Tuesday, January 2, 2024

လွတ်လပ်ရေးနှင့် နိုင်ငံချစ်စိတ်

 


ကောင်းစံရှီ

မြန်မာနိုင်ငံတွင် တိုင်းရင်းသားမျိုးနွယ်စု ၁၃၀ ကျော်တို့ အေးအတူပူအမျှ နေထိုင်လျက်ရှိကြသည်။ ဗြိတိသျှနယ်ချဲ့တို့သည် မြန်မာနိုင်ငံကို စစ်ပွဲသုံးကြိမ်ဖြင့် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် လက်ရှိပြည်ထောင်စုနိုင်ငံတော်၏ နယ်မြေအဝန်းအဝိုင်းအားလုံးကို တစ်လက်မမျှမချန် ရယူသိမ်းပိုက် အုပ်ချုပ်သွားခဲ့ခြင်းဖြစ်သည်။ ဆိုရလျှင် ဗြိတိသျှနယ်ချဲ့သမားများသည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သည့် တိုင်းရင်းသားလူမျိုးများအားလုံးအပေါ် ကျွန်ပြုအုပ်ချုပ်သွားခဲ့ခြင်းဖြစ်သည်။

နယ်ချဲ့သမားများ၏ သိမ်းပိုက်ခြင်းကိုခံခဲ့ရသည့် ဌာနေတိုင်းရင်းသားများသည် သူ့ကျွန်မခံလိုသည့်စိတ်ဖြင့် တွန်းလှန်တိုက်ခိုက်မှုများရှိခဲ့သည်။ ထိုတိုက်ပွဲများကား တိုင်းရင်းသားပြည်သူများ၏ သူ့ကျွန်မခံလိုသော မျိုးချစ်စိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်ဖြင့် တွန်းလှန်ခဲ့ကြခြင်းဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးအတွက် အရေးဆိုတိုက်ပွဲဝင်လာကြသည့် ကာလတစ်လျှောက်လုံး မြန်မာပြည်သူများ၏စိတ်တွင် တူညီသောမျိုးချစ်စိတ်ဓာတ်ကို တွေ့မြင်ခဲ့ကြရသည်။ တိုင်းရင်းသားပြည်သူများအားလုံး မြန်မာနိုင်ငံသူ၊ နိုင်ငံသားများဖြစ်သည်ဟူသော အတွေးအမြင် ခံယူချက်များဖြင့် တစ်စိတ်တည်း၊ တစ်ဝမ်းတည်းရှိခဲ့ကြကာ စုစည်းညီညွတ်စွာဖြင့် တိုက်ပွဲဝင်ခဲ့ကြခြင်းဖြစ်သည်။

စည်းလုံးညီညွတ်မှု ပျက်ပြယ်မသွား

ကိုလိုနီနယ်ချဲ့လက်အောက်တွင် အမျိုး၊ ဘာသာ၊ သာသနာ မှေးမှိန်အောင် အမျိုးသားရေးစိတ်ဓာတ်ကို ဖျက်ဆီးခဲ့ကြသည်။ အမျိုးသားရေးစိတ်ဓာတ်ကို ချိုးနှိမ်ပြီး သွေးခွဲအုပ်ချုပ်သည့်စနစ်ဖြင့် တောင်တန်းနှင့်ပြည်မဟူ၍ ခွဲခြားဆက်ဆံခြင်းဖြင့် မြန်မာနိုင်ငံသားများ၏ မျိုးချစ်စိတ်ကိုလည်း ဖျက်ဆီးခဲ့သည်။ မျိုးချစ်စိတ်ကိုအခြေခံသော နိုင်ငံချစ်စိတ်ကိုလည်း ပပျောက်သွားအောင် လုပ်ဆောင်ခဲ့သည်။ နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှုကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု အားနည်းခဲ့ရသည်။ သို့ရာတွင် မြန်မာပြည်သူတို့၏ စည်းလုံးညီညွတ်မှုကား ပျက်ပြယ်မသွားခဲ့။ တစ်နိုင်ငံလုံး ကိုယ့်ပြည်ဖြစ်သည်၊ ကိုယ့်မြေဖြစ်သည်၊ ဤမြေဤရေတွင် နေထိုင်သူများအားလုံး သွေးချင်းသားချင်းများပင်ဖြစ်သည်ဟူသည့် ခံယူချက်များ ခိုင်မာခဲ့သည်။

