ခင်ရတနာ
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့(ယနေ့)သည် မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးနေ့ ဖြစ်သည်။ လွတ်လပ်ရေးနေ့ကို မြန်မာနိုင်ငံသားတိုင်း ရင်းနှီးကျွမ်းဝင်ပြီးသားပင်။ သူ့ကျွန်ဘဝမှ လွတ်မြောက်သောနေ့၊ မိမိတို့အချုပ်အခြာအာဏာ မိမိတို့ထံ ပြန်လည်ရောက်ရှိခဲ့သော နေ့ထူးနေ့မြတ်ဟူ၍ သိရှိခဲ့ကြသည်။ ယခု လွတ်လပ်ရေးနေ့သည် (၇၆) နှစ်တိုင်ပြီ။ လွတ်လပ်ရေးနှင့် ဆက်စပ်အတွေးနယ်ချဲ့မိတိုင်း ရေးစရာ၊ ပြောစရာများကား မကုန်နိုင်။ အဘယ့်ကြောင့်ဆိုသော် လွတ်လပ်ရေးရခဲ့သည်မှာ စိန်ရတုကျော်ခဲ့သည့်တိုင် မိမိတို့နိုင်ငံကား မငြိမ်းချမ်းနိုင်သေး၊ အချင်းချင်း စိတ်ဝမ်းကွဲ မညီညွတ်မှုများကြောင့် ရွှေပြည်တော် မျှော်တိုင်းဝေးနေရဆဲ။
ယနေ့ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၅ နိုင်ငံအနက်
ဥရောပကိုလိုနီလက်အောက် မကျရောက်ခဲ့သည့်နိုင်ငံ ၁၀ နိုင်ငံ၊ ဗြိတိသျှ
ကိုလိုနီလက်အောက် မကျရောက်ခဲ့သည့် နိုင်ငံ ၂၂ နိုင်ငံသာရှိပြီး ကျန်နိုင်ငံများက
ကိုလိုနီလက်အောက်သို့ ကျရောက်ခဲ့ဖူးကြသည်ချည်းသာ ဖြစ်သည်။
ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးချိန် အာရှနိုင်ငံအများစုက
မရှေးမနှောင်းပင် လွတ်လပ်ရေးကိုယ်စီ ရရှိခဲ့ကြသည်။ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ
မြန်မာထက် လေးလခွဲမျှစောပြီး ၁၉၄၇ ခုနှစ် ဩဂုတ် ၁၅ ရက်တွင် နယ်ချဲ့တို့ထံမှ
မိခင်အိန္ဒိယကို ပြန်လည်ပိုင်ဆိုင်ခဲ့သလို ဗီယက်နမ်နိုင်ငံသည် ၁၉၅၄ ခုနှစ်တွင်
ပြင်သစ်တို့အား သူတို့မြေပေါ်မှ အပြီးတိုင် ရှင်းထုတ်နိုင်ခဲ့သည်။
လာအိုနိုင်ငံမှာမူ ၁၉၄၉ ခုနှစ်တွင် ကိုလိုနီဘဝက လုံးဝ လွတ်လပ်ခဲ့သည်။
တရုတ်နိုင်ငံသည်ပင်လျှင် ဖက်ဆစ်ဂျပန်နှင့် ကူမင်တန်တပ်များကို တွန်းလှန်တိုက်ခိုက်ပြီး
မြေယာပြုပြင်ပြောင်းလဲရေး၊ မဟာခုန်ပျံကျော်လွှားမှုအပါအဝင် ယဉ်ကျေးမှုတော်လှန်ရေးကဲ့သို့သော
ပေါ်လစီအမှားကို ဖြတ်သန်းပြီးသကာလ မိမိတို့နိုင်ငံထက် တစ်နှစ်နောက်ကျသည့် ၁၉၄၉
ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအဖြစ် ဘဝအသစ်ကို
စတင်ခဲ့သည်။
