Friday, October 18, 2024

မြန်မာနိုင်ငံစာရေးဆရာအသင်း၏ စာရေးနည်းအခြေခံလမ်းညွှန်သင်တန်းများ

 

မောင်ငြိမ်းသူ (ကြို့ပင်ကောက်)

“စာပေရေးသားကြရန် ဝါသနာပါသူများကို စာရေးသားနည်း အခြေခံသဘောတရားများ သင်ကြားပေးခြင်းအားဖြင့် စာပေလောကသား မျိုးဆက်သစ်များ တိုးပွားများပြားလာပြီး စာပေလောကဖွံ့ဖြိုးတိုးတက်စေရန်” ဟူသော ရည်ရွယ်ချက်နှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းက “စာရေးနည်းအခြေခံလမ်းညွှန်သင်တန်းများ”ကို တစ်နှစ်လျှင်တစ်ကြိမ် ဖွင့်လှစ်ပို့ချပေးခဲ့ရာ ၁၀ နှစ် (၁၀)ကြိမ် အောင်မြင်ခဲ့ပြီး ယခု(၁၁)ကြိမ်မြောက် သင်တန်းကို နိုဝင်ဘာလ ၄ ရက်နေ့မှ ၂၈ ရက်နေ့ အထိ ဖွင့်လှစ်ပို့ချပေးရန် စီစဉ်နေကြလေပြီ။



မယိုင်မလဲ ခိုင်မြဲဝင့်ထည်စွာရပ်တည်

စာပေလုပ်သားအဖွဲ့ ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းခဲ့သည့်အချိန်မှစ၍ လှုပ်ရှားခဲ့သော စာပေလုပ်သားအဖွဲ့၊ စာပေနှင့်စာနယ်ဇင်းအဖွဲ့၊ မြန်မာနိုင်ငံစာရေးဆရာအသင်း စသည်ဖြင့် ခေတ်စနစ်မူဝါဒများအရ အဆက်ဆက် ပြုပြင်ပြောင်းလဲဖွဲ့စည်းခဲ့ရသော်လည်း နဂိုကတည်းက အခိုင်အမာရှိခဲ့သော ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ ဘဏ္ဍာရေးစည်းမျဉ်းများရှိနေသဖြင့် မြန်မာနိုင်ငံစာရေးဆရာအသင်းကြီးသည် မယိုင်မလဲ ခိုင်မြဲဝင့်ထည်စွာ ရပ်တည်လျက် ရှိနေပါသည်။ ထိုသို့ ရပ်တည်လျက်ရှိနေရာတွင် စာရေးဆရာအသင်းကြီး၏ ရေရှည်လုပ်ငန်းစဉ်များ တွင် ပါဝင်သော “မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်၊ မြန်မာစာပေနှင့် နိုင်ငံခြားစာပေ ဆက်သွယ်၍ စာပေဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်နှင့် စာပေမျိုးဆက်သစ်များ တိုးပွားအောင် ဆောင်ရွက်ရန်”ဟူသော လုပ်ငန်းစဉ်များကို လက်တွေ့ကာယကံမြောက် ထိရောက်ပေါက်မြောက် အောင်မြင်အောင် ဖော်ဆောင်သည့်အနေဖြင့် “စာရေးနည်းအခြေခံလမ်းညွှန်သင်တန်းများ” ကို ဖွင့်လှစ်ပို့ချပေးနေခြင်းလည်း ပါဝင်ပါသည်။

စာရေးနည်းအခြေခံလမ်းညွှန် သင်တန်းအမှတ်စဉ်(၁)ကို ၃၀-၁-၂၀၁၀ ရက်နေ့မှ ၂၇-၂-၂၀၁၀ ရက်နေ့အထိ စာပေဗိမာန်ခန်းမ၌ တစ်လတိတိဖွင့်လှစ်ပို့ချခဲ့ရာ သင်တန်းသားသင်တန်းသူ ၆၀ ကျော် တက်ရောက်ခဲ့ကြသည်။ ပထမဆုံးအကြိမ် စတင်ဖွင့်လှစ်ခဲ့သောသင်တန်းတွင် သင်ကြားပို့ချ၊ နည်းလမ်းပြခဲ့ကြသော စာရေး ဆရာ ဆရာမကြီး ၂၀ ၏ သင်ကြားပို့ချချက်များကို စုစည်းပြီး “စာရေးနည်းလမ်းညွှန်”စာအုပ်ကို ထုတ်ဝေခဲ့ရာ အလွန်ပင်အကျိုးရှိခဲ့သည်။ ထိုစာအုပ်သည် စာရေးသားလိုကြသူများအတွက် လက်ဝယ်ဆောင်ထားသင့်သည့် “မြင်ဆရာ” အဖြစ် သတ်မှတ်ထားကြရာ သင်တန်းဖွင့်လှစ်ရခြင်း၏ မွန်မြတ်သော ရလဒ်ပင်ဖြစ်ပါသည်။

