မြင်းမူမောင်နိုင်မိုး
တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက မြန်မာစာရေးဆရာများအား သူတို့နိုင်ငံသို့ စာပေယဉ်ကျေးမှု ပူးပေါင်းဖလှယ်ရေးအစီအစဉ်အရ အလည်အပတ်ဖိတ်ကြားလိုကြောင်း လွန်ခဲ့သော လေးလကျော်၊ ငါးလကပင် ကမ်းလှမ်းလာခဲ့သည်။
ယခင်က မြန်မာစာရေးဆရာအဖွဲ့များ
လေးယောက်တစ်ဖွဲ့၊ ငါးယောက်တစ်ဖွဲ့ တရုတ်နိုင်ငံသို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြရသည်။
သူတို့ဆီကလည်း မြန်မာနိုင်ငံသို့အလားတူ လာရောက်ကြ သည်။ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုဆီ
ဦးတည်ခြင်းဖြစ်ပါ၏။ ဆယ်စုနှစ် နှစ်ခုကျော် သုံးခုနီးပါး အပြန်အလှန်သွားရောက်ခဲ့ကြရာမှ
ထိုခရီးစဉ်များ ရပ်တန့်နေခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုနီးပါးခန့်ပင် ရှိပြီထင်ပါသည်။ ယခု
သူတို့ကစတင်၍ ကမ်းလှမ်းလာတော့ လိုလိုလားလားပင် လက်ခံမိပါ၏။ ညှိနှိုင်းချက်အရ ရန်ကုန်မြို့တစ်ဝိုက်သာ
အခြေချနေထိုင်သူများသာမကဘဲ မြို့နယ်အဆင့်များပါ ပါဝင်စေလို သဖြင့်လည်းကောင်း မိမိလက်လှမ်းမီသမျှ
ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစရှိသည့် တိုင်းဒေသကြီးနှင့်
ပြည်နယ်များမှ နိုင်ငံတော်အဆင့် စာပေဆုရရှိသူများ၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌများ၊
ပုံနှိပ်ထုတ်ဝေသူများ၊ ဘာသာပြန်စာရေးဆရာများ၊ အယ်ဒီတာများကိုပါ ထည့်သွင်းစဉ်းစားရပါသည်။
နောက်ဆုံးတော့
မိမိဦးဆောင်သော မြန်မာစာရေးဆရာ ၁၀ ဦးသည် သံရုံးမှစီစဉ်ပေးသော စကားပြန် မမြတ်မြတ်ဦးနှင့်အတူ
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၈ နာရီခွဲတွင်
ကွမ်တုံပြည်နယ် ကွမ်ကျိုးမြို့သို့ ထွက်ခွာခဲ့ရ လေတော့သည်။ ထိုနေ့က လေဆိပ်တွင် တရုတ်သံရုံး
(ယဉ်ကျေးမှု သံရုံး)မှ သံမှူးကြီးနှင့် ကောင်စယ်လာ ဒေါ်နွဲ့ကဗျာတို့က လိုက်ပါ ပို့ဆောင်ကြလေသည်။
ပဉ္စမမြောက်
ခရီးစဉ်
ကျွန်တော်သည်
၁၉၉၉ ခုနှစ်၊ ၂၀၁၂ ခုနှစ်၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်များတွင် တရုတ်နိုင်ငံသို့
ရောက်ခဲ့ဖူးသည်။ ပထမတစ်ခေါက်တုန်းက ၁၉၉၉ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှ ၁၉ ရက်နေ့အထိ
၁၀ ရက်ကြာသည်။ ဆရာမကြီးစောမုံညင်း၊ ဆရာချစ်နိုင်(စိတ်ပညာ)၊ ဆရာမ မစန္ဒာ၊ ဆရာကာတွန်းစိုးစံတို့နှင့်ဖြစ်သည်။
ဒုတိယတစ်ခေါက် ၂၀၁၂ ခုနှစ်က ဆရာမောင်ဆန္ဒ (လယ်ဝေး)နှင့် ဖြစ်ပြီး ၂၀၁၄ ခုနှစ်က မဲခေါင်စာပေဆုနှင်းသဘင်
(ယူနန်ပြည်နယ်)သို့ ဆရာညိုထွန်းလူ၊ ဆရာတင်အောင်ရွှေ (သုတေသီ)၊ ဆရာဦးကြိုင်မြင့် (ဝါမိုးအောင်)
စာပေတို့နှင့် ဖြစ်ပေသည်။ စတုတ္ထအခေါက် ၂၀၂၃ ခုနှစ်တွင် မိမိနှင့်အတူ တရုတ်-မြန်မာချစ်ကြည်ရေးအသင်း
ဒုတိယဥက္ကဋ္ဌ ဦးစံလွင်နှင့် သတင်းမီဒီယာဆိုင်ရာနှင့် ရုပ်သံလွှင့်ဆိုင်ရာအဖွဲ့အစည်းများမှ
အဖွဲ့ဝင် ငါးဦး ပါဝင်သည်။
ယခုတစ်ခေါက် ခရီးစဉ်အစနေ့မှာပဲ
တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏သတင်းက မကြာခဏ ကြားနေရသည်။ သို့ရာတွင်
