Thursday, October 17, 2024

ပညာပြည့်စေ၊ နှလုံးလှစေ၊ ကောင်းကျိုးတည်စေ (၂)


ဝ ထ က လ သ (နတလ)

ရခိုင်ပြည်နယ်သို့

နမ့်ခမ်းသားညီငယ်က သူ၏စာအား ဤသို့ဆက်လက်ရေးသားဖော်ပြပါသည်။

ထိုသို့ (ကျား) ကျောင်းတွင် ပညာသင်နှစ်တစ်နှစ်လုံးတွင် ပျော်ရွှင်စွာသင်ကြားခဲ့ရပြီးနောက် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ဖြေဆိုခဲ့ရသည်။ ထိုနှစ်တွင် ကျွန်ုပ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျပါသည်။ သို့သော် အခွင့်အရေးတစ်ခုက အဆင်သင့်ရှိနေပြန်သည်။ ထိုစဉ်က ရခိုင်ပြည်နယ် စစ်တွေမြို့ မကျည်းမြိုင်ရပ်ကွက်တွင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် BAJ (Bridge Asia Japan) တို့ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်းပညာသင်တန်းကျောင်း ဖွင့်လှစ်ထားပါသည်။ ထိုကျောင်းတွင် တက္ကသိုလ်ဝင်တန်း မအောင်မြင်သည့် ကျောင်းသားလူငယ်များအား အသက်မွေး ဝမ်းကျောင်းပညာများ သင်ကြားပေးပါသည်။ သင်ယူလိုသူများအား စာရင်းကောက်ယူသည့်အခါ ကျွန်ုပ်လည်း စက်ပြင်သင်တန်းတက်ရန် စာရင်းပေးခဲ့ပါသည်။

ဤသို့ဖြင့် မြန်မာပြည်အရှေ့ဖျားမှ တောင်ပေါ်ဒေသသားလေး ကျွန်ုပ်သည် မြန်မာပြည်အနောက်ပိုင်း ရခိုင်ပြည်နယ်သို့ လေယာဉ်ပျံကြီးစီး၍ ရောက်ရှိခဲ့ပြန်ပါသည်။ ကျွန်ုပ်တို့၏ မြန်မာ့ရေပိုင်နက် ပင်လယ်ပြင်ကြီးကို မြင်တွေ့ရသည်မှာလည်းထူးပေစွ။ နိုင်ငံတော်၏ ကျေးဇူးကားကြီးမားလှပေစွ။

BAJ စီမံကိန်း ဆိုသည်မှာ

၁၉၉၃ ခုနှစ်တွင် တည်ထောင်ခဲ့သော Bridge Asia Japan (BAJ) သည် ဂျပန်နိုင်ငံတွင် တရားဝင် ခွင့်ပြုထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံရှိ ပြည်သူလူထုနှင့် လူမှုအသိုင်းအဝိုင်းများ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကူအညီပေးရေး စီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်ပေးပါသည်။

ဒုက္ခသည်များ၊ မသန်စွမ်းသူများ၊ ပညာရေး အခွင့်အလမ်းမရှိသော လူငယ်များနှင့် အလုပ်အကိုင် အခွင့်အလမ်းများ လိုအပ်နေသည့် ဆင်းရဲနွမ်းပါးသူများကို အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များ ကျွမ်းကျင်မှုရရှိစေရေးနှင့် စွမ်းရည်မြှင့်တင်ရေး အခွင့်အလမ်းများ ဆောင်ရွက်ပေးပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အဆိုပါ BAJ အဖွဲ့တို့ MoU (Memorandum of Understanding) များ ရေးထိုးကာ ဆောက်လုပ်ရေးသင်တန်းစီမံကိန်း၊ လုပ်ငန်းအကောင်အထည်ဖော်မှု စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းစီမံကိန်းနှင့် နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရေး (TVET) မှတစ်ဆင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း စသည့်စီမံကိန်းများအား နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ စက်မှုလက်မှု သင်တန်းကျောင်းများတွင် သင်တန်းများပို့ချဖွင့်လှစ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

ထိုသင်တန်းကျောင်းတွင် ဆောက်လုပ်ရေး၊ လျှပ်စစ်၊ ဂဟေနှင့် မော်တော်ယာဉ်စက်ပြင် (Electronic Fuel Injection) သင်တန်းများ ဖွင့်လှစ်ပေးပါသည်။

