မြန်မာနိုင်ငံ၏ ကျေးလက်နေလူဦးရေသည် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းနှင့် နှစ်အလိုက်ခန့်မှန်းခဲ့သော စာရင်းများအရ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်ရှိပါသည်။ နိုင်ငံ၏ လူမှုစီးပွားမြှင့်တင်လိုပါက ကျေးလက်နေလူဦးရေ လူအများစု၏ စီးပွားဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးရန် လိုအပ်မည်ဖြစ်ပါသည်။
ကျေးလက်နေပြည်သူများသည်
နိုင်ငံအနှံ့အပြား နေထိုင်ကြပြီး အလုပ်အကိုင်မျိုးစုံ လုပ်ကိုင်နေကြသဖြင့် စီးပွားမြှင့်တင်ရန်မှာ
အခက်အခဲများ၊ စိန်ခေါ်မှုများ များစွာရှိမည်ဖြစ်သကဲ့သို့ အခွင့်အလမ်းများလည်း ရှိနေမည်သာဖြစ်ပါသည်။
ယင်းသို့သော အခြေအနေများစွာအနက်မှ အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားရေးနှင့်အလုပ်လုပ်
နိုင်သူများ၏ တစ်ဦးချင်းဝင်ငွေမြှင့်တင်ရေးကို အလေးထားကြိုးစား ဆောင်ရွက်နိုင်ပါက အထိုက်အလျောက်
လူမှုစီးပွားဘဝမြင့်တက်လာ မည်ဖြစ်ပါသည်။
အလုပ်အကိုင်များ
ကျေးလက်ဒေသများတွင်
နေထိုင်သူများ၏ အလုပ်အကိုင်နှင့် ဝင်ငွေအခြေအနေကို လေ့လာရာတွင် အလုပ်အကိုင်အသီးသီးအတွက်
တိကျသော စာရင်းဇယားအချက်အလက်များရရှိမှု အခက်အခဲရှိသဖြင့် အကြမ်းဖျင်းအားဖြင့်သာ အလုပ်အကိုင်အလွှာများကို
အောက်ပါအတိုင်း ခွဲခြားဖော်ပြပါသည်-
(က) မြေ ၅ ဧက အထက်ပိုင်ဆိုင်သော တောင်သူလယ်သမားများ၊
(ခ) မြေ ၅ ဧက အောက်ပိုင်ဆိုင်သော တောင်သူလယ်သမားများ၊
(ဂ) လယ်မဲ့ယာမဲ့ လယ်ယာအလုပ်သမားများနှင့် ပျံကျလုပ်သား
များ၊
(ဃ) ရေချို၊ ရေငန် ငါးဖမ်းကြသူများ၊
(င) တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ကိုင်သူများ၊
(စ) အသေးစား၊ အငယ်စား၊ အလတ်စား ထုတ်လုပ်မှုနှင့်
ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများ၊
(ဆ) မြို့ပြနှင့် နီးစပ်ရာဒေသများသို့ သွားရောက်လုပ်ကိုင်သူများ၊
(ဇ) ပြည်ပသို့ သွားရောက်အလုပ်လုပ်သူများ။
အလုပ်ရှိမှုနှင့်
အလုပ်လက်မဲ့ အခြေအနေလယ်ယာလုပ်ငန်း
လယ်ယာလုပ်ငန်းတွင်
ငါးဧကအထက် တောင်သူလယ်သမားများသည် နှစ်စဉ် သုံးသီးစိုက်ပျိုးနိုင်သူများဖြစ်လျှင် ရေ၊
မြေကောင်းမွန်ပါက နှစ်လုံးပေါက် အလုပ်အကိုင်ရှိသကဲ့သို့ သီးနှံပေါ်ချိန်တွင် ဝင်ငွေ
