ဆပ်သွားဖူးပင်များအကြားရှိ သဘာဝရေထွက်များမှ စီးဆင်းလာသောချောင်းရေက ကော်ဖီပင်များအကြား ဝေ့ကာဝိုက်ကာ စီးဆင်းသွားသည်။ ကော်ဖီပင်များ ကောင်းစွာရှင်သန်နိုင်ရန် ခါတော်မီပင်များက အုပ်မိုးပေးထားသည်။ ကော်ဖီများ စိုက်ပျိုးထားသည့် ဥယျာဉ်ခြံကြီးဖြစ်သော်လည်း ခြံအတွင်း အပြန်အလှန်အထောက်အကူပြုနေသည့် သဘာဝဝန်းကျင်ပါ ယှဉ်တွဲတည်ရှိနေသည်။ ဆပ်သွားဖူးပင်များကလည်း သဘာဝရေထွက်ကို ထိန်းသိမ်းပေးထားသည်။ သဘာဝရေထွက်မှရေများက ကော်ဖီပင်စိုက်ပျိုးရေးကို အထောက်အပံ့ပေးရုံသာမက ပွေးတောင်ကော်ဖီခြံနှင့် ထိစပ်နေသည့် လူနေဝန်းကျင်ကိုပါ သုံးရေရရှိစေသည်။
ကော်ဖီဥယျာဉ်အဖြစ် ဖွင့်လှစ်
ထိုသို့ သဘာဝရေထွက်များ၊ ဆပ်သွားဖူးရုံကြီးများ၊ ကော်ဖီပင်များ၊ အရိပ်ရသစ်ပင်ပန်းမန်များဖြင့် လှပစွာ တည်ရှိနေသည့်အတွက် ပြင်ဦးလွင်မြို့မှ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (ပွေးတောင်) ကို အများပြည်သူလည်ပတ် အပန်းဖြေအနားယူရင်း ကော်ဖီအကြောင်း သိကောင်းစရာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ပြင်ဦးလွင် ကော်ဖီဥယျာဉ် (Pyin Oo Lwin Coffee Park) အဖြစ် ဖွင့်လှစ်ထားပြီးဖြစ်သည်။
ကော်ဖီဥယျာဉ် ဖြစ်သည့်အတွက် လာရောက်လည်ပတ်သူများ မြန်မာ့ကော်ဖီသမိုင်း၊ ကမ္ဘာ့ကော်ဖီသမိုင်းကို ကြည့်ရှုလေ့လာနိုင်မည့် Coffee Know-ledge Center ကိုလည်း စီစဉ်ထားသည်။ ထို့ပြင် ကော်ဖီစိုက်ပျိုးမှုမှ စားသုံးသူလက်ဝယ်သို့ ရောက်ရှိသည့် အဆင့်အထိ (Farm to Cup) ထုတ်လုပ်မှုလုပ်ငန်းစဉ်များကိုလည်း ပြသထားသည်။
ကော်ဖီဥယျာဉ်အတွင်း လှပသည့် နားနေဆောင်များ၊ သဘာဝရေထွက်မှ စီးဆင်းနေသည့် ရေစီးကြောင်းအပေါ်ရှိ ဖြတ်ကူးတံတားလေးများ၊ ရွှံ့ညွန်တော လျှောက်တံတား၊ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိပြီဖြစ်သော သက်တမ်းရင့် ညောင်ထောက်ပင်အပါအဝင် ခြံအတွင်းရှိ သဘာဝအလှအပများက လည်ပတ်သူများအား ထပ်ကာထပ်ကာ လည်ပတ်ချင်အောင် ဆွဲဆောင်ထားနိုင်သည်။ ကော်ဖီဥယျာဉ်ဖြစ်သည့် အားလျော်စွာ အနံ့အရသာနှင့် ပြည့်စုံသည့် ဒေသထွက်ကော်ဖီသောက်သုံးရင်း ကော်ဖီချစ်သူများကို အပန်းပြေစေနိုင်မည့် ကော်ဖီဆိုင်များနှင့် ဒေသအစားအစာများကို မြည်းစမ်းနိုင်မည့် စားသောက်ဆိုင်များ ကိုလည်း ကော်ဖီဥယျာဉ်အတွင်း ဖွင့်လှစ်ပေးထားသည်။