လူငယ်များအား အခြေခံဆောက်လုပ်ရေးနည်း ပညာများနှင့် အခြားအသက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှုပညာရပ်များကို စာတွေ့/လက်တွေ့ နည်းများဖြင့် သင်ကြားပေးပြီး ကျွမ်းကျင်လုပ်သား များ မွေးထုတ်ပေးသဖြင့် ထိုစီမံကိန်းများကြောင့် လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာကြပါသည်။

ပညာပြည့်စေ

တက္ကသိုလ်ပညာသင်ခွင့် ရရှိပုံအဆင့်ဆင့်ကိုလည်း ဤသို့ဖော်ပြထားသည်။

“BAJ သင်တန်းကျောင်းတွင် ခြောက်လစက်ပြင် ပညာသင်ယူခဲ့ရသည်။ သင်တန်းပြီးနောက် နယ်စပ် ရေးရာဝန်ကြီးဌာနရှိ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၌ပင် ယာဉ်မောင်းအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပြီး တန့်ယန်းမြို့ရှိ လူငယ်သင်တန်းကျောင်း၌ပင် တာဝန်ထမ်းဆောင်ခွင့်ရခဲ့ပါသည်။ ထိုသို့ ထမ်းဆောင်ရင်း ၂၀၀၃- ၂၀၀၄ ပညာသင်နှစ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ပြန်လည်ဖြေဆိုခဲ့ရာ အောင်မြင်ခဲ့သည်။ မိခင်ဖခင်တို့၏ ဝမ်းမြောက်မှုကား အတိုင်းထက်အလွန်ဟု ဆိုနိုင်ပေမည်။ ထို့ကြောင့် ၂၀၀၄- ၂၀၀၅ ပညာသင်နှစ်၌ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) ၌ အပတ်စဉ် () ဒီဂရီကောလိပ်ကျောင်းသား ဖြစ်ခွင့်ရခဲ့ပေသည်။

စိမ်းလန်းစိုပြည် သန့်ရှင်းသာယာပြီး ရောင်စုံပန်းများ ဖူးပွင့်ဝေဆာလှပနေသော ကျောင်းတော်ကြီးအား မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီ။ ထိုကျောင်းတော်ကြီးတွင် တစ်နိုင်ငံလုံးရှိ တိုင်းရင်းသား လူမျိုးပေါင်းစုံနှင့် အတူပညာသင်ကြားခွင့်ရခဲ့သည်။ တူညီဝတ်စုံဝတ်ရသည်။ အတူတူ နွေးထွေးစွာ ဖေးမကူညီချစ်ခင်ကြသည်။ အားကစားလုပ်ရင်း၊ ကိုရင်ဝတ်ရင်း၊ လေ့လာရေးခရီးသွားရင်း အေးအတူပူအမျှ ပျော်ရွှင်ခဲ့ရသည်။ တစ်ဦးနှင့်တစ်ဦး ညီအစ်ကိုရင်းများပမာ ချစ်ခင်ရင်းနှီးမှုက ယနေ့တိုင်ပင်။ ကျောင်းတော်ကြီး၌ လူမျိုးတိုင်း၏ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ ဘာသာစကားတို့နှင့် ဖလှယ်ရင်းနှီးခွင့်ရ ခဲ့သည်။ ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာရင့်သန်စေခဲ့သည်။ ပညာပြည့်ဝစေသည့်အပြင် နှလုံးသားများကို အလှဆင်ပေးသော ကျောင်းတော်ကြီးပင်။

၂၀၀၈ ခုနှစ်တွင်ထိုဒီဂရီကောလိပ်မှ ပညာဆည်းပူးခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် B.Sc (သိပ္ပံ)ဘွဲ့ လက်မှတ်ကို အောင်မြင်စွာ လက်ခံရရှိခဲ့ပါသည်။ ကျွန်ုပ်ဘွဲ့ရတစ်ယောက်ဖြစ်ခဲ့ပေပြီ။ နမ့်ခမ်း၊ အောက်ပန်ရုပ်၊ ပလောင်ရွာကြီးတစ်ရွာလုံး ငါတို့ရွာသားတစ်ယောက်ပညာတတ်ကြီးဖြစ်ပြီဟေ့ဟု ကြွေးကြော်လျက် ဂုဏ်ယူနိုင်ခဲ့ပေပြီ။ မိခင်ကြီး၏ အငိုမျက်လုံးများသည်လည်း အပြုံးမျက်နှာဖြစ်ခဲ့ လေပြီ။

