ဒေါက်တာလပြည့်ခင်
မြန်မာနိုင်ငံသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုလုပ်ငန်းများ ဘက်ညီမျှတစွာဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP)တွင် စက်မှုကဏ္ဍ၏ ပါဝင်မှုအချိုးအစားကို ပိုမိုတိုးတက်စေရေး ရည်မှန်းဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၄ ခုနှစ်က ထုတ်ပြန်ခဲ့သော National Comprehensive Development Plan (NCDP)အရ ၂၀၃၀ ပြည့်နှစ်တွင် စက်မှုကဏ္ဍဖွံ့ဖြိုးမှုကို တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းကြား တိုးတက်လာစေရန် ရည်မှန်း၍ နိုင်ငံတော်မှ ချမှတ်ဆောင်ရွက်လျက်ရှိနေပါသည်။
စက်မှုကဏ္ဍတိုးတက်မှုတွင်
လုပ်သားအခြေပြု အဝတ်အထည်ထုတ်လုပ်သည့် လုပ်ငန်းများကို ပြန်လည်ထူထောင်ခြင်းဖြင့်
စက်မှုလုပ်ငန်းများတွင် အလားအလာကောင်းသည့် စီးပွားရေးလုပ်ငန်းများ
နာလန်ထူလာနိုင်ပြီး အထူးစီးပွားရေးဇုန်များ၊ စက်မှုဇုန်များနှင့် နယ်စပ်ဖြတ်ကျော်၍
ထုတ်လုပ်မှုလုပ်ငန်းများ ဝင်ရောက်လာပြီး စက်မှုလုပ်ငန်းများကို
အဆင့်မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ ထို့အတွက် ထုတ်လုပ်မှုစွမ်းရည်၊
လုပ်သားစျေးကွက်စွမ်းရည်နှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို
တိုးမြှင့်ရန်အတွက် ကာလရှည်နည်းဗျူဟာများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ပါသည်။
နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာကျွမ်းကျင်မှုသင်တန်းများ
(TVET)
လက်ရှိမြန်မာနိုင်ငံ၏ စက်မှုကဏ္ဍလုပ်ငန်းများတွင်
တရားဝင်မှတ်ပုံတင်ထားသော စက်မှုလုပ်ငန်း ကြီး၊ လတ်၊ ငယ်ပေါင်း ငါးသောင်းကျော်နှင့်
အိမ်တွင်းစက်မှုလုပ်ငန်း နှစ်သောင်းကျော်ခန့်ရှိရာ အဆိုပါစက်မှုလုပ်ငန်းများကို
အားပေးမြှင့်တင်ခြင်း၊ တစ်နည်းအားဖြင့် လိုအပ်လျက်ရှိသော စက်မှုကျွမ်းကျင်လုပ်သားများ
မွေးထုတ်ပေးခြင်းဖြင့် နိုင်ငံတော်၏ စက်မှုကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင်
တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ပေးနိုင်စေမည်ဖြစ်ပါသည်။ ထိုကဲ့သို့
စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေချိန်တွင် ကျွမ်းကျင်လုပ်သား လုံလောက်စွာမရှိခြင်းနှင့်
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု နည်းပါးခြင်းတို့မှာ အဓိကစိန်ခေါ်မှုတစ်ရပ်
ဖြစ်နေပါသည်။
စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်
ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(OECD)၏ မြန်မာနိုင်ငံအပေါ် ဘက်ပေါင်းစုံမှ ရှုမြင်သုံးသပ်ချက်အစီရင်ခံစာအရ
မြန်မာနိုင်ငံ၏ စက်မှုလုပ်ငန်းများတွင် ပေါ်ပေါက် လာမည့် အလုပ်အကိုင်အများအပြားမှာ
Technical, Vocational and Education Training(TVET)ဟု
ခေါ်သည့် နည်းပညာနှင့် အသက်မွေးဝမ်းကျောင်း ပညာကျွမ်းကျင်မှုများ တတ်ကျွမ်းရန်
