Monday, December 4, 2023

အမျိုးသားရေးစိတ်ဓာတ်အခြေခံလို့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စို့

 


ကျော်တင့်(ရွှေခရမ်း)

နိုင်ငံတစ်နိုင်ငံအတွက် နိုင်ငံမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် အရေးကြီးသော လိုအပ်ချက်များစွာရှိသော်လည်း အဓိကအရေးကြီးဆုံးအချက်သည် အမျိုးသားရေးစိတ်ဓာတ်ပင်ဖြစ်သည်။ မြန်မာနိုင်ငံအား ကိုလိုနီနယ်ချဲ့တို့၏ လက်အောက်မှလွတ်မြောက်စေရန် မြန်မာတစ်မျိုးသားလုံးက အမျိုးသားရေးစိတ်ဓာတ် နိုးကြားတက်ကြွမှုအပြည့်ဖြင့် တွန်းလှန်တိုက်ခိုက်ခဲ့သောကြောင့် လွတ်လပ်ရေးကို အရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ တစ်နိုင်ငံလုံးအမျိုးသားရေးစိတ်ဓာတ်များ နိုးကြားတက်ကြွလာစေရန်အတွက် နယ်ချဲ့အစိုးရ၏ ကျွန်ပညာရေးစနစ်ဆိုးဖြစ်သည့် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ဆန့်ကျင်သပိတ်မှောက်ခဲ့သော ၁၉၂၀ ပြည့်နှစ် အမျိုးသားပညာရေးလှုပ်ရှားမှုက အစပြုခဲ့ခြင်းဖြစ်သည်။

အမျိုးသားပညာရေးလှုပ်ရှားမှုသည် ကျွန်စိတ်၊ ကျွန်သွေးနှင့် အခြေအမြစ်မှယိုယွင်းပျက်စီးနေသည့် ကိုလိုနီပညာရေးစနစ်ဆိုးကို အမြစ်ကဆွဲနုတ် မြေလှန်ပစ်သော အမျိုးသားပညာရေးလှုပ်ရှားမှုပင်ဖြစ်သည်။ ထိုကဲ့သို့ အမျိုးသားရေးစိတ်ဓာတ်ကို လှုံ့ဆော်ပေးခဲ့သည့်အတွက် ၁၉၂၂ ခုနှစ် ဇွန်လတွင် ရန်ကုန်မြို့ ဂျူဗလီဟော၌ ကျင်းပသော ဂျီစီဘီအေအထူးကွန်ဖရင့်က တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့အား အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ်ဆုံးဖြတ်ခဲ့ကြပါသည်။ အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းသည် မြန်မာတစ်မျိုးသားလုံး၏ အမျိုးသားရေး စိတ်ဓာတ်များထာဝစဉ်ရှင်သန်နိုးကြားနေစေရန် ရည်ရွယ်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ပညာရေးလှုပ်ရှားမှုတစ်ရပ်အဖြစ် စတင်ပေါ်ပေါက်

အမျိုးသားအောင်ပွဲနေ့သည် မြန်မာအမျိုးသားပညာရေးလှုပ်ရှားမှုတစ်ရပ်အဖြစ် စတင်ပေါ်ပေါက် ခဲ့သော်လည်း လွတ်လပ်ရေးကြိုးပမ်းမှု၊ နယ်ချဲ့ဆန့်ကျင်ရေး၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများ သွေးစည်းညီညွတ်ရေး၊ ပညာရည်မြင့်မားရေးစသည့် အမျိုးသားရေးလှုပ်ရှားမှုကြီးအဖြစ် ဖြစ်တည်လာခဲ့သည်။ ၁၉၂၂ ခုနှစ်က စတင်သတ်မှတ်ခဲ့သော အမျိုးသားအောင်ပွဲနေ့သည် မြန်မာနိုင်ငံအတွက် နှစ်ပေါင်း ၁၀၀ ကျော်သည့်တိုင် ယနေ့ထက်ထိ အရေးပါနေဆဲဖြစ်ပါသည်။ ၁၉၂၀ ပြည့်နှစ်တွင် စတင်ခဲ့သော အမျိုးသားရေးလှုပ်ရှားမှုကြီးသည် ၂၀၂၀ ပြည့်နှစ်တွင် နှစ် ၁၀၀ တိုင် ရာပြည့် သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့ပြီဖြစ်ပြီး ယခု ၂၀၂၃ ခုနှစ်တွင် (၁၀၃) နှစ်တိုင် ပြည့်မြောက်လာပြီဖြစ်သည်။

