ဒေါက်တာလပြည့်ခင်
လောကကြီးမှာရှိတဲ့ လူမှန်သမျှ အစာအာဟာရပြည့်မှ စွမ်းအင်ပြည့်ဝမယ်။ ကိုယ်ခန္ဓာလှုပ်ရှားမှုတွေ တက်ကြွမြန်ဆန်မယ်။ အတွေးအခေါ်တွေကောင်းမယ်။ မှန်ကန်တဲ့ လုပ်ဆောင်မှုတွေရနိုင်မှာဖြစ်လို့ စွမ်းအင်ပြည့်ဝဖို့လိုပါတယ်။ စွမ်းအင်ပြည့်ဝဖို့ရာလည်း သင့်တင့်မျှတတဲ့ အစာအာဟာရတွေကို ရွေးချယ်စားတတ် ဖို့လည်းလိုပါတယ်။ သစ်သီးနဲ့ အသီးအနှံ/ ဟင်းသီးဟင်းရွက်လေးတွေကတော့ လူတိုင်း နေ့စဉ်မဖြစ်မနေစားသင့်တဲ့ အာဟာရထဲမှာပါပါတယ်။ အရည်ရွမ်းပြီး ဗီတာမင် (Vitamin)၊ သတ္တုဓာတ် (Metal) နဲ့ အမျှင်ဓာတ် (Fiber) ပေါကြွယ်ဝတဲ့ အသီးအရွက်လေးတွေက လူရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုအတွက် အရေးပါလှပါတယ်။
Lady’s
Finger (အမျိုးသမီးရဲ့လက်ချောင်း)
ကိုယ့်နိုင်ငံမှာ
ရေသာရမယ်ဆိုရင် ရာသီဥတုနဲ့မြေမရွေးဘဲ စိုက်လိုက်တိုင်းသီးပြီး ဈေးမှာ အလွယ်တကူ ဝယ်ယူစားသောက်လို့ရနိုင်တဲ့
ဟင်းသီးဟင်းရွက်အမျိုးအစားတွေအများကြီးထဲက ဟင်းအသီးအနှံလေးတစ်မျိုးအကြောင်းကို မျှဝေချင်ပါတယ်။
နေ့စဉ်စားသုံး နေတဲ့အသီးအနှံထဲမှာလည်း တွေ့နေကျဖြစ်မှာပါ။ အင်္ဂလိပ်စကားပြောတဲ့နိုင်ငံတွေမှာတော့
အဲဒီအသီးလေးက လက်သည်းရှည်ထားတတ်တဲ့ အမျိုးသမီးလေးတွေရဲ့ လက်ချောင်းလေးနဲ့တူလို့ Lady’s
Finger သီးလို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။ ဒီအသီးလေးကတော့ လူတိုင်းရင်းနှီးနေတဲ့
Okra ခေါ်တဲ့ အစိမ်းရောင်ရုံးပတီသီးပဲဖြစ်ပြီး ပန်းပွင့်တဲ့အပင်မျိုးဖြစ်ပါတယ်။ ရုံးပတီသီးအစိမ်းမှာ
ရေ ၉၀ ရာခိုင် နှုန်း၊ ပရိုတင်း နှစ်ရာခိုင်နှုန်း၊ ကစီဓာတ် (ကာဗိုဟိုက်ဒရိတ်) ခုနစ်ရာခိုင်နှုန်းပါဝင်ပြီး
အဆီဓာတ်ပါဝင်မှု အလွန်နည်းပါးပါတယ်။
ရုံးပတီသီးရဲ့မူလပေါက်ဖွားရာဇာတိ
ရုံးပတီသီးရဲ့သိပ္ပံအမည်ကတော့ Abelmoschus
esculentus ဖြစ်ပါတယ်။ မူရင်းပေါက်ရောက်ရာ ဒေသက အနောက်အာဖရိကဒေသ၊ အီသီယိုးပီးယားနဲ့
တောင်အာရှဒေသတွေ ဖြစ်ပါတယ်။ ပူနွေးစိုစွတ်တဲ့ ရာသီဥတုရှိတဲ့ ကမ္ဘာ့နိုင်ငံအများအပြားမှာ
ပေါက်ရောက်ပါတယ်။ မြန်မာ နိုင်ငံအနေနဲ့ဆိုရင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်တဲ့
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်ထဲက ကျေးရွာလေးတွေမှာ မုန်းချောင်းရေကိုအမှီပြုပြီး