လွတ်လပ်ရေး တောင်းဆိုတိုက်ပွဲဝင်သည့်ကာလတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရယူတည်ဆောက်နိုင်ခဲ့သည်။ တောင်ပေါ်၊ မြေပြန့်မကျန် တစ်နိုင်ငံလုံးနေပြည်သူများ၏ မျိုးချစ်စိတ်ဓာတ်အင်အားဖြင့် မြန်မာ့လွတ်လပ်ရေးကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့ကြရာတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဟူ၍ ခွဲခြားခဲ့ခြင်းမရှိကြ။ မိမိတို့သည် မြန်မာနိုင်ငံသားများဖြစ်သည်ဟူသည့် နိုင်ငံချစ်စိတ်ဖြင့် စုစည်းညီညွတ်စွာ ပါဝင်တိုက်ပွဲဝင်ခဲ့ကြခြင်းဖြင့် (၇၆)နှစ်ပြည့်ခဲ့ပြီဖြစ်သော မြန်မာ့လွတ်လပ်ရေးကာလကို ရောက်ခဲ့ပြီ။ ဤလွတ်လပ်ရေးကို လွယ်လွယ်နှင့်ရယူခဲ့ခြင်းကားမဟုတ်။ နိုင်ငံကိုချစ်သော၊ တိုင်းပြည်နှင့်လူမျိုးကိုချစ်သော မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူများ၏ နိုင်ငံချစ်စိတ်ဖြင့် အသက်၊ သွေး၊ ချွေးမြောက်မြားစွာကို စတေးပြီးမှ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

သင်ခန်းစာရယူ

ယခုအခါ လွတ်လပ်ရေးရခဲ့သည်မှာ နှစ်ပေါင်း(၇၆)နှစ်ရောက်လာခဲ့ပြီ။ ပါလီမန်ဒီမိုကရေစီခေတ်၊ တော်လှန်ရေးကောင်စီ တပ်မတော်အစိုးရခေတ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရခေတ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တပ်မတော်အစိုးရခေတ်စသည်များကို ဖြတ်သန်းခဲ့ဖူးပြီ။ ၂၀၁၀ ပြည့်နှစ်မှစ၍ ဒီမိုကရေစီ အစိုးရနှစ်ဆက်ခေတ်ကာလတွင် တိုင်းရင်းသားပြည်သူအားလုံးလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ လျှောက်လှမ်းခဲ့ရာ မတူညီသော အစိုးရနှစ်ဆက်၏ မူဝါဒများကြောင့် စိန်ခေါ်မှုမြောက်မြားစွာကို ရင်ဆိုင်ခဲ့ကြရသည်။ ၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်အာဏာကို ထိန်းခဲ့ရပြီးနောက်တွင်လည်း စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနေရဆဲဖြစ်သည်။ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏ လုပ်ဆောင်ချက်များက တိုင်းပြည်ပြိုကွဲရေးသို့ ရှေးရှုဦးတည်နေသည်ကို တွေ့မြင်နေကြရသည်။

တိုင်းရင်းသားညီညွတ်ရေးကို တည်ဆောက်နိုင်ခဲ့ပြီး လွတ်လပ်ရေးကို အရယူနိုင်ခဲ့သော်လည်း လွတ်လပ်ရေးရယူနိုင်ခဲ့ပြီးနောက်တွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှု အားနည်းကျဆင်းသွားခဲ့ရသည်။ ကျဉ်းမြောင်းသော အမျိုးသားရေးအမြင်ရှိသော တိုင်းရင်းသားခေါင်းဆောင်အချို့၏ အမြော်အမြင်နည်းပါးမှုကြောင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလာခဲ့ရသည်။ ဤသို့ဖြစ်သွားရခြင်းမှာ အဘယ်ကြောင့်နည်း။ သမိုင်းသင်ခန်းစာများကို ရယူရန်လိုအပ်သည်။ သမိုင်းသင်ခန်းစာရယူသည်ဆိုရာ၌ အကြောင်းရင်းကို မှန်မှန်ကန်ကန်သုံးသပ်ရန် လိုအပ်သည်။

တိုင်းရင်းသားပြည်သူများအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုမရှိခြင်းအတွက် ကျေနပ်ခြင်းမရှိခဲ့ကြ။ ကျေနပ်ခြင်းမရှိ၍ ဒေါသတွေပွားကြရာမှ နောက်ဆုံးလက်နက်ကိုင်ပဋိပက္ခသို့ ရောက်ခဲ့ရခြင်းဖြစ်သည်။ တစ်ဆက်တည်းမှာ လက်နက်ကိုင်ပဋိပက္ခကြောင့်ပင် မငြိမ်းချမ်း၍ တိုးတက်ဖွံ့ဖြိုးမှုကို ဆောင်ရွက် နိုင်ခြင်းမရှိခဲ့ဟူသောအချက်ကိုလည်း မေ့မထားကြရန် လိုအပ်သည်။ ထို့ကြောင့် သမိုင်းသင်ခန်းစာရယူရာ၌ ခေါင်းဆောင်များသည် ဆန္ဒစွဲကင်းရန်နှင့် နိုင်ငံတိုးတက်လိုစိတ်ရှိရန် လိုအပ်ပေလိမ့်မည်။

