Thursday, May 23, 2024

သက်ရှည်ကျန်းမာ နည်းလမ်းရှာ

 


ဒေါက်တာဇေယျာဝင်း

ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းလူတိုင်းဟာ ကျန်းမာခြင်းနဲ့ အသက်ရှည်ခြင်းအခွင့်အလမ်းတွေကို ပိုင်ဆိုင်ခွင့်ရှိသင့်ပါတယ်။ အသက်ရှည်ခြင်းဟာ လူ့ဘဝရဲ့အကြီးမားဆုံးသော အောင်မြင်မှုများထဲမှ တစ်ခုဖြစ်ပါတယ်။ သို့သော်အသက်ရှည်သူတိုင်း ကျန်းမာသောဘဝကို ပိုင်ဆိုင်ရရှိသူလို့တော့မဆိုနိုင်ပါ။ ဒီအဆိုကို ပြောင်းလဲနိုင်တဲ့အခြေအနေ ကျွန်တော်တို့လက်ထဲမှာရှိနေပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်၊ ကျွန်တော်တို့နေထိုင်ရာပတ်ဝန်းကျင်နဲ့ ကျွန်တော်တို့ရဲ့အနာဂတ်မျိုးဆက်များအတွက် ၎င်းတို့ရဲ့ဘဝ နှောင်းပိုင်းကာလများကို ကျန်းမာပျော်ရွှင်စွာနေထိုင်သွားနိုင်ဖို့ အတူတကွလက်တွဲ လုပ်ဆောင်ရမယ့်အချိန်ပင်ဖြစ်ပါတယ်။

အဓိကအချက်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အဆိုအရ အသက် ၆၀ အထက် လူဦးရေအချိုးအစားဟာ အချိန်နဲ့အမျှ တိုးပွားလာနေတယ်လို့ဆိုပါတယ်။ ၂၀၁၉ ခုနှစ်မှာ အသက် ၆၀ အထက်လူဦးရေဟာ တစ်ဘီလီယံခန့် ရှိခဲ့ပြီးတော့ ၂၀၃၀ ပြည့်မှာ ၁ ဒသမ ၄ ဘီလီယံခန့်နဲ့ ၂၀၅၀ ပြည့်နှစ်မှာတော့ ၂ ဒသမ ၁ ဘီလီယံခန့်အထိ တိုးပွားလာနိုင်တယ်လို့ ခန့်မှန်းတွက်ချက်ထားကြပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ အသက် ၆၀ အထက် လူဦးရေဟာ အသက် ၅ နှစ်အောက်ကလေးငယ်ဦးရေထက် ပိုမိုသာလွန်လျက်ရှိတာကိုလည်း တွေ့ရှိရပါတယ်။ ၂၀၅၀ ပြည့်နှစ်မှာ အသက်အရွယ်ကြီးသူများရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာ ဝင်ငွေနိမ့်နဲ့ ဝင်ငွေအလယ်အလတ် တိုင်းပြည်တွေမှာ နေထိုင်ကြသူတွေဖြစ်လာတော့မှာပါ။ ဒါကိုကြည့်ခြင်းအားဖြင့် လူအိုအချိုးအစားအရေအတွက် လျင်မြန်စွာတိုးတက်လာနေတာ တွေ့ရှိရမှာဖြစ်ပါတယ်။ သက်ကြီးရွယ်အို အချိုးအစားမြင့်မားလာတာနဲ့အတူ နိုင်ငံတိုင်းဟာ ကျန်းမာရေးနဲ့လူမှုရေးစနစ်တွေမှာ အဓိကကျတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းကြရမှာဖြစ်ပါတယ်။

အိုမင်းခြင်းသတ်မှတ်ချက်

လူတစ်ဦးဟာ ဘယ်အချိန်အိုလာပြီဆိုတာကို နည်းလမ်းမျိုးစုံနဲ့ တွေ့ရှိနိုင်ပါတယ်။ အသက်အရွယ်အရ အိုမင်းခြင်းနဲ့အတူ ကျန်းမာရေးအရလည်း ကန့်သတ်ချက်တွေရှိလာပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ကျန်းမာရေးပြဿနာရှိလာနိုင်ခြေဟာလည်း မြင့်တက်လာပါတယ်။