ရုံးပတီသီးနှံအပါအဝင် အခြားဟင်းသီးဟင်းရွက်မျိုးစုံကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလေ့ရှိပါတယ်။
ရုံးပတီသီးပင်က ရေအလုံအလောက်ရရှိမယ်ဆိုရင် နွေ၊ မိုး၊ ဆောင်း ရာသီမရွေးတစ်နှစ်ပတ်လုံး
စိုက်ပျိုးနိုင်ပါတယ်။
ရုံးပတီသီးစိုက်ပျိုးကုန်ကျစရိတ်နဲ့ဝင်ငွေ
ကုန်ကျစရိတ်အနေနဲ့တွက်ရင်လည်း
ရုံးပတီသီးမျိုး၊ သွင်းအားစု၊ လုပ်သားအပါအဝင် တစ်ဧကမှာ စုစုပေါင်းငွေကျပ် ရှစ်သိန်းခန့်
ကုန်ကျစရိတ်ရှိပါတယ်။ ရုံးပတီသီးက စိုက်ပျိုးပြီး ရက်ပေါင်း ၆၀-၇၀ အကြားမှာ အသီးများစတင်ခူးဆွတ်နိုင်ပြီး
တစ်ဧကမှာ ရုံးပတီသီးပိဿာချိန် ၁၀၀၀ ခန့် ထွက်ရှိပါတယ်။ စိုက်ပျိုးတောင်သူတွေအနေနဲ့
ရုံးပတီသီးတစ်ဧကစိုက်ရင် ငွေကျပ် ၈၀၀၀၀၀ ခန့်ကုန်ကျပြီး ငွေကျပ် ၁၇၀၀၀၀၀ ခန့် ပြန်လည်ရရှိနိုင်တာကြောင့်
ထက်ဝက်နီးပါး အကျိုးအမြတ်ရှိပါတယ်။ ဈေးကွက်အနေနဲ့ ပွင့်ဖြူမြို့၊ စလင်းမြို့၊ မင်းဘူးမြို့နဲ့
မကွေးမြို့တို့မှာရှိတဲ့ လက်လီလက်ကားကုန်စိမ်းဆိုင်တွေ ကို တင်ပို့ရောင်းချကြတယ်လို့
သိရှိရပါတယ်။
ရုံးပတီသီးမှာပါဝင်တဲ့
ဓာတ်သဘာဝများ
ရုံးပတီသီးရဲ့ကောင်းကွက်တွေကို
ပြောရရင် အတော်လေးများပါ တယ်။ အမျိုးသမီးရဲ့လက်ချောင်း သို့မဟုတ် ရုံးပတီသီးမှာ ဆဲလ်လူးလို့စ်အမျှင်ဓာတ်
(Fiber Cellulose) ၆၇ ဒသမ ၅ ရာခိုင်နှုန်း၊ ဟီမီဆဲလ်လူးလို့စ် (Hemi-cellulose) ၁၅
ဒသမ ၄ ရာခိုင်နှုန်း၊ လစ်နင် (Lignin) ၇ ဒသမ ၁ ရာခိုင်နှုန်း၊ Pectic matter ၃ ဒသမ
၄ ရာခိုင်နှုန်း၊ အဆီ ဓာတ်နှင့် ဖယောင်းဓာတ် (Fatty and Wax matter) ၃ ဒသမ ၉ ရာခိုင်
နှုန်း၊ ပျမ်းမျှအားဖြင့် ရေထုတ်နုတ်မှု (Aqueous extract) ၂ ဒသမ ၇ ရာခိုင်နှုန်း ပါဝင်ပါတယ်။
ရုံးပတီသီးက ပိုတက်ဆီယမ်ကြွယ်ဝပြီး ဖောလစ်အက်စစ်၊ ဗီတာမင်ဘီနဲ့စီ၊ ကယ်လ်ဆီယမ်နဲ့ အမျှင်ဓာတ်တွေ
ပါဝင်ပါတယ်။ ထိုအာဟာရဓာတ်တွေက ကျန်းမာရေးအတွက် အများ ကြီးအကျိုးရှိစေပါတယ်။ ရုံးပတီသီးက
ဆီးချိုရောဂါ၊ ကျောက်ကပ် ရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့အပြင် အစာခြေဖျက်ရေးနဲ့ဆိုင်တဲ့
ဝမ်းဗိုက်ရောဂါတွေကိုလည်း သက်သာပျောက်ကင်းစေပြီး ပန်းနာ ရင်ကျပ်ရောဂါတွေကိုလည်း သက်သာစေနိုင်ပါတယ်။
ထို့အပြင် အခု ခေတ်မှာဖြစ်နေတဲ့ အဝလွန်လို့ ကိုယ်အလေးချိန် လျှော့ချချင်နေတဲ့ သူတွေအတွက်လည်း