လွတ်လပ်ရေး ရယူခဲ့ကြသည့်နိုင်ငံများ

မြန်မာနိုင်ငံ လွတ်လပ်ရေးကိုရယူခဲ့သည်မှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် (၇၆)နှစ်ရှိခဲ့ပြီ။ မြန်မာနိုင်ငံနှင့်အတူ ကျူးကျော်နယ်ချဲ့ခဲ့သူများ လက်အောက်မှ လွတ်မြောက်ခဲ့ကြသော နိုင်ငံများကို တစေ့တစောင်းလေ့လာကြည့်ဖြစ်သည်။ အင်္ဂလိပ်နယ်ချဲ့ ကျူးကျော်သူများလက်အောက် ကျရောက်ခဲ့သော အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံထက် လေးလခန့်သာစော၍ ၁၉၄၇ ခုနှစ် သြဂုတ်လတွင် လွတ်လပ်ရေးရခဲ့သောနိုင်ငံဖြစ်သည်။ ထို့အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသော လာအို၊ ကမ္ဘောဒီးယား(ကမ်ပူးချား)၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားစသည့် နိုင်ငံများသည်လည်း နယ်ချဲ့တို့၏ သိမ်းပိုက်ခြင်းကိုခံခဲ့ရပြီး ပြည်သူများ၏ စည်းလုံးညီညွတ်မှုဖြင့် လွတ်လပ်ရေးကိုရယူခဲ့ကြသည့် နိုင်ငံများဖြစ်ကြသည်။

မြန်မာနိုင်ငံနည်းတူ သူ့ကျွန်ဘဝရောက်ခဲ့ပြီးမှ လွတ်လပ်ရေးရရှိလာခဲ့ကြသော နိုင်ငံအသီးသီးကား တည်ငြိမ်အေးချမ်းမှုများရရှိကာ ဖွံ့ဖြိုးတိုးတက်နေကြသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်သည်။ သို့ရာတွင် မြန်မာနိုင်ငံကားတည်ငြိမ်အေးချမ်းမှုလည်းမရှိ၊ ဖွံ့ဖြိုးတိုးတက်မှုလည်း မလုံလောက်သေးဘဲ ဖြစ်နေရသည်။ လွတ်လပ်ရေးရပြီးကတည်းက တောက်လောင်နေခဲ့သော စစ်မီးကား ငြိမ်းအေးမသွား။ ၂၀၂၄ ခုနှစ်(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယသို့ ရောက်သည့်တိုင် အရှိန်အဟုန်ဖြင့် တောက်လောင်နေဆဲဖြစ်သည်။

မိမိနိုင်ငံအတွက် ဝမ်းနည်းနာကျင်စရာကောင်းသည်ကား နိုင်ငံကို အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသည်အထိ ဖြစ်ပေါ်လာစေရန် ဦးတည်နေသည့် မြင်ကွင်းများကို မြင်တွေ့နေရခြင်းဖြစ်သည်။ မိမိတို့နည်းတူ သူ့ကျွန်ဘဝသို့ ရောက်ရှိခဲ့ကြ၊ ရုန်းကန်တိုက်ပွဲဝင်ပြီး လွတ်လပ်ရေးကို ရယူနိုင်ခဲ့ကြသော နိုင်ငံများအနေဖြင့် တည်ငြိမ်အေးချမ်းကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်နိုင်နေကြပြီ ဖြစ်သော်လည်း မိမိတို့နိုင်ငံမှာ စစ်ပွဲနွံအတွင်း နစ်သည်ထက်နစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုနှေးကွေး၍ ဆင်းရဲတွင်းနက်ကာ ပြည်သူများ ဒုက္ခရောက်နေကြသည်မှာ အဘယ်ကြောင့်ပါနည်း။ နိုင်ငံကိုဦးဆောင်နေသူများ၊ ဦးဆောင်ရန် ကြိုးစားနေကြသည့်ပုဂ္ဂိုလ်များ သုံးသပ်ဆင်ခြင်စဉ်းစားကြဖို့ လိုအပ်နေကြပေပြီ။

