ခန့်ဇော်(ကျေးလက်)
(ယမန်နေ့မှအဆက်)
ဒါမှသာ သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိတဲ့ အခြေခံ အဆောက်အအုံတွေ ဖြစ်လာမှာပဲဖြစ်ပါတယ်။
ဒါကြောင့် ဆင်သေချောင်းကွင်းဆင်းတိုင်းတာစစ်ဆေးရေးအဖွဲ့ကို
စက်တင်ဘာ ၂၄ ရက်မှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ရေအရင်းအမြစ်နှင့်
မြစ်ချောင်း များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကွပ်ကဲမှုအောက်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့
အပါအဝင် ဆက်စပ်ဦးစီးဌာန ရှစ်ခုမှ အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ကွင်းဆင်းတိုင်းတာမှုများ
ပြုလုပ်နေပြီ ဖြစ်ပါတယ်။ ကြိုတင်ကာကွယ်နိုင်ဖို့ ခုကစပြန်လည်ပြင်ဆင်နေတာဖြစ်ပါတယ်။
ကြိုတင်သိရှိခဲ့ရင်
အန္တရာယ်ကို ခန့်မှန်းနိုင်မှာဖြစ်ပြီး လူ့အသက်တွေကို မသေဆုံးအောင် ကျေးရွာ အဆင့်အထိ
အိမ်တိုင်းသိအောင် အသိပေးနိုင်တဲ့စနစ်ရှိခဲ့ရင် တစ်ရက်ကြိုတင်ရွှေ့ပြောင်းနိုင်မယ်
(သို့မဟုတ်) ဖြစ်နိုင်ခြေ ကြိုပြောထားနိုင်ခဲ့လျှင် ပြင်စရာရှိတာ ကြိုတင်ပြင်ဆင်ထားနိုင်တဲ့အတွက်
ထိခိုက်မှု သက်သာနိုင်ပါတယ်။
ကျွန်တော်တစ်ဦးတည်းရဲ့အမြင်အရတော့
ယခင်နှစ်ပေါင်းများစွာကတည်းက “မိုး” ကြီးလို့ “ရေ” ကြီးလို့ဆိုပြီး ဒီဒေသတွေမှာ ယခုလို
အန္တရာယ်မဖြစ်ခဲ့ဖူးတော့ ရေကြီးနိုင်တဲ့ ချောင်းဘေးနေထိုင်သူ တွေ၊ တောင်ပေါ်၊ တောင်ခြေနေထိုင်သူတွေ
ဂရုစိုက်ကြဖို့နဲ့ အန္တရာယ်ရှိကြောင်း သတင်းမှာ ကြေညာ တာကတော့ ပြည်သူတွေအနေနဲ့ ဂရုစိုက်မှာမဟုတ်ပါဘူး။
ရွာအရောက်၊ ရပ်ကွက်အရောက်၊ အိမ်တိုင်းစေ့ အားလုံးသိအောင် အန္တရာယ်ဖြစ်နိုင်ခြေတွေကို
လော်စပီကာနဲ့ ကြေညာပြီး ပြောင်းသင့်၊ ရွှေ့သင့်၊ ပြင်ဆင်သင့်တာ ပြင်ဆင်မှရမှာဖြစ်ပါတယ်။
ပြည်သူတွေကလည်း ကြုံဖူးမှ ယုံကြတာ၊ ပြောတာလောက်နဲ့တော့ လိုက်လုပ်ကြမှာမဟုတ်ပါဘူး။
“မိုးရွာတာကွာ ဘာများထူးခြားလို့လဲ”လို့ပဲ ပြောကြမှာဖြစ်ပါ တယ်။
စက်တင်ဘာ ၁၁ ရက်
ပျော်ဘွယ်မြို့ရဲ့ စံချိန်တင်မိုးရေချိန်ဟာ (၁၀.၅၆) လက်မဖြစ်ပြီး ရမည်းသင်းမြို့ရဲ့
စံချိန်တင်မိုးရေချိန်ဟာ (၁၁.၂၂) လက်မဖြစ်လို့ နှစ်ရက်အတွင်းမိုးရေချိန်က တစ်နှစ် လုံး
မိုးရေချိန်ရဲ့ ၅၀ ရာခိုင်နှုန်းခန့်ဖြစ်နေတဲ့အတွက် မကြုံစဖူး ရေကြီးရေလျှံမှု ကြုံခဲ့ကြရတာပဲဖြစ်ပါ
တယ်။ ဒါအတွေ့အကြုံပါပဲ။ ဒီအတွေ့အကြုံကနေ သင်ခန်းစာယူပြီး ကြိုတင်ပြင်ဆင်သင့်တာ ပြင်ဆင်ကြရမှာပဲဖြစ်ပါတယ်။
မုန်တိုင်းဘယ်ကစ
နိုင်ငံရဲ့ဘယ်အရပ်မျက်နှာတွေကနေ
မုန်တိုင်းဝင်တတ်သလဲ ဘယ်လိုသက်ရောက်မှုတွေ ရှိတတ် သလဲ လေ့လာသုံးသပ်ကြရပါမယ်။ အဓိကအနေနဲ့