ကြည်လင်သာယာသော ရာသီဥတုဖြင့် သုံးနာရီခန့်ကြာအောင် လေယာဉ်စီးပြီး မြန်မာစံတော်ချိန်
၁၂ နာရီခန့်တွင် ကွမ်ကျိုးမြို့သို့ ချောမောစွာရောက်သည်။ လေယာဉ်မယ်လေး၏ မကြာမီကွမ်ကျိုးမြို့ကို
ရောက်ရှိပါတော့မည်ဟု ကြေညာသံကြားပြီး နာရီဝက်ခန့်ကြာမှ လေယာဉ်ဘီးချလေသည်။
လေယာဉ်ပြတင်းမှ
လှမ်းမျှော်ကြည့်လိုက်သော် မြစ်များ၊ ချောင်းများ၊ တောင်ကုန်းတောင်တန်းများနှင့် သဘာဝရှုခင်းများက
သာယာလှပသလို တိုက်တာအဆောက်အအုံများနှင့် ကြီးကျယ်ခမ်းနားလှသော လူနေရပ်ကွက်များကိုလည်း
တစ်မျှော်တစ်ခေါ် ရှုမြင်ရသည်။ ထိုနေ့က လေဆိပ်သို့ လာရောက်ကြိုဆိုသော ဧည့်လမ်းညွှန်မှာ
အမျိုးသားတစ်ဦးဖြစ်ပြီး အသက်လေးဆယ်ကျော် ငါးဆယ်နီးပါး အရွယ်ဖြစ်သည်။ သူ၏အမည်မှာ ဝမ်ကျယ်
(Wang Jie) ဟု ခေါ်သည်။ ကွမ်တုံပြည်နယ် ကွမ်ကျိုးမြို့တွင် ၂၀၂၃ ခုနှစ် လူဦးရေစာရင်းအရ
လူဦးရေ ၁၈ ဒသမ ၂၇ သန်းရှိသည်ဟု သိရသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းထားရှိပုံနှင့် သစ်ပင်သစ်တောများ
စနစ်တကျစိုက်ပျိုး ထားပုံမှာ စံပြုစရာကောင်းသည်။ ခုံးကျော်လမ်းများ သုံးထပ်၊ လေးထပ်
တည်ဆောက်ထားပြီး ယာဉ်ကြောပိတ်ဆို့မှု နည်းပါးလှ သည်ကိုလည်း သတိပြုမိသည်။
ထိုနေ့က နေ့လယ်စာစားပြီး
Hampten Hotel တွင် တည်းခိုရသည်။ ညစာကိုတော့ ဟိုတယ်မှ နှစ်နာရီခန့် သွားရောက်ရသော ဆိုင်ကြီးတစ်ဆိုင်သို့
ပို့ဆောင်ကျွေးမွေးသည်။ ညစာစားအပြီး ကွမ်ကျိုးမြို့ရှိ အသံလွှင့်မျှော်စင်နှင့် လဟာပြင်ပြဇာတ်ရုံကြီးကို
သွားရောက်လေ့လာသည်။ မိုးထိခမန်း မြင့်မားလှသော အဆောက်အအုံကြီးများနှင့် အသံလွှင့်ရုံကြီး၏
ခံ့ထည်မှုက လိုက်ဖက်လှသည်။ လဟာပြင်ပြဇာတ်ရုံကြီး၏ မီးရောင်စုံအလှ၊ မြစ်ကမ်းနံဘေးပန်းခြံ၏
အလှ၊ ကြည်လင်သာယာသော မိုးကောင်းကင်၏အလှနှင့် အလှပေါင်းစုံသော ညချမ်းအခါဝယ် စိတ်ချမ်းမြေ့စွာ
အပန်းဖြေအနားယူနေကြသော တရုတ်နိုင်ငံသားများကို ရှုမြင်ရသည်မှာ အားကျဖွယ်ရာ ပင် ဖြစ်တော့သည်။
ကွမ်းတုံတက္ကသိုလ်
မြရိပ်ညို
စက်တင်ဘာလ ၆ ရက်နေ့
နံနက်စောစောတွင် Hotel Dinning Room တွင် အသက်နှစ်ဆယ်ကျော်အရွယ် နုနယ်လှပသော မိန်းမပျိုလေးတစ်ယောက်က
ကျွန်တော်တို့ မြန်မာစာရေးဆရာအဖွဲ့ကို လာရောက်နှုတ်ဆက်ကြိုဆိုသည်။ ရန်ကုန်မှာကတည်းက
အတူလိုက်ပါ လာသော သံရုံးစကားပြန် မမြတ်မြတ်ဦးက မိတ်ဆက်ပေးသည်။
“ဆရာ သူက ကျွန်မတို့အဖွဲ့နဲ့
ခရီးစဉ်အစအဆုံးလိုက်ပါပေးမယ့် မဝင်းပပပါ။ တရုတ်နာမည်က Gao Ping ပါတဲ့”
ဖြူဖြူသွယ်သွယ်
မိန်းမငယ်လေးက သူ့ကိုယ်သူ ပပက၊ ပပကဟု သွက်လက်စွာ မိတ်ဆက်သည်။ သူသည် ရန်ကုန်တက္ကသိုလ်တွင်
လာရောက်ပညာသင်ယူဖူးသည်။ မူရင်းတက္ကသိုလ်ကတော့ ယူနန် တက္ကသိုလ်ဖြစ်ပြီး ယီးမျိုးနွယ်စုဖြစ်လေသည်။
ကျွန်တော်တို့ ခရီးစဉ်တစ်လျှောက်လုံး မြတ်မြတ်ဦးနှင့် ဝင်းပပကြောင့် အစစအရာရာ အဆင်ပြေပါသည်။
ထိုနေ့နံနက် ၉
နာရီတွင် ကွမ်တုံနိုင်ငံခြားဘာသာနှင့် ပြည်ပကုန်သွယ်ရေးတက္ကသိုလ်သို့ စာပေပေါင်းကူးဖလှယ်ရန်
သွားရောက် ကြသည်။ တက္ကသိုလ်အဝင်ဝတွင် မြန်မာစာဌာနမှူးဖြစ်သူက ကျွန်တော်တို့အဖွဲ့ကို
