Monday, December 11, 2023

စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့

 


ပေါက်ပေါက်

မြန်မာနိုင်ငံ၏ လူ့မျှော်မှန်းသက်တမ်းသည် ကျန်းမာရေးဝန်ကြီးဌာန၏ တွက်ချက်မှုအရ ၆၇ ဒသမ ၄၂ နှစ် ရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ တွက်ချက်မှုမှာ ၆၇ ဒသမ ၇၈ နှစ် ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ လူတစ်ယောက် သက်တမ်းစေ့နေနိုင်ရန်နှင့် သက်ရှည်ကျန်းမာစေရန်အတွက် သွေး၊ လေများကောင်းမွန်စွာလည်ပတ်နိုင်စေရန် နေ့စဉ် လမ်းမှန်မှန်လျှောက်ခြင်းကလည်း အဓိကကျပါသည်။ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းတို့ကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ် လူဦးရေ နှစ်သန်းခန့် ရောဂါဖြစ်ကြပြီး ကိုယ်ခန္ဓာမသန်စွမ်းခြင်းနှင့် သက်တမ်းမစေ့မီ သေဆုံးခြင်းတို့ကို ရင်ဆိုင်နေကြရကြောင်း WHO ၏ ထုတ်ပြန်ကြေညာချက်များအရ သိရှိရပါသည်။

ကျန်းမာကြံ့ခိုင်နေသူတစ်ဦးသည် အရာရာကို စွမ်းဆောင်နိုင်စွမ်းရှိသည်။ အထူးသဖြင့် ပညာရေး၊ လူမှုရေး၊ စီးပွားရေးစသည့် နေ့စဉ်လုပ်ငန်းဆောင်တာများကို အခက်အခဲမရှိ လုပ်ဆောင်နိုင် မည် ဖြစ်ပါသည်။ လူတိုင်းတွင် မွေးရာပါ စွမ်းဆောင်ရည်များ ပါလာကြသည်။ သို့သော် ကျန်းမာနေမှသာလျှင် ထိုစွမ်းဆောင်ရည်များကို အပြည့်အဝအသုံးချနိုင်မည်ဖြစ်သည်။ ထို့ကြောင့် လူတိုင်းအတွက် ကျန်းမာရေးသည် ပထမ၊ ကျန်းမာ ရေးသည် ဒုတိယ၊ ကျန်းမာရေးသည် တတိယ ဖြစ်နေခြင်းဖြစ်ပါသည်။ ကျန်းမာကြံ့ခိုင်ရေးအတွက် ငွေကုန်သက်သာသည့် အလွယ်ကူဆုံး လေ့ကျင့်ခန်းသည် လမ်းလျှောက်ခြင်းဖြစ်ပါသည်။

ကမ္ဘာ့အိုလံပစ်ပွဲတော် စတင်ပေါက်ဖွားရာ ဂရိ နိုင်ငံ၏ကမ်းခြေ ကျောက်သားကမ်းပါးတစ်ခုပေါ်တွင်

သင်ကျန်းမာချင်ပါသလား။

သင် - လမ်းလျှောက်ပါ။

သင်ဉာဏ်ကောင်းချင်ပါသလား။

သင် - လမ်းလျှောက်ပါ။

သင်လှချင်ပါသလား။

သင် - လမ်းလျှောက်ပါ။

ဟူသော ကမ္ပည်းရေးထိုးထားသည်မှာ လူသားအားလုံးအတွက် မှတ်သားနာယူဖွယ်ဖြစ်ပေသည်။

အားကစားလေ့ကျင့်နည်း အမျိုးမျိုးရှိသည့်အနက် “လမ်းလျှောက်ခြင်း” က အရွယ်သုံးပါးမရွေး အထူးသင့်တော်သည့် လေ့ကျင့်ခန်းဖြစ်ပါသည်။ ထို့ကြောင့် အင်္ဂလိပ်အင်ဂျင်နီယာတစ်ဦးဖြစ်သူ William Cubitt က ရာသီအချိန်အခါမရွေး လမ်းလျှောက်နိုင်ကြစေလိုသော ရည်ရွယ်ချက်ဖြင့် ၁၈၁၈ ခုနှစ်တွင် Treadmills (ခေါ်) ဆုံလည်ဒေါင်လိုက်ဘီးတပ်ထားသည့် လှေကားထစ်ပုံစံ လမ်းလျှောက်စက်ကို စတင်တီထွင်ခဲ့ပါသည်။ ယနေ့အမေရိကန်ပြည်ထောင်စုအပါအဝင် တိုးတက်ခေတ်မီနေသော ကမ္ဘာ့နိုင်ငံကြီးများ၏ ဆေးရုံကြီးများတွင် လမ်းလျှောက်စက်များ ထားရှိကာ နာတာရှည်ဆီးချိုရောဂါ၊ နှလုံးနှင့် အဆုတ်ဝေဒနာသည်များကို လမ်းလျှောက်စေသည့် လေ့ကျင့်ခန်းကုထုံးအဖြစ် အောင်မြင်စွာ ကုသလျက်ရှိပါသည်။

