Saturday, October 19, 2024

လူသားအရင်းအမြစ်ကို အခြေခံသည့် စီးပွားရေးစနစ်ဆီသို့ . . .


အေးချမ်းသူ

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်မှာ လူသားတစ်ဦးချင်းစီ၏ အသက်သွေးကြောဖြစ်သည့် ပညာရေးပင်ဖြစ်ပေရာ နိုင်ငံ၏ပညာရေးစနစ်ကို ဦးစားပေးကဏ္ဍအဖြစ် အလေးပေးလုပ်ဆောင်လာနေကြသည်။ပညာသမာ အာဗာနတ္ထိ - ပညာနှင့်တူသော အလင်းရောင်သည်မရှိဟု ဆိုထားပေရာ စာပေသည်လူသားတိုင်း၏ မီးရှူးတန်ဆောင်အလင်းရောင်ပင် ဖြစ်ပေသည်

ပညာသည် လူသားတိုင်း၏ ကိုးကွယ်ရာ၊ ဆည်းပူးရာဖြစ်သဖြင့် ကမ္ဘာ့နိုင်ငံများတွင် ပညာရေးအနှစ်သာရကို ယုံကြည်အားကိုးကာ လူသားတို့၏ အသိပညာ၊ အတတ်ပညာများဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လာခဲ့ကြသည်။ ကမ္ဘာ့နိုင်ငံများနည်းတူ မိမိတို့နိုင်ငံတွင်လည်း ကလေးသူငယ်များ၏ ပညာရေးစနစ်ကို အဆင့်မြှင့်တင်လာရုံမျှမက စာမတတ်သူပပျောက်ရေးနှင့် လူတိုင်း စာအုပ်စာပေများကို အလွယ်တကူ ဖတ်ရှုလာနိုင်စေရန် အလေးပေးလုပ်ဆောင်လာလျက်ရှိသည်။ တစ်ဖက်ကလည်း တိုးတက်လာသည့် အိုင်တီနည်းပညာခေတ်ကြီးတွင် အသိပညာဗဟုသုတရှာမှီးရာနေရာများစွာ၊ အခွင့်အလမ်းများစွာ ရရှိလာနေပြီဖြစ်သည်။

တိုင်းပြည်တစ်ပြည်အတွက် ကောင်းမွန်သောအနာဂတ်ကို ထုဆစ်ပုံဖော်နိုင်ရန်မှာ မျိုးဆက်သစ် လူငယ်လူရွယ်လေးများအပေါ်တွင် များစွာမူတည်လျက်ရှိပေသည်။ လူငယ်လူရွယ်များအား အနာဂတ်ကို ပံ့ပိုးပုံဖော်နိုင်ရန်အတွက် မှန်ကန်တည့်မတ်သော အသိပညာများ ဖော်ဆောင်ပေးကြရပေလိမ့်မည်။ ထိုသို့ပေးနိုင်ရန်မှာ ပညာရေး၏အခန်းကဏ္ဍသည် အခြေခံကျသည့်အုတ်မြစ်ပင် ဖြစ်ပေသည်။

ယင်းအပြင် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်ဆိုသည်မှာ ထိုနိုင်ငံတွင်နေထိုင်သည့် နိုင်ငံသား တစ်ဦးတစ်ယောက်ချင်းစီ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ပေသည်။ ထိုကဲ့သို့ တိုးတက်ရန်မှာ လူတစ်ဦးချင်းစီ၏ အသိပညာ၊ အတတ်ပညာစွမ်းအားများ မြင့်မားနေမှသာ ရပေလိမ့်မည်။ အသိပညာ၊ အတတ်ပညာများ မြင့်မားနေရန်မှာ စာပေဖတ်ရှုမှုမှတစ်ဆင့်သာ ရရှိလာနိုင်ပါမည်။

စာအုပ်စာပေ လူ့မိတ်ဆွေဟု ဆိုထားပေရာ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ မွေးမြူသင်ယူသင့်ပေသည်။ စာဖတ်ခြင်းသည် အသက်အရွယ်မရွေး၊ လူတန်းစားမရွေး ဖတ်ရှုနိုင် သဖြင့် အသိပညာ၊ ဗဟုသုတများကိုရှာမှီးပြီး မိမိတို့၏ လူမှုစီးပွားဘဝများကို ဖန်တီးပုံဖော်ရာတွင် အသိပညာဖြင့် လုပ်ဆောင်သွားမည်ဆိုလျှင် ကျရောက်လာနိုင်သည့် အခက်အခဲအမျိုးမျိုးကို ကျော်လွှားအောင်မြင်နိုင်မည်ဖြစ်သည်။

