ကိုကိုချွန် (FIU မော်လမြိုင်)
အွန်လိုင်းလိမ်လည်မှုဆိုသည်မှာ အင်တာနက်အွန်လိုင်း ဆက်သွယ်မှုကွန်ရက်ကိုအသုံးချ၍ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများထံမှ ငွေကြေး သို့မဟုတ် အချက်အလက်များ လိမ်လည်လှည့်ဖြား ရယူခြင်းပင်ဖြစ်ပါသည်။ အင်တာနက်အွန်လိုင်း အသုံးပြုကျူးလွန်မှုတွင် သိသာထင်ရှားသော မှုခင်းအမျိုးအစားများမှာ လောင်းကစားမှု၊ လိမ်လည်မှုနှင့် ဆိုက်ဘာမှုခင်းများ ဖြစ်ပါသည်။ ယင်းမှုခင်းများအနက် မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရပြီး နိုင်ငံသားများ၏ ပိုင်ဆိုင်မှု ငွေကြေးနှင့် လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်နေသောမှုခင်းမှာ အွန်လိုင်းလိမ်လည်မှုပင် ဖြစ်ပါသည်။
နည်းပညာများ
လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ကမ္ဘာ့လူသားများအတွင်း ရုပ်ဝတ္ထုများအပေါ်
မှီခိုအားထားမှုများလည်း တစ်နေ့တခြား တိုးတက်လာပါသည်။ ၂၀၁၉ ခုနှစ်တွင် စတင် ဖြစ်ပွားခဲ့သော
ကိုဗစ်-၁၉ ကပ်ရောဂါသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပျံ့နှံ့ခဲ့ပြီး လူသား အားလုံးအပေါ်
သက်ရောက်မှု ကြီးစွာဖြစ်ပေါ်လာခဲ့ပါသည်။ နိုင်ငံအလိုက်၊ ဒေသအလိုက် ရောဂါကူးစက်မှုကို
ထိန်းချုပ်နိုင်ရန် ရည်ရွယ်ပြီးသွားလာမှု ကန့်သတ်ထိန်းချုပ်ခြင်းများကို ဆောင်ရွက်လာခဲ့ရပါသည်။
ကျောင်းများ၊ အလုပ်ရုံများနှင့် စီးပွား ရေးလုပ်ငန်းများ ကာလကြာရှည်ရပ်နားထားရ
သဖြင့် နိုင်ငံအလိုက် စီးပွားရေးအပေါ်များစွာထိခိုက် စေခဲ့ပါသည်။
ထိုအခြေအနေများကို
ကျော်လွှားနိုင်ရန်အတွက် အွန်လိုင်းအသုံးပြုမှုများသည် ကဏ္ဍစုံတွင်
ကျယ်ပြန့်လာခဲ့ပါသည်။ ကျောင်းများ၊ အလုပ်များ ရပ်နားထားရသဖြင့်
ဆိုရှယ်မီဒီယာအသုံးပြုသူနှင့် သုံးစွဲမှုများ မြင့်တက်လာခဲ့ပါသည်။ လုပ်ငန်းများကို
ကာလကြာရှည်စွာ ရပ်နားထားရန် မဖြစ်နိုင်သည့်အတွက် ကျောင်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့်
စီးပွားရေးလုပ်ငန်းများတွင် အွန်လိုင်းအခြေပြု လုပ်ကိုင်သည့်ပုံစံသို့ ပြောင်းလဲကျင့်သုံးလာကြပါသည်။
အွန်လိုင်းမှ စာသင်ကြားခြင်း၊ အိမ်မှအလုပ်လုပ်ခြင်း (Work From Home)၊
အွန်လိုင်းဝန်ဆောင် မှုပေးခြင်းတို့ကို ပြည်သူများအတွင်း ကျယ်ပြန့်စွာ
အသုံးပြုလာကြပါသည်။ ဆိုရှယ်မီဒီယာများ၏ ကဏ္ဍစုံအသုံးချနိုင်မှုကလည်း
အွန်လိုင်းအသုံးပြုမှုကို မြင့်တက်စေခဲ့ပါသည်။ နယ်စည်းမခြား ကျယ်ကျယ်ပြန့်ပြန်
ဆက်သွယ်နိုင်မှုနှင့် လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ခြင်းကလည်း အခြေခံစားသောက်ကုန်များ
