Monday, December 25, 2023

ဒေသစီးပွားကို အထောက်အပံ့ပြုနေသည့် ပဲခူးဒေသမှ ငါးပိငါးခြောက်လုပ်ငန်းများ

 

“အခုလို ဆောင်းရာသီဆိုရာသီဥတု အေးအေးလေးနဲ့မနက်စာ ကောက်ညှင်းပေါင်းနဲ့ ငါးခြောက်မီးကင်၊ ငါးပိကင်လေးနဲ့ ထမင်းပူပူ ဒါတွေဟာ ခံတွင်းတွေ့တဲ့ အစားအစာတွေပါ။ အငန်ကဲတဲ့ ငါးပိ၊ ငါးခြောက်မျိုး၊ ယင်မနားဆေးတို့၊ ယမ်းစိမ်းတို့လို ဆေးဝါးတွေ သုံးတာမျိုး၊ ထုတ်လုပ် ရောင်းချမှု မသန့်တာမျိုးကို ကြောက်ကြလို့ ငါးပိငါးခြောက်ရှောင်တဲ့သူတွေလည်း ရှိလာတယ်။ ဒါပေမဲ့ မြန်မာ့ဟင်းလျာတွေနဲ့ ကင်းလို့မရတော့သန့်ရှင်းမှုရှိတဲ့၊ ဆေးမသုံးတဲ့၊ ကျန်းမာရေးအတွက် အခြေခံထားထုတ်လုပ်တဲ့ ငါးပိငါးခြောက်တံဆိပ် တွေကို ရွေးချယ်စားသုံးကြတာက များတယ်ဟု ရန်ကုန်မြို့မှ ဒေါ်မြမြဝင်းကပြောပြသည်။


မြန်မာနိုင်ငံသည် မြစ်ချောင်းအင်းအိုင်ပေါများ ပြီး ယင်းတို့မှထွက်ရှိသည့်ငါးကို အခြေခံထုတ်လုပ် ထားသည့် ငါးပိငါးခြောက်များသည် လူတန်းစားမရွေးစားသုံးသည့် စားသောက်ကုန်ဖြစ်သည်။ ထို့အတွက် စားသုံးမှုများသည့် ငါးပိငါးခြောက် လုပ်ငန်းများကို ကျန်းမာရေးနှင့်သင့်လျော်သည့် လုပ်ငန်းခွင်သန့်ရှင်းမှု၊ သိုလှောင်ထုပ်ပိုးမှု၊ ဖြန့်ဖြူး မှုရှိသည့် စားသောက်ကုန်များ ဖြစ်လာစေရန် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက အသိပညာပေးခြင်း၊ နည်းပညာပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လာကြသည်။

ငါးပိငါးခြောက်ထုတ်လုပ်မှုများသည့် ပဲခူးတိုင်းဒေသကြီးအတွင်း၌လည်း ငါးပိငါးခြောက် လုပ်ငန်းများ လုပ်ငန်းခွင်သန့်ရှင်းမှု၊ သိုလှောင် ထုပ်ပိုးမှု၊ ဖြန့်ဖြူးမှုရှိသည့်လုပ်ငန်းများ ဖြစ်လာ စေရန်စားသုံးရေးရာဦးစီးဌာနက သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းမှာ ငါးပိငါးခြောက်လုပ်တဲ့ လုပ်ငန်းတွေက ၁၅၇ ဦးခန့် ရှိပါတယ်။ တိုင်းဒေသကြီးအတွင်းက အင်းအိုင်မြစ်ချောင်းတွေကထွက်တဲ့ ရေထွက်ကုန်ကိုအခြေခံပြီး စားဝတ်နေရေးအတွက် အသက်မွေးမှုပြုကြတယ်။ တစ်နိုင်တစ်ပိုင် မိရိုးဖလာလုပ်ငန်းတွေလည်း ရှိတယ်။ ဒီလုပ်ငန်းကို အခြေခံပြီး တိုးတက်လာတဲ့ လုပ်ငန်းတွေလည်း များလာပြီ။ ဒီလုပ်ငန်းတွေ တိုးတက်အောင် ထောက်ပံ့ပေးတာဟာ ဒေသစီးပွားကို အထောက်အပံ့ပေးတာပါပဲ။ လုပ်ငန်းတိုးတက်ဖို့အတွက် ကူညီထောက်ပံ့ပေးတဲ့အခါ ထုတ်လုပ်ရောင်းချတဲ့သူတွေ၊ စားသုံးသူတွေအဆင်ပြေစေဖို့ ဆောင်ရွက်ပေးရပါတယ်။ ဒီအတွက် အသိပညာပေးတာ၊ နည်းပညာပေးတာတွေကို သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်ဟု ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇေယျာဆွေက ပြောကြားသည်။

တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနသည် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို အသိပညာ ပေးဆွေးနွေးပွဲများ၊ ဟောပြောပွဲများ ဆောင်ရွက်ခဲ့သည့်အပြင် လုပ်ငန်းများ ထုပ်ပိုးစနစ်တိုးတက်စေ ရေးအတွက်လည်း နည်းပညာပေးသင်တန်းများဖြင့် ကူညီဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကျွန်တော်တို့ ပျဉ်ပုံကြီးရွာငါးရံ့ခြောက်ကို စားသုံးသူအကြိုက်တွေ့ကြပါတယ်။ ဆားပေါ့တဲ့အတွက် ကျန်းမာရေးအတွက်လည်း သင့်တော်ပါတယ်။ ပြီးတော့စားသုံးသူတွေကြောက်တဲ့ ဆေးဝါးတွေကိုလည်းမသုံးစွဲပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း မိုးယွန်းကြီးအမှတ်တံဆိပ်နဲ့ ငါးပိငါးခြောက်တွေ ထုတ်လုပ်ရောင်းချပါတယ်။ ကျွန်တော်တို့ထုတ်လုပ်တဲ့ ငါးရံ့ခြောက်၊ အသင့်စားငါးရံ့ခြောက် က လူကြိုက်များတယ်။ ဒီလို လူကြိုက်များအောင်လည်း အရည်အသွေးကို ထိန်းသိမ်းထားပါတယ်။ ငါးရံ့ခြောက်က သဘာဝရေချိုငါးရံ့ကို အသုံးပြုရတာပါ။ နေရောင်ရဲ့အပူချိန်နဲ့ သုံးရက်၊ လေးရက် လှန်းတာဖြစ်တဲ့အတွက် ခြောက်သွေ့တယ်၊ ပိုးမွှားကင်းတယ်၊ သန့်ရှင်းတယ်၊ ဆေးဝါးလွတ်တယ်။ စားသုံးသူရေးရာဦးစီးဌာနက ဖွင့်လှစ်တဲ့သင်တန်းကနေ လိုအပ်တဲ့အသိပညာ၊ နည်းပညာလည်းရပါတယ်ဟု ပျဉ်ပုံကြီးကျေးရွာ မိုးယွန်းကြီး ငါးရံ့ခြောက်ရောင်းဝယ်ရေးမှ ဦးတင်ကိုလှိုင်က ပြောပြသည်။

ငါးရံ့ခြောက်ပြုလုပ်သည့် ငါးရံ့များကို ပဲခူးမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ဝေါမြို့နယ်၊ သနပ်ပင် မြို့နယ်တို့ရှိ ရေချိုအင်းအိုင်များမှ အများဆုံးရရှိပြီး ငါးရံ့အစိုတစ်ပိဿာကို ငွေကျပ် ၁၆၀၀၀ မှ ၁၈၀၀၀ အထိအကောင်အကြီး၊ အသေးအပေါ်မူတည်၍ ဝယ်ယူရကြောင်း၊ အဆိုပါငါးအစိုတစ်ပိဿာကို ခွဲခြမ်းပြီးနေလှန်းလျှင် ငါးခြောက်အဖြစ် ၂၅ ကျပ် သားမှ ၃၀ ကျပ်သားခန့် ထွက်ရှိကြောင်းသိရသည်။

ငါးရံ့ခြောက် ထုတ်လုပ်သူများအနေဖြင့် ငါးရံ့အစိုတစ်ပိဿာကို အခြောက်ပြုလုပ်ရာတွင် ခန့်မှန်း ငွေကျပ် ၃၀၀၀၀ ဖြစ်ပြီး ငါးရံ့ခြောက်တစ်ပိဿာကို ငွေကျပ် ၅၅၀၀၀ မှ ၆၀၀၀၀ ဈေးအထိ ဈေးရရှိပြီး ပဲခူးဒေသထွက်ငါးရံ့ခြောက်များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ လွိုင်ကော်စသည့်နေရာများသို့ အများဆုံးပို့ဆောင်ရောင်းချရမှုရှိကြောင်း သိရှိရသည်။

တိုင်းဒေသကြီးအတွင်းထွက်ရှိသည့် ငါးပိငါးခြောက်အပါအဝင် စိုက်ပျိုးမွေးမြူ ထုတ်ကုန်များ၊ လူသုံးကုန်ပစ္စည်းများကို တစ်နေရာတည်းတွင် ဝယ်ယူရရှိနိုင်ရန်နှင့် ပြည်တွင်း၊ ပြည်ပဈေးကွက် ပိုမိုရရှိရန် ရည်ရွယ်၍ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပဲခူးတိုင်းဒေသကြီး ထုတ်ကုန်များအရောင်းစင်တာကို ပဲခူးမြို့နှင့် ပြည်မြို့တို့တွင် ဖွင့်လှစ်ထားရှိပြီးဖြစ်သည်။