နယ်စပ်ရေးရာဝန်ကြီးဌာနသည်

နယ်စပ်ဒေသအသီးသီးရှိ မိဘမဲ့၊ ဆင်းရဲနွမ်းပါး၊ တိုင်းရင်းသား၊ တိုင်းရင်းသူလူငယ်လေးများအား ဦးစားပေး၍ အခြေခံပညာ၊ အလယ်တန်း၊ အထက်တန်း ပညာရပ်များအား အခမဲ့သင်ကြားပေးပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိပါသည်။ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများတွင် ၁၉၉၈ - ၁၉၉၉ ပညာသင်နှစ်မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အထိ ကျောင်းသား ကျောင်းသူ ၂၅၄၃၄ ဦး ပညာသင်ကြား ပေးနိုင်ခဲ့ပြီး ကျောင်းသား ကျောင်းသူ ၃၈၇၂ ဦးတို့အား အဆင့်မြင့်တက္ကသိုလ်ပညာများတွင် ဆက်လက်သင်ယူနိုင်ရေး မြေတောင်မြှောက်ပေးနိုင်ခဲ့ပါသည်။

ထို ၃၈၇၂ ဦး တက်ရောက်ပညာသင်ယူခဲ့ကြသည့် တက္ကသိုလ်များမှာ ဆေးတက္ကသိုလ်တွင် ခြောက်ဦး၊ တပ်မတော်ဆေးတက္ကသိုလ်တွင် နှစ်ဦး၊ တပ်မတော် နည်းပညာတက္ကသိုလ်တွင် တစ်ဦး၊ စစ်တက္ကသိုလ်တွင် ခုနစ်ဦး၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်တွင် ၄၀၃ ဦး၊ နည်းပညာ တက္ကသိုလ်တွင် လေးဦး၊ ပြင်ပတက္ကသိုလ်များတွင် ၆၆၁ ဦး၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်တွင် ၂၇၂၇ ဦး၊ ပညာရေးကောလိပ်တွင် ၃၀၊ သူနာပြုပညာကောလိပ် ၁၆ ဦးနှင့် သားဖွားသင်တန်းတွင် ၁၅ ဦးတို့ ဖြစ်ပါသည်။

အဆင့်မြင့်ပညာကဏ္ဍတွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် နှစ်ကျောင်း၊ အခြေခံပညာ ရပ်များအတွက် လူငယ်သင်တန်းကျောင်း ၄၅ ကျောင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်များအတွက် စက်မှုလက်မှုသင်တန်းကျောင်း ကိုးကျောင်း၊ အိမ်တွင်းမှုသင်တန်းကျောင်း ၄၇ ကျောင်းတို့ ဖွင့်လှစ်နိုင်ခဲ့ပြီး တိုင်းရင်းသားတို့၏ လူ့စွမ်းအားအရင်းအမြစ်များအား မြေတောင်မြှောက်ပေးနိုင်ခဲ့သည်။

နယ်စပ်ဒေသအသီးသီးမှ အခြေခံပညာအထက် တန်းအောင်မြင်သော တိုင်းရင်းသားလူငယ်များ၊ လူငယ်သင်တန်းကျောင်း၊ အထောက်အပံ့ခံကျောင်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသများမှ တိုင်းရင်းသားလူငယ်များအား ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့က အဆင့်ဆင့် စိစစ်ရွေးချယ်ပြီး ပညာရေးဝန်ကြီးဌာန၏ သင်ရိုးညွှန်းတမ်းများအတိုင်း သင်ကြားပေး၍ ဝိဇ္ဇာဘွဲ့ (B.A)၊ သိပ္ပံဘွဲ့(B.Sc) A.G.T.I ဒီပလိုမာဘွဲ့များ ပေးအပ်ချီးမြှင့်လျက်ရှိပါသည်။

စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အထိ ပညာသင်ကြားမှုပြီးဆုံးသည့် ဝိဇ္ဇာဘွဲ့ရရှိသူ ၁၁၀၆ ဦး၊ သိပ္ပံဘွဲ့ရရှိသူ ၂၂၅၆ ဦး၊ အင်ဂျင်နီယာ ဒီပလိုမာ ဘွဲ့(A.G.T.I) ရရှိသူ ၁၅၄၂ ဦးနှင့် အင်ဂျင်နီယာ နည်းပညာဘွဲ့ရရှိသူ ၂၇၄ ဦး စုစုပေါင်း ၅၁၇၈ ဦး တို့အား ဝန်ကြီးဌာန ၁၉ ခု၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ပြည်နယ်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့အသီးသီးတွင် အကြီးတန်းစာရေး၊ အငယ်တန်းအင်ဂျင်နီယာ () ရာထူးများဖြင့် နိုင်ငံ့ဝန်ထမ်းများအဖြစ် နိုင်ငံ့တာဝန်များအားထမ်းဆောင်လျက်ရှိပေသည်။