ကိုယ်လက်စထရော (Cholesterol) ကို ထိန်းပေးနိုင်လို့ အမှန်တကယ်စားသင့်တဲ့ အစာအာဟာရတစ်ခုဖြစ်ပါတယ်။
Lady’s
Finger လို့ တင်စားခေါ်ဝေါ်ကြတဲ့ ရုံးပတီသီးအစိမ်း ဖန်ခွက်လေးတစ်ခွက်မှာ 30 Cal ကျော်ပါဝင်ပြီး
အစားအစာနဲ့ဆိုင်တဲ့ အမျှင်ဓာတ်က 3 g လောက်ပါဝင်ပါတယ်။ အသားဓာတ်ကို ပေးတဲ့ Protein က
2 g နဲ့ ကစီဓာတ်လို့ခေါ်တဲ့ ကာဗိုဟိုက်ဒရိတ် (Carbohydrate) က 7.6 g ပါဝင်ပြီး အဆီဓာတ်
(Fat) က 0.1 g ဆိုတော့ မပါသလောက်နည်းလို့ ကိုယ်အလေးချိန်လျှော့ချင်သူတွေ အတွက် အဆင်ပြေပါတယ်။
ဗီတာမင်စီက 21 mg ပါလို့ နည်းနည်းလေးစားရင်တောင် ပန်းနာရင်ကျပ်သက်သာစေပါတယ်။ အမျိုးသမီး
တွေအတွက် လိုအပ်တဲ့ ဖောလစ်အက်စစ်က 88 mg နဲ့ မဂ္ဂနီဆီယမ် (Mg) က 57 mg လည်း ပါဝင်တာကြောင့်
ကျန်းမာရေးကို ကောင်းမွန် စေတာဖြစ်ပါတယ်။
ရုံးပတီသီး၏
ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ
ရုံးပတီသီးကို
ကြော်စား၊ အတို့အမြှုပ်လုပ်စားတာ၊ ကင်စားတာ၊ အချဉ်ရည်ဟင်းထဲ ထည့်စားတာမျိုး စတဲ့ မိမိကြိုက်နှစ်သက်သလို
ပြုပြင်စားသောက်လို့ရပါတယ်။ ရုံးပတီသီးမှာကျန်းမာရေးကို အထောက်အကူပြုတဲ့ အာဟာရဓာတ်များစွာ
ပါဝင်နေပါတယ်။ ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပြီး
ဝမ်းချုပ်တာကို သက်သာစေနိုင်လို့ သဘာဝဝမ်းနုတ်ဆေးတစ်ခုလို့တောင် ခေါ်လို့ရပါတယ်။ ရုံးပတီသီးမှာပါတဲ့
ချွဲပျစ်ပျစ်အစေးလေး တွေက အူမကြီးအတွင်းခြေဖျက်ပြီး အစာတွေကိုပို့ဆောင်ရာမှာ ချောဆီအနေနဲ့
လုပ်ဆောင်ပေးတာကြောင့် ဝမ်းသွားရတာကို လွယ်ကူစေပါတယ်။ ရုံးပတီသီးမှာပါတဲ့ အမျှင်ဓာတ်က
အူအတွင်းမှာရှိတဲ့ အကျိုးပြုဗက်တီးရီးယားတွေအတွက် အစာအာဟာရဖြစ်စေပြီး အစာခြေလမ်းကြောင်းရဲ့
ရေဓာတ်ကို ထိန်းညှိပေးပါတယ်။ ရုံးပတီသီးမှာ အမြင်အာရုံနဲ့ အရေပြားကျန်းမာရေးကို အထောက်အပံ့ပေးတဲ့
ဗီတာမင်အေနဲ့ အခြားဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ လည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ခန္ဓာကိုယ်ရဲ့
ကိုယ်ခံအားစနစ်ကို အထောက်အကူပြုတဲ့ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်ပါတယ်။ ဗီတာမင်စီကြွယ်ဝမှုက
ရောင်ရမ်းမှုကိုလျော့ကျစေနိုင်သလို ပန်းနာရင်ကျပ် ဝေဒနာဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။
ပန်းနာရင်ကျပ်ရောဂါ ရှိသူတွေကို သက်သာစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်း လိုအပ်တဲ့အာဟာရဓာတ်တွေကို