စာရေးနည်းအခြေခံလမ်းညွှန် သင်တန်း အမှတ်စဉ်(၂) ကို ၂၅-၅-၂၀၁၁ ရက်နေ့မှ ၂၅-၆-၂၀၁၁ ရက်နေ့အထိ စာပေဗိမာန်ခန်းမတွင် တစ်လတိတိဖွင့်လှစ်ပို့ချခဲ့ရာ သင်တန်းသား သင်တန်းသူ ၇ဝ တက်ရောက်ခဲ့ကြသည်။ ပါဝင်ကူညီပံ့ပိုးကြသူများနှင့် အလှူရှင်များ တိုးပွားလာသောကြောင့် ပိုမို၍အောင်မြင်ခဲ့သည်။

ခေတ်စနစ်အရ စာပေနှင့်စာနယ်ဇင်းအဖွဲ့ကို ၁၆-၆-၂၀၁၂ ရက်နေ့တွင် “မြန်မာနိုင်ငံ စာရေးဆရာအသင်း” ဟု ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ သို့သော်မူလဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအတိုင်း ဆက်လက်ရပ်တည်ခဲ့သဖြင့် အစဉ်အလာကောင်းခဲ့သော စာရေးနည်းအခြေခံလမ်းညွှန်သင်တန်းကို အစဉ်အလာမပျက်နှစ်စဉ် ဆက်လက်ဖွင့်လှစ်ခဲ့သည်။

စာရေးနည်းအခြေခံလမ်းညွှန် သင်တန်း အမှတ်စဉ်(၃) ကို ၆-၁၁-၂၀၁၂ ရက်နေ့မှ ၈-၁၂-၂၀၁၂ ရက်နေ့အထိ ပန်းဆိုးတန်းလမ်းတွင်ရှိသော မြန်မာနိုင်ငံစာရေးဆရာအသင်းရုံးသစ် အစည်းအဝေးခန်းမ၌ တစ်လတိတိ ဖွင့်လှစ်ပို့ချခဲ့ရာ သင်တန်းသား သင်တန်းသူ ၁ဝဝ တက်ရောက်ခဲ့ကြ သည်။ ရပ်ဝေးဒေသများနှင့် ဌာနဆိုင်ရာများကပါ စိတ်ပါဝင်စားစွာ တက်ရောက်လာခဲ့ကြသောကြောင့် ယခင်သင်တန်းများထက် ထူးထူးခြားခြား အောင်မြင်တိုးတက်ခဲ့သည်။ သင်တန်းသား သင်တန်းသူများစုပေါင်းပြီး “နုပျိုသောခြေလှမ်းသစ် များ”ဟူသော ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတိုများပါဝင် သည့် ရသ၊ သုတ လုံးချင်းစာအုပ်ကို အမှတ်တရ ထုတ်ဝေနိုင်ခဲ့သည်။