ပြုံးရွှင်ဖော်ရွေစွာ ကြိုဆိုသည်။ သူက ဝင်ဝင်ချင်း တက္ကသိုလ်၏ အလှအပများကို ခံစားရအောင်
လမ်းလျှောက်သွားကြရ အောင်ပါဟု ဆိုသည်။ လှပသော ရေမြောင်းနံဘေးဝယ် ရောင်စုံပန်းများ ပွင့်လန်းနေသော
ပန်းခြံရှိသည်။ မြင့်မားသော သစ်ပင်ကြီးများက အဆောက်အအုံများကို အုပ်မိုးနေသည်။ ကျောင်းဝင်းထဲဝင်ပြီး
မကြာမီ ဒါက တက္ကသိုလ်ဆေးရုံ၊ ဒါက တက္ကသိုလ်စာကြည့်တိုက်စသည်ဖြင့် ကြီးမားခံ့ညားသော
အဆောက်အအုံများကို လိုက်လံပြသ ပေးသည်။ ၁၅ မိနစ်ခန့် လမ်းလျှောက်ပြီး အစည်းအဝေးခန်းမ၌
တက္ကသိုလ်၏ ဌာနမှူးများ၊ မြန်မာစာအဓိက ကျောင်းသား ကျောင်းသူ များက ကျွန်တော်တို့ကို
စောင့်ကြိုနေပါသည်။
ထိုနေ့က ကွမ်တုံတက္ကသိုလ်မှ
ဌာနမှူး ကျိုးဖုန်(Zhou Peng)၊ ပါမောက္ခလျိုကျစ်ချန်(Liu Zhi Qiang)၊ မြန်မာစာဌာနမှူး
ကျန်းဝေကော (Zhang Wei Guo)၊ မြန်မာစာကထိက ဆရာမဝူဒီ (Wu Di)၊ မြန်မာစာဆရာကျောက်ချိုင်ကျွမ်း
(Zhao Cai Jun) တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။ ကျွန်တော်က အဖွဲ့ဝင်စာရေးဆရာများနှင့်
တစ်ဦးချင်း မိတ်ဆက်ပေးသည်။ ထို့နောက် မြန်မာစာရေးဆရာများကို စာပေရေးရာများနှင့် စာပေဖလှယ်ရေး
ကိစ္စရပ်များအတွက် စကားပြောပေးပါဟု ဆိုလာတော့ ကျွန်တော်က မကြာမီကမှ တရုတ်၊ အင်္ဂလိပ်၊
မြန်မာ သုံးဘာသာဖြင့် ကျွန်တော်ရေးသားထုတ်ဝေပြီးဖြစ်သည့် Selected Chinese Poems
Through the Ages (ခေတ်အအဆက်ဆက်နှစ်သက်စရာတရုတ်ကဗျာများ) စာအုပ်မှ လွန်ခဲ့သော နှစ်ပေါင်း
၂၀၀၀ ကျော်က ကဗျာဆရာမ ချိုင့်ယုံ (Cai Yong) ရေးဖွဲ့ခဲ့သော အချစ်ကဗျာလေးတစ်ပုဒ်အကြောင်း
ရှင်းလင်းပြောပြသည်။
ကဗျာပါအကြောင်းအရာလေးမှာ ဤသို့ဖြစ်၏။ အဝေးတစ်နေရာကို
ရောက်ရှိနေသောချစ်သူ တစ်နည်းအားဖြင့် စစ်ရေးတာဝန်ထမ်းဆောင်နေသူချစ်သူကို ချစ်သူမိန်းကလေးက
လွမ်းတနေရှာ၏။
စိမ်းလဲ့ကြည်လင်သော
မြစ်ကမ်းနံဘေးဝယ် တစ်ကိုယ်တည်း မျှော်ငေးရင်း ချစ်သူကိုလွမ်းတနေ၏။ မနေ့ညက အိပ်မက်ထဲမှာ
ချစ်သူနှင့်အတူ ပြုံးပျော်ရွှင်ပျ ကြည်နူးခဲ့ရသည်ဟု မြင်မက်ခဲ့သော် ငြား ချစ်သူကား
ယခုအဝေးကို ရောက်နေပြီ။ ကဗျာအစပိုဒ်လေးမှာ ဤသို့ဖြစ်၏ -
“မြစ်၏ဝဲယာ၊ ကမ်းစပ်မှာလျှင်
ပမာမြသွင်၊ စိမ်းစိုလွင်သည့်
မြက်ပင်တို့အလှ၊
မြင်ပါရသော်
နှမကြင်သူ၊ စစ်ထွက်သူကို
တရူတမ်းမို၊ လွမ်းအားပိုမိ
ခုဆိုသူကား၊ မယ့်ကိုထားကာ
ရပ်ခြားဝေးမြေ
ရောက်နေပြီ။”
ထိုသို့ရှိစဉ်
ချစ်သူနှင့်အတူ ခရီးထွက်သွားသော ရွာသားအချို့ ရွာသို့ပြန်ရောက်လာသည်။ ချစ်သူက စာလွှာလေးတစ်စောင်ကို
ပိုးသားလိုနုညက်သော စာရွက်ပေါ်မှာရေးကာ အသေအချာထုပ်ပိုးပြီး ရွာသားတစ်ယောက်ဖြင့် အကြုံပါးလိုက်လေသည်။
ချစ်သူ့စာလွှာလေးကို
တရိုတသေဖွင့်ဖောက်ပြီး ဒူးလေးတုတ်ကာ ထိုင်၍ ဖတ်လိုက်သည်။ အို ချစ်သူရေးလိုက်တဲ့ စာသားလေးကသည်လိုပါတဲ့။
(ကဗျာနောက်ဆုံးအပိုဒ်လေးကို ရွတ်ဆိုပြလိုက်ပါ သည်။)
“ဪ . . . ပိုးသားဖြူဖွေး၊
ချစ်သူရေးသည်
စာလေးအစ၊ ဖတ်မဝခဲ့
နှမစိတ်ဝမ်း၊
ရွှင်ချမ်းမြေ့အောင်
ကျန်းမာအောင်နေ၊
ချစ်သူရေ
ကိုယ်လေတမ်းတ
အောက်မေ့လှ
မင်းသာ ကိုယ့်အတွက်
ထာဝရ . . .”