လမ်းလျှောက်ခြင်း” သည် လူတိုင်းလုပ်ဆောင်နိုင်သော လေ့ကျင့်ခန်းဖြစ်သလို ငွေကြေးကုန်ကျမှု မရှိ၊ ကရိကထလည်းမများသည့်အပြင် အလွယ်ကူဆုံးဖြစ်သောကြောင့် မိမိတစ်ဦးတည်းဖြစ်စေ၊ မိသားစု သို့မဟုတ် မိတ်ဆွေသူငယ်ချင်းများနှင့် အုပ်စုလိုက်ဖြစ်စေ၊ အိမ်မွေးခွေးလေးများနှင့်ဖြစ်စေ လွတ်လပ်ပေါ့ပါးစွာ ပြုလုပ်နိုင်ပါသည်။ ကျန်းမာခြင်းဟူသော ဆုလာဘ်သည် ငွေကြေးဖြင့် ဝယ်ယူ၍ ရသောပစ္စည်း မဟုတ်ပေ။ လူတိုင်းလူတိုင်း မိသားစုဝင်များအားလုံး ကိုယ်ကျန်းမာနေမှလည်း စိတ်ချမ်းသာ နိုင်မည်ဖြစ်သည်။

လမ်းလျှောက်ခြင်း၏ ကျန်းမာရေးအကျိုးကျေးဇူးများ

လမ်းလျှောက်ခြင်းသည် ရောဂါကင်းဝေးကျန်းမာစေပြီး အသက်ရှည်ရာအနာမဲ့ကြောင်း နည်းလမ်းကောင်းတစ်ခုဖြစ်ပေရာ နေ့စဉ် ပုံမှန်လမ်းလျှောက်ခြင်း၏ ကျန်းမာရေးအကျိုးကျေးဇူး များမှာ အောက်ပါအတိုင်းဖြစ်သည်။

နှလုံးအားကောင်းစေပါသည်။ ပုံမှန်လမ်းလျှောက်ခြင်းဖြင့် ခန္ဓာကိုယ်အတွက် ကောင်းမွန်သော HDL ကိုလက်စထရောများကို သဘာဝအလျောက်မြှင့်တင်ပေးပြီး မကောင်းသော LDL ကိုလက်စထရော များကို လျှော့ချပေးပါသည်။ နှလုံးသွေးလည်ပတ်စီးဆင်းမှုကို ကောင်းမွန်စေသဖြင့် နှလုံးကို ကျန်းမာစေပါသည်။ အမေရိကန်နိုင်ငံတွင် အသက် (၇၀) ကျော်အရွယ်များအား လေ့လာဆန်းစစ် မှုမှတ်တမ်းများအရ ခပ်သွက်သွက်နှင့် အချိန်ကြာကြာလမ်းလျှောက်သော သက်ကြီးရွယ်အိုများ သည် နှလုံးသွေးကြောဆိုင်ရာရောဂါ(CVD) ဖြစ်ပွားနိုင်သည့်အန္တရာယ် နည်းပါးကြောင်း၊ တစ်နာရီ လျှင် ငါးကီလိုမီတာထက်ပိုသော အမြန်နှုန်းဖြင့် လမ်းလျှောက်သော အရွယ်ရောက်ပြီးသူများသည် တစ်နာရီလျှင် သုံးကီလိုမီတာနှုန်းဖြင့် လမ်းလျှောက်သူများထက် နှလုံးရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ် ၅၀ ရာခိုင်နှုန်း လျော့နည်းသွားကာ လေဖြတ်ခြင်း အန္တရာယ်မှလည်း ၅၀ ရာခိုင်နှုန်း လျော့နည်းကြောင်း လေ့လာတွေ့ရှိရပါသည်။