တောင်တရုတ်ပင်လယ်ကလာတဲ့ မုန်တိုင်းတွေကို ပြန်သုံးသပ်သင့်ပြီး ဆင့်ကဲမိုးရွာမှု၊ လာအို၊
ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံမှာဖြစ်တဲ့ ရေကြီးမှု၊ အန္တရာယ်အဆင့် သုံးသပ်မှုတွေ၊ တာချီလိတ်နဲ့
ရှမ်းပြည်နယ်တို့မှာ ဖြစ်ပွားခဲ့တဲ့အခြေအနေတွေကို သုံးသပ်ပြီး ရမည်းသင်း၊ ပျော်ဘွယ်၊
နေပြည်တော်ဧရိယာအတွင်းဖြစ်နိုင်ခြေတွေကို ပြန်သုံးသပ်ကြရ မယ်ထင်ပါတယ်။ မုန်တိုင်းဝင်ရာ
လမ်းကြောင်းတွေကတော့ ကြိုသိရင် ကြိုတင်ပြင်ဆင်ကြပေမယ့် နောက်ဆက်တွဲ မိုးကြောင့်ဖြစ်တဲ့
ရေကြီးမှု၊ မြေပြိုမှုတွေမှာတော့ ပြည်သူတွေ ကြိုတင်ပြင်ဆင်မှုနည်းကြပါတယ်။
သုံးသပ်စဉ်းစားဆောင်ရွက်ရန်များ
နေပြည်တော်ဆိုတာ
ကုန်းတွင်းပိတ်ဧရိယာလိုဖြစ်နေပြီး ပေါင်းလောင်း၊ ဆင်သေ၊ ငလိုက်စတဲ့ အမြင့်ပိုင်းဒေသ
ချောင်းတွေကလည်း မိုးတွင်းမှ/ ဆည်ရေလွှတ်မှသာ ရေရှိတော့ ပေါင်းလောင်းချောင်းမှာ ရေများချိန်
စက်လှေအနည်းငယ်သုံးလေ့ရှိတာ တွေ့ရပေမယ့် ကျန်အချိန်သိပ်မသုံးကြပါဘူး။ ဒီတော့ သဘာဝဘေးကြောင့်
ရေကြီးတဲ့ချိန်မှာ ကယ်ဆယ်ရေးလုပ်ဖို့ စက်လှေ ကန့်သတ်ချက်ရှိတာ တွေ့ရပါတယ်။ စက်လှေတစ်စင်းက
လူ (၁၀/၁၅)ယောက်ပဲ တင်နိုင်၊ ကယ်နိုင်တာဖြစ်လို့ အခေါက်ခေါက်အခါခါ သယ်ထုတ်ကြရ၊ စက်လှေတွေ
ရန်ကုန်ကနေ လှမ်းမှာယူရတော့ ထပ်အချိန်ပေးရပြန်ပါတယ်။ ကုန်းခေါင်ခေါင်လည်း ရေကြီးနိုင်တဲ့အတွက်
ကယ်ဆယ်ရေးလုပ်ဖို့ လှေတွေ အရန်သင့်ရှိနေဖို့ လိုအပ်တယ်ဆိုတာကို သတိပြုမိခဲ့ရပါတယ်။
တတ်နိုင်ရင်တော့ ဒုတိယဦးစားပေး အရန်သဘောအရ ကယ်ဆယ်ရေးလှေတွေ နေပြည်တော်၊ မန္တလေးဒေသတွေမှာလည်း
ထားရှိသင့်ကြောင်း သုံးသပ်တွေ့ရှိရပါတယ်။
ကယ်ဆယ်ရေးစခန်းတွေကိုကြည့်ရင်
စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေ ဖြစ်တာ တွေ့ရပါတယ်။ ရွာတွေမှာ စာသင်ကျောင်း၊
ဘုန်းကြီးကျောင်းတွေ အခိုင်အမာဆောက်ထားရင် အရေးပေါ် ကယ်ဆယ်ရေးစခန်းအဖြစ် အသုံးဝင်တာ
တွေ့ရပါတယ်။ စက်တင်ဘာ ၂၂ ရက်တွင် လယ်ဝေး မြို့နယ် ကွမ်းခြံရွာကို ကွင်းဆင်းစစ်ဆေးချက်အရ
လုပ်ငန်းရှင် ဦးကျော်ဆန်းရဲ့ သုံးထပ်တိုက်အိမ် မှာ Shelter သဘောမျိုး လူ ၁၆၀ ခန့် ရေဘေးကနေ
ခိုလှုံနိုင်ခဲ့တာ သိခဲ့ရပါတယ်။ အခြေခံ အဆောက် အအုံ ဖွံ့ဖြိုးမှုဟာ ဒီနေရာမှာလည်း များစွာအရေးပါ
လှပါတယ်။
စနစ်တကျ ဒီဇိုင်းရေးဆွဲပြီး
သဘာဝဘေးဒဏ် ခံနိုင်အောင် ရင်းနှီးမြှုပ်နှံတည်ဆောက်ထားတဲ့ လမ်း၊ တံတားတွေက တာပေါင်/
ချဉ်းကပ်လမ်းများလောက်သာ ပျက်စီးမှုရှိတာ တွေ့ရသလို အခိုင် အခံ့ ဆောက်ထားတဲ့အိမ်ကြီး/
အိမ်ကောင်းတွေဟာလည်း ကြံ့ကြံ့ခံကျန်ရစ်တာ တွေ့ရပါတယ်။ ရန်ပုံငွေ အနည်းအကျဉ်းမျှနဲ့