ကျွန်တော်တို့ ငါးပိလုပ်ငန်းဟာ ဆည်မြောင်း အင်းအိုင်ကထွက်တဲ့ ရေထွက်ကုန်ကိုပဲ အဓိကထား ထုတ်လုပ်ပါတယ်။ ဒီလိုမျိုး ဒေသထွက်ကုန်စင်တာမှာ ပါဝင်ခင်းကျင်းပြသရောင်းချနိုင်တာဟာ ကျွန်တော်တို့လို လုပ်ငန်းရှင်တွေအတွက် အကျိုး ကျေးဇူးများစွာရရှိတဲ့အတွက် အခြားလုပ်ငန်းရှင်တွေကိုလည်း ဖိတ်ခေါ်ချင်ပါတယ်။ ဒီလိုမျိုး MSMEs အရောင်းစင်တာတွေကတစ်ဆင့် ကျွန်တော်တို့ ကုန်ပစ္စည်းရဲ့ဈေးကွက်လည်း ချဲ့ထွင်နိုင်မှာဖြစ်ပြီး တစ်ဖက်တစ်လမ်းကလည်း အလုပ်အကိုင်အခွင့် အလမ်းတွေ တိုးတက်ရရှိအောင် ကူညီဆောင်ရွက် နိုင်မှာဖြစ်ပါတယ်ဟု ပဲခူးတိုင်းဒေသကြီးထုတ်ကုန် များအရောင်းစင်တာတွင် ပါဝင်ရောင်းချလျက်ရှိသည့် ရှင်မငါးပိ၊ ငံပြာရည်လုပ်ငန်းရှင် ဦးသူရဝင်းက ပြောသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းမှ ရေချို၊ ရေငန်ငါးပုစွန် ထုတ်လုပ်မှုလုပ်ငန်းများကို ပြည်တွင်းစားသုံးမှု အတွက်သာမက ပြည်ပသို့ပိုမိုတင်ပို့နိုင်ရေးအတွက် ကူညီထောက်ပံ့ဆောင်ရွက်လျက်ရှိသည့်အပြင် မိရိုး ဖလာစားသုံးမှုပုံစံများဖြစ်သည့် ငါးပုစွန်အစို၊ ငါးပိ၊ ငါးခြောက်၊ ငါးဆားနယ်စသည်တို့သာမက ငါးအသားလွှာ၊ ငါးအသားချောင်း၊ ငါးဆုပ်လုံး အစရှိသည့် အသင့်ချက်ငါးပုစွန်ကုန်‌ချောများကို ထုတ်လုပ်ပြီး ငါးလုပ်ငန်းကဏ္ဍကို မြင့်မားအောင် မြှင့်တင်သွားရန် စီမံဆောင်ရွက်လျက်ရှိသည်။

ငါးပိငါးခြောက်လုပ်ငန်းဆိုပေမယ့် အရင်းအနှီးက များပါတယ်။ ငါးရံ့ခြောက်ဆို ရေချိုငါးရံ့ ပေါတဲ့အချိန် ဝယ်ထား၊ လှန်းထား၊ စနစ်တကျသိမ်းထားပြီး အဝယ်လိုက်တဲ့အချိန်မှ ထုတ်ရောင်းရတာပါ။ ဒီအပေါ်မှာ ကုန်ဝယ်တဲ့အရင်းအနှီး၊ လှန်း ထား၊ သိမ်းထားနိုင်ဖို့ ငွေကြေးကို အဆင့်ဆင့်သုံးရပါတယ်။ ကုန်ပေါချိန်မှာသိမ်းထားမှလည်း ငါးဈေးနဲ့ သင့်လျော်တဲ့ငါးခြောက်ဈေးကို ရောင်းနိုင်မှာပါ။ ဒီအတွက် သုံးရတဲ့အရင်းအနှီးက များပါတယ်။ အခုနောက်ပိုင်း ကျန်းမာရေးနဲ့သင့်လျော်တဲ့ ထုတ်လုပ်သိမ်းဆည်းပုံအဆင့်ဆင့်ကို သိလာ ကြတယ်။ လုပ်လာကြတယ်။ နိုင်ငံတော်က ချေးငွေ လည်း ပေးနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ငါးပိငါးခြောက်လုပ်ငန်းဆိုပေမယ့် ရေထွက်ကုန်ထွက်တဲ့ နေရာဒေသတွေမှာ လုပ်ကိုင်မှုများတဲ့ ဒေသစီးပွားဖြစ်တဲ့အတွက်တိုးတက်အောင် အထောက်အပံ့တွေ ဆက်ပြီးတော့လည်း ပေးစေချင်ပါတယ်ဟု မိုးယွန်းကြီးငါးရံ့ခြောက် ရောင်းဝယ်ရေးမှ ဦးတင်ကိုလှိုင်က ပြောပြသည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်ဒေသအလိုက် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က ကိုဗစ်-၁၉ ရန်ပုံငွေမှတစ်ဆင့် ကူညီထောက်ပံ့ပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ငါးမွေးမြူရေးလုပ်ငန်း ရှင် ၁၇ ဦးသို့ ငွေကျပ်သိန်း ၂၉၁၀ ဒသမ ၀၀ အား ထုတ်ချေးထားကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

