Tuesday, January 2, 2024

တည်ငြိမ်အေးချမ်းသော နှစ်သစ်ဖြစ်စေလို

မောင်သောင်းဝင်း(တမန်ဟောင်း)

ယခုအခါ ၂၀၂၄ ခုနှစ် နှစ်သစ်သို့ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ခက်ခဲကြမ်းတမ်းလှသော၂၀၂၃ ခုနှစ်ကို နှုတ်ဆက်ခဲ့ပြီဖြစ်သည်။ ၂၀၂၄ ခုနှစ်ကို မျှော်လင့်ချက်ကြီးမားစွာဖြင့် ဖြတ်သန်းကြရဦးမည်ဖြစ်သည်။ ပျော်ရွှင်ချမ်းမြေ့မှုများ၊ စိတ်မချမ်းမြေ့မှုများ၊ ပူဆွေးသောကများကိုလည်း ရင်ဆိုင်ကြုံတွေ့ကြရဦးမည်ဖြစ်သည်။ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး၏ တူညီသောစိတ်ဆန္ဒသည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးပင်ဖြစ်သည်။ တည်ငြိမ်အေးချမ်းနေမှသာလျှင် ပညာရေး၊ စီးပွားရေး၊ လူမှုရေးအပါအဝင် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။

အကြမ်းဖက်လုပ်ငန်းများ

၂၀၂၃ ခုနှစ်အတွင်း NUG ၊ CRPH နှင့် PDF အကြမ်းဖက်သမားများ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် နိုင်ငံတစ်ဝန်း၌ စာသင်ကျောင်းနှင့် ဆေးရုံများအပါအဝင် လမ်း၊ တံတားများ၊ ရုံး၊ ဌာနအဆောက်အအုံများစသည့် အခြေခံအဆောက်အအုံ များစွာပျက်စီးဆုံးရှုံးခဲ့ရသည်။ PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ ဝန်ထမ်းများကို ဒလန်ဟုစွပ်စွဲကာ လူမဆန်စွာ အကြောင်းမဲ့သတ်ဖြတ်ခဲ့ကြသည်။ တချို့သော တိုင်းရင်းသားအကြမ်းဖက်အဖွဲ့များသည် PDF များအား အကြမ်းဖက်သင်တန်းများ ပို့ချပေးခြင်း၊ လက်နက်၊ ခဲယမ်းများထောက်ပံ့ပေးခြင်းဖြင့် အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရန် အားပေး ကူညီခဲ့ကြသည်။ အကြမ်းဖက်လုပ်ရပ်ထောက်ခံသည့် တချို့သော ပြည်ပနိုင်ငံများကလည်း တရားမဝင်ငွေကြေးအကူအညီများပေးခဲ့ကြသည်။ လူမိုက်အားပေး လုပ်ဆောင်နေခြင်းပင်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေခြင်းပင်ဖြစ်သည်။ ဒီမိုကရေစီစံနှုန်းနှင့်မကိုက်ညီသော ဒီမိုကရေစီနိုင်ငံကြီးများ၏ အပြုအမူပင်ဖြစ်သည်။

အမြတ်ထုတ်အသုံးချ

ထို့ပြင် MNDAA၊ TNLA နှင့် AA သောင်းကျန်းသူအဖွဲ့များသည် တပ်မတော်က စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများရပ်ဆိုင်းထားသည်ကို အခွင့်ကောင်းယူကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တပ်မတော် လုံခြုံရေးစခန်းများကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ကာ အမြတ်ထုတ်အသုံးချလျက်ရှိသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးအတွက် တံခါးဖွင့်ထားသော်လည်း EAO များသည် လက်နက်စွဲကိုင်ရသည့်အရသာကို မစွန့်လွှတ်နိုင်ကြပေ။ အကျိုးဆက်အနေဖြင့် ဒေသခံပြည်သူများသည် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ရစ်နေခဲ့ရသည်။ သောင်းကျန်းသူများအနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေမည်ဆိုလျှင် ဒေသဖွံ့ဖြိုးရေးနှင့် ကုန်ထုတ်လုပ်ငန်းများကို ပုံမှန်လည်ပတ်နိုင်ခြင်းမရှိသဖြင့် ဒေသခံပြည်သူများနှင့် တိုင်းပြည်သာ ထိခိုက်နစ်နာစေမည်ဖြစ်သည်။

