သစ်တောမောင်
အပူချိန်မြင့်မားလာခြင်း
ယခုအခါ ကမ္ဘာနှင့်အဝှမ်းရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ ကြုံတွေ့ရလျက်ရှိသည်။ အပူချိန်မြင့်မားလွန်းခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ မိုးများခြင်း၊ မိုးခေါင်ခြင်း စသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များကို ရင်ဆိုင်ရလျက်ရှိပါသည်။ နေ့အပူချိန်မြင့်တက်ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း (Ultra-Violet Index) မြင့်မားခြင်း၊ အပူဒဏ် (Heat Stress) ခံစားရခြင်း၊ လူ၏ခံနိုင်သော အပူချိန်ကို ကျော်လွန်သည့် အပူဒဏ် (High Heat Index) ခံစားရခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ အပူချိန်မြင့်မားလွန်းခြင်းကြောင့် သတိလစ်ခြင်းမှသည် အသက်သေဆုံးသည်အထိ အန္တရာယ်ကြီးပါသည်။
မြန်မာနိုင်ငံတွင်လည်း
တစ်နှစ်ပြီးတစ်နှစ် အပူစံညွှန်းကိန်းကိုကျော်လွန်ကာ ပိုမိုပူပြင်းလာလျက်ရှိပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့၏ အပူပိုင်းဇုန်အတွင်းကျရောက်သော
မြို့နယ်များသည် မိုးရေချိန်လက်မ ၄၀ အောက်သာရရှိပြီး တချို့နှစ်များတွင် အပူချိန် ၄၇
ဒီဂရီဆဲလ်ဆီးယပ်အထိ မြင့်မားလာလျက်ရှိကာ ခြောက်သွေ့ကာလမှာလည်း နိုဝင်ဘာလမှ မေလအထိတိုင်
ကြာရှည်လာသည်ကို တွေ့ရှိရပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်အတွင်း ကျရောက်သော
မြို့နယ်များသည် မြေတိုက်စားမှုများပြီး အပေါ်ယံမြေဆီလွှာကုန်ခန်းကာ အပင်များ သဘာဝမျိုးဆက်ရန်ပင်
ခက်ခဲလှပါသည်။ သစ်ပင်သစ်တောများ နည်းပါးခြင်းကြောင့် အပူချိန်လွန်ကဲခြင်း၊ မိုးခေါင်ခြင်း၊
မြေဆီလွှာပျက်စီးပြီး သဲကန္တာရဖြစ်ထွန်းနိုင်သည့် အခြေအနေများ (desert-like
formation) ကို တွေ့မြင်နိုင်ပါသည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်
ဇန်နဝါရီလတွင် ကုလသမဂ္ဂသဲကန္တာရ တိုက်ဖျက်ရေးကွန်ဗင်းရှင်း (United Nations
Convention to Combat Desertification-UNCCD) အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပြီး နိုင်ငံအဆင့်
သဲကန္တာရတိုက်ဖျက်ရေး စီမံချက်များရေးဆွဲပြီး အကောင်အထည်ဖော်နိုင်ရေး အပူပိုင်းဒေသ
စိမ်းလန်းစိုပြည်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် သစ်တောစိုက်ခင်းများ တည်ထောင်စိုက်ပျိုးခြင်း၊
သဘာဝတောကျန်များ ပြုစုထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
ရာသီဥတုပြောင်းလဲမှုကို
တုံ့ပြန်ခြင်း
အပူချိန်မြင့်မားခြင်းအပါအဝင်
ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ဆောင်ရွက်ရာတွင် အဓိကလုပ်ငန်းစဉ် နှစ်ရပ်ကို မျှတစွာဆောင်ရွက်မှသာ