ပို့ဆောင်ခြင်းမှ Online Banking / Online Payment နှင့် Online
Trading အထိ အသုံးပြုလာကြပါသည်။
ဒုစရိုက်သမားများအတွက်
နယ်မြေသစ်တစ်ခု ဖြစ်လာ
ထိုသို့
နည်းပညာတွင်ကျယ်လာမှုနှင့် ပြည်သူလူထုအတွင်း အွန်လိုင်းအသုံးပြုမှုများ များပြားလာ
ခြင်းက ဒုစရိုက်သမားများအတွက် ကျင်လည်ကျက်စားရာ နယ်မြေသစ်တစ်ခု ဖြစ်လာစေခဲ့ပါသည်။ နိုင်ငံအလိုက်အွန်လိုင်းပေါ်တွင်
ပြစ်မှုကျူးလွန်မှုများလည်း တစ်နှစ်ထက်တစ်နှစ် တိုးတက်လာခဲ့ပါသည်။ နိုင်ငံအလိုက်
ကျူးလွန်သည့်ပုံစံများ ကွဲပြားနေသော်လည်း အများစုမှာ အွန်လိုင်းလိမ်လည်မှုများ ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင်လည်း အင်တာနက်အွန်လိုင်း ဆက်သွယ်ရေးပေါ် အသုံးချကာ လိမ်လည်သည့်
မှုခင်းများ တိုးတက်လာခဲ့ပါသည်။ အွန်လိုင်းလိမ်လည်မှုမှ ရရှိလာသည့် ငွေကြေးများအား
အွန်လိုင်း ဘဏ်လုပ်ငန်းစနစ်အပေါ် တလွဲအသုံးပြု၍ ငွေကြေးခဝါချနေခြင်းသည်
နိုင်ငံတော်အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေပါသည်။
နှစ်စဉ်
မြန်မာကျပ်ငွေ ငါးဘီလီယံနှင့်အထက် ဆုံးရှုံးနစ်နာ
အွန်လိုင်းလိမ်လည်မှုနှင့်
ပတ်သက်၍ မှုခင်းရဲတပ်ဖွဲ့ထံ နယ်မြေရဲစခန်းများမှ ထင်မြင်ချက် တောင်းခံမှုအရ ၂၀၁၉
ခုနှစ်တွင် ၁၁၆ မှု၊ ၂၀၂၀ ပြည့်နှစ်တွင် ၁၄၂ မှု၊ ၂၀၂၁ ခုနှစ်တွင် ၇၈ မှု၊ ၂၀၂၂
ခုနှစ်တွင် ၁၂၉ မှုနှင့် ၂၀၂၃ ခုနှစ်တွင် ၁၇၆ မှု စုစုပေါင်း ၆၄၃ မှု
ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။ အွန်လိုင်းလိမ်လည်မှုများ ပြည်သူလူထုအတွင်း
အမှန်တကယ်ဖြစ်ပွားနေမှုများမှာ ယခုထက် ပိုမိုများပြားနေမည် ဖြစ်သော်လည်း
လိမ်လည်ခံရသည့် ငွေပမာဏနည်းပါးခြင်း၊ ရဲစခန်းနှင့် တရားရုံးများအတွက်
အချိန်မပေးခြင်း၊ ဥပဒေအရ နစ်နာသူမှ တရားလိုပြုလုပ်ရန် လိုအပ်ခြင်း၊
အလိမ်ခံရမှုအပေါ် ရှက်ရွံ့သဖြင့် မတိုင်ကြားလိုခြင်းတို့ကြောင့် အမှုဖွင့်တိုင်ကြားခြင်းမရှိသည့်
မှုခင်းများစွာရှိနေနိုင်ပါ သည်။ မြန်မာနိုင်ငံ၌ အွန်လိုင်းလိမ်လည်မှုများကြောင့်
ပြည်သူလူထုအတွင်း နှစ်စဉ် မြန်မာကျပ်ငွေ ငါးဘီလီယံနှင့်အထက် ဆုံးရှုံးနစ်နာနေကြောင်း
ခန့်မှန်းထားပါသည်။
အွန်လိုင်းလိမ်လည်မှုများအနက်
အရိုးရှင်းဆုံးသော လိမ်လည်နည်းမှာ အွန်လိုင်းပေါ်ကြော်ငြာထားသောပစ္စည်းများအား ငွေပေးချေပြီးနောက်
ပစ္စည်းပေးပို့သူမှတစ်ဆင့် ဝယ်ယူသူထံ ရောက်ရှိလာချိန်တွင် ကုန်အမှတ်တံဆိပ် မှားယွင်းခြင်း၊
အရည်အသွေး၊ အရွယ်အစား၊ အရောင်နှင့် ပုံသဏ္ဌာန်ကွဲလွဲနေခြင်းတို့သည် အခြေခံအကျဆုံးသောအွန်လိုင်း
လိမ်လည်နည်းများ ဖြစ်ကြပါသည်။ လိမ်လည်မှုများသည် အသေးစားလိမ်လည်မှုများဖြစ်သဖြင့် သက်ဆိုင်ရာသို့