ဖြည့်တင်းပေးပြီး ကလေးငယ်တွေကို မွေးရာပါချို့ယွင်းချက်မပါအောင်ကာကွယ်ပေးနိုင်တဲ့ ဖောလစ်အက်စစ်
လည်း ပါဝင်နေပါတယ်။ ဖောလစ်အက်စစ်က အဆုတ်တွေကို သန့်စင် ဖို့လည်း အထောက်အကူပြုပါတယ်။
ရုံးပတီသီးမှာ
သံဓာတ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ မဂ္ဂနိစ် အပါအဝင် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့
အခြားသတ္တုဓာတ် များစွာပါဝင်ပါတယ်။ ရုံးပတီသီးက အရိုးကျန်းမာရေးအတွက် အရေးပါ သလို ကိုယ်တွင်းရှိ
အဆစ်အမှေးပါးတွေကိုလည်း ကောင်းမွန်စေပါတယ်။ ရုံးပတီသီးမှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်များစွာပါဝင်နေပါတယ်။
ပျော်ဝင်နိုင်တဲ့အမျှင်ဓာတ်တွေက အစာခြေစနစ်ကို ကောင်းမွန်စေပြီး အစာစားချင်စိတ်ကိုလျော့ကျစေနိုင်ပါတယ်။
အချိန်တန်ကြာ အောင် အစာခံစေနိုင်တာကြောင့် ကယ်လိုရီစားသုံးမှုပမာဏကို တိုင်းတာရာမှာ
အထောက်အကူပြုစေနိုင်တဲ့အပြင် ကိုယ်အလေးချိန်ကျအောင် လုပ်ဆောင်နေသူတွေအတွက်လည်း သင့်တော်လှပါတယ်။
အမျှင်ဓာတ်ပေါများစွာပါဝင်ခြင်းက အူမကြီးကင်ဆာဖြစ်ပွားဖို့ အခွင့် အလမ်းနည်းပါးစေနိုင်ပါတယ်။
သွေးထဲကသကြားဓာတ်ကိုထိန်းပေးနိုင်ပြီး Myricetin ဓာတ်ပါဝင်တာကြောင့် သွေးထဲကသကြားစုပ်ယူမှုပမာဏနည်းစေလို့
ဆီးချိုသမားတွေအတွက် အထူးသင့်တော်တဲ့ စားစရာတစ်မျိုးဖြစ်ပါတယ်။
ရုံးပတီသီးမှာပါတဲ့
အမျှင်ဓာတ်က သွေးထဲကမကောင်းတဲ့ ကိုလက်စထရောတွေကိုကျစေဖို့ ကူညီပေးနိုင်တာကြောင့် နှလုံးကျန်းမာရေးကို
အထောက်အကူဖြစ်စေပါတယ်။ အမျှင်ဓာတ်ကြွယ်ဝ တဲ့ ရုံးပတီသီးလိုစားစရာမျိုးက နှလုံးသွေးကြောကျဉ်းရောဂါနဲ့
လေဖြတ်ခြင်းအန္တရာယ်ကို လျော့ကျစေနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်လည်း ပေါများတဲ့အတွက်
ပုံမှန်သွေးဖိအားပမာဏဖြစ်အောင် ထိန်းပေးနိုင်ပြီး သွေးခဲခြင်းကို လျော့ကျခြင်းကြောင့်
နှလုံးကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ Flavonoids
နှင့် Isoquercetin အပါအဝင် Polyphenols အပြင် ဗီတာမင်အေနှင့် ဆီ (7) တို့ ဖြစ်ပါတယ်။
ပိုလီဖီနောများတဲ့အစားအစာကို စားသုံးခြင်းဟာ သွေးခဲခြင်းနဲ့ ဓာတ်တိုးဆန့်ကျင် ပျက်စီးမှုဖြစ်နိုင်
ခြေကို လျှော့ချပေးခြင်းဖြင့် နှလုံးကျန်းမာရေးကို တိုးတက်စေနိုင် ကြောင်း သုတေသနပြုချက်တွေအရ