လည်း ရရှိနိုင်မည်ဖြစ်ပါသည်။ သို့သော်လည်း အိမ်ထောင်စုဝင် တစ်ဦး ချင်းစီအတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်သည်ဟု
တထစ်ချမပြောဆိုနိုင်ပါ။ အလားတူစွာနှစ်စဉ် နှစ်သီးစိုက်လယ်ယာများဖြစ်မည် ဆိုပါကစိုက်ပျိုးရေ
ရရှိသောဒေသများတွင်ပင်လျှင် တစ်နှစ်အတွင်းလေးလမှ ခြောက်လခန့်အထိသာ အလုပ်အကိုင်ရှိမည်ဖြစ်ပြီး
ကျန်အချိန်များတွင် အလုပ်အကိုင်မရှိ၍ ဖုံးကွယ်အလုပ်လက်မဲ့များဟု ခေါ်ဆိုရမည် ဖြစ်ပါသည်။
ငါးဧကအောက်
ပိုင်ဆိုင်သော တောင်သူလယ်သမားများအနေဖြင့် အလုပ်အကိုင်ရှိမှုနှင့် ဝင်ငွေရရှိမှုမှာ
လုပ်ငန်းလုပ်ကိုင်သူများသည်ပင်လျှင် တစ်နှစ်အတွင်း ငါးလခန့်ထက်မပိုသော ကာလအတွက်သာ အလုပ်အကိုင်ရရှိနိုင်ပြီး
ကျန်အချိန်များတွင်ဖုံးကွယ် အလုပ်လက်မဲ့များဖြစ်ပါမည်။ သီးနှံပေါ်ချိန်မှသာ ဝင်ငွေရရှိနိုင်ပါသည်။
သီးနှံဈေးနှုန်း နိမ့်ကျပါက ဝင်ငွေနည်းပြီး တစ်ဖက်တွင် စိုက်ပျိုးမှုကုန်ကျစရိတ် ဖြစ်သောမျိုး၊
သွင်းအားစု ကုန်ကျစရိတ်၊ လုပ်အားစရိတ် မြင့်မားမှုနှင့်ကြုံတွေ့ရသဖြင့် အကျိုးအမြတ်မရရှိသည့်အပြင်
ကြွေးတင်သူများလည်း များစွာရှိမည်ဖြစ်ပါသည်။ နှစ်စဉ်နှစ်တိုင်း ကြွေးတင်မည်ဆိုပါက လူနေမှုဘဝအဆင့်အတန်းမြင့်မားရန်မှာ
အလှမ်းကွာဝေးနေမည် ဖြစ်ပါသည်။
ထို့ပြင်
ကျေးရွာများတွင် အဆင်းရဲဆုံးဖြစ်သော လယ်ယာမဲ့လုပ်သားများ၊ ကျေးလက်ပျံကျ လုပ်သားများ၏
အခြေအနေမှာလည်း ငွေကြေးအရင်းအနှီးနည်းပါးခြင်း၊ အလုပ်အကိုင်နှင့် ဝင်ငွေပုံမှန်မရှိခြင်းတို့ကြောင့်
မိသားစုမှာ လူမှုစီးပွားဘဝနိမ့်ကျပြီး ဆင်းရဲနွမ်းပါးမှုမှ ကျော်လွှားလွတ်မြောက်နိုင်ရန်
အခက်အခဲများစွာ ရှိနေမည်ဖြစ်ပါ သည်။
သား၊
ငါးလုပ်ငန်း
တစ်ပိုင်တစ်နိုင်
မွေးမြူရေးလုပ်ကိုင်သူများ၊ ရေချိုရေငန်ငါးဖမ်းကြသူများ၊ ငါးမွေးကြသူများအနက် အချို့မှာလုပ်ငန်းတစ်ခုတည်းကို
သီးသန့်လုပ်ငန်း လုပ်ကိုင်သူများရှိသကဲ့သို့ လယ်ယာလုပ်ငန်းအပါအဝင် အခြားလုပ်ငန်းများနှင့်
တွဲဖက်လုပ်ကိုင်သူများလည်းတွေ့ရမည်ဖြစ်ပါသည်။ လယ်မဲ့၊ ယာမဲ့များ၊ ပျံကျ အလုပ်သမားများ
သည်လည်း ကြက်၊ ဘဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက်စသော အသေးစား မွေးမြူရေးလုပ်ငန်းများနှင့်