ရာသီဥတုပြောင်းလဲမှုကို ထိရောက်စွာ တုံ့ပြန် နိုင်မည်ဖြစ်ပြီး အကျိုးဆက်များကို လျှော့ချနိုင်မည်၊
ကျော်လွှားနိုင်မည်ဖြစ်ပါသည်။ ပထမလုပ်ငန်းစဉ် တစ်ရပ်မှာ ရာသီဥတုပြောင်းလဲမှု လျှော့ချခြင်း
(Mitigation) ဖြစ်ပြီး ဒုတိယလုပ်ငန်းစဉ်တစ်ရပ်မှာ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိစေရန်
ပြင်ဆင်ဆောင်ရွက်ခြင်း (Adaptation) ဖြစ်သည်။
ရာသီဥတုပြောင်းလဲမှု
လျှော့ချခြင်း (Mitigation) ဆိုသည်မှာ ရာသီဥတုပြောင်းလဲမှုကို ဖြစ်စေသည့် ဖန်လုံအိမ်ဓာတ်ငွေ့
(Greenhouse Gas-GHGs)များ လေထုအတွင်းသို့ ထုတ်လွှတ် မှုလျှော့ချခြင်း၊ လေထုထဲမှ ဖန်လုံအိမ်ဓာတ်ငွေ့
များကိုဖယ်ရှားခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းဖြစ်သည်။ ဥပမာသစ်တောထိန်းသိမ်းရေးလုပ်ငန်းများ၊
သစ်တောစိုက်ခင်းတည်ထောင်ခြင်း စသည့်သစ်တောကဏ္ဍလုပ်ငန်းများ၊ စိုက်ပျိုးရေးကဏ္ဍတွင်
Climate Smart Agriculture လုပ်ငန်းများ၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ စက်မှု စသည့်
လုပ်ငန်းကဏ္ဍအသီးသီးတွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချသည့် လုပ်ငန်းများ
စသည်တို့ပါဝင်သည်။
ရာသီဥတုပြောင်းလဲမှုနှင့်
လိုက်လျောညီထွေရှိစေရန် ပြင်ဆင်ဆောင်ရွက်ခြင်း (Adaptation) ဆိုသည်မှာ ပြောင်းလဲလာသော
အပူချိန်၊ မိုးရေချိန်၊ မိုးရွာသွန်းမှုပုံစံတို့နှင့် သဟဇာတမျှတစွာ လိုက်လျောညီထွေ
ပြောင်းလဲလုပ်ကိုင်နေထိုင် ဆောင်ရွက်ခြင်းကိုဆိုလိုသည်။ ဥပမာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု၊
စိုက်ပျိုးရေး၊ သစ်တော၊ ကျန်းမာရေး၊ မွေးမြူရေး၊ သယ်ယူပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်း၊
ရေအရင်းအမြစ် စသည့်လုပ်ငန်းနယ်ပယ်အသီးသီးတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်မှုများ၊
ဆုံးရှုံးမှုများ လျော့ပါးသက်သာစေရေးအတွက် ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ သဟဇာတမျှတစွာ၊
လိုက်လျောညီထွေရှိစွာ ပြင်ဆင်ခြင်း၊ ပြုပြင်ပြောင်းလဲဆောင်ရွက်ခြင်းကို ဆိုလိုပါသည်။
ရာသီဥတုပြောင်းလဲမှုကို ချက်ချင်းလျှော့ချရန် မဖြစ်နိုင်သဖြင့် ရာသီဥတုပြောင်းလဲမှုနှင့်
လိုက်လျောညီထွေရှိနေစေရေး ပြင်ဆင်ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
ရာသီဥတုပြောင်းလဲမှု
လျှော့ချရေး၊ လိုက်လျောညီထွေရှိစေရေးအတွက် လုပ်ငန်းကဏ္ဍအသီးသီးတွင် နည်းလမ်းမျိုးစုံဖြင့်
ဆောင်ရွက်နိုင်သည်၊ ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ ဆောင်ရွက်နိုင်သည့် နည်းလမ်းအမျိုးမျိုးအနက်
သစ်တောများထိန်းသိမ်းခြင်း၊ သစ်ပင်များစိုက်ပျိုးခြင်းသည် အလွန်ထိရောက်သော၊ ကုန်ကျစရိတ်သက်သာသော၊