သိရှိရပါတယ်။
ရုံးပတီသီးမှာ
လက်တင် (Lectin) ဆိုတဲ့ ပရိုတင်းဓာတ်တစ်မျိုး ပါဝင်ပါတယ်။ ထိုဓာတ်က ရင်သားကင်ဆာဖြစ်စေတဲ့ဆဲလ်တွေကို
တိုက်ဖျက်ရာမှာ ကူညီနိုင်ပါတယ်။ ကင်ဆာဆဲလ်ကြီးထွားခြင်းကို ၆၃ ရာခိုင်နှုန်းအထိ လုံးဝအမြစ်ဖြတ်နိုင်တယ်လို့
လေ့လာတွေ့ရှိခဲ့ပါ တယ်။ ဖောလစ်ဓာတ်လည်း ကြွယ်ဝတဲ့အတွက် ကင်ဆာကို ကာကွယ်ဖို့ မရှိမဖြစ်ဓာတ်ဖြစ်ပါတယ်။
ဖောလစ်ဓာတ်ချို့တဲ့သူတွေမှာ ရင်သားကင်ဆာ၊ ပန်ကရိယကင်ဆာ၊ သားအိမ်လည်တံကင်ဆာနဲ့ အဆုတ်ကင်ဆာ
ဖြစ်ပွားမှုအန္တရာယ်များတယ်လို့ ဖော်ပြကြပါတယ်။ ဖောလစ်ဓာတ်က ကိုယ်ဝန်ဆောင်ချိန်အတွင်း
အလွန်လိုအပ်ပြီး အရေးကြီးတဲ့ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်လမစေ့ဘဲ မီးဖွားခြင်းကို
လျော့ကျစေနိုင်ပါတယ်။
ဗီတာမင်စီလည်းပါဝင်တဲ့အတွက်
သံဓာတ်စုပ်ယူမှုအားကောင်းစေပါတယ်။ အဲဒါကြောင့် သံဓာတ်မပြည့်ဝလို့ ကိုယ်ဝန်ဆောင်ချိန်
အတွင်းဖြစ်နိုင်တဲ့ သွေးအားနည်းခြင်း၊ သန္ဓေသားဖွံ့ဖြိုးမှု၊ ကြီးထွားမှုနောက်ကျခြင်းမျိုးပြဿနာတွေ
မဖြစ်စေနိုင်တော့ပါဘူး။ သန္ဓေသားကြီးထွားမှုအတွက် လိုအပ်တဲ့ သွေးနီဥတွေ တိုးပွားစေပါတယ်။
ထို့အပြင် ရုံးပတီသီးမှာပါတဲ့
စေးကပ်တဲ့အချွဲတွေကို အူထဲမှာရှိတဲ့ အကျိုးပြုအဏုဇီဝပိုးမွှားတွေ (Microorganisms)ကို
အစာကျွေးတဲ့ ကော်လဂျင် (Collagen) နဲ့ မြူကိုပိုလီစခရိုက်စ် (Muco
polysaccha-rides) လိုမျိုး ပိုလီစခရိုက်စ် (Polysaccharides) တွေနဲ့ ဖွဲ့စည်းထားတာကြောင့်
ရုံးပတီသီးက အစာခြေစနစ်အတွက် အလွန်ကောင်းမွန်ပြီး အစာခြေစနစ်ရဲ့ လုပ်ဆောင်ချက်တွေကို
တိုးတက်ကောင်းမွန်အောင် ကူညီပေးနိုင်တာဖြစ်ပါတယ်။ ရုံးပတီသီးမှာ ကြွယ်ဝစွာပါဝင်နေတဲ့
ဗီတာမင်အေ (Vitamin A) နဲ့ ဘီတာကရိုတင်းဓာတ် (Beta-carotene)က အမြင်အာရုံကို ကောင်းမွန်စေတဲ့
အာဟာရဓာတ်နှစ်မျိုးဖြစ်ပါတယ်။ ဘီတာကရိုတင်းက အရေပြားအတွင်းရှိ ခရမ်းလွန်ရောင်ခြည်၊
လေထုညစ်ညမ်းမှုနဲ့ ဆေးလိပ်သောက်ခြင်းကဲ့သို့ ပတ်ဝန်းကျင် ဆိုင်ရာအချက်များကြောင့် ဖြစ်ပေါ်လာတဲ့
မတည်မငြိမ် မော်လီကျူးများဖြစ်တဲ့ ဖရီးရယ်ဒီကယ်များကို ခြေဖျက်ရာမှာ အထောက်အကူဖြစ်စေတဲ့
အစွမ်းထက်သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တာ ကြောင့် အရေပြားပျက်စီးခြင်းကို ကာကွယ်ပေးနိုင်စွမ်းရှိတယ်လို့
လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ဗီတာကရိုတင်းဓာတ်က အရေပြားကိုလည်း ကြည်လင်စေပါတယ်။ ဗီတာမင်အေကတော့
အရေးအကြောင်းတွေနဲ့ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်အေက ပုံမှန်အမြင်အာရုံ၊
ကိုယ်ခံအားစနစ်၊ မျိုးပွားမှုနဲ့ ကြီးထွားဖွံ့ဖြိုးမှုတို့အတွက် အရေးကြီးသလို နှလုံး၊
အဆုတ်နဲ့ အခြားအင်္ဂါတွေ ကောင်းမွန်စွာ အလုပ်လုပ်ဖို့ ကူညီပေးနိုင်ပါတယ်။
ရုံးပတီသီး၏
ကျန်းမာရေးဆိုးကျိုးများ
ဘယ်အရာမဆို အကောင်းအဆိုးဒွန်တွဲနေတတ်တာကို
လူတိုင်းသိထားကြမှာပါ။ ဆိုးတာထက်ကောင်းတာက ပိုများနေရင်တော့ ကောင်းတယ်လို့ပဲယူဆပြီး
အသုံးပြုကြရမှာ ဖြစ်ပါတယ်။ ထို့အတူပဲ ကျန်းမာရေးအတွက် ကောင်းကျိုးတွေအများကြီးရှိတဲ့
ရုံးပတီသီးလေး တွေမှာလည်း ဆိုးကျိုးအနည်းငယ်တော့ရှိနေပါတယ်။ တန်ဆေးလွန်ဘေးဆိုသလို လိုတာထက်ပိုစားမိရင်တော့
ဆိုးကျိုးလေးတွေ ခံစားရမှာမို့ သတိထားနိုင်အောင် ဆက်လက်ဖော်ပြလိုပါတယ်။ ရုံးပတီသီးမှာ
ကြွယ်ဝစွာပါဝင်တဲ့ အမျှင်ဓာတ်က အစာခြေဖျက်မှု အတွက် ကောင်းမွန်သော်လည်း အမျှင်ဓာတ်အများအပြားစားသုံးခြင်းက
တချို့သောလူတွေမှာ ဝမ်းချုပ်စေနိုင်ပါတယ်။ အထူးသဖြင့် အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေစားသုံးမိပါက
ဝမ်းပျက်ခြင်း အထိဖြစ်နိုင်ပါတယ်။ ရုံးပတီသီးစားမယ်ဆိုရင် သတိထားရမယ့် အချက်တစ်ခုက
ရုံးပတီသီးမှာ Oxalate ပမာဏများစွာ ပါဝင်တာပဲဖြစ်ပါတယ်။ Oxalate က ကျောက်ကပ်ကျောက်တည်တာနဲ့
သည်းခြေကျောက်တည်ဝေဒနာခံစားနေရတဲ့သူတွေမှာ ကျောက်တွေကိုကြီးလာစေပြီး ရောဂါအခြေအနေကို
တိုးလာစေနိုင်ပါတယ်။
ရုံးပတီသီးမှာပါတဲ့
အမျှင်ဓာတ်နဲ့ အခြားအာဟာရဓာတ်တွေကြောင့် သွေးတွင်းသကြားဓာတ် ပမာဏကို ထိန်းညှိပေးနိုင်တဲ့
အလားအလာအတွက် ချီးကျူးခံနေရသော်လည်း ဆီးချိုရောဂါရှိသူ တွေမှာ ရုံးပတီသီးကို အလွန်အကျွံစားသုံးရင်
မှန်းဆမရနိုင်တဲ့ သွေးတွင်းသကြားဓာတ်တက်လာနိုင်ပြီး ရောဂါတိုးပွားနိုင်ပါတယ်။ လူတချို့မှာ
ရုံးပတီသီးနဲ့ ဓာတ်မတည့်မှုလက္ခဏာတွေ ရှားရှားပါးပါးဖြစ်တာတွေ့ရပါတယ်။ အနည်းငယ်ယားယံခြင်းနဲ့
အရေပြားနီမြန်း ခြင်းမှ အသက်ရှူရခက်ခြင်း သို့မဟုတ် ဓာတ်မတည့်ခြင်းတို့လို ပိုမို ပြင်းထန်တဲ့
တုံ့ပြန်မှုတွေအထိ ဖြစ်နိုင်ပါတယ်။ ရုံးပတီသီးဟာ ဗီတာမင်ကေ (Vitamin K) အရင်းအမြစ်ကောင်းတစ်ခုဖြစ်ပြီး