တိုင်းဒေသကြီးအတွင်းထွက်ရှိသည့်ရေထွက် ပစ္စည်းများသည် တိုင်းဒေသကြီးအတွင်းမှထွက်ရှိ သည့် ငါးထုတ်လုပ်မှုအပေါ်တွင် ၈၀ ရာခိုင်နှုန်း အခြေခံထားထုတ်လုပ်ကြောင်း သိရပြီး ပဲခူးတိုင်း ဒေသကြီးအတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ ငါမွေးမြူသူဦးရေ ၅၈၂၆ ဦး၊ ငါးမွေးကန်ဧက ၃၁၁၉၈ ဒသမ ၂၆၇ ဧက ရှိကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ပဲခူးတိုင်းဒေသကြီးမှ မွေးမြူထွက်ရှိသည့်ငါးများကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေပိတောက်ငါးဈေး၊ ကြည့်မြင်တိုင်ငါးဈေးတို့သို့ တင်ပို့ရောင်းချလျက်ရှိပြီး ပြည်ပတင်ပို့မှုအနေဖြင့် EU နိုင်ငံများနှင့် အခြားနိုင်ငံများသို့ အများဆုံးတင်ပို့ ရောင်းချလျက်ရှိကြောင်း သိရသည်။

အသင့်စား ငါးပိရည်ကျို အနှစ်ခြောက်လုပ်ငန်းကိုလက်ရှိမှာ လုပ်သားငါးဦးခန့်နဲ့လုပ်ငန်း လုပ်ကိုင်လျက်ရှိပါတယ်။ လုပ်ငန်းကိုစတင်တာတော့ သုံးနှစ်လောက်ရှိပါပြီ။ ကျွန်မတို့ထုတ်ကုန်ကို ပဲခူးတိုင်းဒေသကြီးထုတ်ကုန်များ အရောင်းစင်တာမှာလည်း ခင်းကျင်းရောင်းချလျက်ရှိပါတယ်။ ကျွန်မတို့ ထုတ်ကုန်ဟာ ပြည်တွင်းသာမက ပြည်ပကိုလည်း တင်ပို့ရပါတယ်။ ကျွန်မတို့ဒေသမှာ ဒီလိုတစ်ပိုင်တစ်နိုင်ထုတ်ကုန်တွေ တွင်ကျယ်လာဖို့ အားပေးတယ်။ ထုတ်လုပ်တဲ့ထုတ်ကုန်တွေကို အရောင်းစင်တာမှာ တင်ရောင်းလို့ရတော့ ဈေးကွက်အခွင့်အလမ်းလည်းရတယ်ဟု ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မှ ဒေါ်ဝင်း ငါးပိ ရည်ကျိုအနှစ်ခြောက်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်မိုးမိုးဦးကပြောသည်။

နိုင်ငံတော်က စိုက်ပျိုးမွေးမြူ ကုန်ထုတ်လုပ်မှု တိုးတက်ရေးနှင့်အညီ အခြေခံပြည်သူများ၏ လူမှု စီးပွားဘဝမြင့်မားရေးကိုလည်း ကြိုးပမ်း ဖော်ဆောင်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအတွင်း ရေလုပ်ငန်းများမှ ထွက်ရှိသည့် ငါးပိငါးခြောက် ရေထွက်ကုန်များကို ထုတ်လုပ်ရောင်းချခြင်းဖြင့် ဒေသစီးပွားကို တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ပြုလျက်ရှိသည်။ ထို့ကြောင့် ငါးပိ၊ ငါးခြောက် ရေထွက်လုပ်ငန်းများ ပိုမိုတိုးတက်ဖွံ့ဖြိုးအောင် ကြိုးပမ်းကြံဆောင်သွားမည်ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါသည်။          

မင်းမင်း

No comments:

Post a Comment