တာထွက်တူသော်လည်း ပန်းဝင်ချိန်မတူ
ဒုတိယကမ္ဘာစစ်ကြီးပြီးနောက် စစ်ရှုံးနိုင်ငံများ ပြိုလဲခဲ့သလို
ကိုလိုနီလက် အောက်ခံနိုင်ငံများအနေဖြင့်လည်း လွတ်လပ်ရေးကြီးနှင့်အတူ
ကိုလိုနီနယ်ချဲ့ဆိုးမွေများနှင့် လွတ်လပ်ပြီးစနိုင်ငံများ၏ သဘောသဘာဝအတိုင်း
မတူကွဲပြားသည့် နိုင်ငံရေးအယူအဆများ၊ ကိုးကွယ်မှုဘာသာ စသည်ဖြင့် အခက်အခဲများစွာကို
ရင်ဆိုင်ခဲ့ကြရသည်ပင်။
အိန္ဒိယနိုင်ငံသည် လွတ်လပ်ရေးရသည့်အချိန်မှစ၍ ဘာသာရေးအကြမ်းဖက်မှု၊
ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားခြင်းမှဖြစ်သော အကြမ်းဖက်မှုနှင့် ပါကစ္စတန်ခွဲထွက်မှု၊
အိန္ဒိယ - တရုတ်စစ်ပွဲ၊ ဆင်းရဲမွဲတေမှု အစရှိသည့် ပြဿနာများကို
ရင်ဆိုင်ခဲ့ရဖူးသည်။ ဖက်ဒရယ်အစိုးရတစ်ခုအနေဖြင့် ကြည့်မည်ဆိုပါက ကမ္ဘာပေါ်တွင်
လူဦးရေအများဆုံးသော ဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယသည် ထောင်ချီသော ဘာသာစကား၊
များပြားလှသည့် လူမျိုးစုများ ပိုင်ဆိုင်သဖြင့် လူများလေ၊ ပြဿနာများလေဆိုသည့်အတိုင်း
အမျိုးမျိုးအဖုံဖုံ ရင်ဆိုင်ခဲ့ရသည်။ သို့သော် ၁၉၉၁ ခုနှစ်မှစတင်၍ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ
ပြုလုပ်နိုင်ခဲ့ခြင်းကြောင့်ပင် ကမ္ဘာပေါ်တွင် တိုးတက်မှုအမြန်ဆုံးနိုင်ငံများထဲ ပါဝင်လာခဲ့ပြီး
ဒေသတွင်းနှင့် နိုင်ငံတကာတွင် ဩဇာအာဏာရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သည်။
ဗီယက်နမ်သည် တရုတ်မင်းတို့၏ လက်အောက်ခံအဖြစ် နှစ်ပေါင်းထောင်ကျော်မျှ
နေခဲ့ရသည်။ ဘတ်ဒမ်မြစ် တိုက်ပွဲတွင် တရုတ်လက်အောက်မှ လွတ်မြောက်ခဲ့ပြီး
ကိုယ့်ထီးကိုယ့်နန်းဖြင့် နေထိုင်ခဲ့ကြသည်မှာ ၁၉ ရာစုအလယ်ပိုင်း ပြင်သစ်ကိုလိုနီအဖြစ်
သိမ်းပိုက်ခြင်း မခံရမီအချိန်အထိဖြစ်သည်။ ထို့နောက် ဂျပန်တို့ကျူးကျော်ခြင်း၊ ပြင်သစ်တို့
ပြန်လည်ကျူးကျော်ခြင်း၊ အမေရိကန်တို့ ကျူးကျော်ခြင်း၊ နိုင်ငံနှစ်ခြမ်းကွဲခြင်း စသည်တို့ဖြင့်
၁၉၇၅ ခုနှစ်မှာမှ ဗီယက်နမ် စစ်မီးငြိမ်းခဲ့ရသည်။ ၁၉၈၆ ခုနှစ်တွင် စီးပွားရေးနှင့်
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင်
ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်း အမြင့်ဆုံးနိုင်ငံစာရင်းတွင် ပါဝင်ကာ ၂၀၁၁ ခုနှစ်တွင်
ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်း အဖော်ဆောင်နိုင်ဆုံး နိုင်ငံအဖြစ် ထိပ်ဆုံးမှရပ်တည်လာနိုင်ခဲ့သည်။
စစ်ရှုံးနိုင်ငံဖြစ်ခဲ့ဖူးသည့် ဂျပန်တို့သည် နှစ်အနည်းငယ်အတွင်း
အာရှ၌ အဖွံ့ဖြိုးဆုံးနိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။ ဂျပန်တို့အဖို့ ၁၉၆၀ ပြည့်နှစ်မှ ၁၉၉၀
ပြည့်နှစ်ကာလများသည် စစ်ပြီးခေတ် စီးပွားရေးအမြင့်ဆုံးအချိန်ဖြစ်ပြီး ၁၉၉၀
ပြည့်နှစ်မှ ၂၀၀၀ ပြည့်နှစ်ကာလ ဆယ်စုနှစ်မှာ စီးပွားရေးတိုးတက်မှု
အားနည်းခဲ့သော်လည်း ၂၀၀၅ ခုနှစ်တွင် တစ်ကျော့ပြန် စီးပွားရေးပြန်လည် ဦးမော့ခဲ့သည်။
အမေရိကန်နှင့် တရုတ်နိုင်ငံတို့ပြီးလျှင် တတိယစီးပွားရေး
အတောင့်တင်းဆုံးနိုင်ငံဖြစ်သည်။ ရာသီဥတုဘေး၊ သဘာဝဘေးတို့ကြောင့် မကြာခဏ ပြိုလဲသော်လည်း
အရှုံးမပေးကြ။ ဂျပန်တို့သည် အတိတ်ကို အတိတ်မှာသာ ထားရစ်ကာ ပြန်ပြောင်းအောက်မေ့မနေကြဘဲ
ဇာမဏီငှက်အလား ပြာပုံတွင်းမှ ရုန်းထကာ နိုင်ငံသားတို့၏ စည်းလုံးညီညွတ်မှုအင်အားကို
ပြသနိုင်ခဲ့သည်။
ဂျိုဆွန်း(ကိုရီးယားနိုင်ငံ)၏ ပထမနှစ် ၂၀၀ ကို
ငြိမ်းချမ်းသည်ဟုဆိုရလျှင် ၁၉ ရာစုနှောင်းပိုင်း ဂျပန်လက်အောက်သို့
ကျရောက်ခဲ့ချိန်တွင် ငြိမ်းချမ်းရေးပန်းတို့ ညှိုးနွမ်းခဲ့ရသည်ဟု ဆိုရမည်ပင်။
တိုင်းတစ်ပါးလက်အောက်ခံနိုင်ငံမှသည် ကိုရီးယား နှစ်ပိုင်းကွဲကာ ပြည်တွင်းစစ်ဖြစ်ခဲ့ရပြီး
၁၉၅၃ ခုနှစ်တွင် ငြိမ်းချမ်းရေးစာချုပ်မချုပ်ဆိုဘဲ ပြည်တွင်းစစ် ပြီးဆုံးခဲ့သည်။
စစ်ပြီးကာလနောက်ပိုင်း ရုန်းထလာသည့် တောင်ကိုရီးယားနိုင်ငံကို
လေ့လာကြည့်မည်ဆိုလျှင် အာရှဒေသ လူသားဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်းတွင်
ပဉ္စမနေရာတွင်ရှိကာ ကမ္ဘာ့မြန်နှုန်းမြင့် အင်တာနက်ချိတ်ဆက်မှု၊ မြန်နှုန်းမြင့်
ရထားလမ်းကွန်ရက်၊ ကမ္ဘာ့ဆဋ္ဌမအကြီးဆုံး စစ်တပ်တို့ကို ပိုင်ဆိုင်ထားသည်။
တစ်ကမ္ဘာလုံးက ကေပေါ့ပ်ဂီတနှင့် ကိုရီးယားဒရာမာများတွင် စီးမျောလိုက်ပါရင်း
ကိုရီးယားဝေဗ့်ဟုပင် ရည်ညွှန်း တင်စားကြရသည်အထိ လက်ရုံးရည်၊ နှလုံးရည်နှင့်