အရိုးကျန်းမာရေးနဲ့ သွေးခဲခြင်းအတွက် အခန်းကဏ္ဍတစ်ခုမှ ပါဝင် နေပါတယ်။ သွေးကျဲဆေးသောက်သုံးနေသူတွေအတွက်
ရုံးပတီသီးအများအပြားစားသုံးခြင်းက ဆေးရဲ့ထိရောက်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
ရုံးပတီသီးကိုကြော်စားရင် ကိုလက်စထရော ပမာဏတိုးစေနိုင်တာကြောင့် ခန္ဓာကိုယ် ရဲ့ကိုလက်စထရောပမာဏကို
ထိန်းညှိချင်သူတွေအနေနဲ့ ရုံးပတီသီးကို ကြော်မစားမိဖို့လိုပါတယ်။ ရုံးပတီသီးမှာပါဝင်တဲ့
ဆိုလမင် (Solamin)က အဆိပ်အတောက်ဖြစ်စေတဲ့ ဒြပ်ပေါင်းတစ်မျိုးဖြစ်ပြီး အချို့လူတွေမှာ
အဆစ်အမျက် ရောင်ရမ်းခြင်းနဲ့ ကြာရှည်ရောင်ရမ်းခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
ရုံးပတီသီးပင်တွေမှာ
ကျရောက်တတ်တဲ့ အရေးကြီးဆုံးနဲ့ အဖျက်သဘောဆောင်တဲ့ အဓိကရောဂါက Yellow Vein Mosaic
Virus (YVMV) ဆိုတဲ့ ဗိုင်းရပ်စ်ရောဂါဖြစ်ပါတယ်။ အဖြူရောင်ယင် ကောင်ကနေကူးစက်တဲ့ ဒီရောဂါက
သီးနှံကြီးထွားမှုအဆင့်အားလုံးမှာ ကူးစက်နိုင်ပြီး အပင်ကြီးထွားမှုနဲ့အထွက်နှုန်းကို
ဆိုးရွားစွာလျော့နည်း စေလို့ ဂရုစိုက်ဖို့လိုပါတယ်။
အချုပ်အနေနဲ့
ပြောလိုတာက ရုံးပတီသီးလေးတွေကို ချက်ပြုတ်၊ ကြော်လှော်၊ မီးကင်ပုံစံအမျိုးမျိုးနဲ့
စားသုံးကြမယ်ဆိုရင် မိမိကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ပြီးသားဖြစ်စေပါတယ်။ ဟင်းချက်ဖို့ပေးရတဲ့အချိန်လည်း
သိပ်တိုတောင်းပါတယ်။ နှစ်မိနစ်မှ သုံးမိနစ်အတွင်း ကျက်လွယ်တာမို့ ဟင်းချက်တာ စိတ်မရှည်တတ်တဲ့သူတွေအတွက်တော့
အတော်လေးအဆင်ပြေတဲ့ ဟင်းလျာတစ်မျိုးဖြစ်ပါတယ်။ ရုံးပတီသီးရဲ့ ကောင်းသောအာဟာရကိုပေးခြင်း၊
နှလုံးကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ ကင်ဆာကိုတိုက်ဖျက်နိုင်ခြင်း၊ အရိုးတွေကိုသန်မာစေခြင်း၊
သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ ကျန်းမာသော ကိုယ်ဝန်ဖြစ်စေရန်ထောက်ပံ့ပေးခြင်း၊
အူလမ်းကြောင်း ကျန်းမာရေးကို ကောင်းမွန်စေခြင်းအစရှိတဲ့ ကောင်းကျိုးအဖြာဖြာနဲ့ပြည့်စုံပြီး
အခုလို အစစအရာရာ ဈေးကြီးနေတဲ့အချိန်မှာ ဈေးနှုန်းအသင့်အတင့်နဲ့ အာဟာရဓာတ်ပြည့်ဝတဲ့
ရုံးပတီသီးလေးတွေကို လူတိုင်း သင့်တင့် မျှတစွာ စားသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။
။

No comments:
Post a Comment