ယခု ၂၀၂၄ ခုနှစ်တွင်လည်း ပြည်နယ်၊ တိုင်းဒေသကြီးများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများမှ သတ်မှတ်အရည်အချင်းကိုက်ညီသူ၊ စိတ်ပါဝင်စားသူများ အဆိုပါ တက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ တက်ရောက်နိုင်ရေး ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူလျက် ရှိပါသည်။ သက်ဆိုင်ရာ ပညာရေးမှူးရုံးများမှတစ်ဆင့် လျှောက်လွှာများအား လျှောက်ထားနိုင်ကြပြီ ဖြစ်သည်။

နှလုံးလှစေ

ကျောင်းတော်ကြီးများ၏ ကျေးဇူးကားကြီးမားလှပေသည်။ နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှု အောက်ရှိ ကျောင်းများအားလုံးတွင် တာဝန်ရှိသူများ၊ ဆရာ ဆရာမများသည် ကျောင်းစာများအပြင် ကျောင်းသား ကျောင်းသူများအား နိုင်ငံတော်ကို ချစ်မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရန် ကိုယ်ကျင့်တရားကောင်းမွန်စေရန်၊ သိမ်မွေ့ယဉ်ကျေး လိမ္မာစေရန်နှင့် နှလုံးလှစေရန် မေတ္တာစေတနာအပြည့်ဖြင့် သင်ကြားပေးလျက်ရှိပါသည်။

တပည့်နှင့်ဆရာ၊ ရေနှင့်ကြာဆိုသကဲ့သို့ပင်ဆရာနှင့်တပည့်တို့သည် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ အမှီသဟဲပြုနေကြသည်။ ဆရာတို့သည် ကျောင်းသား ကျောင်းသူ လူငယ်လေးများအား အသိပညာ၊ အတတ်ပညာ ဗဟုသုတကို သင်ကြားပေးရုံမက လူငယ်လူရွယ်တို့၏ အကျင့်စာရိတ္တကို ပုံသွင်းပေးကာ လမ်းမှန်ကို ညွှန်ကြားပြသပေးပါသည်။

လူငယ်ဟူသည် လန်းဆန်းတက်ကြွသည်။ နုနယ်ပျိုမျစ်သည်။ ရဲရင့်ဖျတ်လတ်သည်။ အရိုးခံ စိတ်ရှိသည်။ အချိန်အခါသင့်လျှင် မွှေးကြိုင်လှပလာမည့် ဖြူ၊ နီ၊ ညို၊ ပြာ ရောင်စုံဖြာသည့် ပန်းကလေးများနှင့်တူသည်။ ပန်းကလေးများ၏ တင့်တယ်မှုဘဝများကို နုနယ်ချိန်၌ စနစ်တကျ ပဲ့ကိုင်ပေးရပေမည်။ လူငယ်တို့ကို အကျင့်စာရိတ္တမပျက်ပြားအောင် လမ်းမှားမရောက်အောင် ထိန်းကျောင်းရပါမည်။

အတွေ့အကြုံနုနယ်သေးသော၊ မရင့်ကျက်သေး သောစိတ်ဓာတ်များကို မှန်ကန်သော အတွေးအခေါ် များ ရင့်သန်စေအောင် ဝိုင်းဝန်းကူညီ ထိန်းကွပ်ပေး ကြရပေမည်။ လူငယ်နှင့်စာရိတ္တသည် ဆက်စပ် လျက်ရှိသည်။ စာရိတ္တဟူသည်မှာ နှလုံးလှစေသော ကိုယ်ကျင့်တရားကိုဆိုလိုသည်။ ကိုယ်ကျင့်တရားရှိခြင်း၏ မင်္ဂလာရှိပုံကို မင်္ဂလသုတ်တရားတော်တွင် အတ္တသမ္မာ ပဏိဓိစ မိမိ၏ ကိုယ်စိတ်နှစ်ပါးကို ကောင်းစွာစောင့်ထိန်းခြင်းသည် မင်္ဂလာမည်၏ဟု ဖော်ပြထားပါသည်။

