် ဥပဒေပြုရေးကိစ္စတွင် လျော်ကန်သော မူဝါဒများချမှတ်ရန် အကျပ်အတည်း ဖြစ်စေတတ်ခြင်းတို့ ဖြစ်ပေါ်တတ်ပါသည်။

FPTP စနစ်နှင့် PR စနစ်ကို ပေါင်းစပ်ကျင့်သုံးနိုင်ရေး

တိုင်းရင်းသားလူမျိုးစုများတွင် လူဦးရေများသောအုပ်စုများ လည်းရှိသကဲ့သို့ လူဦးရေနည်းသော အုပ်စုများလည်းရှိပါသည်။ တိုင်းရင်းသားလူမျိုးစုများသော နေရာဒေသများတွင် FPTP စနစ် နှင့်သာ ရွေးကောက်ပွဲကျင်းပမည်ဆိုလျှင် တိုင်းရင်းသားမျိုးနွယ် လူနည်းစုအတော်များများသည် နိုင်ငံရေးလမ်းကြောင်းပေါ်သို့ ရောက်လာနိုင်ရန် ရာခိုင်နှုန်းအလွန်နည်းပါးသည်။ ကျွန်တော်ကျင်လည်ခဲ့သော နိုင်ငံရေးသမားဘဝအတွေ့အကြုံများအရ ပြောရ မည်ဆိုလျှင် ဥပမာအနေနှင့် ကချင်ပြည်နယ်တွင် ဂျိမ်းဖောလူမျိုးက များပြီး လီဆူလူမျိုးနှင့် ရဝမ်လူမျိုးတို့မှာ လူဦးရေနည်းပါးသည်။ ထို့အတူပင် ရှမ်းပြည်နယ်တွင် ရှမ်းလူမျိုးနှင့်ပအိုဝ်းလူမျိုးမှာ လူဦးရေများပြားသော်လည်း ဓနုလူမျိုးနှင့် အာခါလူမျိုးမှာ လူဦးရေနည်းပါးပါသည်။

ယခင် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲက ဥပမာတစ်ခု၊ နှစ်ခုကိုချပြရမည်ဆိုလျှင် ပထမဥပမာအနေဖြင့် ရှမ်းပြည်နယ်တောင်ကြီးမြို့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ NLD ပါတီကအနိုင်ရရှိခဲ့ပါသည်။ FPTP စနစ်အရ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီသည် အနိုင်ရပါတီနှင့် ဆန္ဒမဲ ၆၃၀ မဲသာ ကွာသော်လည်း ၎င်းတို့တိုင်းရင်းသားနယ်မြေတွင် အနိုင်ရရှိခဲ့ခြင်းမရှိခဲ့ပါ။

ဒုတိယဥပမာအနေဖြင့် ရှမ်းပြည်နယ် နမ့်စန်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၌ ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိခဲ့ပါသည်။ FPTP စနစ်အရ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် အနိုင်ရပါတီနှင့် ဆန္ဒမဲ ၁၈၂၃ မဲသာကွာသော်လည်း၎င်းတို့ တိုင်းရင်း သားနယ်မြေတွင် အနိုင်ရရှိခဲ့ခြင်းမရှိခဲ့ပါ။    

မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့်မတူဘဲ တိုင်းရင်းသားမျိုးနွယ် ၁၀၀ ကျော် မှီတင်းနေထိုင်နေကြသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ၎င်းတိုင်းရင်းသားအများစုသည်လည်း ပြည်နယ်များတွင် နေထိုင်ကြသည်ကသာများလေသည်။ အထက်ပါ ဥပမာနှစ်ခုမှာ FPTP စနစ်ကြောင့် တိုင်းရင်းသားနယ်မြေများတွင် တိုင်းရင်းသားကိုယ်စားပြုပါတီများ ကိုယ်စားလှယ်အဖြစ် ပါဝင်ခွင့်မရခဲ့သည့် အခြေအနေများထဲမှ အချို့ကိုသိသာနိုင်စေရန် တင်ပြခြင်းဖြစ်ပါသည်။ တိုင်းရင်းသားနယ်မြေတွင် တိုင်းရင်းသားကိုယ်စားပြုပါတီများမှ ကိုယ်စားလှယ်များလည်း ပါဝင်သင့်သည်မဟုတ်ပါလား။