သွားဖြစ်လာဖြစ်အောင် ဦးစားပေးတည်ဆောက်ထားတဲ့ လမ်း/ တံတားတွေ၊ ငွေကြေးမတတ်နိုင်လို့
တော်သင့်ရုံတည်ဆောက်ထားတဲ့အိမ်တွေ ရေစီးနဲ့ မျောပါပျက်စီးကြတာ တွေ့ရပါတယ်။ ပျက်စီးမှုတွေအနက်
ရွှံနွံအထပ်ထပ် ဖုံးပြီး မြေပို့သွားတဲ့ လယ်မြေတွေကို နိုင်ငံတော် အစိုးရရဲ့ ဦးဆောင်မှုနဲ့
ပြန်လည်ပြင်ဆင်ပေးမှ အဆင်ပြေမယ်လို့ ယုံကြည်ပါတယ်။
သဘာဝဘေးဒဏ်
တုံ့ပြန်နိုင်စွမ်းအားကောင်းရန်…
ရရှိခဲ့တဲ့အတွေ့အကြုံအရ
သဘာဝဘေးဟူသည် မမျှော်မှန်းနိုင်တဲ့ကိစ္စရပ်တွေမှာ တစ်ခုအပါအဝင် ဖြစ်သည့်တိုင် ကြိုတင်စဉ်းစားထည့်သွင်းတွက်ချက်ရတဲ့ကိစ္စရပ်တစ်ခုလည်းဖြစ်ပြန်ပါတယ်။
ဒါ့ကြောင့် သဘာဝဘေးဆိုင်ရာအသိပညာ၊ အကာအကွယ်၊ ကြိုတင်ပြင်ဆင် ထားရှိသင့်တာတွေကို ကျယ်ကျယ်ပြန့်ပြန့်
အသိပညာပေးဆောင်ရွက်ကြဖို့ လိုအပ်သလို အခြေခံအဆောက်အအုံတွေ တည်ဆောက်ရာမှာ သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိတဲ့ဒီဇိုင်း၊
အရည်အသွေးတွေနဲ့ တည်ဆောက်ကြဖို့၊ ကျေးရွာများမှာ သဘာဝဘေးဒဏ်ရှောင်ရှား ခိုလှုံနိုင်မယ့်
Multipurpose ဘက်စုံသုံးခန်းမတွေ၊ Shelter တွေ တည်ဆောက်ထားရှိဖို့၊ သဘာဝဘေးဖြစ်ပေါ်ပါက
ခုခံကျော်လွှားနိုင်မယ့် အစီအမံတွေ ကြိုတင်စီမံထားရှိဖို့ လိုအပ်မှာဖြစ်ပါတယ်။ အရာရာမှာ
ငွေဟာ အဓိကကျတဲ့အခန်းကဏ္ဍက ပါဝင်တာဖြစ်တဲ့အတွက် ဒီလိုအစီအမံတွေ ဆောင်ရွက်ထားနိုင်ဖို့
လုံလောက်တဲ့ရန်ပုံငွေ၊ ဘဏ္ဍာငွေအရင်းအမြစ်တွေရှိဖို့ လိုအပ်သလို နည်းပညာပိုင်းကလည်း
ဖြည့်ဆည်းနိုင်ဖို့ လိုအပ်ပါ တယ်။ နိုင်ငံတော်အစိုးရတစ်ခုတည်းရဲ့ အင်အားနဲ့တင် အရာအားလုံး
လွှမ်းခြုံနိုင်ဖို့ရာ တကယ်တမ်းမှာ မလွယ်ကူလှပါဘူး။ သက်ဆိုင်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့
လိုအပ်ပါတယ်။ သို့မှသာ သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိတဲ့၊ တုံ့ပြန်နိုင်စွမ်းအားကောင်းတဲ့လူ့အဖွဲ့အစည်းတစ်ရပ်ကို
ထူထောင်နိုင်မှာဖြစ်ပြီး မြို့ပြရော ကျေးလက်ပါ ဘေးကင်း သာယာမည်ဖြစ်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါတယ်။
။
ရည်ညွှန်းကိုးကားချက်
- https://www.thehindu.com/news/international/typhoon-yagi-on-sept-
07/article 68616717
- https://
www.straitstimes.com/
asia/vietnam-estimates-damages-of-331-billion-from-typhoon-yagi
- https://www.moi.gov.mm
- https://www.myawady.net.mm
- https://www.slobodenpecat.mk
- https://au.news.yahoo.com/super-typhoon-yagi-continues-deadly-
185732757.html#

No comments:
Post a Comment