မြန်မာနိုင်ငံသည် ရှေးပဝေသဏီကတည်းကပင် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းဖြင့် မားမားမတ်မတ်ရပ်တည်နိုင်ခဲ့သော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အနော်ရထာ၊ ဘုရင့်နောင်နှင့် အလောင်းမင်း တရားတို့လက်ထက်တွင် ကာကွယ်ရေးအင်အားကို ကျောထောက်နောက်ခံပြုလျက် စည်းလုံး ညီညွတ်သော မြန်မာနိုင်ငံတော်ကြီးကို ခံ့ညားထည်ဝါစွာ တည်ထောင်နိုင်ခဲ့သည်။ ကျူးကျော် စော်ကားလာသူများကိုလည်း စည်းလုံးညီညွတ်မှု စွမ်းအား၊ ကာကွယ်ရေးစွမ်းအားတို့ဖြင့် တိုက်ထုတ်နိုင်ခဲ့သည်။ သို့ရာတွင် ကုန်းဘောင်ခေတ်နှောင်းပိုင်း ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် သူ့ကျွန် ဘဝကျရောက်ခဲ့ပြီး တိုင်းရင်းသား ညီအစ်ကိုများသည် ရရာလက်နက်စွဲကိုင်လျက်နယ်ချဲ့တို့အား တွန်းလှန်တိုက်ခိုက်ခဲ့ကြသော်လည်း ၁၉၀၀ ပြည့်လွန်နှစ်များတွင် အမျိုးသားရေးစိတ်ဓာတ် အနည်း ငယ် မှေးမှိန်သွားခဲ့ရသည်။ အမျိုးသားရေးစိတ်ဓာတ်များ မှေးမှိန်လာစေရန် နယ်ချဲ့တို့က မြန်မာနိုင်ငံသားများအား ပညာရည်အဆင့်အတန်း နိမ့်ပါးအောင် ဆောင်ရွက်ခဲ့ကြသည်။ ထို့အပြင် ဗြိတိသျှနယ်ချဲ့တို့သည် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ပညာရေးစနစ်သစ် တက္ကသိုလ်အက်ဥပဒေကို ထုတ်ပြန်ကြေညာခဲ့သည်။

ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက်

ရန်ကုန်တက္ကသိုလ် အက်ဥပဒေသည် ကျွန်ပညာရေးကို သက်ဆိုးရှည်စေသော ဥပဒေဖြစ်သလို မြန်မာလူမျိုးတို့၏ ဘာသာသာသနာနှင့် မြန်မာတို့၏ အသိဉာဏ်ဖွံ့ဖြိုးတိုးတက်မှုကို ဖိနှိပ်ချုပ်ချယ်နိုင်စေရန် ရေးဆွဲထားသော ဥပဒေဖြစ်သည်။ ထိုဥပဒေသည် ငွေကြေးတတ်နိုင်သူ လူနည်းစုကိုသာ တက္ကသိုလ်ပညာ သင်ကြားခွင့်ရရှိစေပြီး ပညာထူးချွန်သော်လည်း ငွေကြေးမတတ်နိုင်သည့် တောင်သူလယ်သမားများ၊ အလုပ်သမားများနှင့် လက်လုပ်လက်စား အောက်ခြေလူတန်းစားများ၏ သားသမီးများကို ပညာဆက်လက်သင်ကြားခွင့် မရရှိနိုင်အောင် ချုပ်ချယ်ကန့်သတ်ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

အဆင့်အတန်းခွဲခြားထားသည့် ထိုဥပဒေကို ကောလိပ်ကျောင်းသားများအပါအဝင် ပြည်သူအားလုံးက အပြင်းအထန်ကန့်ကွက်ခဲ့ကြသည်။ မည်သို့ပင်ကန့်ကွက်နေစေကာမူ မြန်မာတို့ ပညာရေးအကြောင်း နားမလည်ဟုဆိုကာ တောင်းဆိုချက်များကိုလျစ်လျူရှုပြီး တက္ကသိုလ်အက်ဥပဒေကို အတည်ပြုကြောင်း ကြေညာခဲ့သည်။