တက်ရောက်မှုအင်အားအများဆုံးသင်တန်း

စာရေးနည်းအခြေခံလမ်းညွှန် သင်တန်းအမှတ်စဉ်(၄)ကို ၁၆-၉-၂၀၁၃ ရက်နေ့မှ ၁၇-၁၀-၂၀၁၃ ရက်နေ့အထိ မြန်မာနိုင်ငံစာရေးဆရာအသင်း အစည်းအဝေးခန်းမ၌ပင် တစ်လတိတိ ဖွင့်လှစ်ပို့ချခဲ့ ရာ သင်တန်းသား သင်တန်းသူ ၁၀၃ ဦး တက်ရောက်ခဲ့ကြသည်။ တက်ရောက်မှုအင်အားအများဆုံး သင်တန်းဖြစ်သည်။ သင်တန်းသား သင်တန်းသူများစုပေါင်းပြီး “ပန်းရတု” “ပန်းစေတမန်” “ပန်းတံတား” (သုတရသစာစုများ) လုံးချင်းသုံးအုပ်တိတိကို ဆက်တိုက်ထုတ်ဝေနိုင်ခဲ့ကြသည်။ တစ်ဦးချင်းအနေဖြင့်လည်း ကဗျာလုံးချင်း၊ ဆောင်းပါးလုံးချင်း၊ ဝတ္ထုတိုလုံးချင်းများ ထုတ်ဝေနိုင်ခဲ့ကြသည်။ နေ့စဉ်ထုတ်သတင်းစာ၊ အပတ်စဉ်ထုတ်ဂျာနယ်၊ လစဉ်ထုတ်မဂ္ဂဇင်းများတွင်လည်း ရေးသားဖော်ပြခြင်းခံရသူများ ပေါ်ထွက်လာခဲ့ကြသည်။ စာပေပြိုင်ပွဲများမှာလည်း စာပေဆုမျိုးစုံကို ထိုက်ထိုက်တန်တန်ရလာကြရာသင်ကြားပို့ချ နည်းလမ်းပြနေခဲ့ကြသော စာရေးဆရာကြီး ဆရာမ ကြီးများ(တစ်နည်းအားဖြင့်) စာပေဥယျာဉ်မှူးကြီး များ၏ ရင်တွင်း၌ ပီတိဖြာ၍မဆုံး၊ ကြည်နူး၍မဆုံး တပြုံးပြုံးဖြစ်နေကြလေသည်။

စာရေးနည်းအခြေခံလမ်းညွှန် သင်တန်းအမှတ်စဉ်(၅) ကို ၁-၉-၂၀၁၄ ရက်နေ့မှ ၃၀-၉-၂၀၁၄ ရက်နေ့အထိ စာရေးဆရာအသင်း အစည်းအဝေးခန်းမ၌ပင် တစ်လတိတိ ဖွင့်လှစ်ပို့ချခဲ့ရာ သင်တန်းသား သင်တန်းသူ ၇၈ ဦး တက်ရောက်ခဲ့ကြသည်။ သံဃာတော်သုံးပါးနှင့် သက်ကြီးရွယ်အိုများ ပါဝင်တက်ရောက်ခဲ့ကြသည်။ အငြိမ်းစား ဝန်ထမ်းများ၊ ရှေ့နေများ၊ အယ်ဒီတာများ၊ လက်ရှိ ဝန်ထမ်းများ၊ လုံးချင်းသုံးအုပ်ထုတ်ဝေပြီးသူများ၊ စာနယ်ဇင်းမျိုးစုံတွင် ရေးသားနေကြသူများ၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်မှ စာပေဝါသနာရှင်များ၊ နယ်စုံလူမျိုးစုံ ပါဝင်တက်ရောက်ခဲ့ကြသော ကြောင့် ထူးခြားသောသင်တန်းအဖြစ် မှတ်တမ်းတင် ထားခဲ့ရသည်။ သင်တန်းသား သင်တန်းသူများ စုပေါင်းပြီး “အိပ်မက်လှေ” (ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတိုစုစည်းမှု) လုံးချင်းစာအုပ်ကို ထုတ်ဝေနိုင်ခဲ့သည်။

