Thursday, February 29, 2024

သောကအပူငြိမ်းလို့ရယ် စစ်မှုထမ်းကြမယ် ….

 မေချိုးဖြူ

မိငယ်လေး။။    မမကြီးရေ မမကြီး။ ညီမလေးတော့ မယ်သီလရှင် ဝတ်ရတော့မလား။ ယောက်ျားပဲယူရမလား။ ဘာလုပ်ရမလဲမသိတော့ဘူး။ အခုတက်နေတဲ့ သင်တန်းလည်း ပြီးအောင် ဆက်တက်ချင်သေးတယ်။ ကျောင်းကလည်း မပြီးသေးဘူး။ ကိုဗစ်ရောဂါတွေ ဖြစ်တာရော၊ နိုင်ငံရေးရောနဲ့ ကျောင်းကနားရသေး တယ်။ အခုလည်း စစ်မှုထမ်းရဦးမယ်ဆိုရင် မိငယ်လေး ကျောင်းရော ပြီးပါဦးမလားမသိဘူး။ တစ်ခုခုတော့ လုပ်မှဖြစ်တော့မယ်။

မမကြီး။ ။ ဘာဖြစ်လို့လဲ မိငယ်လေးရယ်။ မထိတ်သာ မလန့်သာရှိလိုက်တာ။

မိငယ်လေး။ ။ ဘာဖြစ်ရမလဲ မမကြီးရဲ့။ ဖေ့စ်ဘွတ်ပေါ်မှာ တင်ထားတယ်။ သမီးတို့တွေ စစ်မှုထမ်းရတော့မှာတဲ့။ စစ်တိုက်ရတော့မှာလားမသိဘူး။ ကြောက်လည်းကြောက်။ စိတ်လည်းညစ်ပါတယ် မမကြီးရယ်။

ဆွေဆွေ။ ။ဟုတ်တယ်၊ ဟုတ်တယ် မမကြီး။ ဆွေဆွေလည်းမနက်ကကြားခဲ့တယ်။ ဈေးထဲက မုန့်ဟင်းခါးဆိုင်မှာ ပြောနေကြတာ။ ဆွေဆွေလည်း ပြောပြမလို့ပဲ။ ဆွေဆွေလည်း စစ်တိုက်သွားရတော့မလားမသိဘူး။ အိမ်ကအမေနဲ့ မောင်လေးကို ဘယ်လိုလုပ်ရမလဲ။ ဒုက္ခတွေတော့ရောက်ကုန်ပါပြီ မမကြီးရယ်။ အခု စစ်ပွဲတွေဖြစ်နေတဲ့နေရာကို ပို့မှာတဲ့။

မေမေ။ ။သမီးကြီးရေ။ ညည်းညီမတွေကို ရှင်းပြလိုက်ဦး

ဟေ့။ မေမေကတော့ သမီးလို လိပ်ပတ်လည် အောင် မရှင်းတတ်ဘူး။ မေမေကတော့ သမီးကြီး မနေ့က ရှင်းပြလို့ နည်းနည်းစိတ်အေးသွားပြီ။ ဒီမီးဖိုချောင်ကိစ္စတွေ မေမေ ဆက်လုပ် လိုက်မယ်။ သွားသွား။ ရုံးပိတ်ရက် အိမ်မှုကိစ္စတွေ ဝင်ကူနေတဲ့ ကျွန်မဆီကို ညီမလေးရဲ့ စိုးရိမ်တကြီးအသံနဲ့အတူ အိမ်အကူကောင်မလေး ဆွေဆွေရဲ့ ထောက်ခံစိုးရိမ်သံတွေကြောင့် လုပ်လက်စအလုပ်တွေ လက်စသတ် ပြီး ထမင်းစား စားပွဲမှာဝင်ထိုင်ကာ သူတို့ကြားခဲ့တဲ့ ကောလာဟလတွေ အကြောင်းကို ရှင်းလင်းခန်းဖွင့်ရပါတော့တယ်။

မမကြီး။ ။ ကဲ မိငယ်လေးနဲ့ ဆွေဆွေကို မမကြီး ရှင်းပြမယ်။ အရင်ဆုံးညီမလေးတို့ အသက်တွေက ဘယ်လောက် ရှိပြီလဲ။

