ဆိုဖီယာ
ကမ္ဘာတစ်လွှားတွင် သမဝါယမစီးပွားရေးစနစ် ပိုမိုလူသိများ အောင်မြင်လာခဲ့သည့် အဓိကအကြောင်းရင်းတစ်ချက်မှာ ၂၀၀၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ဘဏ္ဍာရေးနှင့် စီးပွားရေးအကျပ်အတည်းကာလအတွင်း သမဝါယမစနစ်သည် မပြိုလဲဘဲ ကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။
အရှုပ်အထွေးများနှင့်
အကျပ်အတည်းဖြစ်ပွားနေသည့် ကာလများအတွင်းတွင် သမဝါယမလုပ်ငန်းများကို
လူ့အဖွဲ့အစည်းတစ်ရပ်လုံးက ထွက်ပေါက်တစ်ရပ်အဖြစ် မြင်ခဲ့ကြပါသည်။ လေ့လာမှုများအရ
သမဝါယမအဖွဲ့အစည်းများ၏ ကောင်းမွန်သော လုပ်ဆောင်ချက်များကြောင့် ၎င်းတို့၏ အမှတ်လက္ခဏာကို
ပိုမိုသတိမူလာစေခဲ့ပါသည်။ သမဝါယမအဖွဲ့အစည်းဆိုင်ရာ လုပ်ဆောင်ချက်များကို ပိုမိုစိတ်ဝင်စားမှုဖြစ်လာအောင်
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကလည်း လှုံ့ဆော်ပေးနိုင်ခဲ့ပါသည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့သည် ၂၀၁၂
ခုနှစ်ကို အပြည်ပြည်ဆိုင်ရာ သမဝါယမနှစ်အဖြစ် ကြေညာခဲ့ပြီးနောက် စီးပွားရေးနှင့်
လူမှုရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် သမဝါယမလုပ်ငန်းများ၏ အရေးပါမှုကို ကမ္ဘာတစ်ဝန်းလုံးတွင်
အသိအမှတ်ပြုလာကြပါသည်။
အားနည်းချို့ယွင်းချက်များရှိခဲ့
၁၉၀၄
ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည့် အိန္ဒိယနိုင်ငံအစိုးရ၏
သမဝါယမငွေစုငွေချေး အသင်းများဆိုင်ရာ အက်ဥပဒေအမှတ်(၁၀)အရ အိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်သော
မြန်မာနိုင်ငံသည်လည်း အကျုံးဝင်ခဲ့ပါသည်။ ၁၉၀၄ ခုနှစ်တွင် စတင်ခဲ့သည့်
မြန်မာ့သမဝါယမသည် အထူးသဖြင့် မြန်မာနိုင်ငံ၏ ကျေးလက်နေပြည်သူများနှင့် မြို့ပြနေအခြေခံပြည်သူများ၏
ပကတိအရှိတရား (Reality)အရ ၎င်းတို့၏ လိုအပ်ချက်(Needs)နှင့်
ကိုက်ညီလျက်ရှိပါသည်။ ၃-၁-၁၉၀၅ ရက်တွင် စစ်ကိုင်းခရိုင် မြင်းမူငွေစုငွေချေးသမဝါယမအသင်းကို
အသင်းသား ၉၀ ဖြင့် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ထိုအချိန်မှစ၍ မြန်မာနိုင်ငံတွင်
သမဝါယမအသင်းအဖွဲ့များ စတင်ပေါ်ပေါက်ခဲ့ပါသည်။ မြန်မာ့သမဝါယမသမိုင်းသည် ယနေ့အထိ
နှစ်ပေါင်း ၁၂၀ နီးပါးသက်တမ်းရှိပြီဖြစ်သည်။ ခေတ်အဆက်ဆက်၊
စနစ်အသီးသီးဖြတ်ကျော်ခဲ့ပြီး အားသာချက်၊ အားနည်းချက်များရှိခဲ့သော်လည်း အားနည်းချို့ယွင်းချက်များသောကြောင့်
ပြည်သူအများက သမဝါယမစနစ်အပေါ် ယုံကြည်မှုအားနည်းခဲ့ပါ သည်။ မည်သို့ ဆိုစေ -
အတိတ်ကအရိပ်မည်း
စိတ်စွဲလို့ထား...
အရင်လို
မကြိုးစား ဒုံရင်းပါလား...
မနေ့ကပြဿနာ...
ဒီနေ့သင်ခန်းစာ...