စာရေးနည်းအခြေခံလမ်းညွှန် သင်တန်းအမှတ်စဉ်(၆) ကို ၁-၈-၂၀၁၅ ရက်နေ့မှ ၅-၉-၂၀၁၅ ရက်နေ့အထိ အသင်းခန်းမ၌ ငါးပတ်တိတိ ဖွင့်လှစ်ပို့ချခဲ့ရာ သင်တန်းသား သင်တန်းသူ ၈၈ ဦး တက်ရောက်ခဲ့ကြသည်။ စာရေးနည်းအခြေခံလမ်းညွှန်သင်တန်းအမှတ်စဉ်(၇) ကို ၁-၁၀-၂၀၁၆ ရက်နေ့မှ ၃၁-၁၀-၂၀၁၆ ရက်နေ့အထိ အသင်း ရုံးခန်းမ၌ပင် တစ်လတိတိ ဖွင့်လှစ်ပို့ချခဲ့ရာ သင်တန်းသားသင်တန်းသူ ၈၀ ကျော် တက်ရောက် ခဲ့ကြသည်။ စာရေးနည်း အခြေခံလမ်းညွှန်သင်တန်း အမှတ်စဉ်(၈) ကို ၁-၉-၂၀၁၇ ရက်နေ့မှ ၃၀-၉-၂၀၁၇ ရက်နေ့အထိအသင်းခန်းမ၌ တစ်လတိတိဖွင့်လှစ်ပို့ချခဲ့ရာ သင်တန်းသား သင်တန်းသူ ၈ဝ ခန့် တက်ရောက်ခဲ့ကြပါသည်။ စာရေးနည်းအခြေခံ လမ်းညွှန်သင်တန်းအမှတ်စဉ်(၁)မှ အမှတ်စဉ်(၈)အထိ သင်တန်းဆင်းပေါင်း ၆၅၁ ဦးရှိခဲ့ရာ အချို့မှာ တစ်ကြိမ်နှင့်အားမရကြဘဲ နှစ်ကြိမ်၊ သုံးကြိမ်ပြန်လည်တက်ရောက် လေ့လာဆည်းပူးကြပါသည်။ ထို့ကြောင့်လည်း အချို့သင်တန်းဆင်းများက စုပေါင်းပြီး သုတ၊ ရသ စာပေလုံးချင်း “ခေတ်ပုံရိပ်” ကို ထုတ်ဝေခဲ့ရာ ယခုဆိုလျှင် ခြောက်အုပ်အထိ ထုတ်ဝေခဲ့သည်။

စာရေးနည်းအခြေခံလမ်းညွှန် သင်တန်းအမှတ်စဉ်(၉) ကို ၁- ၁၁- ၂၀၁၈ ရက်နေ့မှ ၁- ၁၂-၂၀၂၄ ရက်နေ့အထိ အသင်းခန်းမ၌ တစ်လတိတိဖွင့်လှစ်ခဲ့ရာ သင်တန်းသားသင်တန်းသူ ၅၆ ဦး တက်ရောက်ခဲ့ကြသည်။ စာရေးနည်းအခြေခံလမ်းညွှန်သင်တန်းအမှတ်စဉ်(၁၀) ကို ၂၇-၁- ၂၀၂၀ ရက်နေ့မှ ၂၈-၂-၂၀၂၀ ရက်နေ့အထိ အသင်းရုံးခန်း၌ပင် တစ်လတိတိဖွင့်လှစ်ပို့ချခဲ့ရာ သင်တန်းသား သင်တန်းသူ ၃၅ ဦး တက်ရောက်ခဲ့ကြပါသည်။ ထိုသင်တန်းသားများထဲတွင် သံဃာတော်သုံးပါးနှင့် သီလရှင်တစ်ပါး ပါဝင်ခဲ့ကြသည်။ ချင်းပြည်နယ်မှ ချင်းတိုင်းရင်းသူတစ်ဦးလည်း ပါဝင်ခဲ့သည်။ အဆိုပါသံဃာတော်သုံးပါးအနက် သံဃာတော်တစ်ပါးသည် စာပေဗိမာန်စာမူဆု ရရှိခဲ့ပါသည်။

၂ဝ၂ဝ ပြည့်နှစ်နောက်ပိုင်း ကမ္ဘာ့ကပ်ရောဂါပိုး ကိုဗစ်နှင့် အထွေထွေအကျပ်အတည်း အခက်အခဲများကြောင့် စာရေးနည်းအခြေခံလမ်းညွှန်သင်တန်းများကို မလွှဲမရှောင်သာဘဲ ရပ်နားနေခဲ့ရပါသည်။ အခြေအနေပေးလာပါက မဖြစ်မနေ ဆက်လက်ဖွင့်လှစ်ရန် ရည်သန်ထားရာ ယခုမူစာရေးနည်း အခြေခံလမ်းညွှန်သင်တန်း အမှတ်စဉ်(၁၁)ကို ဖွင့်လှစ်ရန် ထက်သန်စွာ စီစဉ်နေကြလေပြီ။