ရေချို၊ ရေငန် ငါးဖမ်းလုပ်ငန်းများကို လုပ်ကိုင်လျက် ဝင်ငွေရရှိအောင် ဆောင်ရွက်ကြသူများရှိပါသည်။
သို့သော် ကျေးလက်များတွင် အများအပြားမွေးမြူနိုင်မှုမရှိဘဲ အရင်းအနှီးနှင့် ဈေးကွက်လုံလောက်မှုမရှိခြင်းကြောင့်
ဝင်ငွေလည်းနည်းပါး ပါသည်။ ရာသီသဘာဝအခြေအနေအရငါး၊ ပုစွန်ဖမ်းလုပ်ငန်းသည်လည်းနှစ်ပေါက်
လစဉ်ဆောင်ရွက်၍မရဘဲ အချိန်ပိုင်းသာ အလုပ်အကိုင်ရှိပါသည်။
ထုတ်လုပ်မှုနှင့်
ဝန်ဆောင်မှုလုပ်ငန်းငယ်များ
ကျေးလက်များတွင်
လယ်ယာလုပ်ငန်း၊ သားငါးလုပ်ငန်းများအပြင် အသေးစားထုတ်လုပ်မှုလုပ်ငန်းများအဖြစ် သီးနှံကြိတ်ခွဲလုပ်ငန်း၊
စားသောက်ကုန်ထုတ်လုပ်ငန်း၊ ရက်ကန်းလုပ်ငန်း၊ ကြိမ်၊ ဝါး၊ ထန်း၊ ဥယျာဉ်ခြံလုပ်ငန်းများ၊
အိုး၊ ခွက်နှင့်ပန်းဆယ်မျိုးစသည့် လုပ်ငန်းငယ်များကို အရင်းအနှီးတတ်နိုင်သမျှဖြင့်
ဆောင်ရွက်လျက်ရှိပါသည်။ ယင်းလုပ်ငန်းများအနက် အလတ်စားလုပ်ငန်းများမှအပ အသေးစား၊ အငယ်စားလုပ်ငန်းအများစုသည်
အရင်းအနှီး၊ နည်းပညာနှင့် ဈေးကွက်အခက်အခဲများကြောင့် ဖွံ့ဖြိုးမှုမရှိဘဲ ဝင်ငွေအနည်းငယ်
မျှဖြင့်သာ ကျေနပ်နေရပါသည်။
အဆင့်မြင့်သော
ကုန်ထုတ်ကိရိယာများ ဝယ်ယူသုံးစွဲနိုင်မှုနှင့် စက်မှုလုပ်ငန်းငယ်များအတွက် အခြေခံလိုအပ်ချက်ဖြစ်သော
လျှပ်စစ်လိုအပ်မှုကြောင့် တွင်ကျယ်စွာ ထုတ်လုပ်နိုင်ခြင်း မရှိသည်ကို တွေ့ရပါ သည်။
ယင်းအခက်အခဲများကြောင့် ထုတ်ကုန်များသည် ပြည်တွင်း ပြည်ပယှဉ်ပြိုင်ဈေးကွက်ကို ထိုးဖောက်နိုင်စွမ်း
အားနည်းလျက်ရှိပါ သည်။ ဝန်ဆောင်မှုလုပ်ငန်းငယ်များသည်လည်း သေးငယ်သော လုပ်ငန်းများဖြစ်သည့်အလျောက်
အချို့မှာ မိသားစုအသုံးစရိတ်ကိုကာမိသော ဝင်ငွေရရန်ပင် အခက်အခဲရှိပါသည်။ အချိန်ပြည့်
မလုပ်ကိုင်ရသည့်အပြင် ဝင်ငွေလည်း နည်းပါးပါသည်။
မြို့ပြနှင့်
နီးစပ်ရာဒေသများသို့ သွားရောက်လုပ်ကိုင်ကြသူများ
ပြည်တွင်းရှိ
မြို့ပြနှင့် အခြားဒေသများသို့ သွားရောက်လုပ်ကိုင်သူများတွင် လုပ်ငန်းရာသီချိန်နှင့်
လုပ်ငန်းသဘာဝအရ အချိန်ပိုင်းသွားရောက်လုပ်ကိုင်သူများ ရှိကြပါသည်။ မြို့ပြများတွင်
ဆောက်လုပ် ရေးလုပ်ငန်းများ၊ အရောင်းဆိုင်များ၊ စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်