လူတိုင်းလူတိုင်း အလွယ်တကူ ဆောင်ရွက်နိုင်သော၊ ချက်ချင်းဆောင်ရွက်နိုင်သော၊ နေရာမရွေးဆောင်ရွက်နိုင်သော
လုပ်ငန်းတစ်ခုဖြစ်ပြီး သဘာဝကို အခြေခံသော ဖြေရှင်းခြင်းနည်းလမ်း (Nature-based
Solution) တစ်ရပ်လည်း ဖြစ်ပါသည်။
အပူပိုင်းဒေသ
ဒေသမျိုးရင်းသစ်မျိုးများ
အပူပိုင်းဒေသသည်
ပူပြင်းခြောက်သွေ့ပြီး မိုးရေချိန်နည်းပါးကာ မြေတိုက်စားမှုများကြောင့် အပေါ်ယံမြေဆီလွှာ
နည်းပါးသဖြင့် အပင်များ သဘာဝမျိုးဆက်ရန်ပင် ခက်ခဲလှသလို ရှင်သန်အောင်မြင်စေရန် စိုက်ပျိုးရန်လည်း
ခက်ခဲပါသည်။ အထူးသဖြင့် အပူပိုင်းဒေသ၏ ရေမြေ၊ ရာသီဥတုနှင့်ကိုက်ညီမှုမရှိသည့် အပင်မျိုးစိတ်များ
ရှင်သန်ဖြစ်ထွန်းအောင်မြင်ရန် အလွန်ခက်ခဲပါသည်။ ထို့ကြောင့် ယခင်က အပူပိုင်းဒေသတွင်
ရှင်သန်နိုင်သည့် ယူကလစ်သစ်မျိုးများကိုသာ အများဆုံး စိုက်ပျိုးခဲ့ကြပါသည်။ ယူကလစ်သစ်မျိုးသည်
ရှင်သန်အောင်မြင်မှု ကောင်းသော်လည်း ဇီဝမျိုးစုံမျိုးကွဲတိုးပွားစေခြင်းအပါအဝင် ပတ်ဝန်းကျင်
ဂေဟစနစ်ဆိုင်ရာ ဝန်ဆောင်မှုများပံ့ပိုးနိုင်မှုရှုထောင့်မှ နှိုင်းယှဉ်ကြည့်ပါက ဒေသမျိုးရင်းသစ်မျိုးများက
ပိုမိုစွမ်းဆောင်နိုင်ကြောင်း တွေ့ရမည်ဖြစ်ပါသည်။
ထို့ကြောင့်
ယခုအခါ အပူပိုင်းဒေသတွင် ရှင်သန်အောင်မြင်နိုင်သည့် ဒေသမျိုးရင်း သစ်မျိုးများဖြစ်သော
တမာ၊ ထနောင်း၊ မန်ကျည်း၊ မြန်မာကုက္ကို၊ မြန်မာရှား၊ ဒဟတ်၊ သခွတ်၊ မဲဇလီ၊ မယ်ဇယ်၊ စန္ဒကူး၊
ဖျောက်ဆိပ် စသည့် ဒေသမျိုးရင်းသစ်မျိုးများကို ပျိုးထောင် စိုက်ပျိုးလာလျက်ရှိပါသည်။
အဆိုပါ ဒေသမျိုးရင်းသစ်မျိုးများသည် နွေအပူဒဏ်ခံနိုင်၍ အရိပ်အာဝါသ ပေးစွမ်းနိုင်ရုံသာမက
အသီး၊ အပွင့်၊ အညွန့်၊ အရွက်၊ အခေါက်တို့ကိုလည်း ချက်ပြုတ်စားသုံးနိုင်သကဲ့သို့ ဆေးဖက်ဝင်အဖြစ်လည်း
အသုံးပြုနိုင်သည့် အကျိုးကျေးဇူးများ ပံ့ပိုးပေးပါသည်။ ထို့ကြောင့် မိမိအိမ်ပတ်ဝန်းကျင်၊
မြို့နယ်၊ ကျေးရွာ လမ်းဘေး ဝဲ၊ ယာ၊ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းများ
အနီးပတ်ဝန်းကျင်တွင် အဆိုပါ ဒေသမျိုးရင်းသစ်ပင်များ ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးထားမည်ဆိုလျှင်
နွေရာသီအပူဒဏ်ကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။
အပူပိုင်းဒေသ
ဒေသမျိုးရင်းသစ်မျိုးများ၏ ဘက်စုံအသုံးဝင်မှုများ
“နွေထနောင်း၊
ဆောင်း မန်ကျည်း” ဟူသော စကားသည် မြန်မာနိုင်ငံ၏ အပူပိုင်းဇုန်အတွင်း ကျရောက်သော ဒေသခံပြည်သူများ
အမြဲသုံးနှုန်းသောစကားဖြစ်ပါသည်။ ထနောင်းပင်နှင့် မန်ကျည်းပင်များအပါအဝင် အပူပိုင်းဒေသ
ဒေသမျိုးရင်းအပင် မျိုးများသည် အပူပိုင်းဒေသ၏ ရေ၊ မြေ၊ ရာသီဥတု ဒဏ်ကိုခံနိုင်ပြီး ကောင်းမွန်စွာရှင်သန်ကြီးထွားနိုင်သဖြင့်
အပူပိုင်းဒေသ၊ မြေလတ်နှင့် အညာဒေသ တွင် ထနောင်းနှင့် မန်ကျည်းပင်များကို အလေးထားစိုက်ပျိုးကြသလို