“ပြင်ဦးလွင်မြို့ကို ရောက်တိုင်းလည်ပတ်သင့်တဲ့ နေရာလေးတစ်ခုပါ။ အခမဲ့ ဝင်ရောက်လည်ပတ်ခွင့်လည်း ပေးထားတဲ့အတွက် သဘာဝအရသာကို ငွေကုန်ကြေးကျ မများဘဲ ခံစားနိုင်တယ်။ ကော်ဖီအကြောင်းလည်း လေ့လာနိုင်တယ်။ ဗဟုသုတလည်းရ၊ အပန်းလည်းပြေတာမို့ နောင်လည်းလာလည်ဖြစ်ဦးမှာပါ” ဟု ကျောက်ပန်းတောင်းမြို့မှ လာရောက်လည်ပတ်သည့် ဒေါ်စမ်းစမ်းအေးက ပြောသည်။
ပြင်ဦးလွင်ကော်ဖီဥယျာဉ်ကို နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ သတ်မှတ်ဖွင့်လှစ်ပြီး အခမဲ့ဝင်ရောက်လည်ပတ် လေ့လာခွင့်ပြုထားကြောင်း စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီရာသီသီးနှံဌာနခွဲမှ သိရသည်။
“အများပြည်သူကို အခမဲ့ဝင်ရောက် လေ့လာလည်ပတ်ခွင့် ပေးထားတဲ့အတွက် တစ်ဖက်ကလည်း ခြံရဲ့သဘာဝ အရင်းအမြစ်တွေ မပျက်စီးအောင် ထိန်းသိမ်းရပါတယ်။ ကျွန်တော်တို့ ဥယျာဉ်ကို ကြားရက်တွေဆို ခရီးသွား ၁၀၀ ဝန်းကျင်၊ အများပြည်သူအလုပ်ပိတ်ရက်ဆို ၂၀၀ ဝန်းကျင် လာရောက်လည်ပတ်မှုရှိပါတယ်။ ဒီလိုလည်ပတ်သူတွေအကြား ကော်ဖီနဲ့ပတ်သက်တဲ့ အသိပညာတွေ ပြန့်ပွားအောင်နဲ့ ပြင်ဦးလွင်မြို့ရဲ့အမှတ်သင်္ကေတ ကော်ဖီဖွံ့ဖြိုးမှုကို ဒီနေရာကနေတစ်ဆင့် ရရှိစေအောင် ကြိုးစားနေပါတယ်” ဟု ပြင်ဦးလွင်ကော်ဖီဥယျာဉ်မှ တာဝန်ခံ ဦးစီးအရာရှိ ဦးမင်းလွင်ဦးက ပြောသည်။
ပြင်ဦးလွင်ကော်ဖီဥယျာဉ် (Pyin Oo Lwin Coffee Park) သည် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ မန္တလေး-လားရှိုးကားလမ်းမကြီးဘေး မိုင်တိုင် အမှတ် (၃၉) တွင် တည်ရှိပြီး ဧရိယာ အားဖြင့် ၃၈၆ ဒသမ ၃ ဧက ကျယ်ဝန်းသော ပွေးတောင်ကော်ဖီခြံအတွင်း၌ တည်ရှိကာ စိုက်ပျိုးရေးဦးစီးဌာနကအကောင်အထည်ဖော်ဆောင်ရွက်ကာ ပြုစုထိန်းသိမ်းလျက်ရှိသည်။
အရေးပါသော အစိတ်အပိုင်းတစ်ခု
ပြင်ဦးလွင်မြို့ကို ကော်ဖီမြို့တော်အဖြစ် ပိုမိုထင်ရှားစေရန်၊ မြန်မာ့ကော်ဖီ အရည်အသွေး ပိုမိုမြင့်မားလာ၍ ထုတ်လုပ်မှုပမာဏ တိုးတက်လာပြီး ကမ္ဘာ့ဈေးကွက်သို့ ပိုမိုထိုးဖောက်နိုင်ရန် ရည်ရွယ်၍ ကော်ဖီဥယျာဉ်သည် ကော်ဖီမြို့တော် ပြင်ဦးလွင်၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။