ဆွေဆွေ။ ။ ၂၀ ပါ မမကြီး။

မိငယ်လေး။ ။ ၂၃ နှစ်ပါ မမကြီး။

မမကြီး။ ။ အေး။ စစ်မှုထမ်းရမယ့် အသက်ထဲတော့ အကျုံးဝင်တာပေါ့။

စစ်မှုထမ်းရမယ့်အသက်က အမျိုးသားဆို အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ၊ အမျိုးသမီးဆို အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အထိ။ နောက်ပြီး ပညာရှင်ဆို အမျိုးသားက ၄၅ နှစ်အထိ၊ အမျိုးသမီးက ၃၅ နှစ်အထိ ထမ်းဆောင်ရမှာဆိုတော့။ ဒါပေမဲ့ လတ်တလောမှာ အမျိုးသမီးတွေကို စစ်မှုထမ်းဆောင်ဖို့ခေါ်ယူဖို့ အစီအစဉ်မရှိသေးဘူးလို့ ကြေညာတာရှိတယ်။ မမ ဆက်ပြောမှာက အမျိုးသားတွေအတွက်ရော၊ လတ်တလောကာလနောက်ပိုင်း နောင်ဖြစ်လာမယ့်အမျိုးသမီး တွေပါ အကျုံးဝင်လာမယ့်အချိန် သိထားသင့်တာတွေရော ပြောပြမှာဖြစ်တယ်။

စစ်မှုထမ်းဥပဒေက အခုမှအတည်ပြုတာ။ အဲဒီနောက်မှာ နည်းဥပဒေတွေ၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့တွေ၊ သင်တန်း ပေးမယ့်နေရာတွေ၊ သင်တန်းစရိတ်စကတွေအတွက် ပြင်ဆင်စရာတွေမှ အများကြီးပဲ။ အချိန်အတိုင်းအတာတစ်ခုအထိတော့ စောင့်ရဦး မှာပါ။ စစ်မှုထမ်းရမှာက နှစ်နှစ် (၂၄ လ)၊ ကျွမ်းကျင်ပညာရှင်ဆိုရင် ၃ နှစ် (၃၆ လ)အထိ ကြာမှာလေ။

နောက်ပြီး စစ်မှုထမ်းရမယ်ဆိုဦးတော့ တစ်နိုင်ငံလုံးက ရှိရှိသမျှ အကျုံးဝင်တဲ့သူအကုန်လုံးကို တစ်ပြိုင်တည်း တာဝန်ထမ်းဆောင်ခိုင်း လို့မှမရတာ။ မမတို့တစ်နိုင်ငံလုံးမှာ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင် စာရင်းအရ စစ်မှုထမ်းဖို့အကျုံးဝင်တဲ့ လူဦးရေက အနည်းဆုံး ၁၃ သန်းရှိတယ်။ အမျိုးသား ၆ ဒသမ ၃ သန်းနဲ့ အမျိုးသမီး ၇ ဒသမ ၇ သန်းရှိတယ်။ အဲဒီအထဲကမှ အမျိုးသားအရေအတွက် ၆ ဒသမ ၃ သန်းထဲကမှ တစ်နှစ်ကို အခု စခေါ်မှာက ငါးသောင်းထက်မပိုဘူး။ မမတို့နိုင်ငံမှာ ရပ်ကွက်/ ကျေးရွာပေါင်းက ၆၀၀၀၀ ကျော်ရှိတယ်။ အဲဒီတော့ တစ်ရွာမှာတစ်ယောက်၊ နှစ်ယောက်၊ တစ်ရပ်ကွက်မှ တစ်ယောက်၊ နှစ်ယောက်ထက် မပိုပါဘူးကွယ်။

မိငယ်လေး။ ။ ဘာလို့ တစ်နှစ်ကို ငါးသောင်းပဲခေါ်တာလဲ။

မမကြီး။ ။ ဘာလို့လဲဆိုတော့ စစ်မှုထမ်းတယ်ဆိုတိုင်း ရှေ့တန်းမှာ စစ်တိုက်ထွက်ခိုင်းမှာ မဟုတ်ဘူး ဆိုတာကို ပထမဆုံးမှတ်ထား။ ပြီးတော့ စစ်မှုထမ်းတဲ့သူတိုင်းကို လည်း ရော့သေနတ်၊ ရော့ကျည်။ သွား - ရှေ့တန်းကို စစ်သွားတိုက်ချည် ဆိုပြီး မလွှတ်ပါဘူး။ စစ်ပညာသင်တန်းတွေ တက်ရဦးမယ်။ နောက်ပြီး ပညာအရည်အချင်း အဆင့်အလိုက်၊ ကျွမ်းကျင်မှုအဆင့် အလိုက် လစာ၊ ရိက္ခာနဲ့ ခံစားခွင့်အားလုံးပေးရမှာ။