လိုအပ်မည် ဖြစ်ပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ နိုင်ငံ တစ်ဝန်း နည်းပညာနှင့်
အသက်မွေးပညာသင်တန်းကို တက်ရောက်ပြီးစီးသူ အရေအတွက်မှာ
ခြောက်သောင်းကျော်သာရှိသည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၀ ဒသမ ၁၃
ရာခိုင်နှုန်းသာ ရှိသေးကြောင်း သိရှိရပါသည်။
နိုင်ငံတော်၏ လက်ရှိစီးပွားရေး၊ လူမှုရေးရာနှင့်
အလုပ်သမားစျေးကွက်တို့တွင် နည်းပညာကျွမ်းကျင်လုပ်သားများမှာ အခြေခံလိုအပ်ချက်ဖြစ်ပြီး
၎င်းတို့ကို ကြီးကြပ်ကွပ်ကဲမည့် အဆင့်မြင့် လုပ်သား၊ အင်ဂျင်နီယာများဖြင့်
အဆင့်ဆင့်အခြေခံကို ခိုင်မာအောင်ပြုလုပ်ထားသည့် ပညာရေးကို ဖော်ဆောင်သွားရမည်ဖြစ်ရာ
အရပ်ဘက်နှင့် အစိုးရလက်တွဲညီညီဖြင့် ပြိုင်တူဖွံ့ဖြိုးတိုးတက်အောင်လုပ်ရမည့်
ပညာရေးသည် TVET ပညာရေးသာဖြစ်ပါသည်။ TVET ပညာရေး၏ သဘာဝမှာ
လူငယ်လူရွယ်များ မိမိဝါသနာပါရာ စက်မှုလက်မှု နည်းပညာအတတ်ပညာများကို စူးနစ်စွာ
လေ့လာလိုက်စားခြင်းဖြင့် ကျွမ်းကျင်လိမ္မာစေပြီး နိုင်ငံနှင့်
နိုင်ငံ့စီးပွားရေးအတွက် လုပ်သားကောင်းများ မွေးပေးနိုင်ခြင်းပင်ဖြစ်သည်။ Skill,
Knowledge, Attitude ဆိုသည့် လုပ်ငန်းကျွမ်းကျင်မှု၊ ဗဟုသုတ၊
အသိပညာ၊ အတတ်ပညာပြည့်စုံသည့် ကျွမ်းကျင်လုပ်သားများသည် နိုင်ငံ၏
အဖိုးမဖြတ်နိုင်သည့် တန်ဖိုးရှိသော လူသားအရင်းအမြစ်ကောင်းများ ဖြစ်ပြီး
၎င်းတို့အား မွေးထုတ်ပေးနေသည်မှာ TVET ကျောင်းများပင်
ဖြစ်ပါသည်။
နည်းပညာနှင့် အသက်မွေးပညာလေ့ကျင့်ရေးစနစ်ကို
ကောင်းစွာအသုံးချနိုင်ပါက နိုင်ငံတွင်းရှိ အလုပ်လက်မဲ့ဦးရေကို လျှော့ချနိုင်ကာ
တစ်ဦးချင်းဝင်ငွေတိုးတက်စေပြီး မိသားစုများ၏ လူနေမှုနှင့် စီးပွားရေးအဆင့်အတန်းကို
မြှင့်တင်နိုင်မည် ဖြစ်ပေသည်။ လုပ်ငန်းခွင်အသုံးချခွင့်နည်းပါးနေမှုများ
ကနဦးပပျောက်ရန်လိုပြီး နိုင်ငံတကာ၏ နည်းပညာအကူအညီနှင့် ပြည်တွင်းလုပ်ငန်းရှင်များ၏
စိတ်ဝင်တစားပူးပေါင်းဆောင်ရွက်မှုများ လိုအပ်နေပါသည်။ သက်ဆိုင်ရာ
အစိုးရအဖွဲ့အစည်းအသီးသီးမှလည်း ဟန်ချက်ညီညီဖြင့် အသက်မွေးပညာရပ်များ
ထွန်းကားကျယ်ပြန့်လာစေရန် ကြိုးစားလုပ်ဆောင်ရပါမည်။
မြန်မာနိုင်ငံတွင် နည်းပညာ၊
အသက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍ အကောင်အထည်ဖော်မှုအနေဖြင့် ပညာရေးဝန်ကြီးဌာနအပါအဝင်
ဆက်စပ်လျက်ရှိသည့် ပြည်ထောင်စုဝန်ကြီးဌာန ၁၃ ခုတို့က နည်းပညာနှင့် အသက်မွေးမှုဆိုင်ရာ
ကျောင်းပေါင်း ၂၄၇ ကျောင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ယင်းတို့အနက်
စက်မှုဝန်ကြီးဌာနက ဖွင့်လှစ်ထားသော ကနဦးစက်မှုသင်တန်းကျောင်း ခြောက်ကျောင်းလည်း
ပါဝင်နေပါသည်။
နိုင်ငံတော်၏
စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် လိုအပ်လျက်ရှိသော အခြေခံကျသည့် စက်မှုကျွမ်းကျင်လုပ်သားများအား