လူတိုင်း စာတတ်မြောက်စေရန်ရည်ရွယ်၍ စာတတ်မြောက်ရေးလှုပ်ရှားမှုအဖြစ် ၁၉၆၄ ခုနှစ်မှ စတင်ကာသုံးလုံး သင်ကြားရေးနည်းလမ်းများဖြင့် လုပ်ဆောင်ခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် စာတတ်မြောက်ရေးကြီးကြပ်မှု ဗဟိုကော်မတီကိုဖွဲ့စည်းပြီး တော်လှန်ရေးကောင်စီနှင့် ပြည်သူတို့ လက်တွဲကာ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ စာတတ်မြောက်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ ထိုကဲ့သို့ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများ၏ အကျိုးရလဒ်အဖြစ် ၁၉၇၁ ခုနှစ်တွင် ယူနက်စကိုအဖွဲ့က ချီးမြှင့်သည့် မိုဟာမက်ထရီဇာပါလာဗီဆုနှင့် ၁၉၈၃ ခုနှစ်တွင် ယူနက်စကိုအဖွဲ့ကြီးက ထပ်မံချီးမြှင့်ခဲ့သည့် နိုမာဆုကို ရရှိခဲ့ပါသည်။

အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှုကို ၂၀၁၃ ခုနှစ်တွင် ပြည်နယ်ငါးခုရှိ မြို့နယ်ကိုးမြို့နယ်မှ စာမတတ်သူဦးရေ ၂၂၄၁၇ ဦးအား တက္ကသိုလ် ၁၀ ခုမှ လုပ်အားပေး ကျောင်းသား ကျောင်းသူ ၁၉၈၅ ဦးတို့ဖြင့် စတင်သင်ကြားစေခဲ့ရာမှ နှစ်အလိုက် မြို့နယ်၊ စာပေသင်ယူသူဦးရေ၊ စာသင်ဝိုင်း၊ သင်ကြားသင်ယူသူဦးရေတို့ကို တိုးမြှင့်သင်ကြားစေခဲ့ပါသည်။            

ယခုနှစ် အောက်တိုဘာ ၉ ရက်တွင်လည်း နေပြည်တော် ရှစ်မြို့နယ်တွင် စဉ်ဆက်ပညာရေး လုပ်ငန်းကို အမျိုးသားရေးအသွင် လုပ်ဆောင်နိုင်စေရန် ဒေသတွင်း အခြေခံစာတတ်မြောက်မှုနှုန်းတိုးတက်ရေးနှင့် လူမှုဘဝမြင့်မားလာစေရေးတို့အတွက် နေပြည်တော် ရှစ်မြို့နယ် စဉ်ဆက်ပညာ ရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။ စာသင်သားဦးရေ ၅၄၁ ဦး၊ ဒေသန္တရစေတနာ လုပ်အားပေးနည်းပြ ၉၄ ဦးနှင့် ကြီးကြပ်သူ ၁၃ ဦး တို့က စာသင်ဝိုင်း ၄၇ ဝိုင်းဖြင့် သင်ကြားရေးကာလ ရက်ပေါင်း ၉၀ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် () ရပ်အနက် လူမှုရေးကဏ္ဍတွင် တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေးဟူသည့် ဦးတည်ချက်ကို အကောင်အထည်ဖော်နိုင်ရန် ကျောင်းသင် ပညာရေးကဏ္ဍအပြင် ကျောင်းပြင်ပပညာရေးကဏ္ဍများဖြင့်ပါ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အနာဂတ်နိုင်ငံတော်အတွက် ကောင်းမွန်သော အမျိုးသားပညာရေးစနစ်ကို အကောင်အထည် ဖော်ဆောင်မှုအဖြစ် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်စွဲဖြင့် အမျိုးသားပညာရေးဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ယင်းအပြင် ပညာရေးကဏ္ဍကို မြှင့်တင်အကောင်အထည်ဖော်နိုင်ရန်အတွက် အနှစ် (၃၀) နှစ်ရှည်စီမံကိန်းများချမှတ်ကာ ဆောင်ရွက်စေလျက်ရှိသည်။