လူတစ်ဦးနဲ့တစ်ဦးမှာ ခန္ဓာကိုယ်အတွင်း ဆဲလ်တွေ၊ မော်လီကျူးတွေရဲ့ ဇီဝဖြစ်စဉ်ပြောင်းလဲမှုတွေ မတူညီမှုကြောင့် ပုံမှန်အားဖြင့် အသက်ကြီးလာတဲ့ အခါမှဖြစ်ပေါ်တတ်တဲ့ ဇီဝရုပ်ပိုင်းအသက်ကြီး ရင့်တာမျိုးကို အချို့လူတွေမှာ စောစောစီးစီးတွေ့ရှိရပါတယ်။ အချို့ လူတွေမှာတော့ နောက်ကျမှသာ ဇီဝရုပ်ပိုင်းအရ အသက်ကြီးတာမျိုး ဖြစ်တတ်ပါတယ်။ ဆိုလိုတာကတော့ အသက် ၆၅ နှစ်အရွယ် လူနှစ်ယောက်မှာ ဇီဝရုပ်ပိုင်းအသက်တွေက မတူနိုင်ပါဘူး။ တစ်ဦးက ဇီဝရုပ်ပိုင်းဆိုင်ရာ ပိုမိုအိုမင်းပေမယ့် သက်တူရွယ်တူ ကျန်တစ်ဦးမှာအိုမင်းရင့်ရော်မှု နည်းပါးတာမျိုးဖြစ်တတ်ပါတယ်။ ရှိရင်းစွဲအသက်ထက် ပိုမိုနုပျိုတာ၊ ပိုမိုအိုမင်းတယ်လို့ ထင်ရတာတွေဟာ စားသောက်နေထိုင်မှုပုံစံတွေ အလေ့အကျင့်တွေကြောင့် ဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာအရလည်း တစ်ဦးနဲ့တစ်ဦး အိုမင်းမှုမတူညီတတ်ပါဘူး။ လူတစ်ဦးဟာ မည်သို့ ပြုမူလုပ်ဆောင်ခံစားတတ်တယ်ဆိုတာအပေါ် မူတည်ပြီး အသက်ကြီးရင့်မှု ကွာခြားတတ်ပါတယ်။

အသက်အရွယ်ကြီးရင့်မှုနဲ့အတူ ကျန်းမာရေးယုတ်လျော့လာမှု

လူတစ်ဦးအနေနဲ့ မိမိရဲ့အသက်ကြီးရင့်လာမှုတွေက ပုံမှန်အတိုင်းလား၊ ပုံမှန်မဟုတ်ဘူးလား ဆိုတာသိချင်ကြပါတယ်။ အထက်မှာဆိုခဲ့သလိုပဲ လူတစ်ဦးနဲ့တစ်ဦး အသက်ကြီး ရင့်လာမှုပုံစံဟာ ထပ်တူမညီနိုင်ပါဘူး။ များသောအားဖြင့် အသက်ရလာတာနဲ့အမျှ ခန္ဓာအတွင်းပိုင်းအခြေအနေတွေ အပေါ်မူတည်ပြီး ပြောင်းလဲမှုတွေ ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ ဒါမျိုးကို ပုံမှန်အတိုင်းအသက်ကြီးခြင်းလို့ ခေါ်ပါတယ်။ လူတစ်ယောက်ဟာ အသက်ရှည်ရှည်နေရတဲ့တိုင် အသက်ရလာလို့ဖြစ်ပေါ်လာတဲ့ ကျန်းမာရေးအကျိုးဆက်တွေကို မကြုံချင်ပေမယ့် ကြုံတွေ့ရမှာဖြစ်ပါတယ်။ ဥပမာ- အသက်ရလာတဲ့အခါ မျက်စိမှုန်လာတာမျိုးကို ဆိုလိုပါတယ်။ အသက်ကြီးရင့်လာရင် ခန္ဓာကိုယ်အနေနဲ့ တစ်ခုမဟုတ်တစ်ခု ချို့ယွင်းလာတတ်ကြတာမလွဲပါ။ သို့တစေဒီနေ့ခေတ်မှာတော့ သိပ္ပံနည်းကျလေ့လာ တွေ့ရှိမှုတွေကနေတစ်ဆင့် လူတွေအနေနဲ့ အချို့သောအသက်အရွယ်အရ ပြောင်းလဲယိုယွင်းလာတတ်မှုတွေကို အတိုင်းအတာတစ်ခုအထိ ထိန်းညှိနိုင်ဖို့ လုပ်ဆောင်လာနိုင်ကြပြီဖြစ်ပါတယ်။