လေ့ကျင့်တဲ့အခါ တပ်မတော်သားတွေ တတ်သင့်တတ်ထိုက်တဲ့ နိုင်ငံတော်ကာကွယ်ရေး ပညာရပ်တွေ အားလုံးအချိန်ပေးပြီး သေချာသင်ပေးဦးမှာ။ အဲဒီလို လေ့ကျင့်မှုတွေပြီးသွားမှ အဆင့်အလိုက်၊ အရည်အချင်းအလိုက်၊ အတွေ့အကြုံအလိုက်နဲ့ ရာထူးအလိုက် တာဝန် ထမ်းဆောင်စေမှာပါကွယ်။ ဒါကြောင့် အကျုံးဝင်တဲ့သူတိုင်း စစ်မှုထမ်း ရမှာမဟုတ်ဘဲ စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ကနေ ဆင့်ခေါ်ခံရရင် တောင်မှ လိုအပ်တဲ့ စိစစ်မှုတွေ၊ ဆေးစစ်ချက်တွေ အကုန်လုပ်ပြီးမှ သင့်တော်တဲ့သူကို ရွေးခေါ်မှာ။ အမျိုးသမီးတွေကို လတ်တလော စစ်မှုထမ်းခေါ်ယူဖို့ အစီအစဉ်မရှိသေးဘူးဆိုတာထားတော့။ နောက်ပိုင်း အကျုံးဝင်လာတဲ့ အချိန်မှာတောင် အမျိုးသမီးတွေကိုခေါ်ဖို့ အခွင့်အရေးကလည်း အမျိုးသားတွေထက် နည်းပါတယ်ကွယ်။

ဆွေဆွေ။ ။ ဪ...ဒီလိုလား။ ဒါနဲ့ ဆွေဆွေကလေ အမေကလည်း ကျန်းမာရေးမကောင်းတာ မမကြီးတို့ အသိပဲ။ မောင်လေးကလည်း ကျောင်းနေတုန်းဆိုတော့ ဆွေဆွေ အလှည့်များ တကယ်လို့ရောက်ရင် ဘယ်လိုလုပ်မလဲဟင်။

မိငယ်လေး။ ။ ဟုတ်တယ်။ မိငယ်လေးလည်း ကျောင်းပြီးအောင်တက်ချင်သေးတယ်။

မမကြီး။ ။ အမျိုးသမီးတွေကို လတ်တလော စစ်မှုထမ်းမခေါ်သေးဘူးမို့ ဆွေဆွေရော၊ မိငယ်လေးရော အခု ဒါကို စိတ်ပူနေစရာမလိုဘူး။ မောင်လေးအတွက် စဉ်းစားကြည့်ရင် လည်း ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ကနေ ဆင့်ခေါ်ခံရရင်တောင်မှ ဆင့်ခေါ်ခံရသူတွေရဲ့ လျှောက်လွှာတွေကို စိစစ်ပြီး စစ်မှုထမ်းရမယ့် တာဝန်ကနေ ယာယီရွှေ့ဆိုင်းလို့ရမယ့် အကြောင်းအချက်လေးတွေရှိတယ်။ အဲဒါတွေကတော့ ဆေးစစ်ရေးဘုတ်အဖွဲ့ကနေပြီး ကျန်းမာရေးအဆင့်မမီဘူးလို့ ထောက်ခံချက်ရရှိထားတဲ့သူ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ ပညာသင်ကြားနေ တဲ့သူတွေ၊ အခြားပြုစုစောင့်ရှောက် မယ့်သူမရှိတဲ့ မိအိုဖအိုတွေကို လုပ်ကျွေးနေရတဲ့သူ၊ မူးယစ်ဆေးဖြတ်ဖို့ ဆေးကုသမှုခံယူနေတဲ့သူ၊ ထောင်ဒဏ်ကျခံနေသူ တွေကတော့ ယာယီ ရွှေ့ဆိုင်းခွင့်ရမှာပါ။