ထိုပြဋ္ဌာန်းချက်ကို လက်မခံနိုင်သည့် ရန်ကုန်ကောလိပ်ကျောင်းသား ၁၁ ဦးဖြစ်သည့် ကိုဘခင်၊ ကိုဖိုးကွန်း၊ ကိုဘဦး၊ ကိုအောင်ဒင်၊ ကိုထွန်းဝင်း၊ ကိုဖေသိန်း၊ ကိုဘရှင်(သံတွဲ)၊ ကိုညီပိတ်၊ ကိုဘရှင်(ထားဝယ်)၊ ကိုလှတင်နှင့်ကိုဧတို့သည် ၁၉၂၀ ပြည့် နှစ် ဒီဇင်ဘာ ၃ ရက်တွင် ရွှေတိဂုံဘုရားကုန်းတော်၌ တွေ့ဆုံကြပြီး သပိတ်မှောက်ရန် အစီအစဉ်ရေးဆွဲခဲ့ကြသည်။ ထို့နောက်တွင် ဗဟန်းကြားတောရ ဦးအရိယဘုန်းကြီးကျောင်းတိုက်ရှေ့ရှိ ဒေါ်ကြုပ်ဇရပ်အဆောင်တွင် စုဝေးခဲ့ကြပြီး သပိတ်မှောက်ကောင်စီကို ဖွဲ့စည်းကာ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက်ရန်၊ ပညာရေး ဥပဒေပြင်ပေးရေးအတွက် တောင်းဆိုသွားရန်နှင့် တောင်းဆိုချက်များ မပေးသမျှ ကာလပတ်လုံး ကျောင်းပြန်မတက်ရန်တို့ကို ဆုံးဖြတ်ခဲ့ကြသည်။

တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ ပြည်သူတစ်ရပ်လုံး ပါဝင်ဆင်နွှဲ

မူလက ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ဆန္ဒပြ သပိတ်မှောက်ရန် စီစဉ်ထားသော်လည်း အခြေအနေအရ ဒီဇင်ဘာလ ၅ ရက်နေ့ တန်ဆောင်မုန်းလပြည့် ကျော် ၁၀ ရက်နေ့တွင် ကျောင်းသားများ စတင်သပိတ်မှောက်ခဲ့ကြသည်။ အကြမ်းမဖက်သောနည်းဖြင့် ကျယ်ပြန့်လှသော လူထုတိုက်ပွဲတစ်ရပ်ကို မြန်မာမျိုးချစ်ကျောင်းသားများက စတင်ပြီး သပိတ်မှောက်ရာမှ နိုင်ငံတစ်ဝန်းရှိ ကျောင်းသားထုတစ်ရပ်လုံး၊ ပြည်သူတစ်ရပ်လုံးပါဝင်ဆင်နွှဲကာ နယ်ချဲ့အင်္ဂလိပ်တို့၏ တစ်ဖက်သတ် ကိုလိုနီပညာရေးစနစ်ကို တိုက်ဖျက်ခဲ့ကြသည်။

“ဗမာပြည်ကို ချစ်ပါ၊ ဗမာစာကိုချီးမြှင့်ပါ၊ ဗမာစကားကိုလေးစားပါ” ဆိုသော လှုံ့ဆော်ကြွေးကြော်မှု များသည် “သခင်မျိုးဟေ့ဒို့ဗမာ”ဆိုသော အမျိုးသားရေးစိတ်ဓာတ်ကို လှုံ့ဆော်ခဲ့ကြသည်။ ငွေကြေးတတ်နိုင်သူများ၊ အလှူရှင်များကလည်း သပိတ်မှောက် ကျောင်းသား ကျောင်းသူများ၏ နေရေးထိုင်ရေး၊ စားရေးသောက်ရေး၊ ကျန်းမာရေးတို့အတွက် အဆင်ပြေအောင် ဝိုင်းဝန်းကူညီ ဖြည့်ဆည်းခဲ့ကြသည်။ ကိုယ့်အားကိုယ်ကိုး အမျိုးသားကောလိပ်နှင့် အမျိုးသားကျောင်းများ တည်ထောင်ဖွင့်လှစ်နိုင်ရန် ဝိုင်းဝန်းလှူဒါန်းခဲ့ကြသည်။

