ခင်သန်းမြင့်
ဒီရက်ပိုင်း ရာသီဥတုကပူလွန်းတော့ ဆီပြန်ဟင်းတွေထက်စာရင် ကင်ပွန်းချဉ်ဟင်း၊ ကင်ပွန်းချဉ်ရွက်ကြော်၊ မန်ကျည်းရွက်ချဉ်ဟင်း၊ မန်ကျည်းရွက်သုပ်လေး တွေနဲ့စားရတာ ပိုပြီးထမင်းမြိန်လိုက်တာ။ မန်ကျည်းရွက်က တစ်ပုံငါးရာ၊ ကင်ပွန်းချဉ်က တစ်ထောင်ဖိုး လေးစီး။ တောရွာတွေမှာတော့ မန်ကျည်းတို့၊ တမာတို့က မြို့မှာလို ဝယ်စားဖို့မလို။ ရွက်ဟောင်းကြွေညောင်း၊ ရွက်သစ်ပြောင်းပြီဆိုရင်ဖြင့် စားလို့မကုန်၊ ခူးလို့ မကုန်နိုင်အောင်ပါ။ တက်နိုင်သူ ခူးစားပေရော့ပဲ။
ပြီးတော့ မန်ကျည်းရွက်သုပ်ဆိုလည်း ကျွန်မတို့မြို့ကြီးပြကြီးတွေကလို
ပုစွန်ခြောက်၊ စိမ်းစားငံပြာရည်၊ အချိုမှုန့်၊ ကြက်သွန်ဥကြီးနိုင်နိုင်၊ ဆီရွှဲရွှဲဆမ်းပြီး
သုပ်တာမျိုးမဟုတ်ဘူး။ လတ်လတ်ဆတ်ဆတ် မန်ကျည်းရွက်နုနုထွေးထွေးလေးတွေကို ဆီမပါ၊ ပုစွန်ခြောက်
မပါဘဲ ကြက်သွန်စိမ်းရယ်၊ ဆားရယ်၊ ပဲကြီးဟင်းအနှစ်ရယ်နဲ့ပဲ ရောနယ်သုပ်တာ။ အစပ်အဟတ်တည့်အောင်
ပုစွန်ငါးပိရယ်၊ ငရုတ်သီးလေးစိတ်ကွဲထောင်းရယ်ကို ဆီပူတိုက်ကြော်ထားတဲ့ ငါးပိကြော်လေးရယ်၊
ပဲကြီးဟင်းရေလုံပြုတ်ရယ်နဲ့ဆို တောသူတောင်သားသူတို့အဖို့ ခေါင်းမဖော်နိုင်အောင် ထမင်းမြိန်လိုက်ကြတာဖြစ်ချင်း။
ဥတု၊ အာဟာရနဲ့မျှတအောင် နေထိုင်စားသောက်လေ့ရှိ
ပြောရမယ်ဆိုရင် ကျွန်မတို့ ဘိုးဘွားမိဘများခေတ်က
လူနေမှုဘဝ နေထိုင်နည်းက အင်မတန်မှ ရိုးရှင်းပါတယ်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရမျှတမှုရှိကြတယ်။
အကုသိုလ်ကံ ဒုစရိုက်တွေကို တတ်နိုင်သမျှရှောင်ရှားပြီး ကုသိုလ်ကံသုစရိုက်တွေကိုပဲ တတ်အားသရွေ့
ပြုလေ့ရှိကြတယ်။ လောဘ၊ ဒေါသ၊ မောဟတရား တွေနည်းပါးတော့ စိတ်နှလုံးကလည်း ငြိမ်းချမ်းကြတယ်။
ဥတု၊ အာဟာရနဲ့လည်း မျှတအောင်နေထိုင်စားသောက်လေ့ရှိတဲ့အတွက် ကျွန်မတို့ ဘိုးဘွားမိဘများခေတ်ကာလမှာ
လူတိုင်းနီးပါး လူ့သက်တမ်းစေ့ နေထိုင်နိုင်ခဲ့ကြပါတယ်။
ကျွန်မမိဘနှစ်ပါးဆိုရင်လည်း အသက် ၉၀ ကျော်
အရွယ်အထိ ကျန်းကျန်းမာမာနေထိုင်နိုင်ခဲ့ကြပြီး မကြာခင်နှစ်များအတွင်းကမှ ဆုံးပါးသွားခဲ့ကြတာဖြစ်ပါတယ်။
မှတ်မိသေးတယ်။ ကျွန်မတို့ငယ်ငယ်က အမေဟင်းချက်ရင် ဆီနည်းနည်းနဲ့ ဆီကျန်ရေကျန်ပဲ။ ပြီးရင်
ချဉ်ရည်ဟင်းတစ်ခွက် အမြဲပါတယ်။ အမေချက်တဲ့ ချဉ်ပေါင်ဟင်းကိုတော့ ကျွန်မအကြိုက်ဆုံးပါ။