မိငယ်လေး။ ။ ဒါဆို မိငယ်လေးတို့က ရွှေ့ဆိုင်းလို့ရတယ်ပေါ့နော်။

မမကြီး။ ။ အေး ဒါပေမဲ့ ယာယီရွှေ့ဆိုင်းတာဖြစ်လို့ နောင်တစ်ချိန်ကျ သတ်မှတ်ထားတဲ့ အသက်အရွယ် ကျော်ရင်တောင်မှ အလှည့်ကျရင် တာဝန်ထမ်းဆောင်ရမှာနော်။

မိငယ်လေး+ဆွေဆွေ။ ။ ဟင်… ဒါပေမဲ့ ရှေ့ကသူတွေသွားတာကြည့်ပြီး  ပြင်ဆင်လို့တော့ ရသွားတာပေါ့။

မိငယ်လေး။ ။ ဒါနဲ့ အခုအချိန်ကျမှ ဒီဥပဒေတွေ ဘာလို့ အတည်ပြုရတာလဲ။

မမကြီး။ ။  ဘာဖြစ်လို့လဲဆိုတော့ လိုအပ်လို့ပေါ့။ ကမ္ဘာမှာရော၊ အိမ်နီးချင်းနိုင်ငံတွေမှာပါ ဒီစစ်မှုထမ်း ဥပဒေပြဋ္ဌာန်းဆောင်ရွက်နေတာကြာလှပေါ့။ စင်ကာပူတို့၊ မလေးရှား တို့၊ ထိုင်းတို့၊ လာအိုတို့မှာလည်း စစ်မှုထမ်းဥပဒေဆိုတာရှိတယ်။ လက်ရှိလည်း ကျင့်သုံးနေတယ်လေ။ နောက်ပြီး ညည်းတို့ အင်မတန်သည်းသည်းလှုပ်နေတဲ့ K-pop အဖွဲ့တွေရဲ့ ကိုရီးယားနိုင်ငံမှာ လည်း ရှိတာပဲ။ သူတို့ Fan တွေဆိုရင် အနုပညာရှင်တွေစစ်မှုသွားထမ်းပြီဆိုရင် ကဲကဲသဲသဲတွေတောင် လိုက်နှုတ်ဆက်ကြ၊ တွေ့ကြ၊ ပန်းစည်း တွေ၊ စားစရာတွေပေးကြ လွမ်းကြတာ။ အဲဒါတွေကျတော့ လိုက်ခံစားပြီး ကိုယ့်အလှည့်ရောက်မှ ခေါင်းမရှောင်သင့် ပါဘူးအေ။ ညီမလေး တို့ သွားရရင်တောင် မေမေနဲ့ မမက ရေဒီယိုကနေလည်း သီချင်း တွေတောင်း၊ ဆုတောင်းစကားတွေလည်း ပြောပေးမယ်။ စားစရာ သောက်စရာတွေလည်း ပို့ပေးဦးမှာ။ ပြီးတော့ဒါက ရေရှည်ဆောင်ရွက် သွားမယ့်ဥပဒေဖြစ်တယ်။ အခု အစိုးရလက်ထက်တင်မကဘူး၊ နောင်အစိုးရအဆက်ဆက် ဆက်လက်အကောင်အထည် ဖော်သွားမယ့် ဥပဒေဖြစ်တယ်။ ဒါကြောင့် အခုမှ အစမို့ရယ်၊ ပြင်ပကနေ မဟုတ် မမှန်လုပ်ကြံ တာတွေ၊ အန္တရာယ်သိပ်ရှိတဲ့ နည်းနည်းပဲသိပြီး ကိုယ့် ဦးနှောက်ကို အကျိုးရှိရှိ အသုံးမချတဲ့သူ တွေရယ်ကြောင့် ကောလာ ဟလမျိုးစုံပြန့်ပြီး သတင်းအမှားတွေအပေါ် စိုးရိမ်မှုတွေ၊ စိတ်ပူတာ တွေဖြစ်နေကြတာပါ ညီမလေးတို့။

ဆွေဆွေ။ ။ အခု စစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်တော့ ဘာအကျိုးတွေရမှာလဲ၊ ဘာလို့ စစ်မှုဋ္ဌာန်းဥပဒေ ဆိုတာရှိတာလဲဟင်။

မမကြီး။ ။ ဟုတ်တာပေါ့။ ဒါသိသင့်တာပေါ့။ အရင်ဆုံးတစ်ခု ပြောချင်တာက ကိုယ့်မိသားစုကို ကာကွယ်ဖို့ ဘယ်သူ့မှာတာဝန်ရှိလဲ။