လမ်းလျှောက်သည့် အမြန်နှုန်း သို့မဟုတ် အကွာ အဝေး ပိုများသူများတွင် နှလုံးရောဂါဖြစ်ပွားနိုင် သည့်အန္တရာယ် လျော့နည်းကြောင်း၊ တစ်ရက်လျှင် မိနစ် ၃၀ ကြာ လမ်းလျှောက်နိုင်မည်ဆိုပါက နှလုံး ရောဂါဖြစ်နိုင်ခြေ ၁၁ ရာခိုင်နှုန်း နည်းပါးသွားကြောင်း လေ့လာမှတ်သားရပါသည်။ ထို့ပြင် လမ်းလျှောက်ခြင်းကြောင့် ခန္ဓာကိုယ်အလေးချိန် ကျဆင်းသွားစေပြီး ၁၀ မိနစ်ခန့် ခပ်သွက်သွက် လမ်းလျှောက်ရုံမျှဖြင့် ကယ်လိုရီ ၅၀ လောင်ကျွမ်းနိုင်ကာ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်ကိုလည်း အားကောင်းလာစေပါသည်။ သွေးတိုးနှင့် လေဖြတ်ခြင်းမှ ကာကွယ်စေပါသည်။ တစ်နေ့လျှင် နာရီဝက်ခန့် ခပ်သွက်သွက်လမ်းလျှောက်ပေးခြင်းက သွေးတိုးရောဂါမဖြစ်စေသည့်အပြင် သွေးတိုးရောဂါနှင့် ဆက်စပ်လျက်ရှိသော လေဖြတ်ခြင်းအလားအလာကို ၂၇ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါသည်။ အဆုတ်အားကောင်းစေပါသည်။ လမ်းလျှောက်နေချိန်တွင် ခန္ဓာကိုယ်တွင်း အောက်ဆီဂျင်များများ လိုအပ်ခြင်းကြောင့် အသက်ပိုရှူရသဖြင့် အဆုတ်၏ လုပ်ဆောင်ချက်များ ပိုကောင်းလာပါသည်။

ရောဂါဝေဒနာဆိုးများမှ တားဆီးပေးနိုင်ပါသည်။ နေ့စဉ် ပုံမှန်လမ်းလျှောက်ခြင်းသည် ဆီးချို ရောဂါ အမှတ်-၂ ဖြစ်နိုင်ခြေအလားအလာကို ၆၀ ရာခိုင်နှုန်းခန့်အထိ လျှော့ချပေးသည့်အပြင် ခန္ဓာ ကိုယ်တွင်းရှိ ဆဲလ်များကို အားကောင်းစေပြီး အထူးသဖြင့် အူမကြီးကင်ဆာ၊ ရင်သားကင်ဆာစသည့် ကုသရန်ခက်ခဲသော ရောဂါဆိုးကြီးများ ဖြစ်နိုင်ခြေအလားအလာကိုပါ ၂၀ ရာခိုင်နှုန်းခန့် လျှော့ချပေး နိုင်ကြောင်း The British Medical Journal (ခေါ်) ဗြိတိန်ကျန်းမာရေးဂျာနယ်တွင် ဖော်ပြထားပါ သည်။

ကြွက်သားများ ကျစ်လျစ်လာစေသည်။ လမ်းလျှောက်လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းက ကယ်လိုရီများ လောင်ကျွမ်းသွားစေသဖြင့် ခန္ဓာကိုယ်၏ ဇီဝဖြစ်စဉ်ကို တိုးတက်ကောင်းမွန်လာစေပြီး ကြွက်သားများ ကျစ်လျစ်သန်စွမ်းလာစေသည်။ လမ်းလျှောက်ခြင်းက ပြင်းထန်သော လေ့ကျင့်ခန်းမဟုတ်သဖြင့် ကြွက်သားနာကျင်မှု မဖြစ်စေနိုင်ပေ။ ထို့ကြောင့် အနာတရဖြစ်ပေါ်ခြင်း၊ နောက်တစ်နေ့ လမ်းထလျှောက်ရန်အတွက် ကြွက်သားနာ၍ မလျှောက်နိုင်ခြင်းမျိုးလည်း မဖြစ် စေနိုင်ပေ။

