လူသားတို့ နေ့စဉ်ချက်ပြုတ်ရန်အတွက် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများနှင့် သီးနှံများ ကို ဝယ်ယူရာတွင် အမြင်အားဖြင့်ကောင်း၊ မကောင်း၊ ပိုးရောဂါပါ၊ မပါ၊ အနားအဆာကင်း၊ မကင်း စသည့်ရုပ်ပိုင်းလက္ခဏာများကို သေချာစွာဂရုစိုက်ကြည့်ရှုကာ ဝယ်ယူနိုင်ပါသည်။ သို့သော် ဓာတုဓာတ်ကြွင်းပါ၊ မပါကိုတော့မျက်စိဖြင့် ကြည့်ရှု၍ မမြင်နိုင်ပေ။ စားသုံးသူများသည် ချက်ပြုတ်စားသောက်ပြီးနောက်မှသာ အော့အန်ခြင်း၊ ခေါင်းမူးခြင်း၊ အဆိပ်သင့်ခြင်းတို့ကို ခံစား ကြရသည်။ ထိုအခါမှသာ ပိုးသတ်ဆေးဓာတ်ကြွင်းများကြောင့် ဖြစ်တာဟု သိရှိကြပါသည်။ ထိုကဲ့သို့ လူသားတို့တစ်ဦးချင်းစီက မကာကွယ်နိုင်သော အခြေအနေဆိုးများကို မဖြစ်ပေါ်စေရန်အတွက် အစိုးရအဖွဲ့အစည်းများက စားသုံးသူများကိုမဖြစ်မနေ ကာကွယ်ပေးကြရပါသည်။
တရုတ်နိုင်ငံတွင်
စားသုံးသူများကို ကာကွယ်ပေးမှု
တရုတ်နိုင်ငံတွင်
ဟင်းသီးဟင်းရွက်များကို အဆင့်သုံးဆင့် ခွဲခြားထားပါသည်။ ပထမအဆင့်မှာ ညစ်ညမ်းမှုကင်းသော
ဟင်းသီးဟင်းရွက်များ (Non-polluted vegetables)၊ ဒုတိယအဆင့်မှာ သန့်ရှင်းသော ဟင်းသီးဟင်းရွက်များ
(Green vegetables) နှင့် တတိယအဆင့်မှာ အော်ဂဲနစ် ဟင်းသီးဟင်းရွက်များ (Organic vegetables)
ဟူ၍ ခွဲခြားထားသည်။ ဖိရိုးဖလာနည်းဖြင့် စိုက်ပျိုး ထားသော ဟင်းသီးဟင်းရွက်များကို ဤအဆင့်သုံးဆင့်တွင်
ထည့်သွင်းမထားပါ။ မိရိုးဖလာ စိုက်ပျိုးနည်းတွင် ဓာတုဆေးများကို အတိုင်းအဆမရှိ အသုံးပြုနေသောကြောင့်
၎င်းဟင်းသီးဟင်းရွက်များကို ညစ်ညမ်းသောဟင်းသီးဟင်းရွက် (Polluted vegetables) များအဖြစ်
ယူဆသောကြောင့် ထည့်သွင်းမထားခြင်းဖြစ်သည်။ တောင်သူ များ စိုက်ပျိုးထားသော စိုက်ခင်းများကိုမည်သည့်အဆင့်တွင်ပါဝင်ကြောင်း
ဆုံးဖြတ်ပေးသူများမှာ အစိုးရဝန်ထမ်း စိုက်ပျိုးရေးပညာရှင်များပင် ဖြစ်သည်။ စိုက်ပျိုးရေးပညာရှင်များသည်
ကွင်းဆင်း လေ့လာကြည့်ရှုစစ်ဆေးပြီး အဆင့်များကို ဆုံးဖြတ်ပေးရပါသည်။ စိုက်ပျိုးထွက်ရှိလာသည့်
သီးနှံများကို တံဆိပ်နှိပ်ပြီးစျေးကွက်သို့ တင်ပို့ရောင်းချပါသည်။ အဆင့်အတန်းအလိုက်
စျေးနှုန်းသတ်မှတ်ပေးပါသည်။ ဤနည်းလမ်းဖြင့် စားသုံးသူများအား ပိုးသတ်ဆေးဓာတ်ကြွင်းများပါသောသီးနှံများကို
စားသုံးမိခြင်းမှ ကာကွယ်ပေးထားကြောင်း ၂၀၁၅ ခုနှစ် တွင် တရုတ်နိုင်ငံသို့ သင်တန်းတက်ရောက်စဉ်က
လေ့လာသိရှိခဲ့ရပါသည်။
ကိုရီးယားနိုင်ငံတွင်
စားသုံးသူများကို ကာကွယ်ပေးမှု
ကိုရီးယားနိုင်ငံတွင်
သီးနှံထွက်ကုန်များသည် သတ်မှတ်ထားသောအရည်အချင်း မပြည့်မီပါက စျေးကွက်အတွင်းသို့ ဝင်ရောက်ရောင်းချခွင့်