တွေ့ဆုံဆွေးနွေးခြင်းသည်သာလျှင်

ဆိုရလျှင် မြန်မာနိုင်ငံတွင် နယ်ချဲ့တို့၏ သွေးထိုးလှုံ့ဆော်မှုကြောင့် တချို့သောတိုင်းရင်း သားများသည် လွတ်လပ်ရေးမရမီကတည်းကပင် အတွေးအခေါ်အယူဝါဒအမျိုးမျိုးဖြင့် လက်နက်စွဲကိုင်ခဲ့ကြသည်။ လူမျိုးရေးအကြောင်းပြကာ လက်နက်စွဲကိုင်ခဲ့ကြသော်လည်း လက်တွေ့တွင်မူ တရားမဝင်စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ကာ ကိုယ်ကျိုးစီးပွားရှာခဲ့ကြသည်။ အကျိုးဆက်အနေဖြင့် လွတ်လပ်ရေးရရှိခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့ပြီးဖြစ်သော်လည်း လက်ရှိအချိန်အထိ ထာဝရငြိမ်းချမ်းရေး မတည်ဆောက်နိုင်သေးပေ။ စင်စစ်အားဖြင့် တည်ငြိမ်အေးချမ်းသာယာဝပြောသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို လက်နက်ကိုင်လမ်းစဉ်ဖြင့် အကောင်အထည်ဖော် နိုင်မည်မဟုတ်ဘဲ တွေ့ဆုံဆွေးနွေးသည့်နည်းလမ်းဖြင့်သာ တည်ဆောက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် EAO များအနေဖြင့် တွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်း သို့လာရောက်ကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့်သာ ဆွေးနွေးအဖြေရှာသွားသင့်ပေသည်။

သင်ခန်းစာယူသင့်

အမှန်တော့ ပြည်တွင်းစစ်မီးတောက်လောင်နေသောနိုင်ငံများတွင် ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများသည် စစ်ဘေးရှောင်ဘဝဖြင့် ချို့တဲ့စွာဖြတ်သန်းနေကြရသည်။ သာဓကအနေဖြင့် လစ်ဗျား၊ အာဖဂန်၊ ဆီးရီးယား၊ ယီမင်နှင့် အာဖရိကရှိ တချို့သောနိုင်ငံများတွင် အပြစ်မဲ့ပြည်သူများသည် သောကပင်လယ်ဝေလျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း EAO များ ခိုအောင်းလှုပ်ရှား လျက်ရှိသောဒေသများရှိ ပြည်သူများသည် ကျီးလန့်စာစားဘဝဖြင့် ဖြတ်သန်းကြရလျက်ရှိသည်။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အဘက်ဘက်မှ နောက်ကျကျန်ရစ်လျက်ရှိသည်။ စိတ်မချမ်းမြေ့ဖွယ်ရာပင်ဖြစ်သည်။ EAO များအနေဖြင့် နိုင်ငံတကာဖြစ်စဉ်များကို သင်ခန်းစာယူသင့်နေပြီဖြစ်သည်။ တိုင်းရင်းသားပြည်သူများ၊ အထူးသဖြင့် မျိုးဆက်သစ်လူငယ်များ၏ အနာဂတ်ကို ကြည့်သင့်နေပြီဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်

စင်စစ်အားဖြင့် တည်ငြိမ်အေးချမ်းမှုရှိသောအသိုက်အဝန်းသည် လုံခြုံမှုရှိသဖြင့် နေ့စဉ်လူနေမှုဘဝနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အေးချမ်းပျော်ရွှင်စွာ လုပ်ကိုင်နိုင်ကြသည်။ မျိုးဆက်သစ်များသည်လည်း အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနိုင်သည်။ မိသားစုများသည် သိုက်သိုက်ဝန်းဝန်းဖြင့် နေထိုင်နိုင်သည်။ တိုင်းပြည်ကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုလည်း စွမ်းအားပြည့်လုပ်ဆောင်နိုင်သဖြင့် ဝင်ငွေပိုမိုတိုးတက်လာမည်ဖြစ်သည်။ ထို့ကြောင့် တည်ငြိမ်အေးချမ်းမှုရှိသော နိုင်ငံများသည် ဒီမိုကရေစီစနစ်ကျင့်သုံးနိုင်သလို စီးပွားရေးတိုးတက်မှုကိုလည်း တစိုက်မတ်မတ် လုပ်ဆောင်နိုင်ကြသည်။ မြန်မာနိုင်ငံတွင်လည်း တည်ငြိမ်အေးချမ်းမှု အပြည့်အဝရှိမည်ဆိုလျှင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်နယ်ပယ်ပေါင်းစုံတွင် ဖွံ့ဖြိုးတိုးတက်မှုရှိ သောနိုင်ငံအဖြစ် ရပ်တည်လာနိုင်မည်ဖြစ်သည်။