လေ့ကျင့်မွေးထုတ်ပေးလျက်ရှိရာ လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာရေးအတွက်
ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်း၍ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏
ကြီးကြပ်မှုအောက်ရှိ စက်မှုသင်တန်းကျောင်း ခြောက်ကျောင်းကို စက်မှုဖွံ့ဖြိုးပြီး
မိတ်ဖက်နိုင်ငံများဖြစ်သည့် ဂျာမနီနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊
ကိုရီးယားနိုင်ငံနှင့် အိန္ဒိယနိုင်ငံများ၏ နည်းပညာအထောက်အပံ့ဖြင့်
တည်ထောင်ဖွင့်လှစ်ထားရှိပြီး ဘာသာရပ် ၁၆ မျိုးဖြင့် နှစ်စဉ်သင်တန်းသား ၁၀၀၀
ကျော်ကို လေ့ကျင့်မွေးထုတ်ပေးလျက်ရှိပါသည်။ လက်ရှိအချိန်အထိ သင်တန်းကျောင်း
ခြောက်ကျောင်းမှ သင်တန်းသား စုစုပေါင်း ၁၂၀၉၅ ဦးအား လေ့ကျင့်မွေးထုတ်နိုင် ခဲ့ပြီး
ယင်းတို့အနက် ၁၁၀၃၉ ဦးအား အလုပ်အကိုင်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
စက်မှုသင်တန်းကျောင်းများ (Industrial Training Centres) အမှတ်(၁) စက်မှုသင်တန်းကျောင်း(ဆင်တဲ)
မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်ခဲ့သည့်
စက်မှုသင်တန်းကျောင်းဖြစ်သော အမှတ်(၁)စက်မှု သင်တန်းကျောင်း(ဆင်တဲ)သည်
ရန်ကုန်မြို့မှ ၂၂၇ ကီလိုမီတာအကွာ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်
ပန်းတောင်းမြို့နယ်၌ တည်ရှိပါသည်။ ထိုသင်တန်းကျောင်းကို ဖွင့်လှစ်ရန်အတွက် ၁၉၇၇
ခုနှစ်မှ စတင်၍ ဂျာမနီနိုင်ငံ၏ အထောက်အပံ့ဖြင့် သင်ကြားမှု အထောက်အကူပြု စက်ပစ္စည်းကိရိယာနှင့်
နည်း ပညာများကို ဂျာမန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (German Agency for Technical
Coo-peration-GTZ/ German Inter-national Deve-lopment Cooperation Agency-GIZ) အဖွဲ့အစည်းနှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော်
ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။
သင်တန်းအမှတ်စဉ်(၁)ကို ၁-၁၂-၁၉၇၉ ရက်တွင်
စတင်ဖွင့်လှစ်ခဲ့ပြီး ဂျာမန်ပညာရှင်များက မြန်မာနိုင်ငံတွင် လေးနှစ်ခန့်နေထိုင်၍ လေ့ကျင့်သင်ကြားမှုများကို
ဆောင်ရွက်ပေးခဲ့ပါသည်။ ပြည်ပသင်တန်းစေလွှတ်မှုအနေဖြင့်
စာတွေ့ဘာသာသင်ကြားမည့် မြန်မာနည်းပြများအား တစ်နှစ်၊ လက်တွေ့ဘာသာသင်ကြားမည့် နည်းပြဆရာများအား
နှစ်နှစ်စီဖြင့် ဂျာမနီနိုင်ငံသို့စေလွှတ်၍ လေ့ကျင့်သင်ကြားစေခဲ့ပါသည်။ သင်တန်းစတင်ဖွင့်လှစ်ချိန်မှစ၍
အမှတ်စဉ်(၁၅)အထိကို သင်တန်းကာလ သုံးနှစ်၊ အမှတ်စဉ် (၁၆) မှ (၂၇)အထိကို သင်တန်းကာလ နှစ်နှစ်၊
သင်တန်းအမှတ်စဉ်(၂၈)မှ အမှတ်စဉ်(၃၆)အထိကို သင်တန်းကာလ တစ်နှစ်၊ အမှတ်စဉ်(၃၇)မှ
အမှတ်စဉ်(၃၉)အထိကို သင်တန်းကာလ နှစ်နှစ်စသည်ဖြင့် သတ်မှတ်ဖွင့်လှစ်ခဲ့ပြီး
အမှတ်စဉ်(၁)မှ (၃၉)အထိ သင်တန်းသားစုစုပေါင်း ၄၆၄၆ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက်
သင်တန်းသား ၄၄၉၆ ဦး၊ (ရာခိုင်နှုန်းအားဖြင့် ၉၆ ဒသမ ၈ ရာခိုင်နှုန်းခန့်)ကို