ထမင်းဆိုလည်း အခုခေတ်လို ထမင်းပေါင်းအိုးတွေ မပေါ် သေးတော့ မီးသွေး၊ ထင်းတို့နဲ့ တည်ပြီး
ငှဲ့ချက်ထားတဲ့ထမင်းပါ။
ထမင်းဝိုင်းမှာ ဆီပြန်ဟင်းတစ်ခွက်
ကျွန်မတို့ အရွယ်ရောက်လာတဲ့ ဒီဘက်ခေတ်တွေမှာတော့
ဃရာဝါသော ဗဟုကိစ္စောဆိုတဲ့အတိုင်း လူ့ဘောင်က ဗဟုကိစ္စတွေက ပိုပြီးမြားမြောင်လာတယ်။
စားသုတ်သုတ်သွားသုတ်သုတ် ခေတ်ကြီးဖြစ်လာတယ်။ ထမင်းဆိုလည်း ပေါင်းအိုးနဲ့အလွယ်တကူချက်၊
ဟင်းဆိုလည်း တစ်ခါတလေထမင်းဝိုင်းမှာဆီပြန် ဟင်းတစ်ခွက်ပဲ။ အစားလည်း ဆေး၊ ဆေးလည်း အစာဆိုပြီး
မတွေးနိုင်အားတော့ဘူး။
အကျိုးဆက်က နေထိုင်မကောင်းလို့ ဆေးစစ်ကြည့်မှ
သိတော့တယ်။ သွေးထဲမှာကိုလက်စထရောအဆီတွေများနေလို့ နေ့ဘက်သွေးကျဲဆေး၊ ညဘက်သွေးအဆီ ကျဆေးတွေ
လနဲ့ချီ သောက်နေလိုက်ရတာ အခုအချိန်အထိပါပဲ။ မသောက်လို့လည်းမဖြစ်ပါဘူး။ ဆရာဝန်က ကျွန်မမိုက်ခနဲ
ခေါင်းငိုက်စိုက်ဖြစ်သွားတဲ့ အကြောင်းရင်းက ဆေးစစ်ချက်အရ အဆီခဲတစ်ခုက သွေးကြောနံရံက
ပြုတ်ထွက်ပြီး အခြားသွေးကြောမှာ သွားရောက်ပိတ်ဆို့သလို ဖြစ်သွားတဲ့အတွက် လေဖြတ်သလိုမျိုး
ဖြစ်သွားတာတဲ့။ ဒါကြောင့်သွေးကျဲဆေးနဲ့ သွေးအဆီကျ ဆေးတွေကို နေ့စဉ်မှန်မှန် မှီဝဲနေရပြီး
ခြောက်လတစ်ကြိမ် သွေးပြန်စစ်နေရပါတယ်။
သွေးထဲမှာ ကိုလက်စထရောများတဲ့အန္တရာယ်
ဆေးပညာရှုထောင့်အရ သွေးထဲမှာ ကိုလက်စထရောများတဲ့
အန္တရာယ်က လည်း မသေးလှပါဘူး။ အဆီအခဲများ စားသုံးမှုလိုတာထက်ပိုနေရင် ကိုလက်စထရောအနှစ်တွေဟာ
သွေးကြောများရဲ့ အတွင်းနံရံမှာ တွယ်ကပ်လာတယ်။ ချေဖျက်ဖို့ခက်ခဲတဲ့ အခဲလေးတွေဖြစ်လာ
မယ်။ ပြီးရင် သွေးကြောလေးများကို ကျဉ်းမြောင်းစေပြီး သွေးသွားလာမှုကို နှေးစေ၊ ပိတ်စေတဲ့အတွက်
သွေးကြောမာခြင်းကိုဖြစ်ပေါ်စေတယ်လို့ဆိုတယ်။
ဒီဖြစ်စဉ်ကြောင့် အောက်ဆီဂျင်နဲ့ အာဟာရတွေ
တဖြည်းဖြည်းလျော့ကျ ပြတ်တောက်လာတဲ့အခါ နှလုံးကြွက်သားတွေနာကျင်မှုကိုဖြစ်စေပြီး နှလုံးအောင့်ခြင်းကို
ခံစားရမယ်လို့ဆိုတယ်။ ဒါ့အပြငအဆီခဲများ သွေးကြောနံရံက ပြုတ်ထွက်ပြီး အခြားသွေးကြောများမှာ
သွားရောက်ပိတ်ဆို့ခြင်းကြောင့် လေဖြတ်ခြင်း၊ နှလုံးနာကျင်ခြင်း၊ နှလုံးခုန်ရပ်ပြီး
ရုတ်တရက်သေဆုံးခြင်းများ ဖြစ်ပွားတတ်တယ်လို့လည်း သိရတယ်။
တိရစ္ဆာန်အဆီများ ရှောင်ကြဉ်ဖို့လိုအပ်
ဒါကြောင့်မို့ ဆီပြန်ဟင်းမှ ဟင်းကောင်းလို့ထင်နေကြတဲ့
ကျွန်မတို့အဖို့ ဆီစားသုံးမှုကို လိုသည်ထက်ပိုပြီးမစား သုံးဖို့၊ အထူးသဖြင့် ကိုလက်စထရော
အများအပြားပါဝင်တဲ့ တိရစ္ဆာန်အဆီများဖြစ်တဲ့ အမဲဆီ၊ ဝက်ဆီ၊ ထောပတ်၊ မလိုင်မထုတ်ရသေးတဲ့
နွားနို့၊ ဒိန်ခဲ၊ ရေခဲမုန့်၊ အုန်းနို့၊ အုန်းဆီနဲ့ စားအုန်းဆီများကို တတ်နိုင်သမျှ
ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။
ကျန်းမာရေးသုတေသန စစ်တမ်းတစ်ခုမှာလည်း ကျန်းမာရေးအရ
လူတစ်ဦးအတွက် တစ်နေ့လျှင် လက်ဖက်ရည်ဇွန်းခြောက်ဇွန်းခန့် (၁ ဒသမ ၈ ကျပ်သား)၊ တစ်လလျှင်
၅၄ ကျပ်သား ခန့်သာ ဆီစားသုံးသင့်ကြောင်း၊ မြန်မာနိုင်ငံမှာတော့ လူတစ်ဦးအတွက် ဆီစားသုံးမှုနှုန်းက
တစ်နေ့လျှင် ၂ ဒသမ ၂၅ ကျပ်သား၊ တစ်လလျှင် ၆၈ ကျပ်သား စားသုံးနေတဲ့အတွက် ပုံမှန်သုံးစွဲသင့်တဲ့
ပဏာမထက် ပိုမိုသုံးစွဲနေတာကို လေ့လာတွေ့ရှိရတယ်လို့ ဆိုပါတယ်။
အရည်အသွေးမပြည့်မီတဲ့ဆီများ
စားသုံးခြင်းဖြင့် ကျန်းမာရေးဆိုးကျိုးများ ဖြစ်ပေါ်နိုင်
ဆီကိုစားသုံးသင့်တဲ့ ပဏာမထက် ကျော်လွန်စားသုံးခြင်းနဲ့
အရည်အသွေး မပြည့်မီတဲ့ဆီများ စားသုံးခြင်းဖြင့် နှလုံးရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ၊
ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါ၊ အဝလွန်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ လေဖြတ်ခြင်း
စတဲ့ကျန်းမာရေးဆိုင်ရာဆိုးကျိုးများ ဖြစ်ပေါ်ခံစားနိုင်တဲ့အတွက် ဆီစားသုံးမှုကို အတတ်နိုင်ဆုံး
လျှော့ချစားသုံးသင့်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အရည်အသွေးပြည့်မီတဲ့ဆီနဲ့ ၎င်းဆီနဲ့
ပြုလုပ်ထားတဲ့ အစားအစာများကိုသာချင့်ချိန်စားသုံးသင့်ကြောင်းလည်း ဖော်ပြခဲ့ပါတယ်။
တစ်ဆက်တည်းမှာပဲ ဆီစားသုံးမှုလျှော့ချရေးအတွက်
စားသုံးမှုပုံစံကို ပြောင်းလဲရန် အလွန်အရေးကြီးကြောင်း၊ ဆီကိုလူတစ်ဦးစားသုံးသင့်သည့်ပမာဏသာအသုံးပြုခြင်း၊
ဆီကုန်သက်သာစေသည့် ဟင်းလျာများ ချက်ပြုတ်စားသုံးခြင်း၊ အကြွပ်အကြော် အစားအစာများချက်ပြုတ်စားသုံးမှုမှ
ရှောင်ကြဉ်ခြင်းအပြင် ပြန်ကြော်ဆီကို ထပ်ခါထပ်ခါ အသုံးပြုခြင်းဟာ ကျန်းမာရေးကိုဆိုးရွား
စွာထိခိုက်စေတဲ့အတွက် ဆီကုန်သက်သာစေမယ့် ရည်ရွယ်ချက်နဲ့ ဆီကိုထပ်ခါထပ်ခါအသုံးပြုပြီး
ကြော်ချက်ခြင်းမပြုလုပ်ဖို့ကိုလည်း သတိပေးနှိုးဆော်ထားပါတယ်။
အဆီကိုလျှော့စားဖို့လို
ကျန်းမာရေးပညာရှင်များကလည်း “လူတွေနေ့စဉ်စားသုံးတဲ့
အစားအစာ တွေထဲမှာ ဆီပါဝင်တာများမယ်၊ ဆီကြော် တွေအစားများမယ်ဆိုရင် ရောဂါမျိုးစုံ ဝင်လာတတ်တယ်။
ဒီလိုအဆီစားသုံးတာနဲ့ တခြားအကြောင်းအရာတွေပေါင်းပြီး ဆိုးရွားတဲ့ကျန်းမာရေးပြဿနာတွေ
ကြုံလာရနိုင်လို့ အဆီကို လျှော့စားဖို့ လိုကြောင်း” အကြံပြုထားပါတယ်။
နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်ကလည်း “ဆီ စားသုံးမှုလျှော့ချခြင်းအားဖြင့် တစ်ဖက်က ကျန်းမာရေးအတွက်လည်းများစွာ
အထောက်အကူပြုမှာဖြစ်သလို ပြည်ပကနေပြီးတော့ ဆီဝယ်ယူမှုအတွက် သုံးစွဲနေရတဲ့ နိုင်ငံခြားငွေလည်းများစွာ
လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မိဘပြည်သူများအနေနဲ့ ဆီစားသုံးမှုကို ကျန်းမာရေးအမြင်အရသော်လည်းကောင်း၊
နိုင်ငံရဲ့ လိုအပ်ချက်အရသော် လည်းကောင်း၊ ဒါကိုကြပ်ကြပ်မတ်မတ် ထိန်းသိမ်းစားသုံးနိုင်ဖို့အတွက်လည်း
ကျွန်တော်မေတ္တာရပ်ခံလိုပါတယ်” လို့ ပြည်သူလူထုကို ပြောကြားသည့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
စားသုံးဆီကို ပြည်ပမှ တင်သွင်းနေရ
မြန်မာနိုင်ငံဟာ ပြည်တွင်းမှာ စိုက်ပျိုးထုတ်လုပ်တဲ့
ပဲ၊ ပြောင်း၊ နှမ်းစတဲ့ ဆီထွက်သီးနှံများကို ပြည်ပသို့တင်ပို့မှု ရှိသော်လည်း ပြည်တွင်းလိုအပ်ချက်အရ
စားသုံးဆီကိုပြည်ပမှ တင်သွင်းနေရပါတယ်။ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပြည်ပက စားအုန်းဆီတန်ချိန်
ရှစ်သိန်း ကျော်တင်သွင်းခဲ့ရာမှ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း ၈၃၀ ကျော် တယ်လို့
သိရပါတယ်။ လက်ရှိမှာလည်း တစ်နှစ်ထက်တစ်နှစ် လျော့ကျသွားခြင်းမရှိဘဲ တန်ချိန်များစွာတိုးတက်တင်သွင်း
နေရဆဲပါ။
မြန်မာနိုင်ငံမှာ ဆီထွက်သီးနှံများဖြစ်တဲ့
မြေပဲ၊ နှမ်း၊ ပဲပုပ်၊ နေကြာနဲ့ဆီအုန်းစိုက်ပျိုးမှုမှ ဆီထုတ်လုပ်မှုများလည်းရှိနေတာကြောင့်
ပေါင်းစပ်ကြည့်မယ်ဆိုရင် ဆီစားသုံးမှုဟာ များပြားနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ လူတစ်ဦးချင်းရဲ့ ကျန်းမာရေးအရသော်လည်းကောင်း၊
မိသားစုရဲ့ မီးဖိုချောင်အသုံးစားရိတ်ကို ခြိုးခြံချွေတာရေးအရသော်လည်းကောင်း၊ နိုင်ငံ့စီးပွားရေးအရသော်လည်းကောင်း
ကျွန်မတို့တစ်တွေ ဆီလျှော့စားကြရအောင်။ ။

No comments:
Post a Comment