စာဖတ်ပရိသတ်တစ်ဦး
ရန်ကုန်မိုးက ထုံးစံအတိုင်း လင်းရာမှ ရုတ်ခြည်းမည်းမှောင်လာကာ ရွာချလေတော့သည်။ သည်နေ့မနက် ရာသီဥတုက သာသာယာယာ၊ လင်းလင်းကျင်းကျင်းဖြစ်၍ ပန်းဆိုးတန်းစာအုပ်အဟောင်းတန်းဘက်သွားပြီး စာမြည်းထိုင်ဖတ်မည်၊ ကြိုက်တာတွေ့လျှင် တစ်အုပ်၊ နှစ်အုပ်ဝယ်မည်ဟု စိတ်ကူးနှင့် ထွက်လာပါမှ မိုးနှင့်တိုးတော့သည်။ သို့နှင့် နီးစပ်ရာ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် လက်ဖက်ရည်သောက်ရင်း ခေတ္တဝင်နားခိုရတော့သည်။
မိုးစက်မိုးပွင့်များကြားမှ
ပန်းဆိုးတန်းစာအုပ်အဟောင်းအရောင်းဆိုင်လေးများကို ကျွန်တော် ငေးမောကြည့်မိသည်။ စာအုပ်အဟောင်းဆိုင်များဟုဆိုရသော်လည်း
ဘာသာရပ်ဆိုင်ရာ စာအုပ်မျိုးစုံ၊ ရှားပါးစာအုပ်မျိုးစုံကို ရရှိနိုင်ပါသည်။ သို့ဖြင့်
ဥပဒေပညာရှင်များကလည်း ဥပဒေရပ်ဆိုင်ရာ စာအုပ် စာတမ်းများကို လာရောက်ရှာဖွေဝယ်ယူလေ့ရှိကြသည်။
ရဟန်းသံဃာတော်အချို့ကလည်း ဘာသာ ရေးဆိုင်ရာ စာအုပ်များကို လာရောက်ဝယ်ယူလေ့ရှိကြသည်။
စာအုပ်များကလည်း မျိုးစုံလှသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးစသည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ
စာအုပ်များ၊ ကျန်းမာရေး၊ အားကစား၊ နိုင်ငံရေး၊ ဘာသာရေး၊ သမိုင်း၊ သုတ ရသစာအုပ်မျိုးစုံလှသည်။
အင်္ဂလိပ်စာအုပ်စာတမ်း များ သီးသန့်ရောင်းချသည့်ဆိုင်များလည်းရှိ၍ တစ်ခါတစ်ရံ ကမ္ဘာလှည့်ခရီးသွားတချို့ကိုလည်း
တွေ့ရတတ်သည်။
စာဖတ်ပရိသတ်တစ်ဦးအနေဖြင့်
ဆယ်စုနှစ်ပေါင်းများစွာ ကျင်လည်ကျက်စားခဲ့ရသည့် စာအုပ် အဟောင်းတန်းလေးကို ကျွန်တော်သံယောဇဉ်ဖြစ်ရသည်။
စာအုပ်စာပေများ စုဆောင်းတတ်သည့် အချိန်မှစ၍ ဒီပန်းဆိုးတန်းစာအုပ်အဟောင်းဆိုင်များမှ
အများဆုံးဝယ်ယူဖြစ်ခဲ့ပါသည်။ ဆရာ မောင်ဝံသ၏ နစ်ဆင်၊ ဟင်နရီကစ်ဆင်ဂျား၊ ကစ်ဆင်ဂျား၏
အိမ်ဖြူတော်နှစ်များ၊ ကစ်ဆင်ဂျား ၏ ကသောင်းကနင်းနှစ်များ၊ သမ္မတ အန်ဝါဆဒတ်၊ မိုရှေဒါယန်း
စသည့် နိုင်ငံရေးအတ္ထုပ္ပတ္တိစာပေများ၊ အောင်သန်း၏ အောင်ဆန်း၊ အောင်ဆန်းမိသားစုစသည့်