မရနိုင်ပါ။ ကိုရီးယားနိုင်ငံသည် ၁၉၈၅ ခုနှစ်မှစပြီး လက်ကားစျေးကွက်များကို တည်ဆောက်ခဲ့ရာ
စုစုပေါင်း ၃၂ ခုရှိပြီး စိုက်ပျိုးရေးထုတ်ကုန်များသည် ၎င်းလမ်းကြောင်းများမှ သိသာထင်ရှားစွာ
စီးဆင်းကြပါသည်။ စိုက်ပျိုးရေးထုတ်ကုန်များအတွက် လက်ကားစျေးကွက်အတွင်းမှာ အရောင်းအဝယ်ပြုလုပ်ခြင်းကို
လေလံတင်သည့်ပုံစံနှင့် ပို့ကုန်များကို လေလံဆွဲသည့် ပုံစံများဖြင့် ဆောင်ရွက်ကြပါသည်။
ခြွင်းချက်များအနေဖြင့် သတ်မှတ်ထားသော စျေးနှုန်းများဖြင့် အရောင်း အဝယ်ပြုလုပ်ခြင်း၊
စိတ်ကြိုက်ရွေးချယ်ခွင့်ရှိသော အရောင်းအဝယ်ပြုလုပ်ခြင်းနှင့် စာရင်းမသွင်းသော အရောင်းအဝယ်ပြုလုပ်ခြင်းတို့လည်း
ရှိပါသည်။ မည်သည့်နည်းဖြင့် ရောင်းချသည်ဖြစ်စေ စိုက်ပျိုးရေးထုတ်ကုန်များသည် စျေးကွက်မှသတ်မှတ်ထားသော
အရည်အချင်းပြည့်မီမှသာ စျေးကွက်အတွင်း ဝင်ရောက်ရောင်းချခွင့်ရှိပါသည်။ ဤသည်မှာ စားသုံးသူများအား
အစားအစာကောင်းများကို စားသောက်နိုင်စေရန် ကာကွယ်ပေးထား ခြင်းဖြစ်ကြောင်း ကိုရီးယားနိုင်ငံတွင်
မဟာသိပ္ပံသင်တန်းတက်ရောက်စဉ်က လေ့လာသိရှိခဲ့ရ ပါသည်။
အစိုးရအဖွဲ့အစည်းများမှ
စားသုံးသူများအတွက် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေး ကာကွယ်မှုနည်းလမ်းများသည် ကျန်းမာရေးအတွက်
များစွာအထောက်အကူပြုပါသည်။ မကောင်းသောအစားအစာများကို စားသောက်မိပြီး အန္တရာယ်တစ်စုံတစ်ရာဖြစ်မှ
ကုသခြင်းထက် မကောင်းသောအစားအစာများကို မစားသောက်မိအောင် နည်းလမ်းများ၊ ဥပဒေများ၊ မူဝါဒများဖြင့်
ကြိုတင်ကာကွယ်ခြင်းက ပို၍ကောင်းမွန်ပါသည်။ နိုင်ငံအတွင်း အစိုးရကပြည်သူလူထုကို ကာကွယ်ပေးသကဲ့သို့
တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကုန်သွယ်မှုများပြုလုပ်ရာတွင် မကောင်းသောအစားအစာများကို
ပြည်တွင်းသို့ဝင်ရောက် မလာစေရန် ကုန်သွယ်ရေးမူဝါဒများဖြင့် ကာကွယ်ကြပါသည်။
နိုင်ငံအလိုက်
သွင်းကုန်များကို ကာကွယ်ပေးမှု
ကမ္ဘာ့ကုန်သွယ်ရေးလုပ်ငန်းများ
တိုးတက်များပြားလာခြင်းနှင့်အတူ ရောင်းဝယ်ဖောက်ကားရာတွင် ကုန်ပစ္စည်းများ၏ အရည်အသွေးသည်
အရေးပါသော အခန်းကဏ္ဍတစ်ခုအနေဖြင့် ပါဝင်လျက်ရှိပါသည်။ ၁၉၆၀ ပြည့်နောက်ပိုင်းတွင် ဓာတုဆေးများ
သုံးစွဲလာမှုသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အလွန်များပြားလာပါသည်။ သို့သော် ဖွံ့ဖြိုးပြီး
နိုင်ငံများတွင်ဓာတုဆေးဝါးများ သုံးစွဲခြင်းသည် လူသားတို့၏ကျန်းမာရေးကို ထိခိုက်စေနိုင်သော
ကြောင့် ဓာတုဆေးများ(ပိုးသတ်ဆေး) များ သုံးစွဲမှုကို ထိန်းချုပ်ဆောင်ရွက်လာကြပါသည်။
ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်းများ (Environmental
Protection Agency-EPA) ကလည်း ပိုးသတ်ဆေးသုံးစွဲမှုကို ကာကွယ်ထိန်းချုပ်မှုများ ပြုလုပ်လာသည်ကို
လေ့လာသိရှိရပါသည်။
နိုင်ငံခြားသို့တင်ပို့ရာတွင်
ပိုးသတ်ဆေး ဓာတ်ကြွင်းပါဝင်မှုကို ပိုးသတ်ဆေးအမျိုးအစား အလိုက်၊ နိုင်ငံအလိုက်၊ အဖွဲ့အစည်းအလိုက်၊
သီးနှံအလိုက် အမြင့်ဆုံးဓာတ်ကြွင်း ပါဝင်မှုသတ်မှတ်ချက် (Maximum Residue
Limits–MRLs) များရှိပါသည်။ ၎င်းအဆင့်ထက်ကျော်သွားလျှင် လုံးဝလက်မခံတော့ဘဲ ၎င်းသီးနှံထွက်ကုန်ကို
၎င်းတို့ နိုင်ငံအတွင်းသို့ ဝင်ခွင့်မပြုတော့ပါ။
အမြင့်ဆုံးဓာတ်ကြွင်းပါဝင်မှု
သတ်မှတ်ချက်များထားရှိရသည့် ရည်ရွယ်ချက်များမှာ စားသုံးသူများ၏ ကျန်းမာရေးကို ကာကွယ်ပေးနိုင်ရန်နှင့်
နိုင်ငံတကာနှင့်ကုန်သွယ်မှုပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန်တို့ပင်ဖြစ်ပါသည်။ အမြင့်ဆုံး
ဓာတ်ကြွင်းပါဝင်မှု သတ်မှတ်ချက်များမှာ အမျိုးမျိုးရှိပါသည်။ အစားအစာဥပဒေအဖွဲ့မှ သတ်မှတ်ချက်
များ (CODEX MRLs)
၊
အာဆီယံသတ်မှတ်ချက်များ (ASEAN MRLs)၊ နိုင်ငံအလိုက် သတ်မှတ်ချက် များ (EU MRLs, JAPAN
MRLs, KOREA MRLs) စသည်ဖြင့် ရှိကြပါသည်။
အစားအစာဘေးကင်းလုံခြုံမှုကို
အစားအစာ တစ်ခုအား အသုံးပြုမည့် ရည်ရွယ်ချက်ကိုလိုက်၍ ပြင်ဆင်သည့်အခါတွင်လည်းကောင်း၊
စားသောက်သည့်အခါတွင်လည်းကောင်း၊ စားသုံးသူအား အန္တရာယ်မဖြစ်ကြောင်း အာမခံချက်အဖြစ်
FAO နှင့် WHO အဖွဲ့အစည်းများက ၁၉၉၇ ခုနှစ်တွင် အဓိပ္ပာယ်သတ်မှတ်ခဲ့ပါသည်။ ဘေးကင်းမှုမရှိသော
အစားအစာများသည် ပြည်သူလူထု၏ ကျန်းမာရေးနှင့် အစားအစာလုံလောက်မှုကို အန္တရာယ်ဖြစ်စေပါသည်။
ထို့ကြောင့် အစားအစာသည် ဘေးကင်းမှုရှိစေရန် လွန်စွာအရေးကြီးပါသည်။
စိုက်ပျိုးရေးဦးစီးဌာနကစားသုံးသူများအတွက်
ကာကွယ်ပေးမှု
စိုက်ပျိုးရေးဦးစီးဌာန
သီးနှံကာကွယ်ရေးဌာနခွဲသည် သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းအတွက် ပိုးမွှားရောဂါကာကွယ်ရေးလုပ်ငန်းများ
ဆောင်ရွက်လျက်ရှိရာ သီးနှံကာကွယ်ရေးဆိုင်ရာ ဓာတုပစ္စည်းများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု၊
စားသုံးသူများနှင့် အသုံးပြုသူများ၏ ကျန်းမာရေးထိခိုက်မှုများ ထိန်းသိမ်းဆောင်ရွက်ခြင်း၊
လက်မှတ်ရပိုးသတ်ဆေး ကိုင်တွယ်သုံးစွဲသူသင်တန်းများ ကြီးကြပ်ဖွင့်လှစ် ပေးခြင်း၊ ပြဋ္ဌာန်းထားသော
ဥပဒေများနှင့်အညီ အရည်အသွေးပြည့်မီသော စိုက်ပျိုးရေးသုံးပိုးသတ်ဆေးများ တင်သွင်းဖြန့်ဖြူးခြင်းကို
ကြီးကြပ်ထိန်းသိမ်းခြင်း၊ ပိုးသတ်ဆေးဥပဒေဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အပင်ပိုးမွှား