နိုင်ငံချစ်စိတ်မွေးပါ

မြန်မာနိုင်ငံကို ပြည်ထောင်စုနိုင်ငံသားများ၏ အမျိုးသားရေးကိုအခြေခံသော မျိုးချစ်စိတ်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ မျိုးချစ်စိတ်ဓာတ်ဟူသည်မှာ တိုင်းပြည်နှင့်လူမျိုးကိုချစ်သော စိတ်ဓာတ်ဟူ၍ အဘိဓာန်ကဖွင့်ဆိုထားသည်။ လူမျိုးတို့တည်တံ့ရန်၊ တိုးတက်ဖွံ့ဖြိုးရန် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်နေဖို့ လိုအပ်သည်။ မျိုးချစ်စိတ်ဓာတ်သည် အပြုသဘောကိုဆောင်ပြီး စည်းလုံးညီညတ်မှုကိုဖြစ်စေသည်။ စည်းလုံးညီညွတ်မှုမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်မှု၊ တည်တံ့ခိုင်မြဲမှုကို ဖြစ်ထွန်းစေသည်။

ဤနေရာတွင် တစ်ခုသတိထားကြရန်မှာ မျိုးချစ်စိတ်မှ အမျိုးသားရေးစိတ်ဓာတ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အမျိုးသားရေးစိတ်ကား လူမျိုးကို အခြေခံထားခြင်းဖြစ်ရာ ကျဉ်းမြောင်းသော သဘောထားရှိသည်။ အထူးသဖြင့် မြန်မာနိုင်ငံလို တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံအဖို့ လူမျိုးတစ်မျိုးတည်းကို အခြေခံသော အမျိုးသားရေးစိတ်ဓာတ်များ လွှမ်းမိုးမသွားရန် အရေးကြီးသည်။ မြန်မာနိုင်ငံမှတိုင်းရင်းသားပြည်သူများအားလုံးတို့သည် စစ်မှန်သော အမျိုးသားရေးအမြင်၊ အမျိုးသားရေးအသိ၊ အမျိုးသားရေးသတိရှိနေဖို့ လိုအပ်သည်။ ထို့ကြောင့် မျိုးချစ်စိတ်ကို အခြေခံသော နိုင်ငံချစ်စိတ်ကိုမွေးမြူကြရန် လိုအပ်သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သည်မှာ တိုင်းရင်းသားလူမျိုးတစ်မျိုးသာ လွတ်လပ်ရေးရခဲ့ခြင်းမဟုတ်။ မြန်မာနိုင်ငံလွတ်လပ်ရေးသည် တိုင်းရင်းသားပြည်သူများအားလုံးပိုင်ဆိုင်သော အမွေဆိုင်ပစ္စည်းလည်းဖြစ်သည်။ ဤအမွေဆိုင်ပစ္စည်း ဆုံးရှုံးမသွားရေးအတွက် တိုင်းရင်းသားပြည်သူများအားလုံး ကာကွယ်စောင့်ရှောက် ထိန်းသိမ်းသွားကြရမည်ဖြစ်သည်။

ပြည်သူတစ်ရပ်လုံး သွေးစည်းညီညွတ်ကြရန်လို

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုဆိုရာတွင်လည်း နိုင်ငံသားပြည်သူအချင်းချင်း၊ တိုင်းရင်းသား ပြည်သူများ စည်းလုံးညီညွတ်မှုသည်လည်း အခြေခံလိုအပ်ချက်ဖြစ်သည်။ အကြောင်းအမျိုးမျိုးပြကာ နိုင်ငံတကာ ဖိအားအမျိုးမျိုးနှင့်ရင်ဆိုင်နေရသည့် ယခုလိုအချိန်အခါတွင် ပြည်သူတစ်ရပ်လုံး သွေးစည်းညီညွတ်ကြရန်လိုသည်။ ယခုအခါ နိုင်ငံခြားတိုင်းပြည်ကြီးအချို့က မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ဖိအားပေး ပြောဆိုဝင်ရောက်စွက်ဖက်မှုများ ရှိနေသည်ကိုလည်း တိုင်းရင်းသားပြည်သူများ သတိရှိကြရန် လိုအပ်သည်။ တိုင်းရင်းသားပြည်သူများအနေဖြင့် လက်ရှိ တည်ရှိနေသော မြန်မာနိုင်ငံအဝိုင်းအဝန်းသည် မိမိတို့ ကိုယ်ပိုင်မြေဖြစ်သည်ဆိုသည့် စိတ်ဓာတ်၊ မိမိတို့ ပိုင်နက်နယ်မြေတစ်ခုလုံးကို တန်ဖိုးထားတတ်သည့် နိုင်ငံကိုချစ်သည့် စိတ်ဓာတ်များဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားကြရမည်ဖြစ်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။ ။

No comments:

Post a Comment