နိုင်ငံတော်၏အနာဂတ်သည် လူငယ်တို့လက်ထဲ တွင်ရှိသည်မှာ မလွဲဧကန်ဖြစ်သည်။ ထို့ကြောင့်နိုင်ငံတော်အား ချစ်မြတ်နိုးတန်ဖိုးထားတတ်စေရန်စာရိတ္တကောင်း၏ အခြေခံများကို ကျောင်းနေ စဉ် ငယ်ငယ်ကပင် လူငယ်များ၏ရင်ထဲ၊ အသည်းထဲ တွင် စွဲဝင်အမြစ်တွယ်နေအောင် မျိုးစေ့ချ ပျိုးထောင်ပေးသင့်သည်။ သို့မှသာ သာယာအေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတစ်ခု အဖြစ် ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်မည်ဖြစ်ပါသည်။

နိုင်ငံ့တာဝန်

စာ၏နိဂုံးပိုင်း ရောက်ခဲ့ပေပြီ။

ကျွန်ုပ် သိပ္ပံဘွဲ့ရပြီးနောက် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ပြန်လည်တာဝန်ထမ်းဆောင်ခွင့်ရပါသည်။ တာဝန်ခန့်အပ်သော အမိန့်စာရွက်ကိုကိုင်ပြီး တာဝန်ကျရာမြို့သို့ သတင်းပို့ရန် ထွက်ခွာလာခဲ့ပါသည်။ ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ( … )ရုံးသို့ ရောက်ခဲ့ပြီ။ ရုံးရှေ့မျက်နှာစာရှိ အစိမ်းရောင်နောက်ခံပေါ်၌ အဖြူရောင်စာလုံးများဖြင့် ဖော်ပြထားသည့် နယ်စပ်ဒေသတွင် လူမှုစီးပွားဘဝ အခြေခံ အဆောက် အအုံများ အမြန်ဖွံ့ဖြိုး တိုးတက်စေရမည် ဟူသော စာတန်းကြီးကို ထင်ရှားစွာမြင်ရသည်။

နိုင်ငံတော်နှင့် ဒေသအကျိုးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများဖြင့် ကောင်းကျိုးများဖြစ်တည်စေရန် ကျွန်ုပ်ဆောင်ရွက်ခွင့်ရတော့မည်၊ အလုပ်အကျွေးပြု၍ နိုင်ငံကျေးဇူးဆပ်ခွင့်ရတော့မည်ဟူသော ပီတိ အဟုန်ကား ကျွန်ုပ်၏ခန္ဓာကိုယ်အနှံ့ စီးဝင်နေပါတော့သည်။

ကျွန်ုပ်သည် တောင်ပေါ်တိုင်းရင်းသားတစ်ဦးဖြစ်၏။ ကျွန်ုပ်တို့ဖွံ့ဖြိုးရေးလုပ်ငန်းများ အထူးအလေးထား ဆောင်ရွက်ပေးနေသည်မှာလည်း တိုင်းရင်းသားတို့၏ဒေသများ၌ပင် ဖြစ်ပေသည်။ တစ်မျိုးသားလုံး၏ အကျိုးစီးပွားကိုကြည့်ပြီး အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စု ကြီးဖြစ်စေရန် နယ်စပ်ဒေသများ၏ ငြိမ်းချမ်းရေးသည် အခရာကျလှပေ၏။ ဒေသများငြိမ်းချမ်းမှသာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်မှာဖြစ်သည်။ ဒါကတော့ ကျွန်ုပ်၏ ကိုယ်တွေ့ ပင်ဖြစ်သည်။ ဒါကြောင့် ဒေသများတည်ငြိမ် အေးချမ်းစေရေး နိုင်ငံသားအားလုံးက ပူးပေါင်းပါဝင်နိုင်ကြမှသာ နိုင်ငံတော်၏ ရည်မှန်းချက်များ အောင်မြင်နိုင်လိမ့်မည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။