ပြည့်လာခဲ့သည်။
အတိတ်သမိုင်းမှ ရုန်းထွက်သင့်ပြီ
အထက်ပါနိုင်ငံများအဖို့ ကိုလိုနီအတိတ်သမိုင်းများနှင့်
စစ်ဘေးစစ်ဒဏ်များကို အသက်ပေါင်းများစွာ၊ ဘဝပေါင်းများစွာနှင့် ရင်းနှီးပေးဆပ်
တွေ့ကြုံရသူများပင်။ ကိုလိုနီစနစ်ဆိုးဟု ခေါင်းစဉ်တပ်၊ ခံစားကြေကွဲ ရပ်တန့်မနေကြ။ အချင်းချင်း
အပြစ်ပုံချ၍ ကိုလိုနီအတိတ်ကို လက်ညှိုးထိုး တင်းခံနေသူမပါ၊ ဦးဆောင်ဦးရွက်ပြုသူမှသည်
နိုင်ငံသားတိုင်းက အတိတ်တို့၏ အမှားအယွင်းများကို သင်ခန်းစာအဖြစ်ရယူ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်
အနာဂတ်ကိုသာရှေးရှုကာ ရဲရဲဝံ့ဝံ့လျှောက်လှမ်းခြင်းမှသည် အောင်မြင်မှုအသီးအပွင့်များ
ရရှိခံစားနေကြခြင်းပင် ဖြစ်ပါသည်။ အထူးသဖြင့် ထိုတိုင်းပြည်အသီးသီး အောင်မြင်မှု၏ အဓိကသော့ချက်မှာ
အချင်းချင်း မကွဲမပြား ညီညွတ်စွာ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးကို ဦးတည်
ကြိုးပမ်းကြခြင်းကြောင့်ပင် ဖြစ်သည်။
မိမိတို့နိုင်ငံတွင်တော့ ယခုထက်တိုင် ဝါဒစွဲ၊ လူမျိုးစွဲ၊
ပုဂ္ဂိုလ်စွဲစိတ်ဓာတ်များဖြင့် မယုံကြည်မှုသံသယများအကြား တဝဲလည်နေဆဲ။ လက်နက်ကိုင်ပဋိပက္ခများ
မပြီးသေးခင် နိုင်ငံရေးအယူအဆများ၊ သွေးထိုးလှုံ့ဆော်မှုများနှင့် အကြမ်းဖက်သမားတို့ကြောင့်
ဒေသအချို့ ယမ်းငွေ့တို့ မငြိမ်းနိုင်။ ခေတ်အဆက်ဆက်အစိုးရတို့ အင်တိုက်အားတိုက်
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ချက်တို့သည် အဖျက်သမား၊ သောင်းကျန်းသူတို့၏
ဖျက်ဆီးမှုအောက်ဝယ် တည်ဆောက်ရင်း၊ ပျက်စီးရင်း ဝဲဩဃထဲ ချာချာလည်လျက်ရှိနေသည်ဟု
ခံစားမိသည်။
သာဓကယူစရာ နိုင်ငံတစ်ခုလည်း ကျန်ရှိပါသေးသည်။ အပြိုပြိုအလဲလဲ
ဆိုဗီယက်မှသည် ယနေ့မြင်တွေ့ရသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအဖြစ် မြင်တွေ့ရသည်မှာ
လွယ်လွယ်နှင့် ပေါ်ပေါက်လာရခြင်းမျိုး မဟုတ်ခဲ့ပါ။ အာရှနှင့် ဥရောပတိုက်တို့၏
မြေနေရာအကျယ်ဆုံးတည်ရှိနေပြီး တိုင်းရင်းသားလူမျိုးပေါင်း ၂၀၀၊ ဘာသာစကား ၂၇
မျိုးနှင့် စံတော်ချိန် ၁၁ ခုတို့ ပေါင်းစပ်ထားသည့် ရုရှားသည် နိုင်ငံ့စီးပွားရေး၊
လူမှုရေး၊ စစ်ရေး၊ ယဉ်ကျေးမှု အစရှိသဖြင့် အဘက်ဘက်မှ အင်အားတောင့်တင်းအောင်