အမျိုးသားပညာရေးကျောင်းများ ပေါ်ထွန်းလာ

အမျိုးသားပညာရေးသပိတ်နှင့်အတူ အမျိုးသားပညာရေးကျောင်းများ ပေါ်ထွန်းလာခဲ့ပြီး ၁၉၂၁ ခုနှစ် ဩဂုတ်လတွင် ရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိ ရွှေကျင်ကျောင်းတိုက်ကြီး၌ ဗဟန်းကောလိပ်ဟု အမည်တွင်သော အမျိုးသားကောလိပ်ကို ဖွင့်လှစ်နိုင်ခဲ့သည်။ သခင်ကိုယ်တော်မှိုင်း၊ သခင်မြ၊ ဒီးဒုတ် ဦးဘချို စသည့်ပုဂ္ဂိုလ်ကြီးများက ဦးဆောင်ကာ တက္ကသိုလ်ပညာတတ် မျိုးချစ်လူငယ်များသည် မိမိတို့၏ ကိုယ်ကျိုးကိုစွန့်လွှတ်ပြီး အမျိုးသားကျောင်းများတွင် ကျောင်းဆရာတာဝန်ကို ထမ်းဆောင်ကြသည်။ ထိုကဲ့သို့ အမျိုးသားကျောင်းများ ပေါ်ထွက်လာခဲ့ခြင်းကြောင့် ထိုကျောင်းများမှပင် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနုတို့ကဲ့သို့သော ကိုယ်ကျိုးစွန့် စံပြနိုင်ငံရေးသမားကောင်းကြီးများ ပေါ်ထွက်လာခဲ့ပြီး နိုင်ငံလွတ်လပ်ရေးကို မဆုတ်မနစ် ရယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။

၁၉၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း မန္တလေးမြို့၌ကျင်းပသည့် ဂျီစီဘီအေ ပြည်လုံးကျွတ်ညီလာခံကြီး၌ အမျိုးသားနေ့သတ်မှတ်ရန် ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ ထိုညီလာခံတွင်အချို့က သီပေါဘုရင် ပါတော်မူသောနေ့၊ အချို့က ဦးဥတ္တမအဖမ်းခံရသောနေ့ကို အကြံပေးကြသည်။ ၁၉၂၀ ပြည့်နှစ် သပိတ် ၁၁ ဦးကော်မတီတွင် ပါဝင်ခဲ့သော ဦးမြင့်က နယ်ချဲ့ကို ပထမဆုံး ထိထိရောက်ရောက်တော်လှန်သပိတ် မှောက်ခဲ့သည့် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ရန် အကြံပြုခဲ့သည်။

ထို့ကြောင့် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ဂျူဗလီဟော၌ ပြုလုပ်သည့် ဂျီစီဘီအေ အထူးကွန်ဖရင့်က ကောလိပ်ကျောင်းသားများက ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ဆန့်ကျင်ကန့်ကွက်သပိတ်မှောက်ခဲ့သည့် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် တညီတညွတ်တည်း ဆုံးဖြတ်သတ်မှတ်ခဲ့ကြသည်။

လွတ်လပ်ရေးရရှိအောင် တွန်းပို့ပေးခဲ့သည့် အရေးပါသော နေ့တစ်နေ့

အမျိုးသားပညာရေးတိုက်ပွဲသည် လွတ်လပ်ရေးတိုက်ပွဲပင်ဖြစ်ပြီး အမျိုးသားပညာရေးသပိတ်၏ အမြင့်ဆုံးရည်မှန်းချက်သည် တစ်နိုင်ငံလုံးလွတ်မြောက်ရေးပင်ဖြစ်သည်။ ကျွန်ပညာရေး သပိတ်တိုက်ပွဲများသည် လွတ်လပ်ရေးကြိုးပမ်းမှုကို အားကောင်းစေသော အမျိုးသားရေးစိတ်ဓာတ်များ ပေါက်ဖွားရာ အခြေခံအုတ်မြစ်ဖြစ်ပြီး မြန်မာနိုင်ငံလွတ်လပ်ရေးရရှိအောင် တွန်းပို့ပေးခဲ့သည့် အရေးပါသော နေ့တစ်နေ့ဖြစ်ပါသည်။

အမျိုးသားအောင်ပွဲနေ့အဖြစ် ရှေးယခင်ကတည်းက ဇာတ်ပွဲ၊ ရုပ်သေးပွဲ၊ အိုးစည်ဒိုးပတ်ပွဲများ၊ ကျောင်းသား ကျောင်းသူများ၏ ပဒေသာကပွဲများ၊ နိဗ္ဗာန်ဈေးပွဲတော်များ စသည့်ပျော်ပွဲရွှင်ပွဲများဖြင့် ခြိမ့်ခြိမ့်သဲသဲ တစ်နိုင်ငံလုံးဆင်နွှဲကြပြီး အမျိုးသားရေးစိတ်ဓာတ်များနိုးကြားစေခဲ့သည်။ နိုင်ငံတော်ကလည်း အမျိုးသားအောင်ပွဲနေ့အဖြစ် နှစ်စဉ်အထိမ်းအမှတ် အခမ်းအနားများ ကျင်းပပြီး အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ယူနိုင်စေရန် ဆောင်ရွက်လျက်ရှိသည်။