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ အတ္ထုပ္ပတ္တိစာပေများ၊ မိုးကုတ်ဆရာတော်ကြီး၏
သစ္စာလေးပါးတရား စာပေအတွဲ များ၊ သော်တာဆွေစာအုပ်များ၊ ဗိုလ်တာရာ၏ မုဆိုးစာပေများ၊ တစ်ခေတ်တစ်ခါက
ရွှေသွေးဂျာနယ် များ၊ ပါတီစာနယ်ဇင်းကထုတ်ဝေသည့် နိုင်ငံတကာဂျာနယ် နှစ်ချုပ်အတွဲများ
စသည် စသည်ဖြင့်။
လွန်ခဲ့သည့်ဆယ်စုနှစ်များက
စာအုပ်ဈေးနှုန်းကလည်း ယခုခေတ်လို ဈေးမကြီးလှသေး၊ ကျွန်တော် တို့လို စာဖတ်ဝါသနာရှင်များနှင့်
လက်လှမ်းတမီဖြစ်၍ စာအုပ်အတော်များများ ဝယ်ယူစုဆောင်း ဖြစ်ခဲ့ပါသည်။ မှတ်မိသေးသည်။ မဟာစည်ဆရာ
တော်ဘုရားကြီး၏ “ပုရာဘေဒ”နှင့် “မာလုကျပုတ္တ” သုတ် တရားစာအုပ်များဆိုမူ ငွေကျပ် ၂၀
သာ ပေးခဲ့ရသည်။ သခင်တင်မြ၏ “ဘုံဘဝမှာဖြင့်” မူရင်း စာအုပ်အထူကြီးကိုလည်း ဈေးနှုန်းသက်သာစွာ
ရရှိခဲ့သည်။ စာအုပ်ကြီးမှာ အတွင်းစာရွက်စာသား များ ကောင်းသော်လည်း အဖုံးမပါရှိ၍ ဝယ်ပြီးပြီးချင်း
စာအုပ်ဆိုင်တွင် ခန့်ချုပ်ပြန်ချုပ်ခိုင်းခဲ့ရပါ သည်။ သခင်တင်မြ၏ ဘုံဘဝမှာဖြင့် စာအုပ်ကို
လူငယ်ဘဝက ရပ်ကွက်စာအုပ်အငှားဆိုင်တွင် ငှားဖတ်ခဲ့ဖူးသည်။ ဝတ္ထုစာအုပ်ဆိုက် ဆဋ္ဌမအတွဲအထိရှိသည်။
တတိယတွဲမရှိ၍ ကျော်ဖတ်ရှုခဲ့ရ သည်။ ယခုလုံးချင်းစာအုပ်အထူကြီးကို တစ်ပေါင်းတည်း ဖတ်ရှုရရုံမက
သပ်သပ်ရပ်ရပ် ခံ့ခံ့ထည်ထည်ချုပ်ပြီး ဖတ်ရှုရသဖြင့် အတော်ပီတိဖြစ်ရသည်။
စာပေဝါသနာရှင်
စာဖတ်သူများအနေဖြင့် စာပေဖတ်ရှုရာတွင် တတ်နိုင်လျှင် မူရင်းပထမ အကြိမ်ထုတ်စာအုပ်များကိုသာ
ဖတ်ရှုချင်ကြသည်။ ဝယ်ယူစုဆောင်းလိုကြသည်။ ကျွန်တော်သည်လည်း ဒုတိယအကြိမ်၊ တတိယအကြိမ်ထုတ်စာအုပ်များနှင့်ယှဉ်လျှင်
မူရင်းပထမအကြိမ်ထုတ် စာအုပ်များကို ပို၍မက်မောပါသည်။ ဥပမာဆိုရလျှင် ဆရာ မောင်ဝံသ၏ နိုင်ငံရေးအတ္ထုပ္ပတ္တိစာအုပ်များဆိုလျှင်
ပထမအကြိမ်ထုတ်ဝေစဉ်က မျက်နှာဖုံး၊ အတွင်းခဲစာလုံးလက်ရာများကို မျက်စိထဲစွဲနေ၍ ဒုတိယအကြိမ်၊
တတိယအကြိမ်ထုတ် စာအုပ်များ ကား ခံတွင်းမလိုက်သလို ခံစားရပါသည်။
သို့နှင့် ဝဏ္ဏသီရိ၏
အဋ္ဌမအကြိမ်ထုတ် “ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း” ပထမတွဲ၊ ဒုတိယတွဲကို ဝယ်ယူပြီးသည့်တိုင်