မိငယ်လေး+ဆွေဆွေ။ ။ ကိုယ့်မိသားစုကို ကိုယ်ကာကွယ်ရမှာပေါ့။

မမကြီး။ ။ ဟုတ်တာပေါ့။ ကိုယ့်မိသားစုကို ကာကွယ်ဖို့ မိသားစုတိုင်းမှာ တာဝန်ရှိသလို ကိုယ့် ပြည်ထောင်စုကို ကာကွယ်ဖို့လည်း နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်။ နောက်ပြီး ဥပဒေပြဋ္ဌာန်း ရခြင်းရဲ့ ရည်ရွယ်ချက်ကလည်း တို့တာဝန်အရေးသုံးပါးဖြစ်တဲ့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတာ တွေကို စောင့်ထိန်းဖို့ တိုင်းရင်းသားအားလုံးမှာ တာဝန်ရှိတာကြောင့် အဲဒီတာဝန်တွေကို ထမ်းဆောင်ဖို့၊ စစ်ပညာသင်ကြားဖို့နဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက် လိုအပ်ရင် စစ်မှုထမ်းဆောင်နိုင်ဖို့ ဒီဥပဒေကို ပြဋ္ဌာန်းခဲ့တာပဲ။

အကျိုးကျေးဇူးတွေအနေနဲ့ကတော့ စည်းကမ်းတကျ လုပ်တတ်ကိုင်တတ်လာမယ်၊ အဖွဲ့အစည်းနဲ့ လုပ်ကိုင်တတ်လာမယ်။ ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်တိုင်း ပြည်ကို ကာကွယ်တတ်လာမယ်။ ယူတတ်ရင်တော့ အများကြီးပါပဲကွယ်။ အဓိကကတော့ ကိုယ့်တိုင်းပြည်အတွက် အရေးကြုံရင် စစ်မှုထမ်းဖို့ အသင့်ရှိနေနိုင် တာပေါ့။

မိငယ်လေး။ ။ ဒီလိုဆိုတော့လည်း မဆိုးပါဘူးနော် ဆွေဆွေ။

မမကြီး။ ။ ဟုတ်ပါပြီ ဒီလောက်ဆိုရင် ညီမလေးတို့ စိုးရိမ်တာလေးလည်း နည်းနည်း လျော့လောက်ရောပေါ့။ သီလရှင်လည်း ဝတ်စရာမလိုဘူး။ ယောကျ်ားလည်း ယူစရာမလိုဘူး။ ဟုတ်ပြီလား။ တော်ကြာ စစ်မှုထမ်းတာက နှစ်နှစ်ဆို ပြီးသွားမှာ။ အိမ်ထောင်ပြုလိုက်မှ တစ်သက်လုံး ပြန်အမ်းလို့မရတော့ဘူး ဟေ့။

မိငယ်လေး။ ။ ဒါနဲ့ မမကြီးက ဒါတွေ ဘယ်လိုသိတာလဲ။

မမကြီး။ ။ ဪ - ညည်းတို့ကသာ ဖေ့စ်ဘွတ်တွေ၊ ဘာတွေကိုကြည့်။ လိုင်းပေါ်မှာ တင်ထား တာကိုကမ္ဘာကြီး ထင်နေတာကိုး။ တီဗွီလေးလည်းကြည့်၊ သတင်းလေးဘာလေးလည်း နားထောင်ဦးပေါ့အေ။ တစ်နေကုန် ဖုန်းတစ်လုံးနဲ့ ဘဝကြီးလုပ်မနေနဲ့ ဦး။ တကယ့်ကမ္ဘာကြီးက အပြင်ဘက်မှာ သူ့ဘာသာသူ ပုံမှန်လည်ပတ် နေတာဟေ့။

မေမေ။ ။ ကဲကဲ ဒီညီအစ်မတွေ နားကြဦး။ မေမေလည်း ဟင်းတွေအကုန်ကျက်ပြီ။ နေ့လယ် စာစားကြစို့ရဲ့။ သမီးကြီးရေ အစာပိတ်လေးစားဖို့ လက်ဖက်သုပ်လေးထဲကို ငါးခြောက် ဖုတ်လေး ထည့်ဦးနော်။

ဟုတ်ကဲ့ပါ မေမေ။       

No comments:

Post a Comment