ဝါရင့်သမ္ဘာရင့် စာပေပညာရှင်ကြီးများ ပါဝင်ပို့ချသင်ကြားပေးမည်

အမှတ်စဉ်(၁၁)တွင်မူ အသင်းကြီးက စာပေပညာရှင်ကြီးများဦးစီးပြီး ယခင်က ပါဝင်ပို့ချ သင်ကြားခဲ့ခြင်းမရှိကြသော ဝါရင့်သမ္ဘာရင့် စာပေပညာရှင်ကြီးများက ပါဝင်ပို့ချသင်ကြားပေးမည် ဖြစ်ရာကြုံတောင့်ကြုံခဲ တန်ဖိုးရှိထိရောက်သော သင်တန်းပင် ဖြစ်ပါသည်။ သင်တန်းတွင် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုနှင့်သတင်းရေးသားနည်းများကို အမျိုးသားစာပေတစ်သက်တာဆုရှင်များ ဖြစ်ကြသော ဆရာကြီးတက္ကသိုလ်မြတ်သူ၊ ဆရာကြီးဒေါက်တာထွန်းတင့်၊ ဆရာကြီးလယ်တွင်းသား စောချစ်၊ ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)၊ ဆရာကြီး သူရဇော်၊ ဆရာမကြီးကြူကြူသင်း၊ ဆရာမကြီး မစန္ဒာ၊ ဆရာကြီးမြင်းမူမောင်နိုင်မိုးတို့နှင့်အတူ အမျိုးသားစာပေဆုနှင့် နိုင်ငံတော်အဆင့်စာပေဆု ရရှိခဲ့ကြသူများဖြစ်ကြသော ဆရာမကြီးမမိုးမြေ၊ ဆရာမ မနှင်းဖွေး၊ ဆရာမောင်ငြိမ်းသူ(ကြို့ပင် ကောက်)၊ ဆရာမောင်စိမ်းနောင်(လယ်ဝေး)၊ ဆရာမြတ်စိုး (လှိုင်)၊ ဆရာပုသိမ်အောင်သန်းဦး၊ ဆရာ အောင်ကြည်ညွန့် (တက္ကသိုလ်)၊ ဆရာဆွေဇင်ညွန့်တို့က သင်ကြားပို့ချကြမည်။ သင်တန်းကာလကို နိုဝင်ဘာလ ၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ အပတ်စဉ်တနင်္လာနေ့မှ သောကြာနေ့အထိ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ ပို့ချသင်ကြားမည်ဖြစ်သည်။

သင်တန်း တက်ရောက်လိုသူများသည် သင်တန်းကြေး ငွေကျပ်ငါးသောင်း ပေးသွင်းရမည်။ အသက်(၁၆)နှစ် ပြည့်ပြီးသူဖြစ်ရမည်။ သင်တန်းမှ သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာရမည်။ အသေးစိတ်အချက်အလက်များကို မြန်မာနိုင်ငံစာရေးဆရာအသင်းရုံး အမှတ်(၁၇၃/၁၇၅)၊ (၇)လွှာ၊ ပန်းဆိုးတန်းလမ်း(အလယ်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ဝ၁-၂၅၂၄၁၇၊ ၀၉-၄၅၀၀၉၀၄၈၆ တွင် စုံစမ်းနိုင်သည်။ အောက်တိုဘာလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ဓာတ်ပုံသုံးပုံနှင့်အတူ လျှောက်လွှာပုံစံဝယ်ယူ တင်သွင်းနိုင်ကြောင်းနှင့် သင်တန်းသားအရေအတွက် ကန့်သတ်ထားသဖြင့် သတ်မှတ်ထားသော ရက်ကာလထက် နောက်မကျဘဲ စာရင်းပေးသွင်းကြ ရန်ဖြစ်ကြောင်း သတင်းစာများမှတစ်ဆင့်လှုံ့ဆော် ကြေညာထားပါသည်။