တစ်တွဲလျှင် ငွေကျပ် ၆၀ စီဖြင့် ပထမဦးဆုံး ဝယ်ယူဖတ်ရှုခဲ့ဖူး သည့် ၁၉၈၉ ခုနှစ် ဩဂုတ်လ
တတိယအကြိမ်ထုတ် စာအုပ်ကို စိတ်ထဲစွဲနေ၍ ပန်းဆိုးတန်းစာအုပ် အဟောင်းဆိုင်တွင် ထပ်မံဝယ်ယူဖြစ်ခဲ့ပါသည်။
စာပေဝါသနာရှင်အချင်းချင်းဆိုမူ ထိုဝါသနာ၊ ထိုခံစားချက်မျိုးကို နားလည်ကြပါလိမ့်မည်။
စာအုပ်အဟောင်းဆိုင်လေးများကို
ငေးရင်း အဘယ်မျှကြာအောင် ငေးမောတွေးတောနေမိသည် မသိ၊ မိုးပင်တိတ်သွားခဲ့ချေပြီ။ စာအုပ်အဟောင်းဆိုင်
အချို့လည်း စာအုပ်များ မိုးမစိုစေရန် အုပ်ထားသည့် ပလတ်စတစ်မိုးကာများကိုဖွင့်၍ ဆိုင်ပြန်ခင်းနေကြချေပြီ။
ဆိုင်တစ်ဆိုင်အရောက်တွင်
ငွေကျပ် ၁၅၀၀ တန် စာအုပ်ပုံများအတွင်းမှ စာအုပ်တစ်အုပ်ကို စိတ်ဝင်စား၍ ကောက်ယူမြည်းစမ်းကြည့်မိသည်။
စာအုပ်က မိုးဂျာနယ်ပါဆောင်းပါးများကို ပြန်လည် စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။ မောင်စူးစမ်း၊
ကျော်ဝင်း၊ ဒဂုန်တာရာ၊ လူထုစိန်ဝင်း၊ ဒေါက်တာ သန်းထွန်း စသည့် နာမည်ကျော်စာရေးဆရာကြီးများ၏
နိုင်ငံတကာနှင့် စာပေယဉ်ကျေးမှု အနုပညာ၊ နိုင်ငံတကာလူမှုစီးပွား၊ လူမှုဗေဒ၊ ဓမ္မနှင့်
ပညာ၊ သုတေသနဆိုင်ရာ ဆောင်းပါးများ ပါရှိသည်။
ဆရာစိုးရိမ်၏
“ဆူနာမီနှင့် ချစ်သောကမ္ဘာ” အက်ဆေးဆောင်းပါးတွင် “ကျွန်တော်တို့က ဇက်ကြိုးတပ်ခိုင်းစေနိုင်ပြီဟု
မော်ကြွားလေ့ရှိသော သဘာဝတရားက လက်မကလေးထောင်၊ ပခုံးလေး တွန့်ပြ၍ ‘ဘယ့်နှယ်ရှိစ’ဟု ပြုံးခနဲလုပ်ပြသည်မျိုး
ကြုံဖူးကြမည်ထင်ပါသည်။
လူသားတို့အတွက်
ဝမ်းစာရှာရာဖြစ်သော၊ သဘာဝလမ်းမကြီးဟုလည်း ဆိုနိုင်သော၊ စိတ် ကြည်နူးရင်ခုန်ဖွယ်ရာများကိုလည်း
ဖန်တီးပေးသော သမုဒ္ဒရာထက်မှ လှိုင်းဘီလူးကြီး ခုန်ထွက်လာရာ၊ ချစ်လှစွာသော အနှီသမုဒ္ဒရာကြီးသည်ပင်
အကြင်နာကင်းသော လူသတ်ကောင်ကြီး ဖြစ်သွားရတော့သည်။ စုမတ္တရာမှ ဆိုမာလီယာအထိ လူ့အသက်ပေါင်းများစွာမှာ
လျှပ်တစ်ပြက်အတွင်းမှာပင် ပျောက်ချင်းမလှ ပျောက်ကွယ်သွားရတော့သည်။ လူ့အသက်၏ အထိမခံ
ရွှေပန်းကန်သဘောကို အချိန်တိုအတွင်း ပညာပေးလိုက်သော မဟာကပ်ဘေးကြီး တစ်ခုဖြစ်ပါသည်”