အဆုံးသတ်အပိုဒ်လေးကို
ဖတ်ပြီးမှ ကျွန်တော်ကပြောလိုက်သည်-
“ကဗျာခေါင်းစဉ်ကတော့
မြစ်ကမ်းနံဘေးမှ ချစ်အလွမ်းတေးပါတဲ့ခင်ဗျာ”
ဆက်လက်၍ စာရေးဆရာ
ရန်ပိုင်ဥက္ကာက မြန်မာနိုင်ငံဘာသာပြန် စာအုပ်များ ထုတ်ဝေခဲ့မှုအခြေအနေနှင့် စာပေဗိမာန်အဖွဲ့ကြီးအကြောင်း၊
စာပေဆုများအကြောင်းကိုလည်းကောင်း၊ ဆရာမ တက္ကသိုလ်မြမဉ္ဇူက တရုတ်နှင့် မြန်မာတို့၏ တူညီသောစာပေပုံရိပ်များ၊
နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ခိုင်မြဲခဲ့ပုံများကိုလည်းကောင်း၊ ဘာသာပြန်စာရေးဆရာ
တော်ကောင်းမင်းက တရုတ်ဘာသာမှ မြန်မာဘာသာသို့ ကိုယ်တိုင်ပြန်ဆိုခဲ့သော စာအုပ်များအကြောင်းနှင့်
မြန်မာကဗျာနှင့် တရုတ်ကဗျာတို့၏ကာရန်ယူပုံ၊ အသံသာပုံတို့တူညီသော အချက်အလက်များကို ရှင်းလင်းဆွေးနွေးသည်။
တက္ကသိုလ်ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကလည်း သိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး
လက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပါသည်။
ထို့နောက် တက္ကသိုလ်ဝင်းထဲမှ
ထွက်ခွာပြီး နေ့လယ်စာစားကြသည်။ မွန်းလွဲ ၂ နာရီတွင် ကွမ်ကျိုး အထူးအမြန်ရထား
(Hight Speed Train) ဖြင့် ယန်းရှို့ (Yang Zhau)သို့ ထွက်ခွာခဲ့လေသည်။ ရထားစီးချိန်
သုံးနာရီခန့်အကြာတွင် ယန်းရှို့ဘူတာသို့ ရောက်ရှိခဲ့လေသည်။ ရထားလမ်းပတ်ဝန်းကျင်တစ်လျှောက်လုံးမှာတော့
စိမ်းလန်းစိုပြည်သော တောတောင်သဘာဝအလှအပများ၊ စနစ်တကျ စိုက်ပျိုးထားသော စိုက်ခင်းများ၏အလှအပများက
နေ့လယ်စာစားပြီး အိပ်ငိုက်လိုသော ကျွန်တော်တို့၏ စိတ်ဆန္ဒများကို ချေဖျက်နိုင်စွမ်း
ရှိလေသည်။ ရှုမြင်ရသော တောင်တန်းများမှာ စွန်းဝူခုံးဇာတ်လမ်းတွဲများထဲက ကောင်းကင်ဘုံအသွား
တိမ်ခိုးတိမ်ငွေ့များအကြားမှ တောင်ထွတ်တောင်စွယ်အသွယ်သွယ်တို့အလား မြင့်မားသော တောင်တန်းများသည်
ကြည့်မဝရှုမဆုံးနိုင်အောင် သာယာလှပါ၏။
“အို . .
. လွမ်းဘွယ် လျိုဆန်းကြယ်”
ယန်းရှို့သို့
စတင်ရောက်ရှိသည့် ညနေချမ်းမှာပင် လျိုဆန်းကြယ် ဆိုသည့် မိန်းမချောလေးကို ကျွန်တော်တို့
တွေ့မြင်ခဲ့ရလေသည်။ ထိုမိန်းမချောလေးကို အပြင်မှာတွေ့ရသည်တော့မဟုတ်။ ယန်းရှို့ မြစ်ကမ်းနံဘေးသဘာဝတောင်စွယ်တောင်တန်းကြီးများနှင့်
ဆည်းဆာအောက်က တိမ်ရောင်စုံများကို နောက်ခံပြုကာ မြစ်ရေပြင် (ယန်းရှို့မြစ်) ပေါ်မှာ
ဇာတ်စင်ပြုလုပ် တင်ဆက်ဖျော်ဖြေသောဇာတ်ခုံပေါ်မှာဖြစ်လေသည်။
လျိုဆန်းကြယ်ဆိုသည့်
ဒေသခံအမျိုးသမီးလေးတစ်ဦး၏ ဇာတ်ကြောင်းကို ဇာတ်လမ်းဖွဲ့ဆိုကာ ရောင်စုံမီးဆလိုက်များ၊
ခေတ်မီစွာ တည်ဆောက်ထားသော ရေပေါ်ဆက်တင်များဖြင့် လှပစွာ စိတ်ဝင်စားဖွယ်ရာ ဖန်တီးတင်ဆက်ပုံမှာ
အံ့ဩဘနန်း ရှုစမ်းချင်စဖွယ် အနုပညာပရိယာယ်ကြွယ်ဝလှပေသည်။ မြစ်ပြင်ပေါ်မှာ တကယ့်လှေကြီးတွေနှင့်
တကယ့်လူတွေ ပြေးလွှားသွားလာဖြတ်သန်းနေကြသည်မှာ သရုပ်ဆောင်ပုံနှင့်မတူဘဲ တကယ်ပင်သက်ဝင်
လှုပ်ရှားနေသလို ထင်မြင်ရပေသည်။ လျိုဆန်းကြယ်ဆိုသည်မှာ တရုတ်နိုင်ငံတွင် ၁၉၆၀ ပြည့်နှစ်ကျော်ကာလက
ဝန်ကြီးချုပ် ချူအင်လိုင်းလက်ထပ်တွင် အနုပညာဖန်တီးမှုဖြင့် ပြည်သူများ စိတ်ဓာတ်တက်ကြွလာစေရန်
နိုင်ငံတော်တည်ဆောက်ရေးတွင် အနုပညာစွမ်းရည်ဖြင့် ဆွဲဆောင်စည်းရုံးနိုင်ရန် ဖန်တီးခဲ့သော
ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ကြောင်းနှင့် ယခုအခါ ထိုဇာတ်ကား၏ အနှစ်သာရကို ရေပေါ်ဇာတ်သဘင်ပမာ
ဖန်တီးတင်ဆက်ကပြခြင်းဖြစ်ကြောင်း သိရသည်။
မည်သို့ဆိုစေ
ရိုးရာတေးသီချင်းသီဆိုမှုကို ဝါသနာအရင်းခံရှိသော မိန်းမချောလေး လျိုဆန်းကြယ်ကို ဇာတ်လိုက်ထား