ဆရာမပြနည်းမကျ

“စာရေးဆရာဖြစ်ဖို့ ဘာသင်တန်းမှ တက်စရာမလိုဘူး” ဟု အမနာပစကား ပြောကြားခဲ့ကြသူများ ပင်လျှင် သင်တန်းဆင်းမျိုးဆက်သစ်များကသူတို့ ထက်သွက်လက်ထက်မြက်နေကြသည်ကို မြင်တွေ့ လာကြသောအခါ အမြင်မှန်ရသွားခဲ့ကြပါသည်။ လောကကြီးမှာ ကွယ်လွန်ကြသည်အထိ သင်ယူလို့ မဆုံးသည်များရှိနေပါသည်။ ငါးပိဖုတ်တာတောင်မှ ဆရာမပြနည်းမကျတာတွေရှိပါသည်။ အစစ အရာရာ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာဟူ၍ရှိရာ မည်သူမျှဆရာနှင့် မကင်းနိုင်ကြပေ။

စာရေးသူတို့ ငယ်စဉ်ဘဝက စာရေးနည်း သင်တန်းများမရှိသော်လည်း စာရေးသူတို့ထက် ဝါရင့်သမ္ဘာရင့် စာရေးဆရာ ဆရာမများ၊ သတင်းစာ ဆရာများ၏ အရေးအသားများကို အားကျအတုယူခဲ့ကြရပါသည်။ ဆရာကြီး မင်းသုဝဏ်၏ “စု၊ တု၊ ပြု” နည်းလမ်းအတိုင်း လိုက်နာလေ့ကျင့်ခဲ့ကြရပါသည်။ အမှန်တကယ်တော့ ဆရာကြီးမင်းသုဝဏ်၏ “စု၊ တု၊ ပြု”နည်းသည် စာရေးနည်းအခြေခံ လမ်းညွှန်သဘောတရားပင်ဖြစ်သည်။ သတင်းရေးရန် “ဘယ်သူ့”ထံ၊ တွေးကြံသိထားကြ၊ “ဘယ်သူကစ” “ဘယ်တုန်းက” “ဘယ်မှာ” “ဘာကြောင့်ဗျ” “ဘယ်နည်းဘယ်ပုံ” “ဘာဖြစ်တုံ” အကုန်ရေးဖော်ပြ၊ အတည်ပြုရန် “ဘယ်သူ့ထံ” မေးရန်သိထားကြ (၁) ဘယ်သူ (Who)၊ (၂) ဘယ်တုန်းက (When)၊ (၃) ဘယ်မှာ (Where)၊ (၄) ဘာကြောင့် (Why)၊ (၅) ဘယ်နည်းဘယ်ပုံ (How)၊ (၆) ဘာဖြစ်တုံ (What) ဆရာကြီးဦးစောဦး (ဂုဏ်ရောင်) သင်ကြားခဲ့သော “ဘ”ခြောက်လုံးနှင့် ပြည့်စုံသည့် သတင်းရေးသားနည်း၊ “တတ်ချင်ရင်သင်၊ မြင်ချင်ရင်ကြည့်၊ သိချင်ရင်မေး၊ ရေးချင် ရင်ဖတ်” ဟူသောဆရာကြီး ရွှေငယ်ဝိုင်း၏ စာရေးဆရာကောင်းဖြစ်နည်းများကို နှလုံးသားထဲတွင် စွဲထင်နေအောင် မှတ်သားနာယူခဲ့ရပါသည်။

ထိုခေတ်ထိုကာလက ထုတ်ဝေခဲ့သော ဆရာ သူရိယကန္တိ၊ ဆရာတက္ကသိုလ်နန္ဒမိတ်၊ ဆရာ ရန်ကုန်ဘဆွေ၊ ဆရာသော်တာဆွေ၊ ဆရာ မောင်ထင်၊ ဆရာမင်းအောင်တို့၏ စာရေးနည်း လမ်းညွှန်စာအုပ်အနည်းငယ်ကိုသာ မြင်ဆရာများအဖြစ် ဖတ်ရှုမှတ်သား ကြိုးစားရေးသားခဲ့ကြရပါ သည်။ ဆယ်တန်းတွင် ပြဋ္ဌာန်းခဲ့သော “ဆရာဇေယျ” ၏ “မြန်မာ့မျက်ပွင့်”၊ “သိပ္ပံမောင်ဝ၏ ဝတ္ထု ဆောင်းပါးများ”၊ “ဦးပုည၏ဝတ္ထုလေးပုဒ်”၊ အထက်တန်းကဗျာလက်ရွေးစင် စာအုပ်များကို သင်ကြားခဲ့ကြရသည်ကလည်း စာရေးနည်းအတတ် ပညာကို များစွာအထောက်အကူပြုခဲ့ပါသည်။ ယခုအခါ စာရေးနည်းအခြေခံလမ်းညွှန်သင်တန်းမှ “စာရေးနည်းလမ်းညွှန်” စာအုပ်ကို ထုတ်ဝေ ပေးထားပြီး ဆရာလယ်တွင်းသားစောချစ်နှင့် ဆရာချစ်နိုင်(စိတ်ပညာ)တို့ကလည်း စာရေးနည်း လမ်းညွှန်စာအုပ်များကို ထုတ်ဝေထားပါသည်။ ဆရာမြင်းမူမောင်နိုင်မိုးကလည်း ကဗျာရေးနည်း စပ်နည်း စာအုပ်ထုတ်ဝေထားပါသည်။ အချို့လည်းဆက်လက်ထုတ်ဝေနေကြပါသည်။