စသည်ဖြင့် ဖတ်ရတော့ ၂၀၀၄ ခုနှစ်က ဖြစ်ပွားခဲ့သော အာရှဆူနာမီ သဘာဝ အန္တရာယ်ကပ်ဘေးဆိုးကြီးကို
ပြန်ပြောင်းအမှတ်ရမိသလို မျက်မှောက်ကာလတွင်လည်း ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုဖြစ်စဉ်နှင့်အတူ
မကြာခဏဖြစ်ပွားလာသော သဘာဝကပ်ဘေးကြီးများအပေါ် သတိပြုဆင်ခြင်စရာဖြစ်ရသည်။
ဆရာကြီး ဒဂုန်တာရာက
“ဇော်ဂျီမင်းသုဝဏ် ဌေးမြိုင်” ဟူသော ခေါင်းစဉ်ဖြင့်ရေးဖွဲ့သည့် စာပေ ဆိုင်ရာဆောင်းပါးတွင်မူ
“၁၉၃၀ ဝန်းကျင်ကာလက တက္ကသိုလ်ပရိဝုဏ်တွင် ခေတ်စမ်းစာပေ စတင် မွေးဖွားလှုပ်ရှားသောကာလ။
စာပေသစ်ကတော့ ၁၉၄၉-၅၀ ပတ်ဝန်းကျင် စာပေသဘောတရားများ ငြင်းခုံနေသောကာလ။ ကမ္ဘာတစ်ဝန်းတွင်လည်း
စစ်အေးစတင်သောအချိန်၊ ဆရာတို့သည် နိုင်ငံရေး သဘောများပါသော ရိုက်ခတ်မှုကို စာရေးဆရာအသင်းတွင်
တွေ့ကြုံခံစားရသောအခါ စိတ်ပျက် သွားကာ နောင်တွင် စာရေးဆရာအသင်း အစည်းအဝေးများသို့ မတက်တော့။
ကျွန်တော်ကတော့ နားလည်သည်။
၂၀ ရာစု၏အစသည်
မြန်မာခေတ်ပေါ်စာပေ၏ အစပင်ဖြစ်သည်ဟု ကျွန်တော်အကဲဖြတ်သည်။ ခေတ်စမ်းစာပေသည် ခေတ်ပေါ်စာပေ၏
ကဏ္ဍများ ရှိသည့်အနက် တစ်ကဏ္ဍဖြစ်သည်။ သူ့ကဏ္ဍနှင့်သူ။ ကျွန်တော်တို့ သမိုင်းခေတ်များကို
ဖြတ်သန်းလာကြရသည်။ ဖြတ်သန်းသည့်အရွယ်၊ အခြေအနေ၊ ယဉ်ကျေးမှုနောက်ခံကား စသည်တို့ကတော့
တူချင်မှ တူမည်။ သူတို့သည် မိမိဖြတ်သန်းလျက်ရှိသော သမိုင်းခေတ်ခံစားမှုကို သူတို့၏
စာပေ၊ ကဗျာ၊ စကားပြေတို့ဖြင့် တုံ့ပြန်ကြစမြဲ။
သူတို့နှစ်ဦး၏
အဖွဲ့အနွဲ့ကတော့ တစ်ဦးနှင့် တစ်ဦးမတူ။ ဆရာ ‘ဝဏ်’က ချိုသာပြေပြစ်သော ကာရန်စနစ်ဖြင့်
ဖွဲ့တတ်သူ၊ ဆရာဇော်ဂျီက ဝတ္ထု ရှည်ကဲ့သို့ ဘဝကိုအတွေးဆန်ဆန် ဒဿနဟန်ဖြင့် ဖွဲ့သီသည်။
ခေတ်ပေါ် စာပေရေစီးကြောင်းအတွက်
ကျွန်တော်တို့သည် တစ်ယောက်နှင့် တစ်ယောက် အခင်အမင်မပျက်ကြ။ စာပေအကြောင်းပြောရလျှင်
မမောနိုင်၊ စာပေအချစ်နှင့် လူသားအချစ်တို့သည် ရောစပ်နေသည်မဟုတ်ပါလား။” စသည်ဖြင့် ရုပ်ပုံလွှာအဖွဲ့အနွဲ့
ရေးဟန်ကဲ့သို့ပင် တို့ထိခြယ်မှုန်းခဲ့ပါသည်။
စူပါတို့၏ နေဝင်ချိန်နှင့်