ဖန်တီးထားသော ဇာတ်ဝင်ခန်းများကို ကြည့်ရှုရသည်မှာ တရုတ်ပြည်၏ ရုန်းကန် လှုပ်ရှားကြိုးစားခဲ့ရသော
ခေတ်ဦးကာလကို အမှတ်ရလွမ်းတစရာပင် ဖြစ်ပေသည်။
စက်တင်ဘာလ ၇ ရက်နေ့တွင်
မြစ်ရေပြင်ပေါ်ဝယ်ဖောင်စီး အပန်းဖြေရန် လိုက်လံပို့ဆောင်သည်။ ထို့နောက် ငွေရောင်သဘာဝ
လိုဏ်ဂူအား သွားရောက်လေ့လာသည်။ ညပိုင်းတွင် မြောင်လူမျိုးနှင့် တုန့်လူမျိုးတို့၏ ရိုးရာဓလေ့ယဉ်ကျေးမှု
လိပ်ပြာရောင်စုံပန်း ဥယျာဉ်ပွဲတော်နှင့် မီးပုံပွဲကို သွားရောက်လေ့လာကြည့်ရှုရသည်။
ပွဲခင်းအတွင်း အဝင်ဝတွင် ဒေသခံတိုင်းရင်းသားများက သီချင်းဆိုပြသည်။ မိမိတို့အဖွဲ့ကလည်း
သီချင်းတစ်ပုဒ်ပြန်လည်၍ ဆိုပြရသည်။ သီချင်း ဆိုပြီးတော့ ဝိုင်အရက်ချို တစ်ခွက်ကိုလည်း
မသောက်မနေရ တစ်ခွက် သောက်ရပြန်သည်။ ထိုညက မီးပုံပွဲတွင် မိမိတို့ စာရေးဆရာများပါ ကပွဲအတွင်း
တက်ရောက်လာသူများနှင့် လက်တွဲကာ တပျော်တပါး ပါဝင်ကပြခဲ့ကြသည်။
ယန်းရှို့မှသည်
ကွေ့လင်မှတစ်ဆင့် နန်နင်းသို့
စက်တင်ဘာလ ၈ ရက်နေ့တွင်
ဟိုတယ်မှ ဒေသစံတော်ချိန် နံနက် ၅ နာရီခွဲတွင် ဘတ်စ်ကားဖြင့် ထွက်ခွာသည်။ ဟိုတယ်မှ ဘူတာရုံသို့
နှစ်နာရီခန့်ကြာမြင့်အောင် မောင်းနှင်ရသည်။ ဧည့်လမ်းညွှန်ဖြစ်သူ အမျိုးသား၏အမည်က ကျန်းကျစ်ရုန်(Jiang
Zhiyong) ဖြစ်ပြီး အသက် ၃၅ နှစ်ခန့်အရွယ်ရှိကာ ခင်မင်စရာ ကောင်းသည်။ စာပေအနုပညာကိုလည်း
ဝါသနာပါသူဖြစ်ပြီး ကဗျာ တွေလည်း ရွတ်ပြသည်။ သီချင်းတွေလည်း ဆိုပြသည်။ ထိုနေ့က ယန်းရှို့ဘူတာသို့အသွား
ဘတ်စ်ကားပေါ်တွင် သူကဦးဆောင်၍ ကျွန်တော်တို့ စာရေးဆရာတစ်ဖွဲ့လုံးကို သီချင်းတစ်ပုဒ်စီ
သီဆို စေသည်။ ထို့နောက် မြန်မာစာရေးဆရာများအားလုံးကို သူက လွမ်းဆွတ်သတိရနေမှာပါဟု ပြောရင်း
သူတတ်နိုင်သမျှ လက်ဆောင်လေးတွေပေးရှာသည်။ ကျွန်တော်တို့အားလုံးကလည်း ခင်မင်စွာနှုတ်ဆက်ကြသည်။လက်ဆောင်တွေပေးကြသည်။
တာဝန်ကျေ၊ ဝတ္တရားကျေမျှသာမကဘဲ စေတနာမေတ္တာအပြည့်ဖြင့် ကူညီဆောင်ရွက်ပေးသည့် ဧည့်လမ်းညွှန်လေး
ကျန်းကျစ်ရုန်ကို အားလုံးက မှတ်မှတ်ရရ ရှိကြသည်။
ရထားက နံနက် ၁၀
နာရီခွဲတွင် စတင်ထွက်ခွာသည်။ လမ်းတစ်လျှောက် ဖြတ်သန်းရပ်နားခဲ့သော ဘူတာရုံများမှာ လျှိုကျဲ့ပေ၊
လျှိုကျိုး၊ လိုင်ဘင်းဘေ၊ ဘင်းယန် စသည့်ဘူတာတို့ဖြစ်လေသည်။ ရထားမထွက်မီ ယန်းရှို့တွင်ရှိနေစဉ်က
မိုးလေဝသအခြေအနေမှာ မကောင်းလှပေ။ နန်နင်းမြို့ဘက် မိုးတွေကြီး၍ လေတွေတိုက်နေသည်။ ရထားစီးတော့
ဘဝတက္ကသိုလ် ဦးနေဝင်းနှင့် ကျွန်တော်က တစ်ခုံတည်းအတူထိုင်ရသည်။ သူက သူ့တယ်လီဖုန်းတွင်
နန်နင်းမှာ မိုးသည်းထန်စွာ ရွာသွန်းနေပုံကို ပြသည်။
“စိတ်မပူပါနဲ့ဆရာ
. . . အဆင်ပြေသွားမှာပါ”
ကျွန်တော်က ဘာမှစိတ်မပူသလို
နှစ်သိမ့်ပေးလိုက်သည်။ တော်ပါသေးသည်။ နန်နင်းကို ကျွန်တော်တို့ရောက်သည့် မွန်းလွဲ ၁
နာရီခန့် တွင် ရာသီဥတုကြည်လင်သာယာနေသည်။ ရွာနေသောမိုးတို့ ရပ်တန့်၍ နေရောင်ခြည်လေးလင်းလက်နေသည်ကို
တွေ့မြင်ရသည်။ အားလုံးဝမ်းသာပျော်ရွှင်ကြပါ၏။ ကြိုတင်ရောက်ရှိနေသော ဧည့်လမ်းညွှန် ရှောင်ဖုန်း
(Xiao Feng)၏ စီစဉ်ပေးမှုဖြင့် နေ့လယ် စာစားပြီး B12 ဟိုတယ်သို့ ဆက်လက်ထွက်ခွာကြသည်။
ညနေပိုင်း တွင် နန်နင်းကုန်စည်ပြပွဲ ကျင်းပပြုလုပ်မည့် China Asian Convention and
Exihibition Centre သို့ သွားရောက်လေ့လာသည်။ ထို့ပြင် မျက်နှာချင်းဆိုင်ရှိ Jeyong
Shopping Centre သို့ လည်ပတ် ကြည့်ရှုကြသည်။
တရုတ်-မြန်မာ
စာပေများ အပြန်အလှန် ဘာသာပြန်ဆိုရေး ဆွေးနွေးတိုင်ပင်
စက်တင်ဘာလ ၉ ရက်နေ့