နှစ်သစ်သန္နိဋ္ဌာန်ချမှတ်

ထို့ကြောင့် တိုင်းရင်းသားပြည်သူအားလုံးအနေဖြင့် နှစ်ဟောင်းတွင် မည်သို့မည်ပုံဖြတ်သန်းခဲ့သည်ဖြစ်စေ နှစ်သစ်တွင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် လူသစ်၊ စိတ်သစ်၊ အတွေး သစ်၊ ခွန်အားသစ်များဖြင့် အကောင်းဆုံး အထောက်အကူပြုနိုင်ရန် ကြိုတင်ပြင်ဆင်ထားသင့်ပေသည်။ အနောက်တိုင်းသားများသည် နှစ်ကုန်ခါနီးအချိန်တွင် နှစ်သစ်သန္နိဋ္ဌာန်များ (New Year’s Resolutions) ချမှတ်လေ့ရှိကြသည်။ ထိုသန္နိဋ္ဌာန်ကိုလည်း ရုပ်လုံးပေါ်အောင် ကြိုးပမ်းလေ့ရှိကြသည်။

ထိုနည်းတူစွာ မြန်မာနိုင်ငံသားများသည်လည်း နှစ်သစ်တွင် ကျန်းမာရေး၊ ဘာသာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး စသည့်နယ်ပယ်များ၌ အောင်မြင်မှုများရရှိအောင် ကြိုးပမ်းသွားမည်ဆိုသော ခိုင်မာသည့် နှစ်သစ်ကူးအိပ်မက်အသစ်များကို ကိုယ်စီချမှတ်သင့်ပေသည်။ အထူးသဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဉ်များတွင် အုပ်တစ်ချပ်သဲတစ်ပွင့်မျှ ပါဝင်ဆောင်ရွက် သွားမည်ဆိုသော သန္နိဋ္ဌာန်ချမှတ်သင့်ပေသည်။ လူတစ်ဦးသည် စိတ်ကူးအိပ်မက်ရှိနေမှသာလျှင် တက်ကြွလန်းဆန်းနေပြီး ထိုစိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ ထိုသို့ စိတ်ကူးအိပ်မက်မရှိသူသည် အောင်မြင်မှုအတွက် လမ်းစပျောက်နေမည်ဖြစ်သည်။

တည်ငြိမ်အေးချမ်းသော နှစ်သစ်ဖြစ်စေလို

မည်သို့ပင်ဆိုစေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းပြည်အတွင်း ထာဝရငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေးညှိနှိုင်းလျက်ရှိသည်။ သို့သော် တချို့သော EAO များသည် တပ်မတော်က စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်ဆိုင်းထားသည်ကို အခွင့်ကောင်းယူကာ စစ်အင်အားတည်ဆောက်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ လူသစ်စုဆောင်းခြင်း၊ လက်နက်မှောင်ခိုဝယ်ယူခြင်းလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။ အကျိုးဆက်အနေဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများသည် မြေစာပင်ဖြစ်ရသည်။ ထို့ကြောင့် တိုင်းရင်းသားပြည်သူများက လက်နက်ကိုင်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလျက်ရှိသည်။

ထို့ကြောင့် ၂၀၂၄ ခုနှစ်တွင် နိုင်ငံသူ နိုင်ငံသားအားလုံးအနေဖြင့် အကြမ်းဖက်အားပေးသည့် လုပ်ရပ်များကိုရှောင်ရှားလျက် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဉ်များတွင် တတ်နိုင်သမျှ ပါဝင်ဆောင်ရွက်ရန်လိုပါသည်။ သို့မှသာလျှင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ၂၀၂၄ ခုနှစ်အတွင်း သက်ဆိုင်သူအားလုံး၏ ပါဝင်ဆွေးနွေးမှုများဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်ပါစေကြောင်း နှစ်သစ်ကူး ဆုမွန်ကောင်းတောင်း လိုက်ရပါသည်။ ။

No comments:

Post a Comment