နေထွက်ချိန်ဆောင်းပါး တွင် “၂၁ ရာစုအကြိုကာလက ပညာရှင်များနှင့် ပေါ်လစီမိတ်ကာများကြား
အလေးထားလေ့လာကြရသော သမိုင်းကျမ်းကြီးတစ်စောင် ထွက်ခဲ့ဖူးသည်။ ယေး(လ်)တက္ကသိုလ်၊ သမိုင်းပါမောက္ခ
‘ပေါ(လ်)ကင် နေဒီ’ ပြုစုသော ‘မဟာအင်အားကြီးနိုင်ငံများ၏ နေဝင်ချိန်နှင့် နေထွက်ချိန်
(The Rise and Fall of the Great Powers) ’ အမည်ရှိ စာအုပ်အထူကြီး ဖြစ်ပါသည်။
ကင်နေဒီ၏ သမိုင်းကျမ်းမှာ
၂၀၀၀ ပြည့်နှစ် ဖြစ်ရပ်များထိသာ အနားသတ်ထားသော်လည်း ၂၁ ရာစုနှင့် ပတ်သက်သော ကြိုတင်ခန့်မှန်းချက်များလည်း
ပါသေးသည်။ သူ၏ မှန်းဆချက်များကို အနှစ်ချုပ်လိုက်လျှင် အခြေခံအားဖြင့် သုံးချက် ရှိသည်။
ဤသည်တို့မှာ-
(၁) ယနေ့အမေရိက၏
ကမ္ဘာလုံးဆိုင်ရာ စိတ်ဝင်စားမှုနှင့် တာဝန်ယူမှုများသည် ၎င်းစွမ်းဆောင်နိုင် သည်ထက်
များပြားကြီးလေးလွန်းနေသည်။ သို့အတွက် ၂၁ ရာစုအဝင်တွင် အမေရိက၏ လွှမ်းမိုးကြီးစိုးမှုမှာ
အကျဘက်သို့ ရောက်သွားလိမ့်မည်။
(၂) ဤသို့ဖြစ်ရသည်မှာ အမေရိက၏ စစ်ရေး၊ စီးပွားရေး
အားနည်းလာသောကြောင့်မဟုတ်။ အခြားနိုင်ငံများက ပို၍ချမ်းသာပြီး ပို၍အားကြီးလာ သောကြောင့်ဖြစ်သည်။
ဤနိုင်ငံများမှာ တရုတ်၊ ဂျပန်နှင့် ဥရောပသမဂ္ဂတို့ ဖြစ်လိမ့်မည်။
(၃) ဆိုဗီယက်ယူနီယံတွင်မူ အတော်ကြီးကျယ် သော (အဆင်မသင့်လျှင်
အဆုံးတိုင်ပြိုကွဲ၍ပင် သွားနိုင်သော) အကျပ်အတည်းကြီးတစ်ခုနှင့် ရင်ဆိုင်တိုးလိမ့်မည်။
တတိယဟောစာတမ်းမှာ
၂၁ ရာစုမရောက်မီ ကပင် ကွက်တိမှန်သွားခဲ့သည်။ ၂၁ ရာစုရောက်ပြီး လေးနှစ်ကျော် ငါးနှစ်အရောက်တွင်
ကျန်နှစ်ခုမှာလည်း မှန်နိုင်လောက်သည့် အရိပ်အယောင်တွေ အပီအပြင်ပြလာသည်” စသည်ဖြင့် သုံးသပ်ဖော်ပြထားသည်။
ဆရာလင်းထက်ဇော်၏
“ပါဝါအပျော့” ဆောင်းပါးတွင်လည်း အကြမ်းဖက်ဝါဒနှင့်ပတ်သက်၍ “ခေတ်ပြိုင်သမိုင်းဆရာတစ်ဦးဖြစ်သူ
‘ဝေါလ်တာ၊ လက်ကာ’က ခေတ်သစ်အကြမ်းဖက် ဝါဒနှင့်ပတ်သက်ပြီး ဤသို့သုံးသပ်ဖော်ပြပါသည်။
‘ခေတ်သစ်အကြမ်းဖက်ဝါဒမှာ အစဉ်အလာ အကြမ်းဖက်ဝါဒနှင့် သဘောသဘာဝ မတူတော့ပါ။ အစဉ်အလာ အကြမ်းဖက်ဝါဒတွင်
လက်ဝဲဂိုဏ်း၊ လက်ယာဂိုဏ်းစသော အိုင်ဒီအိုလိုဂျီအစွဲနှင့် လှုပ်ရှားသူများရှိသလို အစွန်းရောက်