နံနက်ပိုင်းတွင် ကွမ်းရှီးပုံနှိပ်ထုတ်ဝေရေးနှင့် မီဒီယာလုပ်ငန်းစုမှ တာဝန်ရှိသူများနှင့်
မြန်မာစာရေးဆရာအဖွဲ့တို့ လီကျန်းစာပေတိုက်(Lijiang Academy )၌ တွေ့ဆုံကြသည်။ အဓိကရည်ရွယ်ချက်ကတော့
စာပေဖန်တီးမှုလက်ရာများ အပြန် အလှန်ပူးပေါင်းဖလှယ်ရေးနှင့် နှစ်နိုင်ငံပြည်သူများ ပိုမိုချစ်ကြည်
ရင်းနှီးမှုရရှိရေး၊ စာပေကလောင်စွမ်းအားဖြင့် အားထုတ်ကြရေးပင်ဖြစ်သည်။
အဆိုပါဆွေးနွေးပွဲတွင်
ကွမ်းရှီးပုံနှိပ်ထုတ်ဝေရေးမီဒီယာလုပ်ငန်းစုခေါင်းဆောင် လိလိုင်ယို (Li Liang Yo)၊
ကွမ်းရှီးစာရေး ဆရာအသင်းဥက္ကဋ္ဌ ထျန်သိုက်လင် (Tuan Dai Lin) နှင့် မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ
ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) တို့က ဦးဆောင်ဆွေးနွေးကြသည်။ ထို့နောက် မြန်မာစာရေးဆရာ
ဦးစိုးမြင့် (ရဲမင်းစိုး)၊ ဒေါ်ခင်ဝတ်ရည် (ဝတ်ရည်ခင်-ပဲခူး)၊ သီဟရတနာ ဦးသိမ်းစိုးနှင့်
ဘာသာပြန်စာရေးဆရာ တော်ကောင်းမင်းတို့ကလည်းကောင်း၊ တရုတ်စာရေးဆရာများဖြစ်ကြသော လိလိုင်ယို(Li
Liang Yo)၊ ထျန်သိုက်လင် (Tuan Dai Lin)၊ ကျန်းကျင်းလု (Zhang Zinlu)၊ လျိုဒီချိုင်
(Lu Dicai) တို့ကလည်းကောင်း ကျယ်ကျယ်ပြန့်ပြန့် ပါဝင် ဆွေးနွေးကြသည်။ အဆိုပါဆွေးနွေးပွဲတွင်
မြန်မာစာရေးဆရာ တော်ကောင်းမင်းသည် တရုတ်သမ္မတကျန်ဇီမင်းစာအုပ်ကို ဘာသာပြန်ဆိုခဲ့ရာမှ
၂၀၀၈ ခုနှစ်အတွက် အမျိုးသားစာပေဆုရရှိခဲ့သူဖြစ်သဖြင့် တရုတ်စာရေးဆရာများ၏ စိတ်ဝင်စားခြင်းကိုခံရသူလည်း
ဖြစ်လေသည်။
နှစ်လွှာတစ်ခက်
စွယ်တော်ရွက်ကဗျာ ကွမ်းရှီးတက္ကသိုလ်မှာ
ထိုနေ့ညနေပိုင်းတွင်
ကွမ်းရှီးတိုင်းရင်းသားလူမျိုးစုတက္ကသိုလ်သို့ သွားရောက်ကာ စာပေဖလှယ်ရေး တွေ့ဆုံဆွေးနွေးရသည်။
တက္ကသိုလ်ဆရာ ဆရာမများ၊ မြန်မာစာအဓိက တရုတ်လူမျိုးတက္ကသိုလ် ကျောင်းသား ကျောင်းသူများနှင့်
စာပေရေးရာဆွေးနွေးရေးပင် ဖြစ်လေသည်။ တက္ကသိုလ်အဝင်ဝရောက်သည်နှင့် အသက် ၄၀ ခန့်အရွယ်
ဆရာတစ်ဦးနှင့်အတူ အသက် ၂၀ ကျော်အရွယ် လူငယ်လေး တစ်ဦးက သွက်လက်ချက်ချာစွာ လာရောက်နှုတ်ဆက်သည်။
“ကျွန်တော် မောင်ထက်အာကာပါခင်ဗျာ။
ဆရာကြီးတို့ကို ဝမ်းမြောက်စွာ ကြိုဆိုပါတယ်”
ပြောလိုက်သည့်လူငယ်က
တရုတ်အမျိုးသားလေး။ သို့သော် မြန်မာလိုနှုတ်ဆက်တာ ချောလို့ပါလား။ မြန်မာစာဂုဏ်ထူးတန်း
တတ်နေတာပါတဲ့။
အစည်းအဝေးခန်းမတွင်းမှာတော့
ဒုတိယပါမောက္ခချုပ် ကောင်းရှင်းယွီ (Gao Xinyu)၊ အာဆီယံကောလိပ် အမြဲတမ်းဒုတိယ ကျောင်းအုပ်ကြီး
လက်ထောက်ပါမောက္ခ ယဲ့ရှင်းယိ(Ye Xinyi)၊ တရုတ်စာပေကောလိပ် ဒုတိယကျောင်းအုပ်ကြီး လက်ထောက်ပါမောက္ခ
ဟယ်ဆန်းယန့်၊ အရှေ့တောင်အာရှဘာသာစကားနှင့် ယဉ်ကျေးမှုကောလိပ် လက်ထောက်ပါမောက္ခ ဟွမ်ဝေးစိန်း
(Huan Weishan)တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။ သူတို့၏ ဆွေးနွေးချက်များအရ မြန်မာကဗျာ
မြန်မာစာအပေါ် အလေးဂရုပြုတန်ဖိုးထားပုံနှင့် နှစ်နိုင်ငံချစ်ကြည်ရေးကို မြှင့်တင်နိုင်ရေးစိတ်အားထက်သန်ပုံတို့ကို
ကြားရမြင်ရသဖြင့် မိမိကလည်း ချစ်ကြည်ရေးကို ဦးတည်ဆွေးနွေးရင်း ချစ်ကြည်ရေးကဗျာလေးတစ်ပုဒ်ကို
ရွတ်ဆိုပြခဲ့သည်။
“ကျွန်တော်က
Selected Chinese Poems Through the Ages ဆိုတဲ့ ဒီတရုတ်ကဗျာ ၈၄ ပုဒ်ကို ဘာသာပြန်ဆိုထုတ်ဝေခဲ့ပါတယ်။
ဒီစာအုပ်လေးက တရုတ်၊ အင်္ဂလိပ်၊ မြန်မာသုံးဘာသာဖြစ်ပါတယ်။ ဒီကဗျာလေးတွေဖတ်ရှုပြီး ခေတ်အဆက်ဆက်
တရုတ်စာဆိုတွေကို လေးစားမိပါတယ်။ တရုတ်လူမျိုးတို့ရဲ့ မိမိတိုင်းပြည်၊ မိမိလူမျိုးကို
ချစ်မြတ်နိုးတတ်တဲ့ မျိုးချစ်စိတ်ထက်သန်တဲ့စရိုက်ကို အထူး သတိပြုမိပါတယ် . . .