လုပ်ကိုင်မှု များပြားပါသည်။ လုပ်ငန်းအတွေ့အကြုံ၊ ကျွမ်းကျင်မှုအခြေခံနည်းပါးသူများအဖို့
လုပ်ခဝင်ငွေရရှိမှု နည်းပါးပါသည်။
ဖွံ့ဖြိုးပြီးနိုင်ငံများတွင်
မြို့ပြသို့ ကျေးလက်မှပြောင်းရွှေ့မှုများ စီစဉ်ဆောင်ရွက်ကာ လယ်ယာအခြေခံသောနိုင်ငံအဖြစ်မှ
စက်မှုနိုင်ငံအဖြစ်သို့ တစ်စချင်းပြောင်းလဲ၍ တိုးတက်မှုရအောင် ဆောင်ရွက်ကြမြဲဖြစ်ပါသည်။
မိမိတို့နိုင်ငံတွင်လည်း မြို့ပြရှိ အခြေခံအဆောက်အအုံများ ကြီးမားတိုးတက်အောင် ဖြည့်ဆည်းရမည်ဖြစ်သကဲ့သို့
လူနေမှု သက်သာချောင်ချိရန် လိုအပ်သည်များကို ကြိုတင်ဖြည့်ဆည်းပေးရန် စဉ်းစား၍ စီမံထားသင့်ပါသည်။
ပြည်ပအလုပ်အကိုင်
မိမိတို့နေထိုင်ရာကျေးလက်ဒေသများတွင်
အလုပ်အကိုင်ရှားပါး ခြင်း၊ ဝင်ငွေနည်းပါးခြင်း၊ အလုပ်လက်မဲ့ပြဿနာများကြောင့် မြို့ပြနှင့်နီးစပ်ရာဒေသများသို့
သွားရောက်အလုပ် လုပ်ကိုင်ကြရသူများ ရှိသကဲ့ သို့ ပြည်ပနိုင်ငံများ၌ လုပ်အားခမြင့်မားခြင်း၊
နိုင်ငံခြားငွေလဲလှယ်မှု ကျပ်ငွေနှုန်းထား များပြားခြင်းကြောင့် သွားရောက်အလုပ်လုပ်သူများ
များပြားလာပါသည်။ အချို့ကျေးရွာများတွင် အိမ်ထောင်စုတိုင်းနီးပါး ပြည်ပသို့သွားရောက်အလုပ်လုပ်သူများ
ပေါ်ပေါက်လျက်ရှိပါသည်။
ယင်း၏
အကျိုးဆက်ကြောင့် လယ်ယာလုပ်ငန်းခွင်တွင် ရာသီချိန် လုပ်သားရှားပါးမှု အခက်အခဲ ကြုံတွေ့ရပြီး
လုပ်ငန်းခွင်နှောင့်နှေးမှုနှင့် စိုက်ပျိုးကုန်ကျစရိတ် ပိုမိုမြင့်တက်လာမှုကို တွေ့ကြုံရပါသည်။
ယင်း အခြေအနေတွင် လုပ်အားရှားပါးမှုကြောင့် စပါးသီးနှံ၌ အတန်းစိုက် အစား ကြဲခင်းစနစ်သို့လည်းကောင်း၊
လူ့လုပ်အားအစား စက်ကိရိယာ များကို သုံးစွဲ၍လည်းကောင်း အစားထိုးဆောင်ရွက်လာကြသည်ကို
တွေ့ရှိရပါသည်။
ယင်းအခြေအနေများအရ
ကျေးလက်လူငယ်များသည် အလုပ် အကိုင်၊ လုပ်ခနှင့် ငွေလဲလှယ်နှုန်း အခွင့်အလမ်းသာသော ပြည်ပနိုင်ငံများသို့
သွားရောက်လုပ်ကိုင်ကြရပါသည်။ ပြည်ပ၌လုပ်ငန်းခွင် ဖိနှိပ်မှု၊ လူမှုရေးအရ အနိုင်ကျင့်မှုအပါအဝင်
ခါးသီးသောဘဝအတွေ့ အကြုံများ ကြုံတွေ့ရသူများရှိသကဲ့သို့ မိမိမိသားစုသို့ပြန်လည် ထောက်ပံ့နိုင်မှုများလည်း
တွေ့ရပါသည်။ အဆင်မပြေသဖြင့် မိခင်နိုင်ငံမှပြည်ပသို့ သွားသည့်စရိတ်ကိုပင် ကာမိအောင်မရရှိဘဲ