ခန္ဓာကိုယ်မှ အဆီပိုများ ဖယ်ရှားလိုလျှင်၊ ကြွက်သားများ သန်မာစေလိုလျှင် တစ်နေ့ ခြေလှမ်းရေ ၁၀၀၀၀ ခန့် လမ်းလျှောက်ပေးရုံမျှဖြင့် ရနိုင်ပါသည်။ ၎င်းထက်ပိုပြီး ပြင်းထန်သည့်လေ့ကျင့်ခန်းကို လိုချင်သူဖြစ်ပါက တောင်တက် လမ်းလျှောက်ခြင်းပြုလုပ်ပါ။ ထို့ပြင် စက္ကန့် ၃၀ မှ တစ်မိနစ်၊ နှစ်မိနစ်အထိ ခပ်မြန်မြန်လမ်းလျှောက်ပြီး တစ်ဖန် ပုံမှန်လမ်းလျှောက်ခြင်း၊ ထို့နောက် ခပ်မြန်မြန် ပြန်လည်လမ်းလျှောက်ခြင်းကလည်း ကြွက်သားများကို ထိထိရောက်ရောက် သန်မာစေပါသည်။ ဦးနှောက်ကို ကောင်းကျိုးပြုပါသည်။ အင်္ဂလန်နိုင်ငံတွင် အသက် (၆၅) နှစ်နှင့်အထက် အမျိုးသား အမျိုးသမီးကြီးများကို ရက်သတ္တပတ်လျှင် ခြောက်မိုင်ကျော်မျှ လမ်းလျှောက်စေခဲ့ရာ စိတ်ဖိစီးမှုများမရှိတော့ဘဲ ယခင်အခြေအနေထက် မှတ်ဉာဏ်စွမ်းရည်ပမာဏ ၄၀ ရာခိုင်နှုန်းအထိ တိုးတက်ကောင်းမွန်လာကြောင်း လေ့လာတွေ့ရှိခဲ့ ပါသည်။

အရိုးပွရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးပါသည်။ လမ်းလျှောက်နေစဉ် ကြွက်သားများက အရိုးများကို ဆွဲတင်ပေးပြီး ရွေ့လျားမှုဖြစ်ပေါ်စေသဖြင့် အရိုးများကို ပိုမိုသန်မာစေပါသည်။ စိတ်ဖိစီးမှု ဖြစ်စေသော ကော်တီဇောဟော်မုန်းသည် အရိုးများ၏သိပ်သည်းဆကို လျော့ကျစေပြီး အရိုးပွရောဂါကို ဖြစ်စေတတ်သည်။ လမ်းများများလျှောက်ခြင်းဖြင့် ကော်တီဇောပမာဏ လျော့ကျသွားစေနိုင်သဖြင့် အရိုးပွခြင်းကို သက်သာလာစေသည်။ အထူးသဖြင့် သွေးမဆုံးမီနှင့် သွေးဆုံးပြီးစ အမျိုးသမီးများ အရိုးပွရောဂါမဖြစ်ရလေအောင် လမ်းမှန်မှန်လျှောက်ပေးရန် အထူးလိုအပ်ပါသည်။ ထို့ပြင် လမ်းလျှောက်ခြင်းက အရိုးအဆစ်များကို ကျန်းမာကြံ့ခိုင်စေသဖြင့် အဆစ်အမျက်ရောင်ဝေဒနာသည်များလည်း လမ်းလျှောက်လေ့ကျင့်ခန်း မှန်မှန် လုပ်သင့်ပါသည်။

ခန္ဓာကိုယ်အချိုးအစား ပြေပြစ်စေပါသည်။ လမ်းလျှောက်သည့်အခါ ခန္ဓာကိုယ်ကို မတ်မတ် ထား၍ ရင်ကိုဖွင့်ကာ သက်သောင့်သက်သာအနေအထားဖြင့် ပခုံးနှစ်ဖက်ကို ဖြေလျှော့ပြီး လက်နှစ်ဖက်ကို ဟန်ချက်ညီညီ အားရပါးရလွှဲ၍ လျှောက်ပေးရပါမည်။ ထိုကဲ့သို့ နည်းစနစ်မှန်မှန် လမ်းလျှောက်ခြင်းက ရင်ဘတ်ကြွက်သားများကို ကျစ်လျစ်လာစေသလို ခါးတစ်ဝိုက်ရှိ အဆီ ပိုများကိုပါ ဖယ်ရှားပေးနိုင်သဖြင့် ခန္ဓာကိုယ်အချိုးအစား ပြေပြစ်စေပါသည်။