တိုင်ကြားခြင်းမရှိသည်ကို နေ့စဉ် နှင့်အမျှ ကြုံတွေ့နေရပါသည်။
အများဆုံးကျူးလွန်သည့်
ပုံစံ (၅) မျိုး
၂၀၂၃
ခုနှစ် နိုဝင်ဘာလတွင် ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည့် “Illicit Financial Flows from
Cyber-Enabled Fraud” အစီရင်ခံစာတွင် အွန်လိုင်းလိမ်လည်မှုမှာ Cyber-Enabled
Fraud များဖြစ်ပြီး အများဆုံး ကျူးလွန်သည့် ပုံစံ (၅) မျိုးအား
ဖော်ပြထားပါသည်။
(၁) Application များ၊ Website အတုများ
အသုံးပြု၍ သတင်းအချက်အလက်များ ရယူပြီး လိမ်လည်ခြင်း (Phishing Fraud)
(၂) ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ သို့မဟုတ်
မိုဘိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ၏ ဝန်ထမ်းအယောင်ဆောင်၍ လိမ်လည်ခြင်း (Social
Media and Telecommunication Fraud)
(၃) အွန်လိုင်းပေါ်တွင် ခင်မင်ရင်းနှီးအောင် ပြုလုပ်၍ လိမ်လည်ခြင်း (Online
Romance Fraud)
(၄) အရောင်းအဝယ်လုပ်ငန်းများ၊ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများကို
အကြောင်းပြ၍ လိမ်လည်ခြင်း (Online Trading/ Trading Platform Fraud)
(၅) အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမည် ဟု အကြောင်းပြ၍ လိမ်လည်ခြင်း (Employment
Scam) Application များ၊ Website အတုများ
အသုံးပြု၍
လိမ်လည်ခြင်း
လိမ်လည်သူများသည်
ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ အမှတ်တံဆိပ်များကို အသုံးပြုပြီး Facebook စာမျက်နှာတွင်
“အခက်အခဲများအား ကူညီပေးကြောင်း” ဖော်ပြကာ Post တင်ထားပါသည်။
အကူအညီတောင်းခံလာပါက Link တစ်ခုချပေးကာ အသင့်ပြုလုပ်ထားသည့် Application
အား Download ဆွဲစေပြီး ငွေစာရင်းနှင့်ပတ်သက်သည့်
အချက်အလက်များ၊ UserName နှင့် Password များ ဖြည့်သွင်းစေခြင်းဖြင့် လိမ်လည်သူက ငွေစာရင်းအား ထိန်းချုပ်ရယူပါသည်။
ထို့အတူ ဝန်ဆောင်မှုလုပ်ငန်းတစ်ခုခုကို လူမှုကွန်ရက်စာမျက်နှာတွင် လွှင့်တင်ထားပြီး
၎င်း Page သို့ ဆက်သွယ်လိုက်ပါက မိမိ Viber သို့ Link ပေးပို့ကာ အသင့်ပြုလုပ်ထားသည့် Application
အား Download ဆွဲစေပါသည်။ အဆိုပါ Appli-cation
တွင် ငွေစာရင်းနှင့် ပတ်သက်သည့် အချက်အလက်များ၊ User Name နှင့် Password ဖြည့်သွင်းစေခြင်းဖြင့် ငွေစာရင်းအား
ထိန်းချုပ်ရယူပါသည်။
ထို့ပြင်
မိမိ၏ ကိုယ်ရေးအချက်အလက်များကို နည်းလမ်းမျိုးစုံဖြင့် စုံစမ်းရယူကြပြီး
မိမိငွေစာရင်းဖွင့်လှစ်ထားသည့် ဘဏ်သို့မဟုတ် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတစ်ခု၏