ကာကွယ်သည့် ဥပဒေဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရာတွင် အမျိုးသားသီးနှံကာကွယ်ရေးအဖွဲ့အဖြစ်
တာဝန်ယူဆောင်ရွက်ခြင်း၊ ပိုးသတ်ဆေးဥပဒေနှင့် အပင်ပိုးမွှားကာကွယ်သည့် ဥပဒေအရ အခြားဝန်ကြီးဌာနများ၊
ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ကုန်သွယ်မှုတွင် လုပ်ငန်းစဉ်တစ်လျှောက် ပါဝင် ပတ်သက်နေသူများအား
ဆက်သွယ်ဆောင်ရွက်ရသော လုပ်ငန်းများကို တာဝန်ခံကြီးကြပ်ခြင်း၊ အပြည်ပြည်ဆိုင်ရာ သီးနှံကာကွယ်ရေး
စံချိန်စံညွှန်းများနှင့်အညီ စိုက်ပျိုးရေးထွက်ကုန်များကိုတင်ပို့၊ တင်သွင်းနိုင်ရန်
ဆောင်ရွက်ခြင်း၊ ပုဂ္ဂလိက ပိုးသတ်မှိုင်းတိုက်အဖွဲ့အစည်းများကို ကြီးကြပ် ကွပ်ကဲခြင်း၊
ခြံတစ်ခြံ၊ ပိုးသတ်ဆေးစက်ရုံငါးခု၊ ပိုးထိန်းချုပ်ရေးစခန်း ၂၂ ခု၊ ဓာတ်ခွဲခန်းခြောက်ခု၊
စဉ့်ကိုင်ပလိပ်ကြွက်သတ်ဆေးဓာတ်ခွဲခန်း၊ စဉ့်ကိုင် ဇီဝဓာတ်ခွဲခန်း၊ မန္တလေးသီးနှံကာကွယ်ရေး
ဓာတ်ခွဲ ခန်း၊ မန္တလေးအစားအစာ ဘေးကင်းလုံခြုံမှု (Food Safety) ဓာတ်ခွဲခန်းများ၊ နေပြည်တော်
Quarantine ဓာတ်ခွဲခန်း၊ နေပြည်တော် အစားအစာဘေးကင်း လုံခြုံမှု(Food Safety) ဓာတ်ခွဲခန်းတို့၏
လုပ်ငန်းများ အောင်မြင်ရေးကြီးကြပ်ခြင်း စသည်တို့ကို ဆောင်ရွက်နေပါသည်။
ဥယျာဉ်ခြံ၊
ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲမှ ဆောင်ရွက်လျက်ရှိသော စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်
ဆန်အရည်အသွေးစစ်ဆေးပေးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (Good Agriculture
Practices) နှင့်အညီ အသိအမှတ်ပြုလက်မှတ်များ (Certificate) ထုတ်ပေးခြင်း၊ အော်ဂဲနစ်သီးနှံ
ထောက်ခံချက်ဖြင့် လုပ်ငန်းများဖွံ့ဖြိုးရေး အသိအမှတ်ပြုလက်မှတ် (Certificate) စစ်ဆေးပေးခြင်း၊
ခြံ ၅၅ ခြံ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံဖွံ့ဖြိုးရေးဗဟိုဌာနနှင့် ရိတ်သိမ်းချိန်လွန်
နည်းပညာသင်တန်းကျောင်းတို့၏ လုပ်ငန်းများအောင်မြင်စေရေး ကြီးကြပ်ဆောင်ရွက်ခြင်းတို့ကို
ဆောင်ရွက်လျက်ရှိပါသည်။ သီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် သန့်ရှင်းမှုကို အဓိကထားပြီး
သန့်ရှင်းမှုဆိုင်ရာ အလေ့အကျင့်ကောင်းများ (Good Hygiene Practices) ဖြစ်သည့် တစ်ကိုယ်
ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုများကိုလည်း အလေးပေးဆောင်ရွက်လျက်ရှိပါသည်။ စိုက်ပျိုး
ပညာပေးရေးဌာနခွဲအနေဖြင့် တောင်သူလယ်သမားများအား နည်းပညာပေးရာတွင် ပိုးသတ်ဆေးများကို