အကြွေးဖြင့် ပြန်လာရသည်များလည်း ရှိပါသည်။ သို့သော်လည်း ကျေးလက်ရှိ အလုပ်လုပ်နိုင်သူများစွာသည်
မိသားစုစီးပွားရေး အခက်အခဲကို တတ်နိုင်သမျှ ဖြည့်ဆည်းရန် ပြည်ပသို့ သွားရောက်လုပ်ကိုင်မှုများစွာ
ဖြစ်ပေါ်နေပါသည်။
ပြည်ပသို့
သွားရောက်လုပ်ကိုင်၍ ရရှိသောငွေကြေးပမာဏကိုစုစည်း၍ ပြည်တွင်း၌ လုပ်ငန်းများထူထောင်ကာ
ကြီးပွားတိုးတက် လာသူများလည်းရှိပါသည်။ အချို့မှာ ရရှိသမျှဝင်ငွေကိုစုစည်း၍ ယခင်နေထိုင်သည့်
ထရံအိမ်မှ အုတ်၊ ဘိလပ်မြေ တိုက်အိမ်များ ဆောက်လုပ်နိုင်လာပြီး အခြားအသုံးစရိတ်များ
သုံးစွဲလာနိုင်သည်ကို တွေ့မြင်ကြရပါသည်။ ပြည်ပသို့ သွားရောက်အလုပ်လုပ်၍ ဝင်ငွေကောင်းသောလူငယ်များသည်
ကျေးလက်၌ ပျိုတိုင်းကြိုက်သော နှင်းဆီခိုင်များ ဖြစ်လာကြပါသည်။
ယင်းသို့
ပြည်ပမှရရှိသော လုပ်အားခဝင်ငွေများသည် ပြည်တွင်း ထုတ်လုပ်မှုတန်ဖိုးများ မဟုတ်၍ နိုင်ငံ၏
GDP တွင် တိုက်ရိုက်ပါဝင် နိုင်မှုမရှိသော်လည်း နိုင်ငံ၏ စုစုပေါင်းအမျိုးသားဝင်ငွေ
(Gross National Product - GNP) (National Income -NI)
တွင် ပါဝင်မည်ဖြစ် ပြီး တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပြုပါသည်။
နိုင်ငံသားများ၏ ဘဝနှင့်ရင်းပြီး ရှာဖွေရရှိ သော ဝင်ငွေများဖြစ်၍ ကြားမှ ဝင်ရောက်အမြတ်ထုတ်မှုများကို
ကာကွယ်ပေးသင့်ကြပါသည်။
ကျေးလက်စီးပွားဖွံ့ဖြိုးရေး
မြန်မာနိုင်ငံ၏
ကျေးလက်နေမိသားစုများ၏ စီးပွားရေးအခြေအနေနှင့်ပတ်သက်၍ ခြုံငုံသုံးသပ်မည်ဆိုပါက ကျေးလက်နေမိသားစုများ၏
အလုပ်အကိုင် လုပ်ကိုင်ရမှုများနှင့် ဝင်ငွေအခြေအနေသည် ဆင်းရဲနွမ်းပါးမှုမှ ကျော်လွှားလွန်မြောက်နိုင်ရန်
ကြိုးစားရမည့်အခြေအနေကိုတွေ့မြင်ကြရမည်ဖြစ်ပါသည်။
ကမ္ဘာ့ကုလသမဂ္ဂ၏
UNDP မှ ၂၀၁၉ ခုနှစ် ဇွန်လတွင် ထုတ်ပြန်ခဲ့သော မြန်မာနေထိုင်မှု အခြေအနေစစ်တမ်း ၂၀၁၇
အစီရင်ခံစာအရ မြို့နေလူထု၏ ဆင်းရဲမွဲတေမှုသည် စုစုပေါင်းလူဦးရေ၏ ၁၁ ဒသမ ၃ ရာခိုင်နှုန်း၊
ကျေးလက်၏ ဆင်းရဲမွဲတေမှုသည် ၃၀ ဒသမ ၂ ရာခိုင်နှုန်း နှင့် တစ်နိုင်ငံလုံး၏ ဆင်းရဲမွဲတေမှုသည်
၂၄ ဒသမ ၈ ရာခိုင်နှုန်း ရှိပါ သည်။ ထို့နောက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် နိုင်ငံရေးအခြေအနေများကြောင့်