အမည်နှင့် တံဆိပ်များ ကို အသုံးပြုကာ “သင့်ပရိုဖိုင်ဒေတာတွင် အမှားအယွင်းများကြောင့်
သင့်ငွေစာရင်းသို့ ငွေအဝင်/အထွက် လွှဲပြောင်းခြင်းကို ငြင်းပယ်ခဲ့ကြောင်း၊ ဤနေရာ “Link” ကို နှိပ်၍သင်၏
ကိုယ်ရေးအချက် အလက်များကို ဖြည့်သွင်းပါ” ဟု မိမိ၏ အီးမေးလ် သို့ ပေးပို့လာပါသည်။
အဆိုပါ Link အား ဖွင့်ကြည့်ပါက မိမိငွေစာရင်းဖွင့်လှစ်ထားသည့်
ဘဏ် သို့မဟုတ် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုခု၏ အမည်၊ အမှတ်တံဆိပ်များဖြင့်
အတုပြုလုပ်ထားသည့် Website သို့ ရောက်ရှိသွားမည်ဖြစ်ပါသည်။
ယင်းနောက် User Name နှင့် Password ဖြည့်သွင်း
ရန် တောင်းဆိုလာပြီး အချက်အလက်များ ဖြည့်သွင်းလိုက်ပါက မိမိ၏ ငွေစာရင်းကို
ထိန်းချုပ် ရယူကာ ငွေကြေးလိမ်လည်ရယူသွားမည်ဖြစ်ပါသည်။
အခြားနည်းလမ်းမှာ
မိမိလက်ကိုင်ဖုန်း Viber သို့ “ငွေစာရင်းရှိ ငွေများကို Deactivate လုပ်လိုက်ကြောင်း၊
မသင်္ကာမှုဖြင့် ပိတ်သိမ်းလိုက်ကြောင်း၊ ဖြေရှင်းလိုပါက (၂၄)နာရီ အတွင်း အောက်ပါ Link
သို့ ဝင်ရောက်ဖြေရှင်းပါ” ဟု စာများပေးပို့လာခဲ့ရာ
စိုးရိမ်စိတ်ဖြင့် ထို Link အား နှိပ်၍ ဖွင့်ကြည့်ပါက
ဝန်ဆောင်မှုလုပ်ငန်းတစ်ခုခု၏ အမည်များဖြင့် User Name, Password ဖြည့်သွင်းရန် ပေါ်လာမည် ဖြစ်ပါသည်။ User Name, Password ဖြည့်သွင်းပေး လိုက်ပါက မိမိဘဏ်ငွေစာရင်းအား ထိန်းချုပ်ကာ ငွေကြေးများ
လွှဲပြောင်းရယူသွားမည်ဖြစ်ပါသည်။
ဝန်ထမ်းအယောင်ဆောင်၍
လူမှုန်ကွန်ရက်နှင့် တယ်လီဖုန်းမှတစ်ဆင့် လိမ်လည်ခြင်း
ဒုတိယနည်းလမ်းမှာ
K-Pay ၊ Wave-Pay
ကဲ့သို့ သော မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများက မိမိထံ One
Time Password (OTP) Code ပေးပို့ သည့် စနစ်ပေါ်တွင် အသုံးချသော
နည်းလမ်းဖြစ်ပါသည်။ ၎င်းစနစ်သည် Password မေ့နေသူ သို့မဟုတ် လက်ကိုင်ဖုန်း ပြောင်းလဲအသုံးပြုသူများအတွက်
Account Login ဝင်ရောက်နိုင်စေရန် မိမိ၏ လက်ကိုင်ဖုန်းသို့ OTP Code နံပါတ်ပေးပို့သော စနစ် ဖြစ်ပါသည်။
လိမ်လည်သူသည်
ဘဏ်၊ မိုဘိုင်းငွေကြေး ဝန်ဆောင်မှုလုပ်ငန်း သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်းတစ်ခု၏ ဝန်ထမ်းအဖြစ်
ဟန်ဆောင်ပြီး မိမိထံ ဖုန်းဖြင့် ဆက်သွယ်ကာ “ငွေသွင်း/ငွေထုတ်မှုများတွင်
မသမာသည့်နည်းစနစ်များ တွေ့နေရသည့်အတွက် မေးသည့်အချက်အလက်များအား အတည်ပြုပေးရန်နှင့်
အတည်မပြုပါက Account အတွင်းရှိ ငွေများအားလုံးကို ယာယီပိတ်ထားမည်ဖြစ်ပြီး ငွေစာရင်းအား
အပြီးဖျက်သိမ်းသွားမည်။ အတည်ဖြစ်/ မဖြစ်အား မိမိလက်ကိုင်ဖုန်းသို့ ပို့ပေးသည့် OTP