အလုပ်အကိုင်များ ရှာဖွေပေးနိုင်ခဲ့ပါသည်။ အမှတ်(၁)စက်မှုသင်တန်းကျောင်း
(ဆင်တဲ)တွင်
(၁) စက်ကိရိယာ ကိုင်တွယ်မောင်းနှင်သူ
သင်တန်း (Machine Tool
Operator Course)
(၂) ကိရိယာနှင့်
ပုံနှိပ်ပုံပြုလုပ်သူသင်တန်း (Tools
and Die Maker Course)
(၃) စက်ရုံပစ္စည်းဖစ်တာသင်တန်း (Machi-nery Fitter Course)
(၄) မော်တော်ယာဉ် မက္ကင်းနစ်သင်တန်း
(Motor Vehicle
Mechanic Course)
(၅) လျှပ်စစ်ပညာသည်သင်တန်း (Electri-cal Fitter Course)
(၆) သတင်းအချက်အလက်နှင့် နည်းပညာ
သင်တန်း (Information
Technology Course)
(၇) သွန်းလောင်းပုံစံသွင်း ပုံစံထုတ်လုပ်သူ
သင်တန်း (Pattern Maker
Course)
(၈) စက်မှုပုံဆွဲသင်တန်း (Mechanical Dra-ughtsman Course) ဘာသာရပ်များကို သင်ကြားလေ့ကျင့်ပေးလျက်ရှိပါသည်။
အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး)
အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး)ကို
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက်၌ တရုတ်ပြည်သူ့သမ္မတ
နိုင်ငံ၏ အထောက်အပံ့ဖြင့် စက်မှုဝန်ကြီးဌာနနှင့် Institute of Planning and Project Research-IPPR
Engineering International အဖွဲ့အစည်း တို့ပူးပေါင်း၍
တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ ၂၉-၈-၂၀၀၈ ရက်တွင် လွှဲပြောင်းလက်ခံကာ ၁၆-၁၀-၂၀၀၈
ရက်တွင် သင်တန်းအမှတ်စဉ်(၁)ကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ မြန်မာနည်းပြဆရာ ၄၃ ဦးအား
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ ကူမင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ်တွင်
နည်းပညာသင်တန်းများကို ငါးလကြာ လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။ သင်တန်းကာလမှာ တစ်နှစ်ဖြစ်ပြီး သင်တန်းအမှတ်စဉ် (၁) မှ (၁၂) အထိ စုစုပေါင်း
သင်တန်းသား သင်တန်းသူဦးရေ ၁၇၃၆ ဦး မွေးထုတ်ခဲ့သည့်အနက် ၁၆၁၅ ဦး (ရာခိုင်နှုန်း အားဖြင့်
၉၃ ရာခိုင်နှုန်းခန့်) အလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့ပါသည်။
အမှတ်(၂)စက်မှုသင်တန်းကျောင်း (မန္တလေး)တွင်
(၁) စက်ခုတ်စားမှု၊
စက်ကိရိယာကိုင်တွယ် မောင်းနှင်မှုသင်တန်း
(Conventional Machine
Tool Operator Course)
(၂) ကွန်ပျူတာသုံးဒီဇိုင်း/ ထုတ်လုပ်မှုနှင့်
စက်ကိရိယာ ကိုင်တွယ်မောင်းနှင်မှု သင်တန်း (CAD/
CAM &CNC Course)
(၃) လျှပ်စစ်ပညာသည်သင်တန်း (Electrical Fitter Course)
(၄) ဂဟေဆက်၊ သတ္တုရည်စိမ်နှင့်
မျက်နှာ ပြင် ပြုပြင်ခြင်းသင်တန်း (Welding,
Electroplating & Surface Treatment Course) ဘာသာရပ်များကို
သင်ကြား လေ့ကျင့်ပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံအစိုးရနှင့်
တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရတို့ ၃၀-၁၂-၂၀၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် Agreement on Economic and Technical
Cooperation အရ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက်
အမှတ်(၂)စက်မှုသင်တန်းကျောင်း (မန္တလေး) အဆင့်မြှင့်တင်ရေးစီမံကိန်းကာလ ၂၀၂၁
ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း သင်ကြားရေးအလုပ်ရုံ သစ် ဆောက်လုပ်ခြင်းနှင့်
လုပ်ငန်းများ ပြန်လည်မွမ်းမံခြင်း၊ နည်းပြများအား သင်တန်းပေးခြင်း၊
သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခြင်းနှင့် ပညာရှင်များ စေလွှတ်ခြင်းတို့
လုပ်ဆောင်ခဲ့ပါသည်။ အမှတ်(၂) စက်မှုသင်တန်းကျောင်း(မန္တလေး)ကို
အဆင့်မြှင့်တင်ခြင်းဖြင့် မန္တလေးတိုင်းဒေသကြီးအပါအဝင် နိုင်ငံတစ်ဝန်းမှ
ဖွံ့ဖြိုးတိုးတက်လာသော စက်မှုလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသည့် Industrial
Electrician၊ Industrial Electronic၊ Welding
& Piping၊ Machine Tool Operator၊ CNC
Machine Tool Operator နှင့် Automotive Mechanic သင်တန်းများဖွင့်လှစ်၍ တစ်နှစ်လျှင် ကျွမ်းကျင်လုပ်သား ၂၄၀ အား လေ့ကျင့်သင်ကြား
ပေးနိုင်မည် ဖြစ်ပါသည်။
အမှတ်(၃)စက်မှုသင်တန်းကျောင်း (သာဂရ)
အမှတ်(၃)
စက်မှုသင်တန်းကျောင်း(သာဂရ)သည် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်
သာဂရစက်မှုနယ်မြေတွင်တည်ရှိပြီး ကိုရီးယားသမ္မတနိုင်ငံ၏ အထောက်အပံ့ကို Korea Inter-national Cooperation
Agency - KOICA အဖွဲ့ အစည်းမှ စက်မှုဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း
ဖြစ်ပါသည်။ သင်တန်းကျောင်း တည်ထောင်ခြင်းဆိုင်ရာ Record of Discussion
(RoD) ကို ၃၀-၇-၂၀၀၇ ရက်တွင်
လက်မှတ်ရေးထိုးခဲ့ပြီး ၂၅-၂-၂၀၀၉ ရက်တွင် လွှဲပြောင်းလက်ခံခဲ့ကာ အမှတ်စဉ်(၁)သင်တန်းကို
၁၀-၈-၂၀၀၉ ရက်တွင် ဖွင့်လှစ်ခဲ့ပါသည်။ မြန်မာနိုင်ငံမှ နည်းပြ ၁၆ ဦးကို Instructor Course လေးလ သင်တန်းနှင့် ဝန်ထမ်းငါးဦးအား Administrator Course နှစ်ပတ်သင်တန်းများကို
ကိုရီးယားသမ္မတနိုင်ငံသို့ခေါ်ယူ၍ လေ့ကျင့်သင်ကြားပေးသကဲ့သို့
ကိုရီးယားပညာရှင်လေးဦးက မြန်မာနိုင်ငံသို့ လာရောက်ပြီး ခြောက်လမှ တစ်နှစ်အထိ
နေထိုင်၍ နည်းပြများအား သင်ကြားလေ့ကျင့်ပေးခဲ့ပါသည်။
သင်တန်းကာလမှာ တစ်နှစ်ဖြစ်ပြီး သင်တန်းအမှတ်စဉ်(၁)
မှ (၁၁) အထိ သင်တန်းဆင်းပြီးဦးရေ ၁၆၀၃ ဦး မွေးထုတ်ပေးခဲ့သည့်အနက် ၁၃၃၁ ဦး
(ရာခိုင်နှုန်းအားဖြင့် ၈၃ ဒသမ ၂) ရာခိုင်နှုန်းခန့် အလုပ်အကိုင်ရရှိပြီး
ဖြစ်ပါသည်။
စက်မှုသင်တန်းကျောင်း(သာဂရ)တွင်
(၁) စက်ရုံပစ္စည်းပညာသည် သင်တန်း (Machinery Course)
(၂) ကွန်ပျူတာသုံးဒီဇိုင်းထုတ်လုပ်မှု
သင်တန်း (CAD/ CAM
Course)
(၃) လျှပ်စစ်ပညာသည် သင်တန်း (Electri-city Course)
(၄) အီလက်ထရောနစ်ပညာသည် သင်တန်း (Electronics Course)