“တရုတ်နဲ့ မြန်မာဟာ
နှစ်နိုင်ငံနယ်မြေချင်းထိစပ်နေတဲ့ ဒေသအတိုင်းအတာဟာ ရှည်လျားလှပါတယ်။ မြန်မာနဲ့ တရုတ်ဟာ
ကမ္ဘာတည်သရွေ့ အတူတကွ ယှဉ်တွဲတည်ရှိနေမှာ ဖြစ်ပါတယ်။ မြန်မာ စာပေလောကမှာ အမြဲယှဉ်တွဲ
မခွဲမခွာတဲ့ ချစ်သူနှစ်ဦးကို နှစ်လွှာ တစ်ခက် စွယ်တော်ရွက်ပမာလို့ တင်စားဖွဲ့နွဲ့ကြပါတယ်
. . .
“ကျွန်တော်တို့
နှစ်နိုင်ငံဟာလည်း ဒီအတိုင်းပါပဲ။ ခေတ်အဆက် ဆက်က တည်ဆောက်ခိုင်မြဲခဲ့တဲ့ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး
ပိုမိုခိုင်မြဲစေရန်အတွက် နှစ်လွှာတစ်ခက် စွယ်တော်ရွက်လို လက်တွဲ ညီညီ ရှေ့ဆက်ချီကြဖို့
လိုအပ်ပါတယ်။”
စွယ်တော်ရွက်ကို
သူတို့အလွယ်တကူမသိမှာစိုး၍ မြန်မာပြည်က တကူးတကနဲ့ သယ်ယူခဲ့သော စွယ်တော်ရွက်လေးကို ပြကာပြကာဖြင့်
ကဗျာရွတ်သည်။ ထို့နောက် ထိုကဗျာကိုပင် တရုတ်ဘာသာ ဖြင့် ရွတ်ဆိုပြလိုက်သည်။ သူတို့အားလုံး
လက်ခုပ်ဩဘာတီးကြသည်။ တကယ်တော့ ကျွန်တော်သည် တရုတ်စကားလုံးဝမတတ်ပါ။ ကြိုတင် စိတ်ကူးရှိသဖြင့်
စကားပြန် မမြတ်မြတ်ဦး အားကိုးဖြင့် လေယာဉ်စီးရင်း ခေတ္တအနားရသည့်အချိန်များကို အသုံးပြုရင်း
မြန်မာအသံ ထွက်ဖြင့် အလွတ်ကျတ်မှတ် ရွတ်ဆိုပြခြင်းပင်ဖြစ်တော့သည်။ ထိုကဗျာလေးကိုတော့
နိဂုံးပိုင်းရောက်မှ တင်ပြလိုပါသည်။
ထိုနေ့ည ညစာကို
အဆိုပါတက္ကသိုလ်ဒုတိယပါမောက္ခချုပ်က တည်ခင်းဧည့်ခံသည်။ တက္ကသိုလ်ဆရာ ဆရာမများ၊ ကျောင်းသား
ကျောင်းသူများသည် နေ့လယ်က ပြုလုပ်ခဲ့သော စာပေစကားဝိုင်း၏ နောက်ဆက်တွဲအဖြစ် သိချင်တာတွေမေးကြ၊
ဓာတ်ပုံတွေအတူရိုက်ကြ နှင့် စည်ကားစိုပြည်လှပေသည်။ ထိုနေ့ညနေက သာယာဝတီမြို့သူ မြန်မာစာဆရာမကြီး
ဒေါ်ဝတီသွင်ကို တွေ့ဆုံခဲ့ပါသည်။ ဤတက္ကသိုလ် တွင် တာဝန်ယူသင်ကြားပေးနေသည်မှာ ၁၆ နှစ်ပင်ကျော်ခဲ့ပြီဟု
သိရသည်။ နိုင်ငံခြားတိုင်းပြည်တွင် ကိုယ့်မြန်မာပြည်မှ ပညာတတ်ဆရာမကြီးကို ရှုမြင်ရတာ
ပီတိဖြစ်လှပါဘိသည်။
ထိုနေ့ညနေပိုင်းတွင်
ကျွန်တော့်ထံသို့ Viber မှတစ်ဆင့် မိန်းကလေးတစ်ဦးဆက်သွယ်လာသည်။ မြန်မာနိုင်ငံတွင် ကျန်ရစ်ခဲ့
သည့် တရုတ်ယဉ်ကျေးမှုသံရုံးမှ မနွဲ့ကဗျာ။
ဤခရီးစဉ်မှာ သူနှင့်ကျွန်တော်
တိုင်ပင်ဆွေးနွေးရာမှ အကောင်အထည်ပေါ်လာခြင်းဖြစ်သည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ
စတင်ထွက်ခွာသည့်နေ့ကလည်း လေဆိပ်တွင် သူ၏ ယဉ်ကျေးမှုသံမှူးနှင့်အတူ လာရောက်ပို့ဆောင်သည်။
ခရီးစဉ်၏ မြို့တစ်မြို့စီကို ရောက်တိုင်းလည်း အဆင်ပြေလား၊ မပြေလား မေးမြန်းသည်။ လိုအပ်တာ
မှန်သမျှ စကားပြန် မမြတ်မြတ်ဦးနှင့် ဧည့်လမ်းညွှန် ဝင်းပပတို့မှတစ်ဆင့် ကူညီပေးသည်။
သွားရေးလာရေး၊ စာရေးသောက်ရေးမှအစ လိုလေသေးမရှိအောင် စီမံပေးသည်။ ယခု သူနှင့် အပြန်အလှန်ပြောဆို
ရသည်က -
“ဆရာ နန်နင်းမှာ
အဆင်ပြေရဲ့လား။ မနက်ဖြန်ဆို ယီချန်းကို သွားရတော့မှာလေ”
ဪ . . . ဟုတ်ပေသား။