အရိုးကျန်းမာရေးအတွက် ဗီတာမင်ဒီဓာတ်က မရှိမဖြစ်လိုအပ်သည်။ နံနက်ပိုင်း နေရောင်ခြည်နုနု အောက်တွင် နေပူစာလှုံရင်း လမ်းလျှောက်ခြင်းက ဗီတာမင်ဒီဓာတ် အပြည့်အဝရရှိစေမည်ဖြစ်ပါ သည်။ ခပ်သွက်သွက်လမ်းလျှောက်ခြင်းဖြင့် သွေးလည်ပတ်စီးဆင်းမှုအားကောင်းစေကာ ခန္ဓာ ကိုယ်အနှံ့အပြားရှိဆဲလ်များထံ အောက်ဆီဂျင် ရောက်ရှိသွားစေ၍ လူကို လန်းဆန်းပေါ့ပါးကာ ခွန်အားဖြစ်စေပါသည်။ နေ့စဉ် ပုံမှန် လမ်းသွက်သွက်လျှောက်ခြင်းကြောင့် ကျန်းမာပျော်ရွှင်မှုကိုဖြစ်စေသည့် အန်ဒေါ်ဖင်ဟော်မုန်းများလည်း ပိုမိုထွက်ရှိလာပါသည်။ လေကို တဝကြီးရှူရှိုက်၍ ခပ်သွက်သွက်လမ်းလျှောက်ခြင်းက စိတ်၏ ထွက်ပေါက်ဖြစ်စေနိုင်သောကြောင့် အချိန်တိုအတွင်း စိတ်ဖိစီးမှုများကို ပြေပျောက်သွားစေသည်။ မျက်စိတိမ်အားကို လျော့ကျစေသဖြင့် မျက်စိတိမ်စွဲခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။ အရေပြားသို့ သွေးစီးဆင်းမှု အားတိုးစေပြီး အရေပြားဆဲလ်များကို အာဟာရဖြစ်စေကာ အကျိုးရလဒ်အဖြစ် ကျန်းမာနုပျိုခြင်းကို ပိုင်ဆိုင်နိုင်ပါမည်။

နံနက်ခင်းစောစောလမ်းထလျှောက်သည့်အခါ တစ်ဦးတည်းလျှောက်ခြင်းထက် အနည်းဆုံး လမ်းလျှောက်ဖော်တစ်ယောက်ပါပါက ပို၍ကောင်းပါသည်။ အန္တရာယ်မှ ကြိုတင်ကာကွယ်သည့် အနေဖြင့် ထီး သို့မဟုတ် လက်ကိုင်တုတ်တစ်ခုခု ဆောင်သွားပါ။ ယာဉ်အန္တရာယ်ကင်းဝေးစေရန် လမ်းဘေးမှကပ်လျှောက်ရန်လိုပါသည်။ သက်သောင့်သက်သာရှိစေသော ဖိနပ်ကို ဝတ်ဆင်ခြင်းက ခြေထောက်နာ၊ ခြေထောက်ကွဲအက်ခြင်းမှ သက်သာစေပါသည်။ ချွေးစုပ်နိုင်သော ချည်သားစစ်စစ် အဝတ်အထည်များ ဝတ်ဆင်လျှင် ပို၍သင့်တော်ပါသည်။ လမ်းလျှောက်ပြီးနောက် ရေများများ သောက်ပါ သို့မဟုတ် ရေဘူးဆောင်ထားရန် လိုပါသည်။

အချုပ်ဆိုရသော် လမ်းလျှောက်သည်ဆိုရာ၌ ဆောင်းရာသီတစ်ခုတည်းသာမက နွေရော မိုးပါ ဥတုရာသီအချိန်အခါမရွေး လမ်းမှန်မှန်လျှောက်သော အလေ့အထကောင်းကို မွေးမြူသင့်ပါသည်။ မည်သို့ပင်ဆိုစေကာမူ မိမိကိုယ်တိုင် တကယ်ကျန်းမာချင်ပါမှ၊ မိမိကိုယ်ကို စောင့်ရှောက်ချင်စိတ် ရှိပါမှ၊ မိမိကိုယ်ကို စောင့်ရှောက်တတ်ပါမှ၊ ကျန်းမာရေးအသိ သတိဖြင့် ဇွဲလုံ့လရှိပါမှ ရောဂါဘယ ကင်းဝေး၍ တကယ်ကျန်းမာနိုင်မည်ဖြစ်ပေသည်။

ဘဝစိန်ခေါ်မှုများစွာနှင့် လူမှုဘဝပတ်ဝန်းကျင်တွင် စိတ်ဖိစီးမှုများ များပြားလာကြသည်။ ထိုအခါ စိတ်ထွက်ပေါက်အဖြစ် လမ်းများများ လျှောက်ပေးသင့်ပါသည်။ စုပေါင်းလမ်းလျှောက်ခြင်းသည် တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီးမှုကိုရသကဲ့သို့ ပျော်ရွှင်မှုကိုလည်း အမှန်အကန်ရရှိစေပါသည်။ သို့ပါ၍ ကိုယ်ခန္ဓာသန်စွမ်းစေရန်၊ စိတ်နှလုံးရွှင်ပြုံးစေရန်၊ စိတ်ရောကိုယ်ပါကျန်းမာရန် စောစောအိပ် လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။ ။

No comments:

Post a Comment