လမ်းညွှန်သတိပေး

စာရေးနည်းကို သင်ပေးလို့မရဘူးဆိုသည်ထက် လွယ်လင့်တကူ သင်ပေးလို့မရဘူးဆိုသည်က ပို၍မှန်ကန်လှပါသည်။ မည်သည့်ပညာရပ်မဆို ဆရာမပြပါက နည်းမကျဖြစ်ရသည်ကို လူတိုင်း သိထားကြပါသည်။ “ဆရာသိပ္ပံမောင်ဝ” က “မင်္ဂလာ ဆောင်တွင်ဖတ်ရမည့် ဩဘာစာကို ဝါကျတိုတိုတောင်းတောင်းကလေးများနှင့် ရေးသားမည်ဆိုလျှင် လူရယ်စရာဖြစ်နေပေလိမ့်မည်။ တစ်ယောက်နှင့်တစ်ယောက် အချင်းပွားသော အကြောင်း၊ မီးလောင်၍ပြေးလွှားရသောအကြောင်းများကို ရေးသောအခါ မင်္ဂလာဆောင်ဩဘာစာကဲ့သို့ ရေးသားနေမည်ဆိုလျှင် လူရယ်စရာဖြစ်သွားမည်ကို သတိထားသင့်လှပေသည်”ဟု လမ်းညွှန်သတိပေးခဲ့သည်။

“ဆရာမောင်ထင်” ကလည်း “စာရေးကောင်း သည့်လက္ခဏာမှာ မိမိဆိုလိုရင်းကို သူတစ်ပါး ဒက်ခနဲနားလည်အောင် ရေးနိုင်ခြင်းပင်ဖြစ်သည်။ ခက်ခဲနက်နဲသော အချက်အလက်များကိုပင်လျှင် သူတစ်ပါး ရှင်းရှင်းလင်းလင်းသိလွယ်အောင် ရေးနိုင်လျှင် စာကောင်းသည်ဟုဆိုရပေမည်”ဟု လမ်းညွှန်ခဲ့သည်။ “ဆရာဇဝန” ကတော့ သတင်းစာသုံး မြန်မာစာသည် တိုတောင်းရသည်။ သူတစ်ပါး၏ပစ္စည်းဥစ္စာကို ခိုးယူခြင်းမပြုရဟူသော အရေးအသားသည် ကျမ်းစာသုံးဖြစ်၏။ သတင်းစာ ၌မသုံးရ။ သတင်းစာသုံးမှာ “သူ့ဥစ္စာကို မခိုးရ”ဟု ရေးရ၏။ တိုရမည်။ ရှင်းလင်းပြတ်သားရမည်ဟု သတင်းရေးသားနည်းကို လမ်းညွှန်ခဲ့သလို “အလွမ်း အသော၊ သည်းထိတ်ရင်ဖို ခံစားချက်များဖြင့် ထုံမွမ်း ပေးခြင်းဖြင့် သတင်းစာဆောင်းပါးဖြစ်လင့်ကစား ရသစာပေဝင်ကာ ဂုဏ်မြောက်စေပါသည်” ဟု သတင်းဆောင်းပါးရေးနည်းကို မီးမောင်းထိုးပြခဲ့သည်။