ပြုပြင်ကာ
ဆောင်ရွက်…
လက်တွဲကာ
ပူးပေါင်းလို့ သမဝါယမပန်းတိုင် ဆီသို့…။ ။
ခေတ်အဆက်ဆက်
သမဝါယမ…သမဝါယမ...ဟု အပြုသဘောဆောင်သူတွေက တစ်မျိုး၊ အပြုသဘောမဆောင်သူတွေက တစ်ဖုံအမျိုးမျိုး
ပြောဆိုနေကြသည်ကို အားလုံးအသိပဲဖြစ်ပါသည်။ သမဝါယမဆိုသည်မှာ လူအချင်းချင်းပူးပေါင်းပြီး
ပါဝင်သူများ၏ လူမှုရေးနှင့် စီးပွားရေးကို မြှင့်တင်ပေးနိုင်ရန် ဆောင်ရွက်သည့်အသင်းအဖွဲ့ဖြစ်၍
လူကိုအခြေခံထားပြီး လူ၏တန်ဖိုးများကို အလေးထားသည့် လူ့ကျင့်ဝတ်များကို ထိန်းသိမ်းလိုက်နာစေသည့်
လူမှုစီးပွားရေး (Socio
Economy) ပူးပေါင်း ဆောင်ရွက်မှုအသင်းအဖြစ် ဖွဲ့စည်းဆောင်ရွက်ခြင်း
လည်းဖြစ်ပါသည်။ သို့သော် သမဝါယမကတော့ ပြည်သူများ၏ လိုအပ်ချက်များ(Need)ကို စဉ်းစားတွေးခေါ် အမြော်အမြင်ကြီးစွာဖြင့် ဆောင်ရွက်နေသည်ကို
မိမိသိသမျှ မျှဝေခြင်းဖြစ်ပါသည်။
သမဝါယမနှင့်
ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ညွှန်ကြားမှု၊ သမဝါယမဦးစီးဌာန၏အကောင်အထည်ဖော်မှုဖြင့်
ကျေးလက်နေ ပြည်သူများ ဝင်ငွေတိုးပွားရေးနှင့် အသင်းသားတောင်သူများ၏
လူမှုစီးပွားဘဝမြင့်မားရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ပိုမိုလုပ်ကိုင်လာနိုင်အောင်၊
အထွက်တိုးလာအောင် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
ဤသို့လုပ်ကိုင်ရာတွင်
သမဝါယမစနစ်ဖြင့် အမှန်တကယ်အလုပ်လုပ်သူများ၊ ဆန္ဒတူသူများ လုပ်ငန်းတူရာအလိုက်
ကျေးရွာအလိုက်စုပေါင်းပြီး သမဝါယမအသင်းများ ဖွဲ့စည်းပြီး တောင်သူများ၏
လိုအပ်ချက်များကို အလေးထားဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါသည်။ သီးနှံအထွက်တိုးရန်
လုပ်ဆောင်ရာမှာလည်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မျိုး၊ မြေ၊ ရေ၊
နည်း လေးမျိုးလုံးကောင်းမွန်အောင် ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပြီးသော အသင်းများတွင်
အသင်းသား တောင်သူများ လိုအပ်သော မျိုးကောင်းမျိုးသန့်ရရှိရေး၊ သွင်းအားစုပံ့ပိုးပေးနိုင်ရေး၊
ထွက်ရှိလာသော သီးနှံများကို ဈေးကွက်ဈေးနှုန်း ခိုင်မာမှုရရှိအောင်
ပေါင်းစပ်လုပ်ဆောင်ပေးလျက်ရှိပါသည်။
နိုင်ငံတကာအတွေ့အကြုံရရှိပြီး
လက်တွေ့ပေါင်းစပ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဗီယက်နမ်နိုင်ငံရှိ အောင်မြင်နေသော
သမဝါယမအသင်းနှင့် လုပ်ငန်းဆောင်ရွက်နေသော နည်းစနစ်များကို လေ့လာနိုင်ရန်အတွက်
မိမိအပါအဝင် သမဝါယမဦးစီးဌာနမှ အရာထမ်းရှစ်ဦးကိုလည်း လေ့လာရေးသွားရောက်စေခဲ့ပါသည်။
ဗီယက်နမ်မှ
သမဝါယမအသင်းများ