သဘာဝအလျောက် ပေါက်ရောက်နေသော အပင်များကိုလည်း အစဉ်အဆက်ထိန်းသိမ်းလာကြပါသည်။
မန်ကျည်း
(Tamarindus indica L.) အင်္ဂလိပ် အမည်သည် Tamarind ဖြစ်သည်။ မူရင်းဒေသမှာ အာရှနိုင်ငံများဖြစ်ပြီး
မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် အများအပြားပေါက်ရောက်ပြီး အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း
အပူပိုင်းဒေသတွင် သဘာဝအလျောက် ပေါက်ရောက်ပါသည်။ အပူပိုင်း ဒေသခြောက်သွေ့တောနှင့် ရွက်ပြတ်ရောနှောတောတွင်
ပေါက်ရောက်ပါသည်။ အမြဲစိမ်းအပင်လတ်မျိုး ဖြစ်၍ အမြင့်ပေ ၄၅ မှ ၇၅ ပေအထိ မြင့်သည်။ ပင်စည်သည်
တောင့်တင်းခိုင်မာ၍ သက်တမ်းကြာရှည် သောအပင်မျိုးဖြစ်သည်။ မြန်မာလူမျိုးများသည် မန်ကျည်းပင်တစ်ပင်လုံးကို
အသုံးပြုကြပါသည်။ ပဲမျိုးရင်းဝင်အပင်မျိုးဖြစ်ပြီး နိုက်ထရိုဂျင်ဓာတ်ကြွယ်ဝခြင်း၊ မြေဆီလွှာကိုထိန်းသိမ်းကာကွယ်ခြင်းတို့ကြောင့်
မြေဆီလွှာထိန်းအပင်အဖြစ်လည်းကောင်း၊ နေ့စဉ်စားသုံးသည့် အစားအစာအာဟာရအတွက်လည်းကောင်း၊
မြန်မာ့ရိုးရာတိုင်းရင်းဆေးများတွင် ဆေးဖက်ဝင်အဖြစ်လည်းကောင်း အသုံးပြုကြသည့် အပင်ဖြစ်ပါသည်။
ထနောင်း
(Vachellia leucophloea Maslin, Seigler & Ebinger) အင်္ဂလိပ်အမည်သည်
White-barked acacia ဖြစ်ပါသည်။ မူရင်းဒေသမှာ အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊
မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနိုင်ငံများဖြစ်ကြပြီး မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီး၊
မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ပေါက်ရောက်သည်။ အပူပိုင်းခြောက်သွေ့တောတွင်
ပေါက်ရောက်သည်။ ရွက်ကြွေအပင်လတ်မျိုးဖြစ်၍ အမြင့်ပေ ၄၀ မှ ၆၀ အထိ မြင့်သည်။ သက်တမ်း
၃၀ နှစ်သားအရွယ်တွင် ရွက်အုပ်အချင်း မှာ ၂၅ ပေခန့် ရှိသည်။ ဒေသသုံးသစ်အဖြစ် အသုံးပြုခြင်း၊
အခေါက်ကိုဆိုးဆေး၊ သားရေနယ်ပစ္စည်းအဖြစ်လည်းကောင်း၊ ဆေးဖက်ဝင်အဖြစ် လည်းကောင်း အသုံးပြုကြပါသည်။
တမာ
(Azadirachta indica A. Juss.) အင်္ဂလိပ်အမည်သည် Neem ၊ Margosa tree ဖြစ် သည်။ မူရင်းဒေသမှာ
အိန္ဒိယနှင့် အာဖရိကနိုင်ငံများဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသများ၊
စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် အများအပြားပေါက်ရောက်သည်။
အပူပိုင်းဒေသခြောက်သွေ့တောနှင့် ရွက်ပြတ်ရောနှောတောတွင် ပေါက်ရောက်သည်။ အမြဲစိမ်းအပင်လတ်မျိုးဖြစ်၍
အမြင့်ပေ ၄၅ မှ ပေ ၆၀ အထိ မြင့်သည်။ တမာပင်တစ်ပင်လုံးသည်အသုံးဝင်ပါသည်။ အသီး၊ အခေါက်၊
အရွက်၊ အကိုင်းအခက်တို့ကို ဆေးဖက်ဝင်အဖြစ်လည်းကောင်း၊ တမာရွက်အနုကို အချဉ်တည်၍ တို့စရာအစားအစာအဖြစ်လည်းကောင်း၊