စာကဤနေရာတွင် ပြီးဆုံးသွားပါသည်။

ဖွံ့ဖြိုးတိုးတက်မှုဟုဆိုရာဝယ်

စာက ပြီးဆုံးသွားပြီဖြစ်သော်လည်း စာရေးသူ၏ အတွေးများက မပြီးဆုံးသေး။

နိုင်ငံတစ်နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးဖွံ့ဖြိုးမှုတွင် လူသားအရင်းအမြစ်မှာ အဓိက အရေးပါသောအချက်ဖြစ်သည်။ သဘာဝအရင်းအမြစ်များ မည်မျှပင်ကြွယ်ဝစေကာမူ လူသားအရင်း အမြစ်မကြွယ်ဝပါက နိုင်ငံတိုးတက်မည်မဟုတ်ပေ။ လူသားအရင်းအမြစ်ကြွယ်ဝမှုသည် လူဦးရေ ပမာဏအပေါ်မတည်ပေ။ လူသားတို့၏ အသိပညာ၊ အတတ်ပညာ ကျွမ်းကျင်မှုသာလျှင် အဓိကကျသော အချက်ဖြစ်သည်။ ထိုလူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံအစိုးရများသည် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍတွင် ပို၍ရင်းနှီး မြှုပ်နှံရန် လိုအပ်ပါသည်။

မိမိတို့နိုင်ငံသည် တိုင်းရင်းသားမျိုးနွယ်စုများကိုအခြေခံကာ ပြည်ထောင်စုနိုင်ငံတော်ကြီးအဖြစ် ဖွဲ့စည်းထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ တိုင်းရင်းသားမျိုးနွယ်စုများ အားလုံးသည် ရှေးနှစ်ပေါင်းများစွာကတည်းက ချစ်ခင်ရင်းနှီးနွေးထွေးစွာ အတူတကွ စုစည်းနေထိုင်လာခဲ့ကြသည်။ သွေးချင်း ညီအစ်ကိုမောင်နှမများလည်း ဖြစ်ပါသည်။ နိုင်ငံ၏အရင်းအမြစ်များလည်း ဖြစ်ပါသည်။ နေထိုင်ရာ ရေမြေဒေသ သဘာဝအနေအထားများအရသာ စာပေနှင့် ယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများ၊ ဘာသာစကားများ မတူကွဲပြားကြခြင်းဖြစ်သည်။ သို့သော် တစ်ဦးနှင့်တစ်ဦး ချစ်ခင်လေးစားမှု၊ မြတ်နိုးယုံကြည်မှု၊ တန်းတူတန်ဖိုးထားမှုများဖြင့် တစ်လှေတည်းစီး တစ်ခရီးတည်းသွားနေကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားများပင် မဟုတ်ပါ လော။

ထိုတိုင်းရင်းသားတို့နေထိုင်ရာ မြန်မာနိုင်ငံ၏ မည်သည့်နေရာတွင်မဆို တူညီသောဖွံ့ဖြိုးတိုးတက်မှု ခံစားရရှိနိုင်စေရန် ဟူသောအချက်သည် နယ်စပ်ရေးရာဝန်ကြီးဌာန၏ မျှော်မှန်းချက်ပင်ဖြစ်သည်။ ထိုသို့မျှော်မှန်းသည့်အားလျော်စွာ ဦးစီးဌာနနှစ်ခုဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် စိတ်ပိုင်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ပညာပြည့်စေ၊ နှလုံးလှစေ၊ ကောင်းကျိုးတည်စေ

ဤသို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် အရင်းအမြစ်နှစ်မျိုး လိုအပ်ပါသည်။ သဘာဝအရင်းအမြစ်နှင့် လူသားအရင်းအမြစ်တို့ဖြစ်သည်။

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့်တိုင်းရင်းသားလူငယ်များသည် နိုင်ငံတော် ၏လူသားအရင်းအမြစ်များ ဖြစ်ကြသည်။

ထိုသို့ အနာဂတ်ကို ဦးဆောင်ကြမည့် လူငယ်လူရွယ်များ၌ ပညာပြည့်ဝသော မှန်ကန်သော အတွေးအမြင်များ ရှိကြရပါမည်။

လှပသောနှလုံးသားအစုံ၌ မွန်မြတ်သောစေတနာများနှင့် ကောင်းသောအလေ့အထများ ကျင့်သုံးနိုင်ကြရပါမည်။

သို့မှသာ အနာဂတ်နိုင်ငံတော်သည် ကောင်းကျိုးများဖြစ်တည်လျက် နိုင်ငံတကာအလယ်တွင် ခန့်ထည်စွာ ရပ်တည်နိုင်ပေလိမ့်မည်။ ။

No comments:

Post a Comment