အမျိုးသားရေး ဝါဒကို အခြေခံသော ခွဲထွက်ရေးဝါဒီများလည်း ရှိသည်။ နိုင်ငံရေးရည်မှန်းချက်တစ်ခုခုအတွက်
အကြမ်းဖက်လှုပ်ရှားကြသည်ဟု ဆိုနိုင်သည်။ ခေတ်သစ်အကြမ်းဖက်ဝါဒမှာ အစွန်းရောက်ဘာသာ ရေး၊
လူမျိုးရေးတို့ကို အခြေခံသည်ဖြစ်ရာ မျိုးဖြုတ်စစ်ပွဲများ၊ ဘာသာရေးစစ်ပွဲများအသွင်ဆောင်လာ
သည်။ ပို၍ရက်စက်ကြမ်းကြုတ်ရုံမက ဆင်ခြင်တုံတရားနှင့်လည်း ပို၍ဝေးလာသည်။
အကယ်၍ အကြမ်းဖက်ဝါဒသာ
ယခုထက် ပိုအရှိန်ရလာလျှင် လက်ရှိမြို့ပြယဉ်ကျေးမှုကိုပင် ထိခိုက်လာနိုင်စရာရှိသည်။
ယနေ့ခေတ်ပြိုင် ကမ္ဘာကြီးမှာ မြို့ကြီးများကို ဗဟိုပြု၍ လည်ပတ်နေရသည်ဟူ၍ပင် ဆိုနိုင်ပါသည်။
နိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုတို့မှာ မြို့ပြတွင်သာ အခြေစိုက်သည်က
များသည်။ အကြမ်းဖက်ဝါဒအန္တရာယ်က ပါရီလက်ဝဲဘက်ကမ်း၊ လန်ဒန်မြို့လယ်ကောင်၊ မက်ဟန်တန်အောက်ပိုင်းတို့လို
နေရာမျိုးထိ ခြိမ်းခြောက်စိန်ခေါ်လာရာ မြို့ကြီးများကိုယ်တိုင်သည်ပင် လုံခြုံမှုအကင်းမဲ့ဆုံးနေရာလို
ဖြစ်လာရတော့သည်။ သို့နှင့်အမျှ မြို့ပြဗဟိုပြုယဉ်ကျေးမှုအနာဂတ်ကိုပင် စိုးရိမ်မကင်းဖြစ်လာရတော့သည်”
စသည်ဖြင့် သုံးသပ်ဖော်ပြထားသည်။
စာရေးဆရာကြီးများ၏
စာပေလက်ရာများကား တန်ဖိုးဖြတ်၍ မရနိုင်ပါပေ။ စာအုပ်တန်ဖိုးမှာလည်း ယနေ့ခေတ် လက်ဖက်ရည်တစ်ခွက်ဖိုး၊
ဂျာနယ်တစ်စောင်တန်ဖိုးမျှသာဖြစ်သည်။ သို့သော် စာဖတ်သူများအဖို့ ဗဟုသုတနှင့် အတွေးအမြင်များစွာကို
တစ်ထိုင်တည်းရရှိနိုင်ပေသည်။ ယနေ့ ခေတ်ပြိုင်ကမ္ဘာကြီးအတွင်း ကမ္ဘာနှင့် ရင်ပေါင်တန်း
လျှောက်လှမ်းလိုပါလျှင် ရေတွင်းထဲက ဖားသူငယ်များလို လုပ်၍မရဘဲ ကမ္ဘာကြည့် ကြည့်မြင်တတ်ဖို့
လိုပါသည်။ ကမ္ဘာကြည့် ကြည့်မြင်နိုင်ဖို့ စာပေ ဖတ်ရှုလေ့လာကြရပါမည်။ စာပေဖတ်ရှုလေ့လာပါမှလည်း
“ရှေ့တစ်ခေါ် နောက်တစ်လံ” ဟူသည့် အတိုင်း ရှေ့အနာဂတ်ကို တစ်မျှော်တစ်ခေါ် မြော်တွေးကြည့်မြင်နိုင်မှာဖြစ်သလို
ပြီးခဲ့သည့် အတိတ်နောက်ကြောင်းကိုလည်း သင်ခန်းစာအဖြစ် ရယူဖော်ထုတ်နိုင်မည်ဖြစ်ပါသည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်