အမျိုးသားရေးစိတ်ဓာတ်သည် တိုင်းပြည်နှင့် လူမျိုးကိုချစ်ခင်သောစိတ်ဓာတ်ပင်ဖြစ်သည်။ တစ်နိုင်ငံတည်းနေ၊ တစ်မြေတည်းဖွား တိုင်းရင်းသားညီအစ်ကိုများကို ချစ်ခင်ခြင်း၊ အမျိုးသားအကျိုး စီးပွားကိုကာကွယ်စောင့်ရှောက်ခြင်းနှင့် တိုင်းပြည်နှင့်လူမျိုးအကျိုးကို ထာဝစဉ်သယ်ပိုးသွားလိုသည့် စိတ်ဓာတ်ပင်ဖြစ်ပါသည်။

အမျိုးသားရေးစိတ်ဓာတ်ကို ဆက်လက်ထိန်းသိမ်းသွားရန်လိုအပ်

ပြည်ထောင်စုဖွား တိုင်းရင်းသားများသည် ရှေးပဝေသဏီကတည်းကပင် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ မရှိအတူရှိအတူ၊ အေးအတူပူအမျှ၊ ဥမကွဲသိုက်မပျက်၊ ဆိုးတူကောင်းဖက် လက်တွဲနေထိုင်လာခဲ့ကြသည်ဖြစ်သည်။ ထိုကဲ့သို့ ကမ္ဘာတည်သရွေ့ ထာဝရညီညီညွတ်ညွတ်နေထိုင် သွားနိုင်ရန်အတွက် မျိုးဆက်သစ်လူငယ်များအနေဖြင့် တိုင်းပြည်နှင့်လူမျိုးအတွက် အသက်တမျှ အရေးပါလှသော အမျိုးသားရေးစိတ်ဓာတ်ကို ဆက်လက်ထိန်းသိမ်းသွားရန် လိုအပ်ပါသည်။

ဂုဏ်ယူဖွယ် အမှတ်တရနေ့တစ်နေ့

လွတ်လပ်ရေးကို သန္ဓေတည်ပေးခဲ့သည့် အမျိုးသားအောင်ပွဲနေ့၏ အနှစ်သာရကို မျိုးဆက်သစ် လူငယ်များအကြား စွဲမြဲဂုဏ်ယူနိုင်စေရန် လိုအပ်သည်။ သို့မှသာလျှင် မိမိတိုင်းပြည်နှင့်လူမျိုး၊ စာပေ ယဉ်ကျေးမှုများကို ချစ်မြတ်နိုးစိတ်နှင့် အချုပ်အခြာအာဏာ၏ အရေးပါမှုတို့ကို တန်ဖိုးထားတတ်လာ နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်ပေးသည့် အမျိုးသားအောင်ပွဲနေ့သည် ဂုဏ်ယူဖွယ်အမှတ်တရနေ့ တစ်နေ့ဆိုသည်ထက် ယနေ့ထက်တိုင် အရေးပါနေဆဲ၊ လိုအပ်နေဆဲ နေ့တစ်နေ့ဖြစ်ပါသည်။ ဂလိုဘယ်လိုက် ဇေးရှင်းခေတ်တွင် ခေတ်သစ်ကိုလိုနီစနစ်ကို ကာကွယ်ရန်အတွက် အမျိုးသားရေးစိတ်ဓာတ်နှင့် ခံယူချက်များ လိုအပ်နေဆဲဖြစ်ပါသည်။

ယနေ့ကာလသည် တိုင်းတပါးသား မလိုမုန်းထားသူများ၏ ရန်စွယ်အန္တရာယ်ဖိအားများ ဝန်းရံ နေချိန်ဖြစ်သည့်အတွက် နိုင်ငံတော်မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် ပြည်သူများက ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး အမျိုးသားရေးစိတ်ဓာတ်အပြည့်ဖြင့် နေထိုင်ကြပါစို့ဟု တိုက်တွန်းရင်း အမျိုးသားအောင်ပွဲနေ့အား ဂုဏ်ပြုလိုက်ရပါသည်။ ။

No comments:

Post a Comment