ဗီယက်နမ်နိုင်ငံရှိ
သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် စိုက်ပျိုးရေးနှင့်
ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်တွင်ရှိပြီး သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည်
သမဝါယမအသင်းများကို သတင်းအချက်အလက်နှင့် နည်းပညာများ မျှဝေပေးကြောင်း၊ အသင်းများမှအကူအညီ
တောင်းခံလာပါက ညှိနှိုင်းပေါင်းစပ်ချိတ်ဆက်ဆောင်ရွက်ပေးကြောင်း၊ သမဝါယမအသင်းများအနေဖြင့်
ICA မူများနှင့်အညီ
ဆောင်ရွက်လျက်ရှိကြောင်း၊ ဗီယက်နမ်နိုင်ငံတွင် သမဝါယမအသင်း ၃၀၀၀၀ ကျော်ရှိသည့်အနက်
အသင်း ၂၀၀၀၀ ကျော်မှာ စိုက်ပျိုးရေး သမဝါယမအသင်းများဖြစ်ကြောင်း၊
သမဝါယမအသင်းများမှ စိုက်ပျိုးထုတ်လုပ်သည့် လူသုံးကုန်၊ စားသောက်ကုန်များကို ပြည်တွင်းဈေးကွက်တွင်သာမက
ပြည်ပဈေးကွက်တွင် ရောင်းချနိုင်ရေး သက်ဆိုင်ရာဆက်စပ်ဌာနများနှင့်
ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိခဲ့ရပါသည်။ ဗီယက်နမ်နိုင်ငံအနေဖြင့်
သစ်တောထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများနှင့် ဆန်စပါးတို့ကို ပြည်ပသို့
အများဆုံးတင်ပို့ရောင်းချလျက်ရှိပြီး ဗီယက်နမ်နိုင်ငံအနေဖြင့် လယ်သမားကိုးသန်းကျော်ရှိရာ
၃ ဒသမ ၇ သန်းသည် သမဝါယမအသင်းသားဖြစ်ကြောင်း သိရှိခဲ့ရပါသည်။
ဗီယက်နမ်နိုင်ငံရှိ
Binh Dinh Agricultural
Cooperative အသင်းသည် ၁၉၆၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး Rural
Development Multi Purpose business အသင်းအဖြစ် ဆောင်ရွက်လျက်ရှိပြီး
အသင်းသားဦးရေ ၃၁၅၆ ဦးဖြင့် အသင်း၏လုပ်ငန်းများကို မတည်ငွေ ဗီယက်နမ် ဒေါင် ၁၁၅၀၀
ဘီလီယံဖြင့် အသင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၂ ခုနှစ်တွင် အသင်းမှ နိုင်ငံတော်သို့
ဗီယက်နမ်ဒေါင် ၁၅၇ ဒသမ ၉၈ သန်း အခွန်အခပေးသွင်းနိုင်ခဲ့ကြောင်း၊ အမှုဆောင် (BOD)
သုံးဦး၊ Supervisory နှစ်ဦးနှင့်
ငွေကြေးကော်မတီ သုံးဦးဖြင့် ဖွဲ့စည်းထားရှိပြီး အသင်းဝန်ထမ်း ၃၃ ဦးနှင့်
ကျန်းမာရေးနှင့် လူမှုရေးအာမခံလုပ်ငန်းအတွက် ၁၆ ဦးတို့ရှိကြောင်း သိရှိခဲ့ရပါသည်။
အသင်းမှရရှိလာသည့်
အမြတ်ငွေများကို အသင်းသားများသို့ ခွဲဝေပေးခြင်းမပြုဘဲ အသင်းတွင် ရင်းနှီးမြှုပ်နှံမှုထည့်သွင်းစေပြီး
အသင်းသားများ၏ ထည့်ဝင်ငွေအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ အသင်းသားများအနေဖြင့် စက်ပစ္စည်းများကို
ရောင်းဈေးထက် ၅၀ ရာခိုင်နှုန်းလျော့နည်းသက်သာစွာဖြင့် ဝယ်ယူခွင့်ရရှိခြင်း၊ အသင်းက