(၅) သတ္တုရည်ကျိုလုပ်သားသင်တန်း (Foun-dary Course) တို့ကို
လေ့ကျင့်သင်ကြား ပေးလျက်ရှိပါသည်။
အမှတ်(၄)စက်မှုသင်တန်းကျောင်း
(ပခုက္ကူ)
အိန္ဒိယနိုင်ငံ၏ အထောက်အပံ့ဖြင့်
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့၌ တည်ဆောက်ထားသော အမှတ်(၄)
စက်မှုသင်တန်းကျောင်း(ပခုက္ကူ)သည် စက်မှုဝန်ကြီးဌာနနှင့် HMT International Co.,Ltd. အဖွဲ့အစည်းတို့ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။
သင်တန်းကာလမှာ တစ်နှစ်ဖြစ်ပြီး သင်တန်းအမှတ်စဉ်(၁)ကို ၁၅-၇-၂၀၁၀ ရက်တွင်
စတင်ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းအမှတ်စဉ် (၁)မှ (၁၀)အထိ သင်တန်းဆင်းပြီး ဦးရေမှာ
၁၅၈၃ ဦးရှိပြီး ၁၅၅၁ ဦး (၉၈ ရာခိုင်နှုန်းဖြင့်) ရာနှုန်းပြည့်နီးပါး အလုပ်အကိုင်ရှာဖွေပေးနိုင်ခဲ့ပါသည်။
အဆိုပါသင်တန်းကျောင်းတွင် လေ့ကျင့်သင်ကြားပေးလျက်ရှိသည့် သင်တန်းများမှာ-
(၁) တွင်ခုံ၊ ကြိတ်ခုံများ ကိုင်တွယ်မောင်းနှင်
မှုသင်တန်း (Machinist
Tunner Miller Course)
(၂) ကွန်ပျူတာသုံးစက်ကိရိယာများ
ကိုင်တွယ် မောင်းနှင်မှုသင်တန်း (CNC
Mechining Course) (၃) စက်ရုံလျှပ်စစ်ပညာသည် သင်တန်း (Industrial
Electrician Course)
(၄) အီလက်ထရောနစ် စက်ပြင်သင်တန်း (Electronics Mechanics Course)
(၅) မော်တော်ယာဉ် မက္ကင်းနစ်သင်တန်း
(Automobile Mechanics
Course)
(၆) အမာတင်လုပ်ငန်းသင်တန်း (Heat Treatment Course)
(၇) ဂဟေဆက်သင်တန်း (Welder Course) တို့
ဖြစ်ပါသည်။
အမှတ်(၄) စက်မှုသင်တန်းကျောင်း(ပခုက္ကူ)
“ငါးနှစ် ဘက်စုံပြုပြင်ထိန်းသိမ်းရေးစီမံချက်”ကို ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အိန္ဒိယနိုင်ငံ
HMT International Ltd.
နှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ ယင်းစီမံကိန်းများတွင်
အိန္ဒိယနိုင်ငံမှ ပညာရှင်များနှင့် မြန်မာနည်းပြများပူးပေါင်း၍ စက်ပစ္စည်းများကို
ပြင်ဆင်ထိန်းသိမ်းခြင်း၊ နည်းပြများအား အိန္ဒိယနိုင်ငံသို့ စေလွှတ်၍
သင်တန်းများပေးခြင်းနှင့် လိုအပ်သော စက်ပစ္စည်းအစိတ်အပိုင်းများ၊ သင်ကြားရေးသုံး
ကုန်ကြမ်းပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါစီမံချက်အရ နည်းပြ အသစ်သင်တန်းအတွက် နည်းပြရှစ်ဦးအား ၂၀၁၉ ခုနှစ်
ဇန်နဝါရီလမှ ဧပြီလအထိ အိန္ဒိယနိုင်ငံသို့ စေလွှတ်၍ ပညာသင်ယူစေခဲ့ပါသည်။
ထို့ကြောင့် နိုင်ငံတစ်ဝန်းမှ
မျိုးဆက်သစ်လူငယ်များ မိမိတို့အနာဂတ်ဘဝကို လှပစွာထုဆစ်နိုင်ဖို့
စက်မှုသင်တန်းကျောင်းများသို့ တက်ရောက်ကြပါရန် ဖိတ်ခေါ်လိုက်ရပါသည်။ ။
ကိုးကား
(၁) စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊
သင်တန်းကျောင်းများ ကြီးကြပ်ရေးဌာန
(၂) စက်မှုကြီးကြပ်ရေးနှင့်
စစ်ဆေးရေးဦးစီးဌာန အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန




No comments:
Post a Comment