ကြိုးပမ်းနိုင်ခဲ့ခြင်းမှာ မတူကွဲပြားမှု သီးခြားဝိသေသန များစွာတို့ရှိနေသည့်တိုင်
တိုင်းပြည်အပေါ် အလေးထားမြတ်နိုး သစ္စာစောင့်သိသူ ပြည်သူများ၏ ညီညွတ်မှုကြောင့်ဆိုသည်မှာ
မလွဲဧကန်ပင် ဖြစ်ပါသည်။
မိမိတို့နိုင်ငံမှာတော့ ဘိုးဘွားတို့ကျေးဇူးကြောင့် သင့်တင့်သည့်
နိုင်ငံအကျယ်အဝန်း နယ်နိမိတ်ကို ပိုင်ဆိုင်ခဲ့ကြရပြီး လွတ်လပ်ရေးရရှိသည်မှာလည်း
(၇၆)နှစ်သို့ တိုင်ခဲ့ပါပြီ။ သို့သော် လွတ်လပ်ခြင်း၏ အနှစ်သာရကိုမူ တင်းပြည့်ကျပ်ပြည့်
မခံစားနိုင်သေး။ လွတ်လပ်ခြင်းမှသည် သာလွန်သော အေးချမ်းသာယာဝပြောခြင်းကို မဆိုထားဘိ
မူလအေးချမ်းခဲ့သည့် ဒေသအချို့ပင် မီးဟုန်းဟုန်း တောက်လောင်လျက်ရှိကာ ဒေသခံတို့မှာ
ယာယီနေရပ်စွန့်ခွာစခန်းများတွင် တည်ရှိနေကြရဆဲ။ အပြစ်မဲ့ပြည်သူအချို့ကို ဒလန်၊
နိုင်ငံ့ဝန်ထမ်းများက Non CDM ဟုဆိုကာ ဖမ်းဆီးသတ်ဖြတ်မှုရှိနေဆဲ၊ အကြမ်းဖက်သမား
တိုင်းပြည်သစ္စာဖောက် များနှင့် လက်နက်ကိုင်အချို့၏ ကိုယ်ကျိုးရှာ ဖန်တီးမှုစစ်ပွဲများမှ
သွေးစက်တို့ မခန်းခြောက်သေး။
သမင်မွေးရင်း ကျားစားရင်း
အကျပ်ကိုင်ခြိမ်းခြောက်မှုများကြောင့် ခေါင်းလောင်းသံကြားခွင့်မရသည့်
စာသင်ကျောင်းများ၊ ဗုံးဆန်ကြောင့် ပြိုလဲကျခဲ့ရသည့် နိုင်ငံပိုင်အဆောက်အအုံများ၊
တံတားများ၊ လမ်းများ၊ တာဝါတိုင်များ၊ စစ်တလင်းအဖြစ် အသွင်ပြောင်းခဲ့ရသည့်အတွက် ပပ်ကြားအက်နေသည့်
လယ်ယာစိုက်ခင်းများ.....။ ယင်းတို့မှာ အနှစ်နှစ်အလလ တည်ဆောက်ခဲ့ကြရသည့်အရာများဖြစ်ပြီး
ဖျက်ဆီးသူများကြောင့် ပြန်လည်တည်ဆောက်ရေးကာလက အတောမသတ်နိုင်ဘဲ သမင်မွေးရင်း
ကျားစားရင်း ဝမ်းနည်းဖွယ် ကောင်းလေစွ။
ဒုတိယကမ္ဘာစစ်ကာလ စစ်မက်တို့ အရှိန်ကောင်းနေဆဲအချိန် ၁၉၄၅
ခုနှစ် ဩဂုတ်လအတွင်း ဂျပန်နိုင်ငံ နာဂါဆာကီမြို့လေးကို အမေရိကန်တို့ အဏုမြူဗုံးကြဲခဲ့သည်။
"The
Fat Man" ဟု အမည်ရသည့်
ယင်းအဏုမြူဗုံးကြဲချိန်မှာ မွန်းမတည့်မီအချိန်။ မြို့ပေါ်ရှိ စာသင်ကျောင်းလေးထဲတွင်
ကလေးငယ်တို့ စာသင်ကောင်းတုန်းအချိန် ဖြစ်ပေလိမ့်မည်။ ဗုံးကြောင့် ကလေးများ၏ စာသင်ကျောင်းလေး
