Tuesday, October 15, 2024

လူငယ်လူရွယ်များစွမ်းပကားဖြင့် သဘာဝဘေးအန္တရာယ်ကျော်လွှား

 


မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်အမျိုးမျိုး အထူးသဖြင့် ရေကြီးရေလျှံ မုန်တိုင်းအန္တရာယ်များကို မကြာခဏကြုံတွေ့လေ့ရှိသည့်နိုင်ငံဖြစ်သည်။ သဘာဝဘေးအန္တရာယ်နှင့် ရင်းနှီးပြီးသားဖြစ်၍ ကြိုတင်ပြင်ဆင်မှုမရှိဘဲ ပေါ့ပေါ့တန်တန်နေမိသည့်အခါတွင် ထိခိုက်ဆုံးရှုံးမှုများပြားပြီး ကြိုတင်ပြင်ဆင် အလေးထားစီမံခန့်ခွဲခဲ့သည့်အခါတွင် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးအခြေအနေသို့ လျှော့ချနိုင်ခဲ့သည်ကို တွေ့ရသည်။

ယခုဆယ်စုနှစ်ကာလများအတွင်း မြန်မာနိုင်ငံတွင် ကြီးမားသည့် သဘာဝ ဘေးအန္တရာယ်ဖြစ်စဉ်များနှင့် ကြုံတွေ့ခဲ့ရသည်။ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့က တိုက်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း နာဂစ်တိုက်ခတ်ခဲ့ရာတွင် မိုးလေဝသဌာနက ကြိုတင်အသိပေး သတိပေးခဲ့သော်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်မှုမရှိသောကြောင့် ထိခိုက်ဆုံးရှုံးမှု အလွန်များပြားခဲ့ သည်ကို တွေ့ရမည်ဖြစ်သည်။ ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်ခဲ့ရာတွင် ကြိုတင်အသိပေးနိုင်မှုနှင့်အတူ နိုင်ငံတော်က ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်နိုင်မှုများကြောင့် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးအခြေအနေသို့ လျှော့ချနိုင်ခဲ့သည်ကို တွေ့ရ မည်ဖြစ်သည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းက တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်း ရာဂီ၏ သက်ရောက်မှုကြောင့် စံချိန်တင်မိုးရွာ သွန်းမှုများ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် ဖြစ်ပေါ်ခဲ့ရာ လျှပ်တစ်ပြက် ရေကြီးခြင်း၊ တောင်ကျရေများ အရှိန်အဟုန်ဖြင့် စီးဆင်းခြင်း၊ တောင်ကျရေနှင့်အတူ မျောပါလာသည့် သစ်ပင်သစ်တုံး၊ ကျောက်တုံးကျောက်ခဲ၊ နုန်းအနည်အနှစ်များ ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုးခုတွင် လူဦးရေ တစ်သန်းနီးပါး ရေဘေး အန္တရာယ်ကြုံတွေ့ခဲ့ရာ သေဆုံး/ပျောက်ဆုံးသူဦးရေ ၅၂၀၊ သေဆုံးသည့်တိရစ္ဆာန် တစ်သိန်းရှစ်သောင်းကျော်၊ စပါးနှင့် သီးနှံစိုက်ဧက ခုနစ်သိန်းကျော်နှင့် လမ်းတံတား စသည့် အခြေခံအဆောက်အအုံများစွာ ပျက်ဆီးဆုံးရှုံးခဲ့ရသည်။

ပြီးခဲ့သည့်စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံ မြေပြိုမှု သဘာဝဘေးအန္တရာယ်သည် ကြိုတင်ပြင်ဆင်ရှောင်ရှားနိုင်မှု မပြုလုပ်နိုင်သဖြင့် ထိခိုက်ဆုံးရှုံးမှု များပြားခဲ့သည်။ သဘာဝဘေးအန္တရာယ်၏ သဘောသဘာဝအရ လုံးဝမဖြစ်အောင် ကာကွယ်တားဆီးနိုင်စွမ်းမရှိသဖြင့် ဖြစ်ပွားလာသည့်အခါတွင် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် စီမံဆောင်ရွက်ကြရသည်။ သဘာဝဘေး အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် နိုင်ငံတကာသဘာဝဘေးအန္တရာယ် အတွေ့ အကြုံများရှိသည့် ပြည်တွင်းပညာရှင်ကြီးများဦးစီးပြီး ဘေးအန္တရာယ်ပြမြေပုံနှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေပြမြေပုံ ရေးဆွဲပြုစု ဆောင်ရွက်နေပြီဖြစ်သည်။