ဝန်ဆောင်မှုပေးခြင်းများကို ခံစားရရှိခြင်း၊ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် နည်းပညာများ၊
ရိတ်သိမ်းခြင်းနည်းပညာများ၊ စက်မောင်းနည်းပညာများ အခမဲ့သင်ယူခွင့်ရရှိခြင်း၊ စိုက်ပျိုးသည့်သီးနှံများမှ
ထွက်ရှိသည့်ပစ္စည်းများကို ပြည်တွင်းစားသုံးခြင်းအပြင် ပြည်ပသို့ တင်ပို့ရောင်းချနိုင်ခြင်း၊
မျိုးစေ့ထုတ်လုပ်ရောင်းချနိုင်ခြင်း၊ မျိုးစေ့များကို တစ်နှစ်လျှင် ၁ ဒသမ ၃ တန် ပြည်ပသို့တင်ပို့နိုင်ခြင်း၊
စိုက်ပျိုးမြေဧက ၅၅၀ ဟက်တာရှိပြီး စပါးနှင့် အခြားသီးနှံများကို တစ်နှစ်နှစ်ကြိမ်စိုက်ပျိုးကြောင်း၊
မြေဩဇာအသုံးပြုမှုအနေဖြင့် သဘာဝမြေဩဇာကိုသာ အဓိကထားသုံးစွဲကြောင်း၊ အသင်းသားများ၏ စိုက်ပျိုးရေးထုတ်ကုန်များကို
ဈေးကွက်အထိ ရောက်အောင်အသင်းက ဆောင်ရွက်နိုင်ကြောင်း လေ့လာသိရှိရပါသည်။
စိုက်ပျိုးစဉ်ကာလမှပင်
ဈေးကွက်တင်ပို့နိုင်သည့် ထုတ်ကုန်များဖြစ်စေရေး စနစ်တကျစိုက်ပျိုးထုတ်လုပ်ကြောင်း၊
Science and Technology လုပ်ငန်း၊ Agriculture Product Marketing လုပ်ငန်း၊ Market Management လုပ်ငန်း၊
Plants and Production လုပ်ငန်း၊ Water Resource လုပ်ငန်း၊ Material Supply လုပ်ငန်း၊ Farming
Machine လုပ်ငန်း၊ Internal Credit လုပ်ငန်း၊ Veterinary
လုပ်ငန်း၊ Collection Management လုပ်ငန်း၊ Cultivation
လုပ်ငန်း၊ Land for Rent လုပ်ငန်း
စသည့်အမျိုးအစား ၁၂ မျိုး ဆောင်ရွက်လျက်ရှိပြီး အသင်းသားများအတွက် အမှုဆောင်အဖွဲ့ ဦးဆောင်မှုဖြင့် လုပ်ငန်းအလိုက်ကြီးကြပ်သူများဖြင့်
အောင်မြင်စွာ ဆောင်ရွက်နေကြောင်း
တွေ့ရှိခဲ့ရပါသည်။
သမဝါယမပုံရိပ်ကို
အောင်မြင်စွာဆောင်ရွက်နေ
စိုက်ပျိုးရေးနည်းပညာ
Value Chain နှင့် ကုန်ပစ္စည်းများဈေးကွက်သို့ တိုက်ရိုက်ရောင်းချခြင်းအထိပါ တိုးချဲ့ဆောင်ရွက်နိုင်ခြင်း၊
စပ်မျိုးစပါးများကို စိုက်ပျိုးခြင်းဖြစ်ပြီး တစ်ဧကအထွက်နှုန်း တင်း ၂၀၀
ကျော်ရှိပြီး တစ်နှစ်တွင် သုံးသီးစိုက်ပျိုးနိုင်ခြင်း၊ လယ်ယာမြေများကို Soil
Test ပြုလုပ်၍ လယ်မြေအခြေအနေနှင့်ကိုက်ညီသော သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာတို့ကို
ထည့်သွင်းအသုံးပြုလျက်ရှိပြီး စိုက်ပျိုးထားသည့် အချိန်တွင် အချိန်နှင့်တစ်ပြေးညီ အပင်များကိုပြုစု၍
စနစ်တကျစိုက်ပျိုးနိုင်ခြင်း၊ စပ်မျိုးစပါးအမျိုးအစား ၁၀၀ ကျော်ကို
စိုက်ပျိုးရေးသုတေသနမှ တောင်သူများသို့ ဖြန့်ဝေပေးလျက်ရှိပြီး ယင်းမျိုးများအနက်
လယ်မြေအခြေအနေနှင့်ကိုက်ညီသည့် မျိုးများ ရယူသုံးစွဲလျက် သဘာဝမြေဩဇာများကိုသာ
အသုံးပြုခြင်း၊ ထွက်ရှိလာသည့် သီးနှံများကိုလည်း ဈေးကွက်ရအောင် စုပေါင်းရောင်းချသည့်စနစ်၊
စုပေါင်းလုပ်ကိုင်သည့်စနစ်ဖြင့် သမဝါယမပုံရိပ်ကို အောင်မြင်စွာ ဆောင်ရွက်နေသည်ကို
တွေ့ရှိခဲ့ရပါသည်။
လက်ရှိအချို့သမဝါယမအသင်းများသည်
စုပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို တစ်ဦးတစ်ယောက်အတွက် နစ်နာသည်ဟုယူဆခြင်း၊
မိမိကိုယ်ကျိုးအတွက် ကြည့်ခြင်း၊ ပရဟိတစိတ်မရှိခြင်း စသည့်အချက်များကိန်းအောင်းနေမှုကို
ဖယ်ရှားပေးရမည်ဖြစ်ပါသည်။ သမဝါယမဦးစီးဌာနသည် သမဝါယမအသင်းများအား
စည်းရုံးဆောင်ရွက်ခြင်း၊ ပညာပေးခြင်းနှင့်
ထိန်းကျောင်းတည့်မတ်ခြင်းလုပ်ငန်းများကို ယခင်ကထက်ပို၍ လုပ်ဆောင်ကြရမည်ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုရသော်
မြန်မာနိုင်ငံအတွင်းရှိ အသင်းသားတောင်သူများ၊ အမှုဆောင်အဖွဲ့များအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင်
ပွင့်လင်းမြင်သာမှုရှိခြင်း၊ စာရင်းရှင်းခံနိုင်ခြင်း၊ စွန့်စားမှုများအတွက်
စီမံခန့်ခွဲနိုင်စွမ်းရှိခြင်း၊ ထိန်းချုပ်ကွပ်ကဲခြင်း၊ ပိုင်ဆိုင်မှုနှင့်
စီမံခန့်ခွဲမှုကို ပိုင်းခြားထားခြင်း၊ ငွေကြေးပိုင်ဆိုင်မှုအပေါ်တွင် အခြေမခံဘဲ အသင်းသားဖြစ်မှုအပေါ်တွင်
အခြေခံခြင်း၊ ပိုင်ဆိုင်မှုနှင့် စီမံခန့်ခွဲမှုပိုင်းခြားထားခြင်းကို ခိုင်မာစေခြင်း၊
လူမှန်နေရာမှန်ထားရှိစေခြင်း၊ စီမံခန့်ခွဲသူများ၏ဆုံးဖြတ်ချက်အပေါ်
ယုံကြည်မှုရှိခြင်း၊ အသင်းသားများ၏ အကျိုးစီးပွားအတွက် ဆုံးဖြတ်ချက်များ ချမှတ်ရန်
စီမံခန့်ခွဲခြင်း စသည့်အချက်များကို အလေးထားဆောင်ရွက်သင့်ပါကြောင်းနှင့် ဗီယက်နမ်နိုင်ငံရှိ
သမဝါယမအသင်းကဲ့သို့ စုပေါင်းဆောင်ရွက်၍ အင်အားတောင့်တင်းသည့် သမဝါယမအသင်းများအဖြစ်
အတုယူဆောင်ရွက်သင့်ပါသည်။
သမဝါယမအသင်းများသည်
Social Business, Social
Enterprise များဖြစ်သည့် အားလျော်စွာ
စီးပွားရေးလုပ်ငန်းဆောင်ရွက်ပြီး လူမှုရေးတာဝန်ကျေပွန်သော အဖွဲ့အစည်းများဖြစ်၍ လွတ်လပ်သော
ဆန္ဒဖြင့်အများအကျိုး၊ အသင်းသားများ၏ အကျိုးအတွက် ဦးထိပ်ထားပြီး ဆောင်ရွက်သော
အသင်းများအဖြစ် ပြုပြင်ပြောင်းလဲဆောင်ရွက်မည်ဆိုပါက အနာဂတ်သမဝါယမများ
လှပနိုင်မည်မှာ မလွဲဧကန်ဖြစ်ပါကြောင်းနှင့် သမဝါယမအသင်းများအား
နိုင်ငံတော်၏ပံ့ပိုးမှု၊ အသင်းသားတောင်သူများ၏ ဆန္ဒအရ လက်တွေ့ပါဝင်မှု၊
အမှုဆောင်များ၏ ခိုင်မာသောဝန်ဆောင်မှုများပူးပေါင်းကာ ခိုင်မာအားကောင်းသည့်
သမဝါယမများ ပေါ်ပေါက်စေနိုင်ရန် ရည်ရွယ်ရေးသားတင်ပြလိုက်ရပါသည်။ ။
No comments:
Post a Comment