မီးသင့်ခဲ့ရသလို မစားရသေးသည့် ထမင်းဘူးကလေးများမှာ ပိုင်ရှင်များပျောက်ကွယ်ခဲ့ရသည်။
မျိုးဆက်ပေါင်းများစွာအထိ အဏုမြူဗုံးဒဏ်သင့်ခဲ့ရသည်။ ယနေ့တိုင်
နာဂါဆာကီမြို့လေးရှိ ပြတိုက်အတွင်း ထိုကာလ၏ အမှတ်တရဓာတ်ပုံများ၊
မီးသွေးဖြစ်သွားသည့် ထမင်းခဲကလေးများ ပါဝင်နေသည့် မီးကျွမ်းနေသော
ထမင်းချိုင့်ကလေးအပါအဝင် အခြားအမှတ်တရများစွာတို့ကို မြင်တွေ့နိုင်သည်။ ဂျပန်လူမျိုးတို့
ထိုပြတိုက်သို့ လာရောက်ကြည့်ရှုကြသည်။ နာကြည်းမုန်းတီးဖို့ကားမဟုတ်။ အတိတ်နေ့စွဲများကို
ပြန်ပြောင်းသတိရကာ အလားတူအမှားမျိုး မိမိလည်းမလုပ်မိအောင်၊ မည်သူမျှလည်း မလုပ်မိတော့အောင်
သတိပြုကြစေရန်သာ။ ယခုမူကား နာဂါဆာကီမှ ပြတိုက်သည် အေးချမ်းလှပသောနေရာအဖြစ်
ရှိနေပြီ။
စစ်ပွဲတိုင်းတွင် အကြီးမားဆုံးသော ဆုံးရှုံးသည့်အရာမှာ
နိုင်ငံနှင့် နိုင်ငံသားများ၏ အနာဂတ်ပင် ဖြစ်ပါသည်။ စစ်ပွဲတိုင်းသည် အပြစ်မဲ့ပြည်သူများအပေါ်
အမြတ်ထုတ်ခြင်းသာဖြစ်ပြီး စစ်ပွဲများနှင့် နိုင်ငံအတွက် အဖြေမှန်ရှာ၍ မရသည်ကို
လွတ်လပ်ရေးရပြီးသည်မှာ နှစ်ပေါင်း (၇၆) နှစ်အကြာ အတွေ့အကြုံများအရ နားလည်သဘောပေါက်သင့်ပါပြီ။
မိမိတို့နိုင်ငံ လွတ်လပ်ရေးရပြီးချိန်မှ ဆယ်စုနှစ်
ခုနစ်ခုကို ကျော်လွန်ဖြတ်သန်းလာခဲ့ပြီးချိန် ပြည်တွင်းစစ်ပွဲများကို
အကြောင်းရင်းမျိုးစုံ၊ ခေါင်းစဉ်မျိုးစုံပြောင်း၍ ကောက်ချက်ချခြင်းများထက်
မြေစာပင်ပြည်သူများအဖို့မှာမူ စစ်မီးငြိမ်းစေရေးသည်သာ သူတို့မျှော်လင့်ချက်၊
သူတို့အနာဂတ်ဖြစ်သည်။ လွတ်လပ်ရေးကို ဘိုးဘေးတို့ဖြစ်သည့် တိုင်းရင်းသား
လူမျိုးပေါင်းစုံတို့က အသက်သွေးချွေးတို့ဖြင့် အရယူပေးခဲ့သည်။ ရရှိပြီးသား
လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်ခြင်းဟုဆိုလိုက်လျှင် လွတ်လပ်ရေးအသီးအပွင့်များဖြစ်သည့်
အေးချမ်းခြင်း၊ သာယာဝပြောခြင်းနှင့် တိုးတက်မြင့်မားခြင်းတို့ အရယူနိုင်ရေး အဓိကအကြောင်းတရားဖြစ်သည့်
ညီညွတ်ခြင်းကိုသာ အမြန်ဆုံး စတင်တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း တင်ပြခြင်းဖြင့် (၇၆)
နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြု လိုက်ရပါသတည်း။ ။
No comments:
Post a Comment