ကျန်းမာစွာ အိုမင်းခြင်း

ကျန်းမာစွာ အိုမင်းခြင်းဆိုတာကတော့ အသက်ကြီးလာတာနဲ့အမျှ ဖြစ်တတ်တဲ့ ခန္ဓာကိုယ်ချို့ယွင်းမှုတွေကို လျှော့ချခြင်း သို့မဟုတ် အချိန်ကာလတစ်ခုအထိ ဆိုင်းငံ့ထားနိုင်ခြင်းကို ဆိုလိုတာပါ။ ကျန်းမာစွာ အသက်ကြီးခြင်းရဲ့ ဦးတည်ချက်ကတော့ ရောဂါဘယကင်းရှင်းပြီး စိတ်ပိုင်းရောရုပ်ပိုင်းပါ အမှီအခိုကင်းကင်းနဲ့ လှုပ်ရှားသွားလာနိုင်ဖို့ပဲဖြစ်ပါတယ်။ လူအများစုဟာ အသက်ရလာတာနဲ့အမျှ မိမိခန္ဓာကိုယ်ကို ကျန်းမာစေဖို့ ထိန်းသိမ်းစောင့်ရှောက်မှုတွေ ပိုမိုလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ကျန်းမာတဲ့နေထိုင်မှုပုံစံတွေဖြစ်တဲ့ အာဟာရရှိစွာ စားသောက်ခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ တက်ကြွမှုရှိခြင်း စတဲ့အချက်တွေကို လိုက်နာလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဖော်ပြပါအချက်တွေကို မြန်မြန်လုပ်ဆောင်လေ ကောင်းလေပါပဲ။ ဒါပေမယ့် နောက်ကျတယ်ဆိုတာမျိုး မရှိပါဘူး။ စလုပ်ဖြစ်ဖို့ပဲလိုတာပါ။ ထိုနည်းလမ်းတွေ ကျင့်သုံးခြင်းဖြင့် လူတွေဟာ အသက်ကြီးလို့ ကြုံတွေ့လာရမယ့် ခန္ဓာကိုယ်ချို့ယွင်းမှုတွေကို အတိုင်းအတာတစ်ခုအထိ ဟန့်တားထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

မျှော်မှန်းသက်တမ်း

မျှော်မှန်းသက်တမ်းအရကြည့်မယ်ဆိုရင် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပျမ်းမျှအားဖြင့် အသက်ပိုရှည်ရှည်နေရတတ်ပါတယ်။ အကြောင်းကတော့ အမျိုးသားများဟာ ဆေးလိပ်၊ အရက် သောက်တာအပါအဝင် နေထိုင်မှုပုံစံတွေကြောင့်ရယ်၊ စိတ်ဖိစီးမှုပိုများတတ်တာတွေရယ်ကြောင့် ဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ လူတစ်ဦးရဲ့ ပျမ်းမျှမျှော်မှန်းသက်တမ်းဟာ တိုးတက်လာတာကို တွေ့ရပါတယ်။ လူတွေရဲ့ မျှော်မှန်းသက်တမ်းကို လွှမ်းမိုးနေသော အဓိကအချက်တွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်-

မိသားစုမျိုးရိုးဗီဇ-မျိုးရိုးဗီဇဟာဆိုရင် လူရဲ့ကျန်းမာရေးကို များစွာလွှမ်းမိုးမှုရှိပါတယ်။ ဥပမာ- သွေးတွင်းအဆီဓာတ်များတဲ့ မျိုးရိုးဗီဇကို ဆက်ခံထားသူဆိုရင် အသက်တိုနိုင်ပါတယ်။ ကင်ဆာနဲ့ နှလုံးသွေးကြောကျဉ်းရောဂါတို့ကို ကာကွယ်နိုင်တဲ့ မျိုးရိုးဗီဇရှိရင် အသက်ရှည်ရှည်နေရနိုင်ခြေရှိနေပါတယ်။

စားသောက်နေထိုင်မှုပုံစံ-ဆေးလိပ်ရှောင်ခြင်း၊ အရက်နဲ့မူးယစ်ဆေးရှောင်ခြင်း၊ ကိုယ်အလေးချိန်ထိန်းခြင်းနှင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာတွေကိုသာစားခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း စတာတွေဟာ ကျန်းမာတဲ့ သက်ကြီးဘဝကို ရရှိဖို့အထောက်အပံ့ဖြစ်စေတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။

ပတ်ဝန်းကျင်ရှိ အဆိပ်အတောက်များကို ရှောင်ခြင်း-ပတ်ဝန်းကျင်မှာရှိတဲ့ အဆိပ်အတောက်တွေကို နေ့စဉ်ထိတွေ့နေရမှုတွေဟာ လူ့အသက်ကိုတိုစေပါတယ်။ ဒီလိုထိတွေ့နေသူတွေဟာ အသက်ရှည်တဲ့ မျိုးရိုးရှိသူတွေဆိုရင်တောင်မှ အသက်တိုစေပါတယ်။

ကျန်းမာရေးအသိ၊ သတိရှိခြင်း- မိမိကျန်းမာရေးကို အစဉ်အမြဲဂရုတစိုက်စစ်ဆေးခြင်း၊ ရောဂါဖြစ်ပြီလို့ သံသယဝင်တာနဲ့ စစ်ဆေးကုသမှုခံယူခြင်း၊ ရောဂါဖြစ်လျှင်တောင်မှ စောစောသိရှိရပြီး စောစောကုသမှုခံယူခြင်းဖြင့် အသက်ရှည်စေနိုင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ဆော်ဩချက်

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက ၂၀၂၁-၂၀၃၀ ဆယ်စုနှစ်ကို ကျန်းမာစွာအိုမင်းခြင်းဆိုင်ရာ ဆယ်စုနှစ်အဖြစ်သတ်မှတ်ကာ သက်ရှည်ကျန်းမာတဲ့ဘဝတွေရရှိနိုင်ကြဖို့ အစိုးရတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအေဂျင်စီတွေ၊ မီဒီယာတွေနဲ့ ပုဂ္ဂလိကကဏ္ဍတွေဟာ အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ကို ဦးဆောင်သူ တာဝန်ပေးအပ်ထားပါတယ်။

သက်ရှည်ကျန်းမာတဲ့ သက်ကြီးဘဝကိုရရှိနိုင်ဖို့၊ ကျန်းမာရေးဆိုင်ရာ မညီမျှမှုတွေ လျှော့ချဖို့နဲ့ လူအိုတွေဘဝ တိုးတက်စေဖို့ လုပ်ဆောင်ကြရာမှာ မိသားစုတွေနဲ့ အသိုင်းအဝိုင်းတွေအနေနဲ့လည်း အဓိကအပိုင်းလေးရပ်မှာ ပူးပေါင်းလုပ်ဆောင်ကြရမှာဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆော်ဩထားပါတယ်။

အဓိကအပိုင်းလေးရပ်ကတော့ လူမှုအဖွဲ့အစည်းတွေအတွင်း အသက်အရွယ်အိုမင်းမှုနဲ့ပတ်သက်တဲ့ အတွေးအခေါ်တွေ၊ ပြုမူတုံ့ပြန်ပုံတွေ ပြောင်းလဲရပါမယ်။ လူအိုတွေရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်ပေးနိုင်မယ့် အဖွဲ့အစည်းအဝန်းအဝိုင်းမျိုးတွေ ဖွံ့ဖြိုးလာအောင်လုပ်ဆောင်ရပါမယ်။ လူအိုတွေအတွက် ကျယ်ပြန့်တဲ့ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပြုစုမှုတွေပေးနိုင်အောင်လုပ်ရပါမယ်။ နောက်ဆုံးအချက်ကတော့ လိုအပ်ချက်ရှိတဲ့လူအိုတွေကို သတ်မှတ်အရည်အသွေးရှိတဲ့ ကာလရှည် စောင့်ရှောက်မှုတွေကို ပေးအပ်နိုင်ရေး လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင် ကျန်းမာစွာအသက် ရှည်ရှည်နေထိုင်နိုင်ခြင်းဟာ မင်္ဂလာတစ်ပါးဖြစ်တဲ့အပြင် လူတိုင်းဖြစ်လိုတဲ့ ဆန္ဒလည်းဖြစ်ပါတယ်။ ခေတ်မီဆေးသိပ္ပံပညာ ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ ကမ္ဘာ့သက်ကြီးရွယ်အို လူဦးရေအချိုးစားလည်း တိုးတက်လာလျက်ရှိပါတယ်။ တိုးပွားလာမယ့် သက်ကြီးရွယ်အိုတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် လိုအပ်ချက်တွေကို ပိုမိုအဆင်ပြေချောမွေ့စေဖို့ လုပ်ဆောင်ပေးခြင်းဟာ ပြောင်းလဲနေတဲ့ လူဦးရေတည်ဆောက်ပုံ အချိုးအစားအတွက် မရှိမဖြစ်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာပါတယ်။ လူတိုင်းသက်ရှည်ပြီး ကျန်းမာတဲ့လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်ရေး အရေးကြီးပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။

No comments:

Post a Comment