အလုပ်အကိုင်များ လုပ်ကိုင်နိုင်မှုနည်းပါးလာကာ ဆင်းရဲမွဲတေမှုနှုန်းများသည် ပိုမိုမြင့်တက်လာကြောင်းနှင့်
ယင်းအဖွဲ့အစည်း ၏ ၂၀၂၂ ခုနှစ် ခန့်မှန်းစာရင်းများ (အင်တာနက်)အရ တစ်နိုင်ငံလုံး၏ ဆင်းရဲမွဲတေမှုနှုန်းသည်
၄၀ ရာခိုင်နှုန်းခန့်အထိ မြင့်တက်ခဲ့သည်ဟု ဖော်ပြထားပါသည်။ ၂၀၁၇ ခုနှစ်စာရင်းအရ ဆင်းရဲနွမ်းပါးမှုမျဉ်း
(Poverty Line) တွင် လူတိုင်းတစ်ဦးချင်း၏ တစ်ရက်ဝင်ငွေသည် ကျပ် ၁၅၉၀ ခန့်ရှိသည်ကို
မှတ်သားရပါသည်။
ကိုဗစ်ကာလအတွင်း
ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများအနေဖြင့် ယခုအခါ
ရောဂါအခြေ အနေ တိုးတက်ကောင်းမွန်လာမှုအရ ပြည်ပနိုင်ငံများသို့ ပြန်လည်သွားရောက် အလုပ်လုပ်ကိုင်နေကြပြီဖြစ်ပါသည်။
နိုင်ငံတော်မှလည်း ပြည်ပသို့သွားရောက်လုပ်ကိုင်သူများအတွက် အဆင်ပြေမှုရှိစေရန် ကူညီဆောင်ရွက်ပေးမှုများရှိသည်ကိုလည်း
တွေ့ရပါသည်။ ပြည်တွင်းရှိမြို့ပြနှင့် သင့်လျော်သောဒေသများသို့ သွားရောက်လုပ်ကိုင်ကြရသူ
များအနေဖြင့် လူနေမှုစရိတ်နှင့် ရရှိသောဝင်ငွေကို အခြေခံ၍စုဆောင်းရနိုင်သော ငွေအနည်းငယ်မျှဖြင့်
သွားရောက်လုပ်ကိုင်ရကြပါသည်။
အကြံပြုချက်
အလုပ်အကိုင် အသီးသီးရှိ အလွှာအလိုက်လုပ်ကိုင်သူများအနေဖြင့်
အလုပ်အကိုင်ပိုမိုပြည့်စုံရန်နှင့် ဝင်ငွေတိုးတက်မြင့်မားလာစေရန် အောက်ပါတို့ကို ဖြည့်ဆည်းဆောင်ရွက်သင့်ကြောင်း
အကြံပြုအပ်ပါသည်-
(က) လယ်ယာလုပ်ငန်းလုပ်ကိုင်သူများသည် သီးနှံထုတ်လုပ်မှု
ပိုမိုမြင့်မားရေး၊ ဈေးကွက်ရရှိရေး၊ ကုန်ကျစရိတ် နည်းပါးသက်သာရေး၊ ကုန်ထုတ်လုပ်မှုပိုမိုမြင့်မားရေး၊
စိုက်ပျိုးရေး နည်းပညာများ ထိထိရောက်ရောက် ဖြန့်ဝေပေးရေးကိုနိုင်ငံတော်မှ ကူညီသကဲ့သို့
ကိုယ်တိုင်လည်း ကြိုးစား ဆောင်ရွက်ရန် ဖြစ်ပါသည်။
(ခ) လယ်ယာလုပ်ငန်းနှင့် ဆက်နွှယ်လျက်ရှိသော တောင်သူလယ်သမားများ၊
လယ်ယာလုပ်သားများ၊ ပျံကျအလုပ်သမားများသည် အလုပ်လက်မဲ့နှင့်ဖုံးကွယ်အလုပ် လက်မဲ့အခြေအနေအား
အလုပ်အကိုင် အပြည့်အဝရရှိစေရန် ဒေသတွင်းနှင့် ပြည်ပအလုပ်အကိုင် အခြေအနေများ ပိုမိုကောင်းမွန်အောင်
ဖြည့်ဆည်းကြိုးစားရန်ဖြစ်ပါသည်။
(ဂ) ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းငယ်များ