ယခုနောက်ဆုံးဖြစ်စဉ်နှင့်ပတ်သက်၍ ၂၀၁၅ ခုနှစ်က ဖြစ်ပေါ်ခဲ့သည့် ကလေး မြို့ မြစ်သာမြစ် ရေလွှမ်းမိုးမှုဖြစ်စဉ်ကိုသင်ခန်းစာယူပြီး အကြံပြုချက်များ ပေါင်းစပ် ဆောင်ရွက်လျက်ရှိသည်။ သဘာဝဘေးအန္တရာယ် လျှော့ချလျော့ပါးရေးအတွက် ဆောင်ရွက်ရာတွင် အချို့ကဏ္ဍများ၌ ငွေကြေးအရင်းအနှီး၊ လူသားအရင်းအမြစ် များစွာလိုအပ်သည်။ အရေးပါပြီး တန်ဖိုးဖြတ်၍မရနိုင်သည့် အရင်းအမြစ်တစ်ခုမှာ နိုင်ငံအတွင်း အားကောင်းစွာရှိနေသည့် စေတနာရှင်များ၊ လူငယ်လူရွယ်များပင် ဖြစ်သည်။ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ ကမ္ဘာ့ မူဘောင်ဖြစ်သည့် ဆန်ဒိုင်းမူဘောင် ၂၀၁၅-၂၀၃၀ နှင့် အညီ အကောင်အထည် ဖော်ဆောင်ရွက်ရန်နှင့် လူငယ်လူရွယ်များအားလုံးပါဝင်သည့် ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ အလေ့အထယဉ်ကျေးမှုဖြစ်ထွန်းအောင် ဆောင်ရွက် ကြရမည်ဖြစ်သည်။

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အခမ်းအနားကို အောက်တိုဘာလ ၁၃ ရက်နေ့က နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ရာ ယခု ၂၀၂၄ ခုနှစ် သဘာဝဘေးအန္တရာယ် ကြံ့ကြံ့ခံရင်ဆိုင်နိုင် ရေးတွင် အဓိကကျသည့် မျိုးဆက်သစ်များ၏ စွမ်းဆောင်ရည် တိုးတက်မြင့်မားစေရန် ရည်ရွယ်ပြီး ချမှတ်ထားသည့် “အနာဂတ်မှာ ကြံ့ကြံ့ခံနိုင်ဖို့၊ မျိုးဆက်သစ်တို့ စွမ်းအားမြှင့်တင်စို့” ဆောင်ပုဒ်သည် ယနေ့ လူငယ်လူရွယ်များအနေဖြင့် ကမ္ဘာတစ်ဝန်း၌ ရင်ဆိုင်ကြုံတွေ့နေရသော သဘာဝဘေးအန္တရာယ် အမျိုးမျိုးတို့ကြောင့် ထိခိုက်ခံစားနေရမှုများ လျှော့ချရေးလုပ်ငန်းစဉ်များတွင် တစ်တပ်တစ်အား ပါဝင် ဆောင်ရွက်နိုင်ရန် တိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်သည်။

မျက်မှောက်ကမ္ဘာကြီးတွင် လူဦးရေတစ်နေ့တခြား တိုးပွားလာသည်နှင့်အတူ စီးပွားရေးလုပ်ငန်းများ ချဲ့ထွင်လာမှု၊ ကမ္ဘာ့အပူချိန်မြင့်မားလာမှု၊ ရာသီဥတုပြောင်းလဲ လာမှု၊ သစ်တောသစ်ပင်များ ပြုန်းတီးလာမှု စသည့်အကြောင်းများကြောင့် သဘာဝ ဘေးအန္တရာယ်များ တစ်နှစ်ထက်တစ်နှစ် တိုးတက်ဖြစ်ပေါ်လာရာ ဆိုးရွားပြင်းထန် သည့်သက်ရောက်မှုများကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျှော့ချနိုင်အောင် ကဏ္ဍ အလိုက် လုပ်ငန်းစဉ်များတွင် လူငယ်လူရွယ်များအားလုံး၏စွမ်းပကားဖြင့် ထိရောက်စွာ ဆောင်ရွက်နိုင်အောင် ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment