ဒေါက်တာအိရွှေစင်မြင့်(ပုဂံ)
ပုဂံဒေသသည် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင်တည်ရှိပြီး ရွှေစည်းခုံဘုရား၊ လောက နန္ဒာဘုရား၊ တုရင်တောင်ဘုရား၊ တန့်ကြည့်တောင်ဘုရား စွယ်တော်လေးဆူအတွင်းတွင် ရှေးဟောင်းဘုရားစေတီပေါင်း သုံးထောင်ကျော် တစုတဝေးတည်း တည်ရှိနေသည့် မြန်မာတို့၏အသည်းနှလုံးသဖွယ် ဖြစ်တည်နေသော ယဉ်ကျေးမှုအမွေအနှစ် ဒေသတစ်ခုဖြစ်ပေသည်။ အေဒီ (၁၁)ရာစုမှ အေဒီ (၁၃)ရာစုအထိ ထွန်းကားခဲ့သော ပုဂံခေတ်၏ ဗိသုကာလက်ရာများ၊ နံရံဆေးရေးပန်းချီများ၊ အင်္ဂတေပန်းစသည့် အနုပညာဖန်တီးမှု စိတ်ကူးစိတ်သန်းတီထွင်မှုများသည် လာရောက်လေ့လာကြည့်ရှုကြသည့် ဧည့်သည်တို့၏ရင်ထဲတွင် အံ့မခန်းရင်သပ်ရှုမောဖွယ် ထင်ကျန်ရစ်ခဲ့ကြစမြဲပင်ဖြစ်ပါသည်။ ပုဂံခေတ်မတိုင်မီက ထွန်းကားခဲ့သော ပျူခေတ်ဗိသုကာလက်ရာများ၊ မွန်အနုပညာလက်ရာများ၊ သီဟိုဠ်နှင့် အိန္ဒိယတို့မှ အနုပညာလက်ရာတို့ကို လေ့လာပြီး ပုဂံခေတ်ဗိသုကာအနုပညာလက်ရာကို ကိုယ်ပိုင်တီထွင်ပုံဖော်နိုင်ခဲ့ကြပေသည်။ ထို့ကြောင့်လည်း ပုဂံဒေသသည် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ UNESCO ၏ (၄၃) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ဒုတိယမြောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်လာခဲ့ပါသည်။
ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ခြင်းနှင့်အတူ ဆောင်ရွက်ရမည့် အကြံပြု
ချက် ၁၉ ချက်ကိုလည်း တစ်ပါတည်း ကမ္ဘာ့အမွေအနှစ်ကော်မတီက ချမှတ်ခဲ့ပါသည်။ ယင်းအကြံပြု
ချက်များထဲတွင် ပုဂံခေတ်ရေအရင်းအမြစ်များ၊ ရှေးဟောင်းရေကန်များနှင့် မူလရေလမ်းကြောင်း
များအား သုတေသနပြုပြန်လည်ဖော်ထုတ်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်လည်း ပါရှိပါ
သည်။
မြကန်တွင် ရေသိုလှောင်၍ အသုံးပြုခဲ့ကြ
ပုဂံခေတ်၏ ရေစီမံခန့်ခွဲအသုံးချမှုကို လေ့လာရာတွင် ပုဂံမြို့သည် ဧရာဝတီမြစ်၏
ဘေးကပ်လျက် ရှိသော်လည်း ရေကို ပုဂံမြို့၏ အရှေ့တောင်ဘက် ခြောက်မိုင်ခန့်အကွာရှိ တုရင်တောင်ခြေရင်းမှ
မြကန်တွင် ရေသိုလှောင်၍ ၎င်းမှတစ်ဆင့် ရေကို အသုံးပြုခဲ့ကြပါသည်။ တုရင်တောင်နှင့် ပုပ္ပားတောင်တို့မှ
စီးဆင်းလာသောရေများနှင့် ၎င်းအနီးရှိ ချောင်းတို့မှ စီးဆင်းလာသော ရေတို့ကို မြောက်ဘက်နှင့်
အနောက်ဘက်တို့တွင် ဆည်တာပေါင်ဖို့၍ ရေစုဆောင်းခဲ့ကြပြီး ၎င်းမှတစ်ဆင့် ပုဂံမြို့ဟောင်း
ကန်အတွင်းသို့ ရေစစ်ကန်၊ ရေစုကန် အဆင့်ဆင့်ဖြင့် သွယ်တန်းသုံးစွဲခဲ့ကြသည်ကို လေ့လာတွေ့ရှိရပါ
သည်။
ယနေ့အချိန်အထိ ထင်ရှားစွာတွေ့ရှိရသော ရေလမ်းကြောင်းမှာ မြကန်မှတစ်ဆင့် အလံပုဂံ
(အလံပြကန်)၊ အလယ်ကန် (မရိုးကန်)၊ လေးမျက်နှာကန်၊ ညောင်လက်ဖက်ကန် (ညွန်လက်တစ်ဖက်ကန်)၊
ရွှေထီးကန်တို့မှတစ်ဆင့် ပုဂံမြို့ဟောင်းကန်အတွင်းသို့ ရေသွယ်ယူသုံးစွဲခဲ့ကြပါသည်။
မြကန်သည် ပုဂံမြို့ဟောင်းကျုံးမှ အထက်အမြင့်ပေ ၂၅၀ ကျော်တွင် တည်ရှိသည့်အတွက် ရေကို
ကောင်းစွာ စီးဆင်းသွယ်တန်းနိုင်ပေသည်။ ရေသွယ်ယူရာ စီးဆင်းရာ ရေလမ်းကြောင်းများရှိ ပအိန်းကန်၊
ချောင်းထိပ်ကန်၊ ဇေယျသွပ်ကန်၊ ဘုရားကြီးကန်၊ မင်္ဂလာကန် (၃)၊ မင်္ဂလာကန်(၂)၊ သမထီးကန်၊
ချိုးကန်၊ သူဌေးကန်၊ ကုသိနာရုံကန်၊ ကန်သစ်ကန်၊ ကြပ်ကန်၊ မြင်းကပါအင်းနှင့် ဝက်ကြီးအင်းတို့သည်လည်း
ထင်ရှားသည့်ရေကန်များ ဖြစ်ကြပါသည်။
ပုဂံခေတ်က ရေကန်များတူးဖော်ခြင်းနှင့်ပတ်သက်၍ မြကန်ကျောက်စာ၊ အလံပုဂံကျောက်စာ၊
နရသီဟပတေ့မင်း၏ အရီးဖွားစောကျောက်စာ၊ မဟာသေနာပတိ အနန္တသူရမောင်နှံကျောက်စာ စသည်တို့တွင်
ရေးသားထားသည့် အထောက်အထား များ တွေ့ရှိရပါသည်။ မြကန်ကျောက်စာတွင် -
“ငတ်မွတ်ခြင်းကင်း၍ ချမ်းသာကြွယ်ဝပေါများ ခြင်းအကျိုးငှာ ရေမရှိသော လယ်မြေမရှိသော
ထွန်ယက်စိုက်ပျိုးခြင်းမရှိသော အရပ်တိုင်း၌၊ အတို့သခင်အရှင်တရားမင်းသည် ရေကို မြဲမြံစွာ
ဆည်စေ၏ ရေကန်ကိုတူးစေ၏ စိုက်ပျိုးရန် လယ်မြေကိုဖြစ်စေ၏ ထိုအခါ ဗုဒ္ဓဘုရားသခင် ထံမှ
ဗျာဒိတ်ရသော ဆင်ဖြူကို ယာဉ်ပြုထသော မြတ်သော အရှင်ဂြီတြိ ဘုဝနာ ဒိတျာဓမ္မရာဇာ ဓိရာဇ
စကြာဝတေးမင်းဖြစ်သော သဗ္ဗညုတဉာဏ်ကို ဆုတောင်းသော ဘုရားလောင်းသည် [၁၀] ဤ ရေကန်ကို တရားပြီးလျှင်
ကျေးငှက်နှင့် လူသတ္တဝါအပေါင်းတို့၏ အကျိုးစီးပွား အလို့ငှာ မဟာနိဗ္ဗာန်လက်တွေခိရေဟရသောအမည်ကို
ပေးတော်မူ၏ [သု] လူအပေါင်းတို့သည် သိကြကုန်လော့” ဟု ရေးသားမှတ်တမ်းတင်ခဲ့သည်ကို လေ့လာတွေ့ရှိရပေသည်။
မဟာသေနာပတိ အနန္တမောင်နှံကျောက်စာ (သက္ကရာဇ် ၅၈၅ ခု၊ (၅၇၄ ခု) တွင်လည်းကောင်း၊
နရသီဟပတေ့မင်း၏ အရီးဖွားစောကျောက်စာ (သက္ကရာဇ် ၆၃၇) တွင်လည်းကောင်း၊ ဝပေသူကြီး ကျောက်စာ
(သက္ကရာဇ် ၇၄၃ ခု) တွင်လည်းကောင်း ကန်တူးခြင်း၊ ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း
ကျောက်စာအထောက်အထားများတွင် တွေ့ရှိရပါ သည်။
ပုဂံခေတ်၏ ရေကိုကောင်းစွာစီမံခန့်ခွဲမှုကို ထင်ဟပ်
မြကန်မှရေကို ပုဂံမြို့ဟောင်းသို့ သွယ်တန်းသုံးစွဲခြင်းဖြင့် ရေစီးဆင်းရာလမ်းကြောင်း
တစ်လျှောက်ရှိ ကျေးရွာများ၏ သောက်သုံးရေ၊ စိုက်ပျိုးရေးနှင့် အဆောက်အအုံများ၊ ဘုရားပုထိုး
စေတီများ တည်ဆောက်ကြသည့်အခါများတွင် အသုံးပြုရန်ရည်ရွယ်၍ ဤကဲ့သို့ ရေအသုံးချမှုကို
စီမံခန့်ခွဲခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ဤသည်မှာ ပုဂံခေတ်၏ ရေကိုကောင်းစွာ စီမံခန့်ခွဲမှုကို
ထင်ဟပ်စေပါသည်။ ပုဂံဒေသ၏ မြေအမျိုးအစားသည် သဲဆန်သောမြေဖြစ်သဖြင့် ရေစီးဆင်းမှုနှင့်အတူ
သဲနုန်းများ ပါဝင်လာလေ့ရှိသဖြင့် ရေစုကန်၊ ရေစစ်ကန်များကို ရေစီးကြောင်းတစ်လျှောက်တွင်ထား၍
အဆင့် ဆင့် ရေကိုသန့်စင်ပြီး သွယ်တန်းရယူအသုံးပြုခဲ့ကြပေသည်။ ရေကန်များအတွင်းရှိ သဲနုန်းများ
အနည်ကျ၍ ရေကန်တိမ်ကော မသွားစေရန်လည်း ဒေသခံပြည်သူတို့က နှစ်စဉ်ကန်ဆယ်သန့်စင်ခြင်း လုပ်ခဲ့ကြသည့်
အစဉ်အလာသည် ယနေ့တိုင် ပုဂံဒေသ၏ ဓလေ့တစ်ခုအနေဖြင့် ကန်ဆယ်ခြင်းဆောင်ရွက်လေ့ရှိသည်ကို
တွေ့ရှိရပါသည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် ပုဂံခေတ် ရေစီမံခန့်ခွဲမှုသုတေ
သနလုပ်ငန်းကို ၂၀၁၄ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၈၊ ၂၀၁၉ ခုနှစ်တွင် ကနေဒါနိုင်ငံ
Trent University မှ ပညာရှင်များနှင့် ပူးပေါင်း၍ တုရင်တောင်အနီး ကတက်ကန်နှင့် နတ်ရေကန်တို့တွင်
ရေစီမံခန့်ခွဲမှုတူးဖော်သုတေသန ပြုလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။ အီတလီနိုင်ငံ
University of Marche မှ ရှေးခေတ်ရေစီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင် Prof; Dr.
Massimo Sarti နှင့်လည်းပူးပေါင်း၍ ၂ဝ၁၉ ခုနှစ်မှ ယနေ့အထိ ရှေးခေတ်ရေလမ်းကြောင်းများကို
ပြန်လည် ဖော်ထုတ်သုတေသနပြု လေ့လာလျက်ရှိကြပါသည်။ ဤသို့ ပုဂံခေတ်ရေစီမံခန့်ခွဲမှုစနစ်နှင့်
ပတ်သက်၍ ကမ္ဘာ့အမွေအနှစ်ကော်မတီထံသို့လည်း ၂၀၁၉ ခုနှစ်က ပေးပို့တင်ပြခဲ့ပါသည်။
ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်ခဲ့
ပုဂံဒေသတွင် ၂၀၂၁ ခုနှစ်တွင် မိုးရေချိန် လက်မ ၁၇ ဒသမ ၄၀ အထိ ရွာသွန်းခဲ့သဖြင့်
ရေကြီး၊ ရေလျှံ မှုများဖြစ်ပေါ်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)
ကြောင့် မိုးရေချိန်လက်မ ၁၇ ဒသမ ၄၅ အထိ ရွာသွန်းခဲ့သဖြင့် ရှေးဟောင်းအဆောက်အအုံများတွင်
မိုးရေများဝင်ရောက်မှုကြောင့် ရှေးဟောင်း အဆောက်အအုံ ၅၉ ခု ထိခိုက်မှုဖြစ်ခဲ့ပါသည်။
ဤကဲ့သို့ ဖြစ်ပေါ်ရခြင်းမှာ မြေအောက်ရေနှင့် ဧရာဝတီမြစ်ရေကို အဓိကအသုံးပြုလာကြပြီး
ရေကန်များမှာ အသုံးပြုမှု အားနည်းလာခြင်းကြောင့် မူလရေစီးလမ်းကြောင်းနှင့် ရေကန်များမှာ
အနည်များပို့ချလာခြင်း၊ ရေစီးလမ်းကြောင်းများတွင် လူနေအိမ်များ တိုးချဲ့လာခြင်း၊ သီးနှံစိုက်ပျိုးမှုများ၊
ရေစီးလမ်းကြောင်းများကိုဖြတ်၍ မော်တော်ကားလမ်းများ ဖောက်လုပ်ခြင်းစသည့် ဆောင်ရွက်မှုများ
ကြောင့် မိုးများသည့်နှစ်များတွင် မိုးရေစီးဆင်းရန် ရေလမ်းကြောင်းများ ပျက်စီးသဖြင့်
မြေနိမ့်သည့် နေရာများ၊ လမ်းများနှင့် ရှေးဟောင်းအဆောက်အအုံများအတွင်းသို့ ရေများဝင်ရောက်၍
ရေကြီး၊ ရေလျှံ၊ ရေဝပ်ခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်ပြီးနောက် နိုင်ငံတော်အကြီးအကဲ၏ ၁၅-၅-၂ဝ၂၃
ရက်နေ့မှ ၁၆-၅-၂၀၂၃ ရက်နေ့အထိ ပုဂံဒေသခရီးစဉ်အတွင်း “ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်
ဒေသ အတွင်း ရေကြီး၊ ရေလျှံမှုများ ထပ်မံမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့
စသည့်ဌာန များပါဝင်သောအဖွဲ့ကို ဖွဲ့စည်း၍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်” လမ်းညွှန်မှာကြားခဲ့ပါသည်။
ယခုနှစ်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ရေကန်များ၊ ရှေးခေတ်
ရေလမ်းကြောင်းများကို မြေပြင်ကွင်းဆင်းသုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကောင်းကင်
မှတ်တမ်းများ (Aerial Photo)၊ Drone မှတ်တမ်းဓာတ်ပုံများဖြင့် တိုက်ဆိုင်စစ်ဆေးခြင်းများ
ဆောင်ရွက်ခဲ့ရာ ရေကန် ၁ဝ၆ ကန်ကို အသေးစိတ်မှတ်တမ်း (Detail Assessment Survey) တင်နိုင်ခဲ့ပါသည်။
ကွင်းဆင်းကောက်ယူရရှိသည့် စာရင်းအရ ၁၀ ဧကနှင့်အထက် ရေကန် ငါးကန်၊ ၁ဝ ဧကနှင့် ငါးဧကကြားရှိ
ရေကန် ခြောက်ကန်နှင့် ငါးဧကအောက် ရေကန် ၉၅ ကန်တို့
ဖြစ်ပါသည်။
ရှေးခေတ်ရေကန်များ၊ ရေလမ်းကြောင်းများ၊ ရေလာရိုးများ ပြန်လည်ဖော်ထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သည့်အခါ အီတလီနိုင်ငံ University of Marche မှ ရှေးခေတ်ရေစီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင် Prof;Dr.Massimo Sarti ၏ အကြံပြုချက်များ နှင့်အညီ ယဉ်ကျေးမှုအမွေအနှစ်ကိုလည်းကောင်း၊ ပတ်ဝန်းကျင်သဘာဝအမွေအနှစ်ကိုလည်းကောင်း၊ မြေဆီလွှာကိုလည်းကောင်း မထိခိုက်စေဘဲ ကမ္ဘာ့အမွေအနှစ်ဒေသများ လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ယဉ်ကျေးမှုအမွေအနှစ် ထိခိုက်နိုင်မှုဆန်းစစ်ချက် (Heritage Impact Assessment-HIA) ဆောင်ရွက်ခြင်း၊ မူလရေကန်၏ စစ်မှန်မှု၊ သွင်ပြင်လက္ခဏာ (Authenticity and Integrity) မပျက်မယွင်းစေခြင်း၊ ရှေးဟောင်းသုတေသန ဆိုင်ရာအထောက်အထားများကို ထိခိုက်မှုမရှိစေခြင်း၊ သမိုင်းတန်ဖိုး၊ ရှေးဟောင်းသုတေသနတန်ဖိုး မပျောက်ပျက်စေခြင်း၊ မြေလွှာဆန်းစစ်ချက် ဆောင်ရွက်ခြင်း၊ ရေထိန်းနိုင်သော မြေလွှာထိခိုက်မှု ရှိ၊ မရှိ စမ်းသပ်တူးဖော်ခြင်း(Test Pit Excavation) ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။
ရှေးခေတ်ရေလမ်းကြောင်းများ၊ ရေကန်များကို ပြန်လည်ဖော်ထုတ်ရာတွင် အီတလီနိုင်ငံ
University of Marche မှ ရှေးခေတ်ရေစီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင် Prof; Dr.
Massimo Sarti ၏ အကြံပြုချက်များအနက် ပုဂံဒေသအတွက် ရေတွင်း၊ ရေကန်၊ ချောင်း၊ အင်း စသည်တို့နှင့်ပတ်သက်၍
အသုံးချမှုအလိုက် အဆင့် Grading (Identified) ခွဲခြားရန်၊ အသေးစိတ်လေ့လာဆန်းစစ်မှု
(Detail Assess-ment) ထပ်မံပြုလုပ်ရန်၊ လေ့လာဆန်းစစ်မှု ပြုလုပ် ရာတွင် ရေဝင်၊ ရေထွက်လမ်းကြောင်းများပါသော
မြေပုံရေးဆွဲခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာဒေသနှင့် ကြားခံဒေသတို့အတွင်းရှိ
သဘာဝရေကန်၊ ဆည်၊ ချောင်းများ ပြန်လည် ဖော်ထုတ်ထိန်းသိမ်းခြင်း၊ ပုဂံဒေသ၏ မြေမျက်နှာအသွင်အပြင်အနေအထားကို
ဖော်ပြသည့် Topo-graphic Map (0.25 Meter Interval) ရေးဆွဲခြင်းလုပ်ငန်းများကို ဦးစားပေးအပိုင်းလိုက်
တိုင်းတာ ပြုစုရန် စသည့်အကြံပြုချက်များကို ရေကြီး၊ ရေလျှံဖြစ်ပွားခဲ့သည့်နေရာများ၊
ဘုရားများတွင် ဦးစားပေးအလိုက် ခွဲခြားဆောင်ရွက်လျက်ရှိပါသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ယဉ်ကျေးမှုအမွေအနှစ်ကိုလည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ကို
လည်းကောင်း၊ မြေဆီလွှာကိုလည်းကောင်း မထိခိုက်စေဘဲ ကမ္ဘာ့အမွေအနှစ်ဒေသများတွင် လိုက်နာရမည့်
စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။ ယဉ်ကျေးမှုအမွေအနှစ် ထိခိုက်နိုင်မှုဆန်းစစ်ချက်
(Heritage Impact Assessment-HIA) လုပ်ငန်းကိုလည်း ညွှန်ကြားရေးမှူးအဆင့် ဦးဆောင်သော
အဖွဲ့လေးဖွဲ့ခွဲ၍လည်း ဆောင်ရွက်လျက်ရှိပါသည်။ မူလရေကန်၏ စစ်မှန်မှု၊ သွင်ပြင်လက္ခဏာ
(Authenticity and Integrity)မပျက်ယွင်းစေခြင်း၊ ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများကို
မပျောက်ပျက်စေခြင်း၊ မြေလွှာဆန်းစစ်ဆောင်ရွက်ခြင်း၊ ရေထိန်းနိုင်သော မြေလွှာထိခိုက်မှု
ရှိ/မရှိ စမ်းသပ်တူးဖော်ခြင်း(Test Pit) တို့လည်း တစ်ပါတည်း ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ စနစ်တကျရှေးခေတ်ရေလမ်းကြောင်းများ ပြန်လည်ဖော်ထုတ်ခြင်း (ကန်ဆယ်ခြင်း)
ကြောင့် ပုဂံဒေသတွင် ရှေးဟောင်းအဆောက်အအုံများအနီး ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်ခြင်း၊
ဘုရား တံတိုင်းအတွင်း ရေဝင်ရောက်မှုများကိုလည်း လျှော့ချစေနိုင်မည်ဖြစ်ပေသည်။ ဤကဲ့သို့
ပြန်လည် ဖော်ထုတ်ရာတွင် ဌာနတစ်ခုတည်းက ဆောင်ရွက်ခြင်းမဟုတ်ဘဲ ပြည်တွင်း၊ ပြည်ပက ပညာရှင်များ၏
အကြံဉာဏ်ရယူ၍ နားလည်တတ်ကျွမ်းသည့် ဌာနများ၊ ဒေသခံများ ဆက်စပ်ဌာနများ ပူးပေါင်းဆောင်ရွက်လျက်ရှိပေသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူ
များသည် Hydrological Expert Prof; Dr. Massimo Sarti နှင့် ရန်ကုန်မြို့တွင် ၉-၃-၂၀၂၄
ရက်နေ့က ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးက ပညာရှင်၏ ရေလမ်းကြောင်းဆိုင်ရာ
အကြံပြုချက်များနှင့်အညီ အမွေအနှစ်ထိခိုက်မှု မရှိစေဘဲ ရေလမ်းကြောင်းများ ပြန်လည်ဖော်ထုတ်ခြင်း၊
ကန်ဆယ်ခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါ
သည်။
နည်းပညာပိုင်းဆိုင်ရာဆွေးနွေး
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ပုဂံဒေသသို့ သွားရောက်၍
အီတလီနိုင်ငံ University of Marche မှ ရှေးခေတ် ရေစီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင်
Prof; Dr. Massimo Sarti နှင့်အတူ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနပညာဌာန
(ရန်ကုန်) နှင့် ညောင်ဦးခရိုင်အဆင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ၁၄-၃-၂၀၂၄
ရက်နေ့က နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးခဲ့ကြပြီး ကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
ဤကဲ့သို့ ရှေးဟောင်းရေကန်များကို ပြန်လည်ဖော်ထုတ်ခြင်းဖြင့် ရေစီး၊ ရေလာကောင်းမွန်လာ
ခြင်း၊ ရေကြီးသည့်အခါများတွင် ရှေးဟောင်းအဆောက်အအုံများတွင် ရေကြီး၊ ရေလျှံမှု လျော့နည်း၍
ထိခိုက်ပျက်စီးမှုကို ကာကွယ်နိုင်ခြင်း၊ ကျေးငှက်၊ တိရစ္ဆာန်နှင့်လူတို့ သောက်ရေ၊ သုံးရေ
ပိုမိုရရှိလာပြီး ဒေသ၏ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကိုလည်း ပိုမိုကောင်းမွန်လာစေကာ
ပူပြင်းသည့်ဒေသ၏ ရာသီဥတုဒဏ်၊ ရေရှားပါးပြတ်လပ်သည့် သဘာဝဘေးဒဏ်များကိုလည်း တစ်ဖက်တစ်လမ်းမှ
လျှော့ချရာ အထောက်အကူလည်း ဖြစ်စေနိုင်ပါသည်။
ပုဂံဒေသသည် ကမ္ဘာ့အမွေအနှစ်ဒေသဖြစ်သည်နှင့်အညီ အမွေအနှစ်များ ဖော်ထုတ်ခြင်း၊
ထိန်းသိမ်း ခြင်းများ ဆောင်ရွက်သည့်အခါ ကမ္ဘာ့အမွေအနှစ် စံချိန်စံညွှန်းများနှင့်အညီ
ဆောင်ရွက်ရပါသည်။ ရှေးဟောင်းရေကန်များနှင့် ရှေးခေတ်ရေလမ်းကြောင်းများ ပြန်လည်ဖော်ထုတ်သည့်အခါ
တစ်ဦး တစ်ယောက်တည်း တစ်ဌာနတည်းက ဆောင်ရွက်၍မရပါ။ ယခုကဲ့သို့ ပုဂံဒေသ၏ အမွေအနှစ်များဖြစ်သည့်
ရှေးဟောင်းရေကန်များ ပြန်လည်ဖော်ထုတ် သည့်အခါ ပြည်တွင်း၊ ပြည်ပမှ ပညာရှင်များနှင့်
ပူးပေါင်း၍လည်းကောင်း၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်သွားရမည်
ဖြစ်ပါသည်။
အီတလီနိုင်ငံ University of Marche မှ ရှေးခေတ်ရေစီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင်
Prof; Dr. Massimo Sarti သည် ၁၀-၃-၂၀၂၄ ရက်နေ့မှ ၁၅-၃-၂၀၂၄ ရက်နေ့အထိ ပုဂံဒေသသို့ လာရောက်၍
ရေလမ်းကြောင်းတူးဖော်ထိန်းသိမ်းခြင်း၊ ရေကန်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို
ကွင်းဆင်း အကြံပြုပါသည်။ ၎င်းပညာရှင်နှင့် နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးခြင်းကို နယ်စပ်ရေးရာ
ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊
ပညာရေးဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနပညာဌာန(ရန်ကုန်)၊ ညောင်ဦးခရိုင်အဆင့် ဌာနဆိုင်ရာအသီးသီးမှ
တာဝန်ရှိသူများနှင့် ၁၄-၃-၂၀၂၄ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
ရှေးဟောင်းရေကန်များ ပြန်လည်ဖော်ထုတ်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို မြေလွှာ
စမ်းသပ်သုတေသနပြုခြင်း(Test Pit)၊ ယဉ်ကျေးမှု အမွေအနှစ်ထိခိုက်နိုင်မှုဆန်းစစ်ချက်
(Heritage Impact Assessment-HIA)၊ မြေပြင်အနေအထားပြမြေပုံ (Topographic Map)၊ ဘူမိဗေဒနှင့်
ဓာတ် သတ္တုရှာဖွေရေးဦးစီးဌာနမှ ပုဂံဒေသတစ်ခုလုံးအတွက် ဘူမိဗေဒမြေပုံ၊ အီတလီနိုင်ငံ
University of Marche မှ ရှေးခေတ်ရေစီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင် Prof; Dr.
Massimo Sarti ၏ အကြံပြု ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။
ရေကန်များ ပြန်လည်ဖော်ထုတ်ပြုပြင်ထိန်သိမ်းခြင်းနှင့်ပတ်သက်၍ ယဉ်ကျေးမှုအမွေအနှစ်ထိခိုက်
နိုင်မှုဆန်းစစ်ချက်(Heritage Impact Assessment- HIA) လုပ်ငန်းကို ရှေးဟောင်းသုတေသနနှင့်
အမျိုး သားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး လေးဦးက ဦးဆောင်၍ အဖွဲ့လေးဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။
ထို့အပြင် ရေကန်များ တူးဖော်ပြုပြင်ခြင်း မဆောင်ရွက်မီ မြေလွှာစမ်းသပ်သုတေသန(Test
pit)ပြုလုပ်၍ ရေထိန်းသိမ်းနိုင်သည့် သဘာဝရေနေအလွှာ ထိခိုက်မှုမရှိစေရေး ကြိုတင်သုတေသနလုပ်ငန်း
ဆောင်ရွက်ပါသည်။ ရေဝင်လမ်းကြောင်းနှင့် ရေကန်၏ မြေမျက်နှာသွင်ပြင်အနေအထားသိရှိနိုင်ရန်အတွက်
မြေပြင်အနေအထားပြမြေပုံ (Topographic Map) ရေးဆွဲဆောင်ရွက်ပြီးမှသာ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ
ဆောင်ရွက်ခြင်း ဖြစ်ပါသည်။
၂၀၂၃ ခုနှစ်တွင် အလံပုဂံကန်(အလံပြကန်)၊ အလယ်ကန်(မရိုးကန်)နှင့် ညောင်လက်ဖက်ကန်
(ညွန်လက်တစ်ဖက်ကန်)တို့ကို ကန်ပေါင်မြှင့်တင်ခြင်း၊ ရေပိုလွှဲတည်ဆောက်ခြင်းနှင့် ရေခေါ်မြောင်း
ပြန်လည်ဖော်ထုတ်ခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့်
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။
ဆုတောင်းပြည့်ရေစုကန်၊ ဇီးပင်ကန်နှင့် သဲစစ်ကန်(မင်းနန်သူ) တို့တွင် ကန်ဆယ်ခြင်း၊
ကန်အတွင်း ရှိ အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ ကန်ပေါင်မြှင့်တင်ခြင်းနှင့် ရေခေါ်လမ်းကြောင်းများ၊
ရေလာ ရိုးများနှင့် ချိတ်ဆက်ခြင်း၊ Topographic Map ရေးဆွဲခြင်းလုပ်ငန်းများကိုလည်း
ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ဆောင်ရွက်လျက်ရှိပါသည်။
ရေခေါ်လမ်းကြောင်းများနှင့် ရေကန်များ ချိတ်ဆက်ပေး
ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာနက ဖျောက်ဆိပ်ပင်ကန် ၁၊ ၂၊ ၃၊ ဖိုးသူတော်ကန် (စူဠာ
မဏိကန်)နှင့် မြောက်တဝက်ကန်တို့ကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း
ဝန်ကြီးဌာနက မနူကန်၊ မရွဲကန်၊ ငှက်ပစ်တောင်ကန်၊ တောင်ကျောင်းကန် (တောရကျောင်းကန်)၊
ကန်သစ်ကန် (ပြဿဒ်ကန်) နှင့် မြေဘုံသာဘုရားလှကန်တို့ကိုလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနက
ဝက်ကြီးအင်းကန်၊ ချိုးကန်၊ မင်္ဂလာကန် ၁၊ ၂၊ တာမဏီကန် ၁၊ ၂ တို့ကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က
ရွှေနန်းရင်တော ၁ (ထိန်ကန်)၊ ၂ နှင့် ၃ တို့ကို လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက
ပုဂ္ဂလိကအလှူရှင်များ၏ အလှူငွေများဖြင့် ဆုတောင်းပြည့်ရေစုကန်၊ ဇီးပင်ကန်နှင့် သဲစစ်ကန်
(မင်းနန်သူ)တို့နှင့် အလှူရှင်များက ရေကန်များ ပြန်လည်ဖောက်ထုတ်ခြင်း(ကန်ဆယ်ခြင်း)၊
ရေခေါ်လမ်းကြောင်းများ နှင့် ရေကန်များ ချိတ်ဆက်ပေးခြင်း၊ ရေဝင်ရိုးများ ပြန်လည်ဖော်ထုတ်ခြင်း၊
Topographic Map ရေးဆွဲခြင်း လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါ သည်။
ပုဂံဒေသ၏ မြို့ပြယဉ်ကျေးမှု အထွန်းကားဆုံးအချိန်၊ နည်းပညာအမြင့်မားဆုံးအချိန်ကာလတွင်
နည်းလမ်းမျိုးစုံဖြင့် ရေကိုစနစ်ကျစွာ စီမံခန့်ခွဲခဲ့ကြသည်ကို ရှေးခေတ်ရေလမ်းကြောင်းနှင့်
ရေကန်များက သက်သေပြလျက်ရှိပါသည်။ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ၏ ရှေးခေတ်ရေအရင်းအမြစ်ဆိုင်ရာ
အထောက်အထားများအား ရှာဖွေဖော်ထုတ်သုတေသနပြု ထိန်းသိမ်းခြင်းဖြင့် ကမ္ဘာ့အမွေအနှစ်ကော်မတီနှင့်
ICOMOS တို့၏ အကြံပြုချက်များ လိုက်နာဆောင်ရွက်ခြင်းဖြစ်သည့်အပြင် ယဉ်ကျေးမှုအမွေအနှစ်များနှင့်
ရှေးခေတ်ရေကန်များ၏ သဘာဝရှုခင်းအလှတို့ဖြင့် ချိတ်ဆက်၍ ပုဂံဒေသအတွက် ခရီးစဉ်အသစ်များ
ဖော်ဆောင်၍ ပုဂံခေတ်ဗိသုကာအနုလက်ရာများ၊ နံရံဆေးရေးပန်းချီများ၊ အင်္ဂတေပန်းများ၊ စေတီ၊
ပုထိုးများသာမက ရေစီမံခန့်ခွဲမှုဆိုင်ရာ သဘာဝအလှအပရှုခင်းများကို လာရောက်ခံစား လေ့လာကြပါဟု
ဖိတ်ခေါ်လိုက်ရပါသည်။ ။

No comments:
Post a Comment