ထို့ပြင် လူတိုင်းစာဖတ်သည့် အလေ့အထများ ရှင်သန်လာစေရန်နှင့် ကျေးလက်၊ မြို့ပြကွာဟမှု မရှိစေဘဲ လူတိုင်းစာပေဖတ်ရှုနိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူ့စာကြည့်တိုက်များအပြင် ကျေးရွာများအရောက် စာကြည့်တိုက်များ ဖွင့်လှစ်ပေးခြင်း၊ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ပြည်သူများလက်ဝယ်အရောက် စာအုပ်များငှားရမ်းပို့ဆောင် စေခြင်းအပြင် အခြေခံပညာကျောင်းများတွင် အသိပညာဗဟုသုတများ တိုးပွားစေမည့် နံရံကပ် စာစောင်များ ဖွင့်လှစ်ပြသစေခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ဤကဲ့သို့ နိုင်ငံတော်မှပညာရေးကဏ္ဍကို အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ ပြည်သူများ အသိပညာ၊ အတတ်ပညာများတိုးပွားစေရန် ဘက်ပေါင်းစုံမှ မြှင့်တင်ဖော်ဆောင်လျက်ရှိရာ နိုင်ငံ့တာဝန်ကို ကျရာအခန်းကဏ္ဍမှ ပခုံးပြောင်းထမ်းဆောင်ကြရမည့် လူငယ်လူရွယ်များအနေဖြင့်လည်း ဗလငါးတန်နှင့် ပြည့်စုံသော လူတော်လူကောင်းလေးများ ဖြစ်လာစေရန် စွမ်းစွမ်းတမံကြိုးစားသွားကြရပေမည်။ ကျောင်းတွင်းပညာရေးသာမက ကျောင်းပြင်ပပညာရေးကိုပါ ဆည်းပူးလေ့လာပြီး ဘက်စုံထူးချွန်သည့် လူရည်မွန်လေးများဖြစ်စေရန် လေ့လာကြိုးစားသွားကြရပေမည်။ ပြည်သူများကလည်း စာဖတ်သည့် အလေ့အကျင့်ကောင်းများ လေ့ကျင့်သင်ယူစေခြင်းဖြင့် ဆင်ကန်းတောတိုးအဖြစ်မျိုးမကြုံစေဘဲ စဉ်းစားဆင်ခြင် တွေးခေါ်မြော်မြင်နိုင်သည့် အသိဉာဏ်ပညာများ ရရှိပိုင်ဆိုင်နိုင်လိမ့်မည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရလျှင် ဗဟုသုတရှာမှီးရာ နေရာတစ်ခုဖြစ်သည့် ပြည်သူ့စာကြည့်တိုက်များ ပိုမိုဖွံ့ဖြိုးစည်ပင်လာစေရန် စာကြည့်တိုက်များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းဖြင့်လည်း ကောင်း၊ ပြည်သူများစာဖတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူစေခြင်းဖြင့်လည်းကောင်း၊ ကျောင်းသားလူငယ်များ စာပေဖတ်ရှုသည့် အလေ့အထများ စွဲမြဲနေစေရန် မွေးထုတ်ပေးစေခြင်း အပြင် ကျောင်းစာကြည့်တိုက်များကို ဖြည့်ဆည်းပံ့ပိုးစေခြင်းအားဖြင့်လည်းကောင်း သဘာဝ သယံဇာတကို အခြေခံသည့် စီးပွားရေးစနစ်မှ လူသားအရင်းအမြစ်ကိုအခြေခံသည့် စီးပွားရေးစနစ် (ပညာကို မဏ္ဍိုင်ပြုသည့်စနစ်) သို့ ကူးပြောင်းနိုင်မည်ဖြစ်သည်။

စာပေသည် ပြည်သူများ၏ အသိဉာဏ်ရှိမှု၊ ဗဟုသုတပြည့်စုံကြွယ်ဝမှု၊ အတွေးအခေါ် ဆင်ခြင်တုံတရား ထက်မြက်မှုရှိရုံမျှမက နိုင်ငံချစ်စိတ် စသည့်အမျိုးသားရေးစိတ်ဓာတ်များကို နိုးကြားတက်ကြွစေ့ဆော်ပေးရာရောက်သဖြင့် လူငယ်မောင်မယ်လေးများမှသည် ကြီးငယ်မဟူ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများကို မွေးမြူသင်ယူစေပြီး လူတိုင်းစာတတ်မြောက်ရေး အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြ ပါစေကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။ ။

No comments:

Post a Comment