အထက်ပါဖော်ပြခဲ့သော ဖြစ်စဉ်ဖြစ်ရပ်များမှ အားသာချက် အားနည်းချက်များကို ဖော်ထုတ်ကာ တိုင်းရင်းသားမျိုးနွယ်စုများပြားသော ပြည်နယ်များတွင် လူဦးရေနည်းပါးသော တိုင်းရင်းသား မျိုးနွယ်စုများ အခွင့်အရေးမဆုံးရှုံးစေရန်အတွက် ပြည်နယ်များတွင် PR စနစ်ကို ကျင့်သုံးခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ သို့မှသာ လူဦးရေနည်းသော တိုင်းရင်းသားလူနည်းစုများအနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှသည် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၊ ပြည်ထောင်စုလွှတ်တော်များ အစရှိသည့် နိုင်ငံရေးစင်မြင့်ထက်တွင် ပါဝင်လာနိုင်ခြင်းဖြင့် လက်နက်ကိုင်လမ်းစဉ်ကို မလိုက်ဘဲနိုင်ငံရေးနည်းဖြင့် ၎င်းတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆွေးနွေးမှုများ၊ တရားသဖြင့် တောင်းဆိုမှုများကို ဆောင်ရွက်လာနိုင်မည်ဖြစ်သည်။

ပြည်နယ်များတွင် တိုင်းရင်းသားမျိုးနွယ်စုများစွာ အခြေချနေထိုင်ကြပါသည်။ သို့သော် ပြည်မတွင်မူ တိုင်းရင်းသားလူမျိုး များစွာနေထိုင်သည်ကို မတွေ့ရဘဲ လူမျိုးတူများက ပါတီများစွာ ဖွဲ့စည်းထားကြသည်။ ထိုပါတီများထဲမှ စုစုစည်းစည်း ကျစ်ကျစ်လျစ်လျစ်ဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်စေရန်အတွက်လည်းကောင်း၊ အရေအတွက်ထက် အရည်အချင်းကိုဦးစားပေးရန် တစ်နည်းအားဖြင့် ပါတီအမည်ခံသော်လည်း ပါတီဝင်အင်အား ဖြစ်ဖြစ်မြောက်မြောက်မရှိသော ပါတီများစွာ အစိုးရအဖွဲ့ထဲသို့ ရောက်ရှိ လာမည့်အစား ပါတီဝင်အင်အားတောင့်တင်းခိုင်မာပြီး နိုင်ငံ့အကျိုးကို ထိထိရောက်ရောက် သယ်ပိုးဆောင်ရွက်နိုင်မည့် အရည်အချင်းနှင့် အတွေ့အကြုံများသည့်ပါတီမျိုး ပေါ်ထွန်းလာစေရေးအတွက် လည်းကောင်း ပြည်မတွင်မူ FPTP စနစ်ကို ကျင့်သုံးခြင်းက ပို၍ သင့်တော်ကြောင်း တွေ့ရှိရပါသည်။

ရွေးကောက်ပွဲကို အောင်မြင်ရေးဆောင်ရွက်နေတဲ့ နစကအစိုးရဟာ ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ကမ်းလှမ်းဖိတ်ခေါ်မှု ထုတ်ပြန်ချက်တစ်ခု ထုတ်ခဲ့ပါသေးတယ်။ ဒါကတော့ နိုင်ငံရေးပြဿနာကို လက်နက်ကိုင်နည်းလမ်းနဲ့ ဖြေရှင်းနေတဲ့ EAO တွေ၊ အကြမ်းဖက်သောင်းကျန်းသူတွေနဲ့ PDF တွေကိုပါ လက်နက်ကိုင်လမ်းစဉ်စွန့်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်း ဒါမှမဟုတ် ရွေးကောက်ပွဲလမ်းကြောင်း စတဲ့နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ ကမ်းလှမ်းဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ ဪ...အလွန်စိတ်ရှည် သည်းခံ နိုင်သော အစိုးရပါလားလို့တောင် စိတ်ထဲတွေးမိလိုက်သေးသည်။