သူပြောမှ ခရီးစဉ်ကို အသေအချာ ကြည့်မိသည်။ မနက်ဖြန် နံနက် ၇ နာရီခွဲအချိန် နန်နင်းလေဆိပ်မှ
ထွက်ခွာရမှာပါလား။
“ပြေပါတယ်။ နန်နင်းမြို့က
သိပ်သာယာတယ်။ သိပ်ပြီး တိုးတက်ဖွံ့ဖြိုးစည်ကားသလို တည်းရတဲ့ဟိုတယ်ကလည်း အဆင့်မြင့်တယ်။
အထူးသဖြင့် ကွမ်းရှီးတက္ကသိုလ်က မြန်မာစာချစ်မြတ်နိုးတဲ့ ကလေးတွေနဲ့ တွေ့ရတာ ကြည်နူးမိတယ်”
ကျွန်တော်ကသည်လိုပြောတော့
တစ်ဖက်မိန်းကလေးက ချိုလွင်စွာရယ်မောရင်း -
“ဝမ်းသာလိုက်တာဆရာ။
သမီးက ကွမ်းရှီးတက္ကသိုလ်မှာ ပညာသင်ယူခဲ့သူပါ။ ပြီးတော့ ဒီတက္ကသိုလ်မှာပဲ မြန်မာစာပြဆရာမ
တာဝန်ထမ်းဆောင်ခဲ့တာပါ။ သမီးရဲ့ဇာတိမြို့ကလည်း နန်နင်းမြို့ပါ။ သမီး တို့မြို့ကိုရောက်တုန်း
ကိုယ်တိုင်လိုက်ပို့ချင်ပါတယ်ဆရာ။ အဆင်ပြေ တယ်ဆိုလို့ ဝမ်းသာပါတယ်”
ဪ . . . လက်စသတ်တော့
မနွဲ့ကဗျာက နန်နင်းမြို့သူပါလား။ အစစအရာရာ တိုးတက်စည်ကားလျက်ရှိသော နန်နင်းမြို့ကြီး၏
အလှအပတွေနဲ့ တင့်တယ်ပြည့်စုံမှုတွေက ဂုဏ်ယူဖွယ်ဖြစ်သလို နန်နင်းမြို့သူ၏ အသက်အရွယ်နှင့်မလိုက်အောင်
စီမံခန့်ခွဲနိုင်စွမ်း ရှိပုံကိုလည်း မချီးမွမ်းဘဲမနေနိုင်။
“မနက်ဖြန်ကျရင် သမီးတို့တိုင်းပြည်ရဲ့ မိခင်မြစ်ကြီးဖြစ်တဲ့
ယန်စီ မြစ်ကြီးရဲ့အလှနဲ့ မြစ်ကျဉ်းသုံးသွယ်ဒေသရဲ့ အလှအပတွေကို တွေ့မြင်ရပါမယ် . .
.
“နောက်ပြီး ထူလူမျိုးတို့ရဲ့
ရိုးရာဓလေ့တွေနဲ့ မြစ်ကျဉ်းသုံးသွယ် ရေကာတာကြီးကိုလည်း ဆက်ဆက်သွားပြီး လေ့လာဖို့ သမီးတို့
စီစဉ်ထားပါတယ်”
ကျေးဇူးတင်ပါကြောင်းပြောအပြီး
နောက်တစ်နေ့ခရီးစဉ်ကို ပြင်ဆင်ရလေသည်။ အသက် ၃၀ အရွယ်မျှသာ ရှိသေးသော်လည်း စာပေဖလှယ်ရေးတာဝန်၊
ယဉ်ကျေးမှုဖလှယ်ရေးတာဝန်၊ သံတမန် တာဝန်တို့ ကျေပွန်လှသော မိန်းကလေးကို လေးစားခင်မင်စိတ်ဖြင့်
နောက်တစ်နေ့ လေ့လာရေးခရီးစဉ်တွင် ယန်စီမြစ်ကြီးပေါ်တွင် Three Gorges သင်္ဘောကြီးစီးရင်း
ကဗျာလေးတစ်ပုဒ်ရေးဖြစ်သည်။
နန်နင်းမြို့သူ
နွဲ့ပျိုဖြူ
တရုတ်မြန်မာ၊
ချစ်ကြည်စွာလျှင်
စာပေဆွေးနွေး၊
ဖလှယ်ရေးနှင့်
ယဉ်ကျေးမှုချင်း၊
ပေါင်းစပ်နှင်းရန်
ဆောင်ကြဉ်းအမှန်၊
သူစီမံသည်
နန်နင်းမြို့သူ
နွဲ့ပျိုဖြူ။
ကွမ်ကျိုးဒေသ၊
ဘယ်လိုလှကြောင်း
စိမ်းမြတောင်တို့၊
မှိုင်းညို့ညို့နှင့်
ယန်းရှို့မြစ်ကမ်း၊
သာပုံဆန်းကြောင်း
ရွှင်လန်းဖွယ်ရာ၊
နန်နင်းမှာလည်း
သွားလာလည်ပတ်၊
လေ့လာအပ်ကြောင်း
မပြတ်ဆိုပြော၊
ခွန်းချိုနှောရင်း
သာမောလှသည်၊ သူတို့ပြည်နှင့်
ချစ်ကြည်စေဖွယ်၊
ချစ်ကြိုးသွယ်သည်
နုငယ်လှသူ နွဲ့ပျိုဖြူ။
ဪ . . .
ချစ်ကြည်ရေးသံတမန်
ယဉ်ကျေးမှုသံတမန်
စာပေသံတမန်
တမန်သမီးကောင်း၊
ဖြစ်ဘိကြောင်းကို
ကောင်းစွာသိလတ်၊
ဖြည့်ဆည်းတတ်သည့်
ရပ်ကြီးမြို့သူ၊
နွဲ့ပျိုဖြူ၏
ဟန်မူမပါ၊ စေတနာကို
မြန်မာသရုပ်၊
ကဗျာတစ်ပုဒ်ဖြင့်
ကျွန်ုပ်ဂုဏ်ပြုရပါကြောင်း။
။
(မြစ်ကျဉ်းသုံးသွယ်
Three Gorges သင်္ဘောပေါ်တွင် ရေးသည်။)

No comments:
Post a Comment