“ဆရာသော်တာဆွေ” ကမူ “ဘာ အကြောင်းပဲရေးရေး ဖတ်လိုက်တာနဲ့ လက်ကမချ နိုင်အောင် စာဖတ်သူကို ဆွဲခေါ်သွားနိုင်အောင် ဆွဲဆောင်ပြီးရေးသင့်တယ်။ ဖတ်သူစိတ်ဝင်စား အောင် ရင်းရင်းနှီးနှီးနဲ့ အသက်ဝင်အောင် ဖတ်ချင်စဖွယ်ဖြစ်အောင် ရေးရမယ်” ဟူ၍ လည်းကောင်း၊ “ဆရာဒဂုန်ရွှေမျှား”က “သတင်း ဆောင်းပါးက အချိန်မီဖြစ်ခြင်း၊ စာဖတ်သူတို့ မျှော်လင့်ချိန်ဖြစ်ခြင်းများ ရေးသားရတယ်။ မဂ္ဂဇင်း ဆောင်းပါးက ကျယ်ပြန့်ခိုင်ခံ့ရေရှည်အသုံးပြုနိုင် ရမယ်။ အစီအစဉ်ကျနရမယ်။ မဂ္ဂဇင်းအင်္ဂါရပ်တွေ ရှိရမယ်။ ဝတ္ထုဟာ စားဆေးနဲ့တူပြီး ဆောင်းပါးဟာ ထိုးဆေးနဲ့တူတယ်။ ဝတ္ထုဟာ စိတ်ကူးကပေါ်ထွက် လာပြီး ဆောင်းပါးဟာ အကျိုးအကြောင်း အချက် အလက် တိကျမှုရှိရမယ်”ဟူ၍ လည်းကောင်း၊ “ဆရာတက္ကသိုလ်ဘုန်းနိုင်” က “အရေးလှ တယ်ဆိုတာ အတွေးလှခြင်းကလာတယ်။ အတွေးလှတယ်ဆိုတာကလည်း မြင်တတ်ရှာတတ်ပြီး ဆင်ခြင်တတ်လို့ပဲပေါ့” ဟူ၍ လည်းကောင်း၊ “ဆရာဦးသိန်းဖေမြင့်”ကလည်း “အတွေးသက်သက်ဖြင့် မရှာနှင့်၊ လူထုကြီးထံ ချဉ်းကပ်ရှာဖွေဖို့လိုသည်။ (ပြည်သူကြားမှာ အမှန်ရှာပါ)” ဟူ၍ လည်းကောင်း လမ်းညွှန်ခဲ့ကြပါသည်။

ရှေးက စာပေပညာရှင်ကြီးများ၏ စာပေရေးသားနည်း အဆိုအမိန့်များကို ဖော်ပြရလျှင် ကုန်နိုင်ဖွယ်မရှိပေ။ ထိုကဲ့သို့သော အတွေးအရေးနည်းများကို နည်းယူအတုယူကြပြီး ဝါသနာလည်းပါ၊ ဇွဲရှိရှိနှင့် ကြိုးစားကြပါက စာရေးဆရာ၊ သတင်းစာဆရာဖြစ်လာကြမှာ သေချာလှပါသည်။

မြန်မာနိုင်ငံ စာရေးဆရာအသင်းကြီးက ဖွင့်လှစ်ပို့ချပေးနေသော စာရေးနည်းအခြေခံ လမ်းညွှန်သင်တန်းများသည် ပုဂ္ဂလိကစာပေ သင်တန်းများနှင့်လုံးဝမတူဘဲ ထူးခြားပြည့်စုံခိုင်လုံ မှုရှိသောကြောင့် အမှန်တကယ် စာရေးဆရာ ဆရာမ၊ သတင်းစာဆရာ ဆရာမ ဖြစ်ချင်ကြသူများ အနေဖြင့် မိမိတို့ ဖတ်မှတ်လေ့လာထားသည်များနှင့် သင်တန်းတွင်ပို့ချကြသော ဝါရင့်သမ္ဘာရင့် စာရေး ဆရာ ဆရာမကြီးများ၏ သင်ကြားပို့ချချက်များကို ပေါင်းစပ်ကာ နှလုံးရည်တပ်သားကောင်းများ ဖြစ်အောင် ကြိုးစားကြစေချင်ပါသည်။ ။

No comments:

Post a Comment