လိုအပ်သည့်အချိန် လိုအပ်သည့်ပမာဏသာ စနစ်တကျသုံးစွဲနိုင်ရေး ပညာပေးခြင်း၊ ပိုးသတ်ဆေးများကို
စနစ်တကျသယ်ယူခြင်း၊ ထားသိုခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်စွာ သုံးစွဲခြင်း၊ သုံးစွဲပြီးသောဘူးခွံများကို
စနစ်တကျစွန့်ပစ်ခြင်း၊ သီးနှံမရိတ်သိမ်းမီ စောင့်ဆိုင်းရမည့်ကာလ (Pre Harvest
Interval-PHI) ကို နားလည်စေရန် ပညာပေးခြင်း၊ သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း
များ မကျန်စေရေး၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (Good Agriculture
Practices) နှင့် သန့်ရှင်းမှုဆိုင်ရာ အလေ့အကျင့် ကောင်းများ (Good Hygiene Practices)
နည်းလမ်းများကို ပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
အားလုံးအတူ
ဝိုင်းဝန်းစောင့်ရှောက်သင့်
လူတို့သည်
ကျန်းမာရေးအတွက် အစားအစာကို ရွေးချယ်စားသုံးခြင်း၊ ကိုယ်လက် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊
လမ်းလျှောက်ခြင်း၊ ဆေးဝါးများ မှီဝဲ သုံးဆောင်ခြင်း စသည်တို့ကို နေ့စဉ်ဆောင်ရွက် နေကြသော်လည်း
စိုက်ပျိုးရေးထွက်ကုန် သီးနှံများတွင် ပါဝင်နိုင်သော ဓာတုဓာတ်ကြွင်းများနှင့် အသား၊
ငါး၊ ပုစွန်၊ နို့၊ သရက်သီးစသည်တို့ကို မပုပ်သိုးအောင်၊ တာရှည်ခံဆေးအဖြစ် အသုံးပြုကြသော
ဖော်မလင် (formalin) ဆေးသုံးစွဲမှုများကို မျက်စိအမြင်အားဖြင့် မမြင်၊ မသိနိုင်သည့်အတွက်
လူသားတို့၏ ကျန်းမာရေးကို တိတ်တဆိတ် ဆိုးကျိုးများပေးလျက်ရှိပါသည်။ လူတစ်ဦးချင်းမှ၊
မိသားစုတစ်စုချင်းမှ မိမိတို့အတွက် ကာကွယ် နိုင်သည်ဟု စဉ်းစားနိုင်သော်လည်း လက်တွေ့အားဖြင့်
တစ်ဦးချင်း၊ မိသားစုတစ်စုချင်းမှ မကာကွယ်နိုင်ပေ။ ရောင်းချသည့်သူများသည်လည်း စီးပွားရေးလုပ်ကိုင်နေကြသည့်အတွက်
ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများဖြင့် မကြပ်မတ်နိုင်လျှင် သုံးစွဲမြဲသုံးစွဲနေကြပေလိမ့်မည်။
ထို့ကြောင့် စားသုံးသူများမတတ်နိုင်၊ ရောင်းချသူများ မရပ်နိုင်သည့်အခြေအနေတွင် အစိုးရအဖွဲ့
အစည်းများမှတစ်ပါး ကာကွယ်ပေးမည့်သူမှာ မရှိနိုင်ပေ။ တစ်မျိုးသားလုံး ကျန်းမာရေးအတွက်
အစိုးရအဖွဲ့အစည်းများက ဦးဆောင်ကာ ရောင်းချသူများကို ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများဖြင့်
တင်းတင်းကျပ်ကျပ်ကြပ်မတ်ပြီး စားသုံးသူများကိုလည်း အသိပညာပေး၍ ကျန်းမာရေးအတွက် အန္တရာယ်ကြီးတစ်ခုဖြစ်သော
ဓာတုအန္တရာယ်များကို အားလုံးအတူ ဝိုင်းဝန်းကာကွယ် စောင့်ရှောက်သင့်ပါကြောင်း စေတနာထား၍
ရေးသားတင်ပြလိုက်ရပါသည်။ ။
စိုးမိုးဝင်း
No comments:
Post a Comment