တမာ သားကို ဒေသသုံးသစ်အဖြစ် အိမ်ရာဆောက်လုပ် ရာတွင်လည်းကောင်း၊ တမာစေ့မှထုတ်သောအဆီကို
သဘာဝပိုးသတ်ဆေးအဖြစ် သီးနှံစိုက်ခင်းများ ပိုးမွှားကျရောက်သည့်အခါ ပက်ဖျန်းအသုံးပြုကြပါသည်။
မြန်မာရှား
(Senegalia catechu (L.f.) Hurter & Mabb.) ၏ အင်္ဂလိပ်အမည်သည် Black Cutch ၊ Cutch
tree ဖြစ်ပါသည်။ မူရင်းဒေသမှာ တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် မြန်မာ၊
ထိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား နိုင်ငံများဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊
မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ပေါက်ရောက်သည်။ အပူပိုင်းဒေသခြောက်သွေ့တောတွင်
ပေါက်ရောက်သည်။ ရွက်ကြွေအပင်လတ်မျိုးဖြစ်၍ အမြင့်ပေ ၃၀ မှ ၄၅ ပေအထိမြင့်သည်။ ရှားပင်၏
အခေါက်မှထွက်သော ရှားစေးကို ဆေးဖက်ဝင်အဖြစ်လည်းကောင်း၊ ဆိုးဆေး၊ သားရေနယ် ပစ္စည်းအဖြစ်လည်းကောင်း
အသုံးပြုကြသည်။ ထင်းလောင်စာအဖြစ်လည်းကောင်း၊ လယ်ယာသုံးပစ္စည်းပြုလုပ်ရာတွင်လည်းကောင်း
အသုံးပြုကြပါသည်။
မြန်မာကုက္ကို
(ခေါ်) အညာကုက္ကို (Albizia lebbeck (L.) Benth.) ၏ အင်္ဂလိပ်အမည်သည် Frywood ၊
East Indian Walnut ၊ Woman’s tongue tree ဖြစ်ပါသည်။ မူရင်းဒေသမှာ အိန္ဒိယနှင့် မြန်မာ
နိုင်ငံတို့ဖြစ်ပြီး မြန်မာနိုင်ငံ၏ ဒေသမျိုးရင်းသစ်မျိုး ဖြစ်သည့်အတွက် နေရာအနှံ့အပြားနှင့်
မြန်မာနိုင်ငံ အလယ်ပိုင်းအပူပိုင်းဒေသများတွင် သဘာဝအလျောက်ပေါက်ရောက်သည်။ အပူပိုင်းဒေသ
ခြောက်သွေ့တောနှင့် ရွက်ပြတ်ရောနှောတောတွင် ပေါက်ရောက်သည်။ ကြီးမြန် ရွက်ကြွေအပင်ကြီး
မျိုးဖြစ်၍ အမြင့်ပေ ၅၀ မှ ၁၀၀ အထိ မြင့်သည်။ ပဲမျိုးရင်းဝင်အပင်မျိုးဖြစ်ပြီး နိုက်ထရိုဂျင်ဓာတ်
ကြွယ်ဝခြင်း၊ မြေဆီလွှာကို ထိန်းသိမ်းကာကွယ်ခြင်း တို့ကြောင့် မြေဆီလွှာထိန်းအပင်အဖြစ်လည်းကောင်း၊
နွေဦးပေါက်ရာသီ ရွက်နုထွက်ချိန်တွင် ကုက္ကိုရွက်သုပ်ကို အစားအစာအာဟာရအတွက်လည်းကောင်း၊
အရွက်၊ အစေ့၊ အပွင့်၊ အခေါက်တို့ကို ဆေးဖက်ဝင်အဖြစ်လည်းကောင်းအသုံးပြုကြသည်။ ကုက္ကိုသားကို
လယ်ယာသုံးပစ္စည်းများ၊ ပရိဘောဂများ၊ ပန်းပုထုလုပ်ခြင်း စသည်တို့တွင် အသုံးပြုကြပါသည်။
ထင်း၊ မီးသွေးလောင်စာအဖြစ်လည်း အသုံးပြုကြသည်။
ဒဟတ်
(Tectona hamiltoniana Wall.) ၏ အင်္ဂလိပ်အမည်သည် Dahat Teak ဖြစ်ပါသည်။ မူရင်းဒေသမှာ
မြန်မာ၊ မလေးရှားတို့ဖြစ်ပြီး မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့်
မန္တလေးတိုင်းဒေသကြီးတို့တွင် ပေါက်ရောက်သည်။ အပူပိုင်းဒေသ ခြောက်သွေ့တောများတွင် ပေါက်ရောက်သည်။
ရွက်ကြွေအပင်လတ်မျိုးဖြစ်၍ အမြင့်ပေ ၄၀ မှ ၆၀ အထိမြင့်သည်။ ဒေသတွင်း လယ်ယာသုံးပစ္စည်းအဖြစ်လည်းကောင်း၊
ထင်း၊ မီးသွေးအဖြစ်လည်းကောင်း အသုံးပြုကြပါသည်။