ထို့ကြောင့် စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီရာသီသီးနှံ ဌာနခွဲအနေဖြင့် ပြင်ဦးလွင်ကော်ဖီဥယျာဉ်ကို အခြေပြု၍ ကော်ဖီနှင့် ပတ်သက်သော အသိပညာများ ပိုမိုလွယ်ကူစွာ ပြန့်ပွားရေးနှင့် တစ်နေရာတည်းတွင် လွယ်ကူလျင်မြန်စွာ ရောင်းဝယ်ဖောက်ကားနိုင်သော ကော်ဖီဈေးကွက်တစ်ခု နောင်လာမည့် အနာဂတ်ကာလတွင် ပေါ်ပေါက်လာစေရန်အတွက် ရည်ရွယ်ကြိုးပမ်း လုပ်ဆောင်လျက်ရှိသည်။
သင်တန်းများ ပို့ချပေးလျက်ရှိ
ကော်ဖီရာသီသီးနှံဌာနခွဲသည် စိုက်ပျိုးရေးထုတ်ကုန်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ ထုတ်လုပ်နိုင်ရေးနှင့် စားသောက်ကုန်များတွင် ဓာတုဓာတ်ကြွင်းများ မကျန်ရှိစေရေးတို့အတွက် ကောင်းမွန်သော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် သက်ဆိုင်သည့် သင်တန်းများကိုလည်း ပြင်ဦးလွင်ဒေသ ကော်ဖီစိုက်ပျိုးသူများထံ စဉ်ဆက်မပြတ် ပို့ချပေးလျက်ရှိကြောင်း သိရသည်။
ကော်ဖီဥယျာဉ်တွင် မွှေးရနံ့နှင့် ပတ်သက်၍ ထူးခြားသော မြေနိမ့်ကော်ဖီမျိုးဖြစ်သည့် သက်တမ်းရင့် လိုက်ဘေးရီးကား ကော်ဖီညီနောင်နှင့် ပြင်ဦးလွင်ဒေသတွင် စိုက်ပျိုးနိုင်သော ကော်ဖီမျိုး ၁၀ မျိုး၏ မျိုးအလိုက် မျိုးထိန်းစိုက်ကွက်များ တည်ထောင်ခြင်းနှင့် ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းများ၊ ပညာပေးသင်တန်းများ၊ မျိုးစေ့ပျိုးပင်ပျိုးထောင်ဖြန့်ဖြူးခြင်း လုပ်ငန်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုလည်း ကော်ဖီဥယျာဉ်အတွင်း စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည်။
“အဓိကကတော့ ပြင်ဦးလွင်ဒေသထွက်ကော်ဖီအကြောင်းကို အများပြည်သူတွေကို သိရှိလေ့လာစေချင်တယ်။ ပြီးတော့ ကော်ဖီစိုက်ပျိုးရေးကို အခြေပြုတဲ့ ခရီးသွားလုပ်ငန်းကိုလည်း အထောက်အပံ့ဖြစ်စေချင်တယ်။ ဒီနေရာမှာ ပြင်ဦးလွင်မြို့ဆိုတာ အပန်းဖြေမြို့လို့ လူတိုင်းသိပြီးဖြစ်တယ်။ ဒီဒေသမှာ စိုက်ပျိုးတဲ့ ကော်ဖီကလည်း အရည်အသွေးကောင်းလို့ ထင်ရှားတယ်။ ဒေသရဲ့ သဘာဝရေမြေရာသီဥတုကလည်း သာယာတယ်။ ဒီအချက်တွေက ပြည်တွင်းပြည်ပခရီးသွားတွေကို အများကြီး ဆွဲဆောင်နိုင်တယ်။ ဒီအရာတွေ အားလုံးက ပွေးတောင်ကော်ဖီခြံမှာ ရှိနေပြီးဖြစ်လို့ ကော်ဖီဥယျာဉ်အဖြစ် ဌာနအနေနဲ့ ထူထောင်ဖွင့်လှစ်တာဖြစ်ပါတယ်” ဟု စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီရာသီသီးနှံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေက ပြောကြားသည်။
ပြင်ဦးလွင်မြို့တွင် ကော်ဖီအပန်းဖြေ ဥယျာဉ်တည်ရှိနေသည့်အတွက် မြန်မာ့ကော်ဖီသမိုင်း၊ ကမ္ဘာ့ကော်ဖီသမိုင်း၊ ပြည်သူအများ မသိရှိသေးသော ကော်ဖီသီးနှံ၏ သဘောသဘာဝများ၊ သတင်းအချက်အလက်များကိုအခြေခံ၍ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကော်ဖီထွက်ကုန်များကို ဈေးနှုန်းမှန်ကန်၊ မြန်ဆန်စွာဖြင့် တစ်နေရာတည်းတွင် ရောင်းဝယ်ဖောက်ကားခြင်းလုပ်ငန်းကို ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။
အခွင့်အလမ်းတွေ ပိုပြီးပွင့်လာ
“ပြင်ဦးလွင်ဒေသဟာ ကော်ဖီစိုက်ပျိုးမှုများတယ်။ ဒါကြောင့် ကော်ဖီနဲ့ ပတ်သက်တဲ့အရာတွေ ဒီမှာပိုပြီး ဖွံ့ဖြိုးမှုရစေချင်တယ်။ အခုလိုကော်ဖီနဲ့ ပတ်သက်တာတွေကို ဥယျာဉ်မှာ လည်ပတ်ရင်း အများပြည်သူကြားမှာ ပျံ့နှံ့စေဖို့ ဆောင်ရွက်တာဟာကောင်းတဲ့ အစီအစဉ်လေးတစ်ခုပါ။ ပြီးတော့ ကော်ဖီဈေးကွက်ပါ ရရှိစေဖို့ ရည်ရွယ်ဆောင်ရွက်ပေးနေတဲ့အတွက် ဒေသတွင်းက ကော်ဖီစိုက်တောင်သူတွေအတွက် အခွင့်အလမ်းတွေ ပိုပြီးပွင့်လာမှာပါ” ဟု ပြင်ဦးလွင်မြို့မှ ကော်ဖီစိုက်ပျိုး သူ ဦးအောင်ကိုက ပြောကြားသည်။
ပြင်ဦးလွင်မြို့သည် မြို့၏သဘာဝ အလှအပနှင့် အေးချမ်းသည့် ရာသီဥတုကြောင့် ခရီးသွားမြို့တော်တစ်ခုအဖြစ် ခရီးသွားများအကြား ထင်ရှားပြီးဖြစ်သည်။ သို့ဖြစ်ရာ ခရီးသွားမြို့တော် ပြင်ဦးလွင်သို့ ရောက်လေတိုင်း ကော်ဖီရနံ့ဖြင့် အပန်းဖြေနိုင်ရန်၊ ကော်ဖီနှင့် ပတ်သက်သော သတင်းအချက်အလက်များ လေ့လာနိုင်ရန်အတွက် ပြင်ဦးလွင်ကော်ဖီဥယျာဉ်သို့ တစ်ခေါက်တစ်ခါ သွားရောက်လည်ပတ်သင့်ပါကြောင်း အကြံပြုရေးသား တင်ပြလိုက်ရပါသည်။
.jpg)
.jpg)
.jpg)
No comments:
Post a Comment