တာဝန်ထမ်းဆောင်ခဲ့သူ မြန်မာနိုင်ငံသား ဦးသန့်ကလည်း “စာဖတ်သောလူမျိုးသည် တိုးတက်၍ တိုးတက်သောလူမျိုးသည်
စာဖတ်ကြလေသည်” ဟု မိန့်ဆိုခဲ့ပါသည်။
ဆရာကြီး လူထုဦးလှကလည်း
“စာဖတ်တဲ့အလေ့အထ” ဆောင်းပါးတွင် ရာဖ်ဝေါ်ဒါ အီမာဆင် ၏ ‘ကိုယ့်မှာပြင်စရာရှိတာပြင်ဖို့
စာအုပ်ကိုဖတ်ပါ။ သိဖို့မဖတ်ပါနဲ့’၊ အားနက်စ်ဝုဒ်ခ်၏ ‘ပထမစဉ်းစားပါ။ နောက်မှဖတ်ပါ’ဟူသည့်
အဆိုအမိန့်များနှင့်အတူ ရှေးဦးဆုံးကတော့ စာဖတ်တဲ့အလေ့အထ စွဲစွဲမြဲမြဲ ရှိလာအောင် လုပ်ဖို့ပဲ။
စာဖတ်တာဟာ ထမင်းစားတာလိုပဲ ကိုယ့်အတွက်အရေးကြီးတယ်လို့ သဘော ပေါက်ရမယ်ပေါ့’ စသည်ဖြင့်
ရေးသားခဲ့ပါသည်။
ဆရာကြီးမြသန်းတင့်ကမူ
“စကားကြီး စကားကျယ်ပြောရန်နှင့် ဆွေးနွေးရန်အတွက် စာဖတ်ခြင်း မပြုပါနှင့်။ နှိုင်းချိန်ရန်နှင့်
တွေးတောရန်အတွက်သာ စာဖတ်ခြင်းပြုပါလေ”ဟု မိန့်ဆိုခဲ့ပါသည်။
သို့ဆိုလျှင်
မျိုးဆက်သစ်လူငယ်များအနေဖြင့် အသိပညာဗဟုသုတနှင့် နှိုင်းချိန်တွေးခေါ်မြော်မြင်မှု
မြင့်မားလာစေရေးအတွက် ငယ်စဉ်ကတည်းက စာဖတ်သည့်အလေ့အထ စွဲစွဲမြဲမြဲရှိလာစေရန် လိုအပ်ပါသည်။
လက်ရှိကာလတွင်
နိုင်ငံတော်အစိုးရကလည်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ် ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို
မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိသည်။ ထိုထိုသော စာကြည့် တိုက်များအပြင် ခေတ်ပြိုင်စာပေများ၊
ခေတ်ဟောင်းစာပေများ၊ ဘာသာရပ်ဆိုင်ရာ စာပေများနှင့် ရှားပါး စာအုပ်စာပေများ စုံလင်လှသည့်
ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ စာအုပ်အဟောင်းဆိုင်တန်း များကလည်း စာပေဝါသနာရှင်လူငယ်များ၊
စာဖတ်ပရိသတ်များကို ငံ့လင့်ကြိုဆိုလျက်ရှိသည်။
မကြာမီ ပွင့်လင်းရာသီ
ရောက်တော့မည်။ ခြေခင်းလက်ခင်းသာယာသည့် ညနေခင်းမှာ စာအုပ်မျိုးစုံ မြည်းစမ်းဖတ်ရှုရင်း
ကြိုက်နှစ်သက်ရာ ဝယ်ယူဖတ်ရှုနိုင်ဖို့ ပန်းဆိုးတန်းစာအုပ်အဟောင်း ဆိုင်များဘက်ဆီသို့
တစ်ခါတစ်ခေါက် သွားကြရအောင်။ ။
No comments:
Post a Comment