ဆောင်ရွက်နေသူများသည် ငွေကြေးအရင်းအနှီး နည်းပါးသူများဖြစ်၍ ထုတ်လုပ်သည့်ကုန်စည်များကိုဈေးကွက်
ကျယ်ကျယ်ပြန့်ပြန့်ရရှိရန်နှင့် ပြည်ပပို့နိုင်သည့် အရည်အသွေးအထိ မြှင့်တင်နိုင်ရေး၊
စက်ကိရိယာများဖြင့် ထုတ်လုပ်နိုင်ရေးအတွက် လျှပ်စစ်ဓာတ်အား ရရှိရေးအထိ ပံ့ပို့ပေးရန်
ဖြစ်ပါသည်။
(ဃ) ကျေးလက်ဒေသမှမြို့ပြသို့ ပြောင်းရွှေ့ဆောင်ရွက်နိုင်ရေးအတွက်
မြို့ပြများ၌ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းကြီးများ ပေါ်ပေါက်လာရေး ကြိုတင်စီမံကာ
စနစ်တကျ ပြောင်းလဲနိုင်ရေး စီမံဖြည့်ဆည်းပေးရန် ဖြစ်ပါသည်။
(င) ပြည်ပတွင် အလုပ်လုပ်ကိုင်သူများသည် ထိုက်သင့်သည့်
လုပ်ငန်းနည်းပညာ အခြေခံရှိရေး၊ တရားဝင်သွားရောက် နိုင်ရေး၊ လုပ်ခလစာများ မှန်ကန်စွာရရှိရေး၊
ပြည်တွင်းရှိ မိသားစုများသို့ ဝင်ငွေများပြန်လည်ပေးပို့ရာတွင် လွယ်ကူမှန်ကန်စွာ ရောက်ရှိရေးတို့ကို
နိုင်ငံတော်မှ ကူညီပေးသကဲ့သို့ ကိုယ်တိုင်လည်း ကြိုးစားဆောင်ရွက်ရန် ဖြစ်ပါသည်။
(စ) တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အထက်ပါလိုအပ်ချက်များကို
ဖြည့်ဆည်းနိုင်ရန်အတွက်
(၁) လယ်ယာကဏ္ဍခိုင်မာတိုးတက်ရေး
အဓိကအခြေပြု၍ မြို့ပြရှိစက်မှုနှင့် စီးပွားရေးလုပ်ငန်းကြီးများ ကြီးမားကျယ်ပြန့်လာရေး
ဆောင်ရွက်တည်ဆောက်ရန်၊ မြို့ပြဖွံ့ဖြိုးလာပါက ကျေးလက်မှအလုပ်လက်မဲ့များ၊ ဖုံးကွယ်အလုပ်လက်မဲ့များအရေးကို
ရေရှည် ဗျူဟာရည်မှန်းချက်များ ချမှတ်ဆောင်ရွက်ရန်၊
(၂) စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံဖြစ်သော
လျှပ်စစ်ဓာတ်အား လုံလောက်ပိုလျှံရေးကို အဓိက ဦးစားပေးအဖြစ် ထားရှိ ဆောင်ရွက်ရန်၊
(၃) မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်လာရေးနှင့် ပို့ကုန်/သွင်းကုန်ဈေးနှုန်းများ
ညီညွတ်မျှတမှုရှိစေရန် ရေရှည်အစီအမံများ ချမှတ်ဆောင်ရွက်ရန်၊
(၄) ကျေးလက်အပါအဝင် နိုင်ငံသားများ၏ အလုပ်အကိုင်နှင့်ဝင်ငွေရရှိမှု
အခြေအနေပြစာရင်းများရရှိရေး စီစဉ်ရန်တို့ကို ရေရှည်ရည်မှန်းချက်ထားရှိ၍ စီမံကိန်း၊
စီမံချက်များ ရေးဆွဲဆောင်ရွက်ရန် အကြံပြုလိုပါသည်။ ။
ဝင်းမောင်
(ဘောဂဗေဒ)
No comments:
Post a Comment