UEC အနေဖြင့်လည်း ယခုကဲ့သို့ ရွေးကောက်ပွဲစနစ်နှစ်မျိုးကို ယှဉ်တွဲအသုံးပြုရာတွင် နည်းစနစ်ပိုင်းဆိုင်ရာ၊ နယ်မြေသတ်မှတ်ချင်းဆိုင်ရာ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ၊ မဲရေတွက်ခြင်းဆိုင်ရာများတွင် များစွာသောအခက်အခဲများ ကြုံတွေ့နိုင်လေသည်။ သို့သော် တိုင်းရင်းသားလူမျိုးပေါင်း ၁၀၀ ကျော်တို့ အခွင့်အရေးများရရှိရေး အတွက် ရည်မျှော်၍ FPTP စနစ်နှင့်အတူ PR စနစ်ကိုပါ ယှဉ်တွဲကျင့်သုံးပေးနိုင်ပါရန် ဤဆောင်းပါးမှတစ်ဆင့် တိုက်တွန်းပါသည်။

ဒီစနစ်နှစ်ခုကို ယှဉ်တွဲအသုံးပြုခြင်းဖြင့် မြန်မာ့ဒီမိုကရေစီလမ်းကြောင်းတွင် တိုင်းရင်းသားများ၏ အခွင့်အရေးများကို ပိုမိုဖော်ဆောင်ပေးနိုင်မည်ဖြစ်ပြီး ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း စာရေးသူအနေဖြင့်သုံးသပ်ရပါသည်။ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီများအနေဖြင့် UEC ၏ ထုတ်ပြန်ချက်များအရ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၅၂ ပါတီဖြစ်ပါသည်။ ယင်းပါတီများအနက်မှ ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီနှင့် မြိုတိုင်းရင်းသားပါတီတို့အား မှတ်ပုံတင်ခွင့်ပယ်ဖျက်ခဲ့သဖြင့် လက်ရှိတည်ဆဲနိုင်ငံရေးပါတီ ၅၀ ပါတီဖြစ်ပါသည်။

FPTP စနစ်နှင့်အတူ PR စနစ် ကိုပါ ယှဉ်တွဲကျင့်သုံးကြပါစို့

တပ်မတော်က အပြစ်အနာအဆာ တစ်စက်မှမရှိဘဲ မွေးဖွားသန့်စင်ပေးလိုက်သော ဒီမိုကရေစီခရီးသည် ၁၀ နှစ်သားအရွယ်တွင် နိုင်ငံ့အာဏာဆက်လက်ရယူရေးအတွက် မဲမသမာမှုကို ပြုလုပ်သော အစိုးရကြောင့် ဆက်လက်ကြီးထွား ဖွံ့ဖြိုးတိုးတက်မှုမရှိတော့ဘဲ ရပ်တန့်ခဲ့လေသည်။ ထို ၁၀ နှစ်သားကို အမည်းစက်ကင်းစင်စွာ ဆက်လက်ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေး တပ်မတော်ကဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ ပေါ်ပေါက်ခဲ့သော နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရကို အကူအညီပေးရင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

တိုင်းရင်းသားလူမျိုးပေါင်း ၁၀၀ ဖြင့် အမိမြန်မာနိုင်ငံတော်ကြီးသည် တည်ငြိမ်အေးချမ်းတိုးတက်ချမ်းသာပြီး နိုင်ငံရေးရည်မှန်းချက်ဖြစ်သည့် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုအဖြစ်ရောက်ရှိနိုင်ရေး လက်တစ်ကမ်းသာလိုပါတော့သည်။ ထိုသို့သော လက်တစ်ကမ်းအလိုက ပန်းတိုင်သို့ရောက်ရှိရန် လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲကို မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် သင့်တော်သော FPTP စနစ်နှင့် PR စနစ်ကို ပေါင်းစပ်ကျင့်သုံးနိုင်မည် ဆိုလျှင်ဖြင့် အတိုင်းထက်အလွန် တံခွန်နှင့်ကုက္ကားပမာကဲ့သို့ လိုက်ဖက်တင့်တယ်လှမည်ဖြစ်ပါကြောင်း အကြံပြုတိုက်တွန်း ရေးသားလိုက်ရပါသည်ခင်ဗျား။ ။

No comments:

Post a Comment