သခွတ်
(Dolichandrone serrulata Seem.) ၏ အင်္ဂလိပ်အမည်သည် Mangrove Trumpet tree ဖြစ်ပါသည်။
မူရင်းဒေသမှာ အိန္ဒိယ၊ ဘူတန်၊ မြန်မာ၊ ထိုင်း၊ လာအိုနိုင်ငံတို့ဖြစ်ပြီး မြန်မာနိုင်ငံတွင်
စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အများအပြားပေါက်ရောက်သည်။
အပူပိုင်းဒေသခြောက်သွေ့တောနှင့် ရွက်ပြတ်ရောနှောတောတွင် ပေါက်ရောက်သည်။ ရွက်ကြွေအပင်ကြီးမျိုးဖြစ်၍
အမြင့်ပေ ၄၀ မှ ၆၀ အထိ မြင့်သည်။ အပွင့်ကိုစားသုံးကြပါသည်။ ဆေးဖက်ဝင်အဖြစ်လည်း အသုံးပြုကြသည်။
မဲဇလီ
(Senna siamea Irwin et Barneby) ၏ အင်္ဂလိပ်အမည်သည် Pheasant wood ဖြစ်ပါသည်။ မူရင်းဒေသမှာ
တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများဖြစ်ပြီး မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီး၊
မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် အများအပြား ပေါက်ရောက်သည်။ အပူပိုင်းဒေသခြောက်သွေ့တောနှင့်
ရွက်ပြတ်ရောနှောတောတွင် ပေါက်ရောက်သည်။ အမြဲစိမ်းအပင်လတ်မျိုးဖြစ်၍ အမြင့်ပေ ၃၆ မှ
၄၅ ပေအထိ မြင့် သည်။ ကြီးမြန်သစ်ပင်မျိုးဖြစ်ပြီး နိုက်ထရိုဂျင်ဓာတ် ကြွယ်ဝခြင်း၊ မြေဆီလွှာကိုထိန်းသိမ်းကာကွယ်ခြင်း
တို့ကြောင့် မြေဆီလွှာထိန်းအဖြစ်လည်းကောင်း၊ ထင်းလောင်စာသုံးအပင်အဖြစ်လည်းကောင်း၊ လမ်းဘေးဝဲ၊ယာ
အလှစိုက်ပင်အဖြစ်လည်းကောင်း၊ ဆေးဖက်ဝင်အပင်အဖြစ်လည်းကောင်း စိုက်ပျိုး အသုံးပြုကြသည်။
ဖျောက်ဆိပ်
(Holoptelea integrifolia (Roxb.) Planch.) ၏ အင်္ဂလိပ်အမည်သည် Indian Elm, Jungle
cork tree ဖြစ်ပါသည်။ မူရင်းဒေသမှာ အိန္ဒိယ၊ သီရိလင်္ကာ၊ နီပေါ၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊
လာအိုနိုင်ငံတို့ဖြစ်ကြပြီး မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊
မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ပေါက်ရောက်သည်။ အပူပိုင်းခြောက်သွေ့တောနှင့်
ရွက်ပြတ်ရောနှောတောတွင် ပေါက်ရောက်သည်။ ရွက်ကြွေအပင်ကြီးမျိုးဖြစ်၍ အမြင့်ပေ ၆၀ မှ
၈၀ အထိ မြင့်သည်။ ဖျောက်ဆိပ်သားကို ပရိဘောဂပြုလုပ်ခြင်း၊ ထင်းလောင်စာအဖြစ်လည်းကောင်း၊
အရွက်၊ အပွင့်၊ အခေါက်တို့ကို ဆေးဖက်ဝင်အဖြစ်လည်းကောင်း အသုံးပြုကြသည်။
မယ်ဇယ်
(Madhuca longifolia (Koen.) Macbride) ၏ အင်္ဂလိပ်အမည်သည် Mahua, Mowra-butter
tree ဖြစ်ပါသည်။ မူရင်းဒေသမှာ သီရိလင်္ကာ၊ မြန်မာ၊ အိန္ဒိယ၊ နီပေါနိုင်ငံတို့ဖြစ်ကြပြီး
မြန်မာနိုင်ငံတွင် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင်
ပေါက်ရောက်သည်။ အပူပိုင်းဒေသရွက်ကြွေတောတွင် ပေါက်ရောက်သည်။ အမြဲစိမ်းအပင်ကြီး မျိုးဖြစ်၍