Code အား ပြန်လည်ပေးပို့ရမည်” စသည်ဖြင့် အကြောင်းအမျိုးမျိုးပြကာ OTP
Code ပေးပို့လာ စေရန် လှည့်ဖြားပြောဆိုပါသည်။ တစ်ချိန်တည်းမှာပင်
မိမိ၏ K-Pay၊ Wave Pay Account အား
၎င်း၏ လက်ကိုင်ဖုန်းဖြင့် ဝင်ရောက်ပြီး forget password ရွေးချယ်လိုက်ရာ
မိမိ၏ဖုန်းသို့ OTP Code ရောက်ရှိလာပါသည်။ မိမိမှ OTP
Code ပေးပို့လိုက်ပါက လိမ်လည်သူသည် မိမိငွေစာရင်းအား ထိန်းချုပ်ပြီး
၎င်းတို့၏ ငွေစာရင်းများထဲသို့ ငွေကြေးလိမ်လည် ရယူသွားမည်ဖြစ်ပါသည်။
အခြားနည်းတစ်ခုမှာ
မိုဘိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ၏ ဝန်ထမ်းဟန်ဆောင်၍ မိမိဖုန်းထံဆက်သွယ်ကာ
ကံစမ်းမဲပေါက်ကြောင်း၊ OTP
Code ပေးပို့မည်ဖြစ်ကြောင်း၊ ကံစမ်းမဲထုတ်ရန် OTP Code အားပြန်လည်ပေးပို့ရန် လိမ်လည်တောင်းခံပါသည်။ မိမိမှရရှိသော OTP
Code အား ပေးပို့ လိုက်ပါက မိမိငွေစာရင်းအား ထိန်းချုပ်ကာ
ငွေကြေးလိမ်လည်ရယူသွားမည် ဖြစ်ပါသည်။
အွန်လိုင်းပေါ်တွင်
ခင်မင်ရင်းနှီးအောင်ပြုလုပ်၍ လိမ်လည်ခြင်း
တတိယနည်းလမ်းမှာ
အွန်လိုင်းပေါ်တွင် ခင်မင်ရင်းနှီးအောင်ပြုလုပ်၍ လိမ်လည်ခြင်း (Online Romance Fraud) ဖြစ်ပါသည်။
ဤနည်းလမ်းသည် လူမှုကွန်ရက်အသုံးပြုသူများကို ပစ်မှတ်ထားကျူးလွန်လေ့ရှိသော နည်းလမ်းဖြစ်ပါသည်။
လိမ်လည်သူသည် Facebook Account များတွင် နိုင်ငံခြားသား/သူ
ပုံများဖြင့် Profile တင်ပြီး မိမိနှင့် မိတ်ဆွေဖြစ်သွားပါက Messengers၊ Viber ဖြင့် အပြန်အလှန်ဆက်သွယ်ကာ အကြောင်းအရာ
အမျိုးမျိုး၊ ပုံစံအမျိုးမျိုး ဇာတ်လမ်းဆင်ပြောဆိုပြီး ရင်းနှီးအောင်ပြုလုပ်ကြပါသည်။
ရင်းနှီးမှုရှိလာပါက အကြောင်းအမျိုးမျိုးပြကာ မက်မောလောက်သည့် ငွေကြေးအား (ဒေါ်လာ
- ပမာဏဖော်ပြ၍) လက်ဆောင်အဖြစ် ပေးပို့လိုက်သည်ဟု ပြောဆိုပါသည်။ ယင်းနောက်
အခြားသူတစ်ဦးက လက်ဆောင် များရောက်ရှိနေပြီး ထုတ်ယူရန်အခွန်ပေးဆောင်ရမည်ဟု
လိမ်လည်တောင်းခံပါသည်။
အချို့ဖြစ်စဉ်များတွင်
လက်ဆောင်အဖြစ် တန်ဖိုးကြီးပစ္စည်းများကို Delivery ကုမ္ပဏီဖြင့် ပေးပို့လိုက်ကြောင်း၊
အခြားသူတစ်ဦးမှ Delivery ကုမ္ပဏီ၏အမည်ဖြင့် မိမိဖုန်းထံဆက်သွယ်ကာ
“ပစ္စည်းရောက်ရှိကြောင်း၊ ပစ္စည်းရွေးရန်အတွက် ငွေလွှဲပေးရမည်ဖြစ်ကြောင်း၊ တန်ဖိုးကြီးပစ္စည်းအတွက်
အခွန်ဌာနတွင် အကောက်ခွန်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း၊ ပစ္စည်းမှာ ဥပဒေနှင့်
မညီညွတ်သဖြင့် ဌာနဆိုင်ရာများသို့ ငွေကြေးပေးရမည်ဖြစ်ကြောင်း” စသည်ဖြင့်
အကြောင်းအမျိုးမျိုးပြကာ ငွေကြေးများ လိမ်လည်ရယူကြပါသည်။
(ဆက်လက်ဖော်ပြပါမည်)

No comments:
Post a Comment