အမြင့်ပေ ၄၀ မှ ၆၀ အထိ မြင့်သည်။ အစေ့မှထုတ်သောအဆီကို ထောပတ်ဆီကဲ့သို့ စားသုံးရာတွင်လည်းကောင်း၊
လောင်စာဆီအဖြစ်လည်းကောင်း၊ အဆီထုတ်ပြီးသော ကြိတ်ဖတ်များကို စိုက်ခင်းများအတွက် သဘာဝမြေဩဇာအဖြစ်လည်းကောင်း
အသုံးပြုကြသည်။ ပန်းပွင့်၊ အရွက်၊ အခေါက်တို့ကို ဆေးဖက်ဝင်အဖြစ် အသုံးပြုကြသည်။
စန္ဒကူး
(ခေါ်) နံ့သာဖြူ (Santalum album L.) ၏ အင်္ဂလိပ်အမည်သည် Indian Sandalwood ဖြစ်ပါသည်။
မူရင်းဒေသမှာ ဩစတြေးလျ၊ အိန္ဒိယ တောင်ပိုင်းနှင့် အရှေ့တောင်အာရှနိုင်ငံများ ဖြစ်သည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးပင်အဖြစ် နေရာအနှံ့အပြား စိုက်ပျိုးကြသော်လည်း အဓိက အားဖြင့်
ပုပ္ပားဒေသ၊ မကွေးတိုင်းဒေသကြီး ပွင့်ဖြူ မြို့နယ်တို့တွင် အများအပြားစိုက်ပျိုးကြသည်။
ရွက်ပြတ်ရောနှောတောတွင် ပေါက်ရောက်သည်။ အမြဲစိမ်းအပင်လတ်မျိုးဖြစ်၍ အမြင့်ဆုံး အမြင့်ပေ
၅၄ ပေအထိ မြင့်နိုင်သော်လည်း ပေါက်ရောက်ရာ နေရာအလိုက်ပြောင်းလဲနိုင်ပါသည်။ စန္ဒကူးသားကို
ပုတီး၊ သေတ္တာ၊ ယပ်တောင်၊ ပန်းပု၊ ရုပ်ထုပြု လုပ်ခြင်း၊ အသားမှ နံ့သာဆီ (Essential
Oil)ထွက်ရှိသဖြင့် အဆီကို ရေမွှေး၊ အမွှေးနံ့သာ ထုတ်လုပ်ခြင်းနှင့် အပင်၏အစိတ်အပိုင်းအသီးသီး
ကို တိုင်းရင်းဆေးများတွင် အသုံးပြုကြသည်။
အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး
သယံဇာတနှင့်
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန
တို့အနေဖြင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို တစိုက်မတ်မတ်ဆောင်ရွက်လျက်ရှိပါသည်။
နှစ် ၃၀ အမျိုးသားသစ်တောကဏ္ဍ ပင်မစီမံကိန်း (၂၀၀၁-၂၀၀၂ မှ ၂၀၃၀-၂၀၃၁ ခုနှစ်အထိ)၊ ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှု
စီမံကိန်း (၂၀၁၆-၂၀၁၇ မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ)၊ မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း
(၂၀၁၇-၂၀၁၈ ခုနှစ်မှ ၂၀၂၆-၂၀၂၇ ခုနှစ်အထိ)များ ရေးဆွဲဆောင်ရွက်လျက်ရှိပါသည်။ အပူပိုင်းဒေသအပါအဝင်
ဂေဟစနစ်အမျိုးမျိုးရှိ တောနိမ့်၊ တောပျက်များတွင် စီးပွားရေးစိုက်ခင်းများ၊ ရေဝေရေလဲထိန်းသိမ်းရေးစိုက်ခင်းများ၊
ကျေးရွာ ထင်းစိုက်ခင်းများ၊ တစ်ရွာနှစ်ဧက စိုက်ခင်းများ၊ စက်မှုကုန်ကြမ်းစိုက်ခင်းများ၊
ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းများ၊ သီးနှံသစ်တောရောနှောစိုက်ခင်းများ၊
ဘက်စုံသုံး စိုက်ခင်းများ၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း၊ ထင်းအစားအခြားလောင်စာများ
တိုးမြှင့်သုံးစွဲခြင်းနှင့် ရေရရှိရေး အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ အပူပိုင်းဒေသတောင်စဉ်တောင်တန်းများ
စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး အပူပိုင်းဂေဟစနစ်ပြန်လည်
တည်ထောင်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ အထူးသဖြင့် အပူပိုင်းဒေသရှိ ကျေးရွာတိုင်းတွင်
အနည်းဆုံးတစ်ရွာနှစ်ဧက ထင်းစိုက်ခင်းများ၊ သစ်တောစိုက်ခင်းများ၊ တစ်အုပ်တစ်မ စိုက်ခင်းများ
တည်ထောင်နိုင်ရေးနှင့် ဒေသမျိုးရင်း သစ်မျိုးများ အသုံးပြုစိုက်ပျိုးနိုင်ရေး အရှိန်အဟုန်ဖြင့်
ဆောင်ရွက်လျက်ရှိပါသည်။
နွေရာသီအပူဒဏ်ကာကွယ်နိုင်ဖို့
ဒေသမျိုးရင်းသစ်မျိုးများ စိုက်ပျိုးကြပါစို့
သစ်တောများမှ
အထောက်အပံ့ပြုသော သစ်တောထွက်ပစ္စည်းအမျိုးမျိုးသာမက ငွေကြေးအားဖြင့် တန်ဖိုးမဖြတ်နိုင်သော
ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုတန်ဖိုးများကို အထူးအလေးထား၍ သစ်ပင်စိုက်ပျိုးခြင်းနှင့်
သစ်တောများ၏ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ သစ်ပင်စိုက်ပျိုးခြင်းနှင့်
သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပိုမိုရင်းနှီးမြှုပ်နှံ ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
သစ်ပင်စိုက်ပျိုးခြင်း၊
သစ်တောများထိန်းသိမ်းခြင်းသည် ရာသီဥတုပြောင်းလဲမှုလျှော့ချခြင်း (Mitigation)နှင့်
ရာသီဥတုနှင့် လိုက်လျောညီထွေ ဖြစ်စေခြင်း (Adaptation) အကျိုးကျေးဇူး နှစ်မျိုးစလုံးကို
ရရှိစေနိုင်ပါသည်။ လက်ရှိရင်ဆိုင်နေရသော ရာသီဥတုပြောင်းလဲမှု၊ အပူချိန်တိုးမြင့်လာမှုနှင့်
နောက်ဆက်တွဲအကျိုးဆက်များကို တုံ့ပြန်ဖြေရှင်းနိုင်ရန် သဘာဝကိုအခြေခံသော နည်းလမ်း
(Nature-based Solution) တစ်ခုဖြစ်သည့် သစ်ပင်စိုက်ပျိုးရန် နည်းလမ်းသည် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်သဖြင့်
တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း၊ အစုအဖွဲ့အလိုက်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့ပြဒေသအလိုက် သစ်ပင်များစိုက်ပျိုးခြင်း၊
ကျေးရွာချင်းဆက်လမ်းဘေး၊ ကားလမ်းဘေး၊ ရထားလမ်းဘေး၊ မြစ်၊ ချောင်းဘေး၊ တောင်ထိပ်များနှင့်
ရေဝေရေလဲဧရိယာများတွင် သစ်ပင်များစိုက်ပျိုး ထိန်းသိမ်းပြီး ဂေဟစနစ်ကို ပြန်လည်တည်ထောင်ကြရမည်ဖြစ်ပါသည်။
အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းအပူပိုင်းဒေသ၏ ပူပြင်းခြောက်သွေ့မှုနှင့် အပူချိန်မြင့်မားမှုများကို
လျှော့ချရန်နှင့် တုံ့ပြန်ကာကွယ်နိုင်ရန်၊ စိမ်းလန်းစိုပြည်သော၊ ရာသီဥတုမျှတကောင်းမွန်သော၊
စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေသော ဒေသကြီးဖြစ်ပေါ်လာစေရန်အတွက် သစ်ပင်စိုက်ပျိုးခြင်း၊
သစ်တောများထိန်းသိမ်းခြင်းလုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်ဝိုင်းဝန်းဆောင်ရွက်ကြပါစို့ဟု
တိုက်တွန်းတင်ပြအပ်ပါသည်။ ။





No comments:
Post a Comment