ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ်အား (က) ဘူမိအမွေအနှစ်များ၊ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ၊ ဇီဝမျိုးစုံမျိုးကွဲ၊ ဂေဟစနစ်၊ ဘူမိသွင်ပြင် အနေအထားနှင့် ပတ်ဝန်းကျင်ကိုထိန်းသိမ်းစောင့်ရှောက်ရန်၊ (ခ) မျိုးဆက်သစ်လူငယ်များ ပတ်ဝန်းကျင်ညစ်ညမ်း မှုလျှော့ချရေး၊ ပတ်ဝန်းကျင်လေ့လာရေးနှင့် သုတေသနပြုရေးတို့ကို စိတ်ဝင်စားလာစေရေး ပညာပေးရန်၊ (ဂ) ဒေသခံလူမှုအဖွဲ့အစည်းများကြား သာတူညီမျှ ညှိနှိုင်းဆောင်ရွက်သည့် အလေ့အကျင့်များရရှိရေး အားပေး မြှင့်တင်ရန်၊ (ဃ) စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုရန်နှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။
ဤသို့ မြန်မာနိုင်ငံ၏ထူးခြားသော ဘူမိရုပ်သွင်မီးတောင်ဟောင်းတစ်ခုဖြစ်သည့် ပုပွားတောင်ကြီးနှင့် မီးတောင်များ၏ ပေါက်ကွဲမှုဆိုင်ရာသဘော သဘာဝတို့ကိုလည်းကောင်း၊ဆေးဖက်ဝင်သစ်ပင်များနှင့် သစ်တောများဖုံးလွှမ်းလျက် သဘာဝတောတိရစ္ဆာန်များနှင့် ဇီဝမျိုးစုံမျိုးကွဲများကိုလည်းကောင်း၊ ဂေဟစနစ်တို့ကိုလည်း ကောင်း၊ ရှေးခေတ်အစဉ်အဆက် ကိုးကွယ်ယုံကြည်မှု သမိုင်းကြောင်းတို့ ဖြတ်သန်းစီးဆင်းရာ သင်္ကေတပြယုဂ် တစ်ခုအနေဖြင့်လည်းကောင်း၊ ရှေးဘူမိသမိုင်းအတွင်း ပေါက်ရောက်ရှင်သန်နေသော သစ်တောကြီးများနှင့် ထိုသစ်တောများတွင် ရှင်သန်ပေါက်ဖွား နေထိုင်ခဲ့ကြသည့် တောရိုင်းတိရစ္ဆာန်များ၏ ကျောက်ဖြစ်ရုပ်ကြွင်းများကို လည်းကောင်း လေ့လာနိုင်မည်ဖြစ်သော ပုပ္ပားမီးတောင်ဒေသကို မြန်မာနိုင်ငံ၏ပထမဆုံးအမျိုးသား ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။
ယခုအခါတွင် ပုပ္ပားတောင်ဒေသကို အမျိုးသားဘူမိဥယျာဉ်အဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်အရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာန၏ ၆-၁၂-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၅၂/၂၀၂၃) ဖြင့် အောင်မြင်စွာ ဖွဲ့စည်းသတ်မှတ်ခဲ့ပြီးဖြစ်ရာယင်းသည် ကမ္ဘာ့ဥယျာဉ် (Global Geopark) အဖြစ် သတ်မှတ်ခံရရေး အတွက် အရေးကြီးသော ပဏာမအဆင့် တစ်ခုလည်းဖြစ်ပါသည်။
ဘူမိဥယျာဉ်အတွင်းရှိ ဘူမိနယ်မြေ (Geosites) များ
ဘူမိဥယျာဉ်များသည် ဘူမိအမွေအနှစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ယဉ်ကျေးမှုနှင့် ရှေးဟောင်းအမွေအနှစ်များ၊ ဒေသ၏လူနေမှုဓလေ့ထုံးစံနှင့် ဒေသထွက်ကုန်များ၊ ရေမြေတောတောင် သဘာဝအလှနှင့် ဒြပ်မဲ့တန်ဖိုးများကို စနစ်တကျထိန်းသိမ်းလျက် ပညာပေးရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံအုပ်ချုပ်သည့်ဒေသ တစ်ခုဖြစ်ခြင်းနှင့်အတူ ထူးခြားသည့် ဘူမိပြကွက်များအပြင် အပန်းဖြေရေး၊ ဖျော်ဖြေရေး၊ စားသောက်နေထိုင်ရေး၊ လူမှုဆက်ဆံရေးနှင့် ပညာရပ်များ လေ့လာဖြန့်ဖြူးသည့် နေရာလည်း ဖြစ်ပေသည်။ ထိုသို့ဖြစ်ခြင်းကြောင့် ဘူမိဥယျာဉ်အတွင်း ကြည့်ရှုလေ့လာသူများ စိတ်ဝင်စားဖွယ်ဖြစ်စေရန် ရွေးချယ်ထားသောဘူမိနယ်မြေ (Geosite) များ ပြင်ဆင်ထားရမည်ဖြစ်ပါသည်။ ဘူမိဥယျာဉ်လုပ်ငန်း၏ အဓိကဝင်ငွေမှာလည်း ဘူမိခရီးသွားလုပ်ငန်းပင်ဖြစ်ပါသည်။ အခြားတစ်ဖက်တွင်လည်း ဘူမိဥယျာဉ်များကို ပညာပေးခရီးသွားလုပ်ငန်း (Educational Tourism) အနေဖြင့်လည်း ဝိဇ္ဇာ၊ သိပ္ပံဆိုင်ရာ ပညာရပ်တို့ကိုအခြေခံမှအဆင့်မြင့် သုတေသနအထိလေ့လာဆောင်ရွက် သွားနိုင်မည်လည်းဖြစ်ပါသည်။
ဘူမိနယ်မြေဟု ဆိုသော်လည်းပြကွက်အားလုံးသည် ဘူမိဗေဒသက်သက်မဟုတ်ဘဲ နယ်ပယ်အသီးသီး ပါဝင်ကာ အကျဉ်းအားဖြင့် ABC ဟု သတ်မှတ်ထားကြသည့် Abiotic၊ Biotic နှင့် Culture တို့ အသီးသီးပါဝင်ကြပါသည်။ Abiotic သည် ဇီဝကင်းသော ကျောက်သား၊ မြေသားသတ္တု၊ သယံဇာတ စသည်တို့ကိုလည်းကောင်း၊ Biotic သည် သက်ရှိဆိုင်ရာ သတ္တဝါများ၊ အပင်များ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ယင်းတို့၏ကျောက်ဖြစ် ရုပ်ကြွင်းများကို လည်းကောင်း၊ Cultureသည် ဒေသအတွင်းလူသားတို့၏ ယဉ်ကျေးမှုဓလေ့ ထုံးစံ၊ ရိုးရာကိုးကွယ်မှု၊ ရှေးဟောင်း အထောက်အထားများ၊ ထွက်ကုန်နှင့် လက်မှုပညာရပ်မျိုးစုံ၊ တေးဂီတအနုပညာ စသည်တို့ကို လည်းကောင်း ရည်ညွှန်းသည့် အချက်များပါဝင်ပါသည်။
ဘူမိနယ်မြေများကို ဘူမိဗေဒ လေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံဘူမိသိပွံအသင်းတို့ ပူးပေါင်းပါဝင်၍ ကွင်းဆင်းရှာဖွေရေးလုပ်ငန်း များဆောင်ရွက်ကြကာ ဖော်ပြပါ Abiotic၊ Biotic နှင့် Culture တို့ပါဝင်သော ပုပ္ပားတောင်အမျိုးသားဘူမိ ဥယျာဉ်အတွင်း ဘူမိနယ်မြေ ၂၇ ခုကို တွေ့ရှိခဲ့ပြီး အဆိုပြုလွှာရေးသား တင်သွင်းခဲ့ကြပါသည်။
ဘူမိဥယျာဉ်ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်မှုများ အနေဖြင့်လည်း အမျိုးသားအဆင့် ဘူမိဥယျာဉ်ဆိုင်ရာ ကော်မတီကိုသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဘူမိဥယျာဉ်ဆိုင်ရာ လုပ်ငန်းကော်မတီကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးကဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပြီး ဆက်စပ်ဝန်ကြီးဌာနများနှင့် နှစ်စဉ်အစည်းအဝေးပွဲများကျင်းပကာ လုပ်ငန်းညှိနှိုင်းဆောင်ရွက်လျက်ရှိကြပါသည်။
ရွေးချယ်ထားသည့် ဘူမိနယ်မြေများနှင့်စပ်လျဉ်း၍ ပညာရပ်ဆိုင်ရာ ကဏ္ဍများတွင်လည်း မြန်မာနိုင်ငံရှိဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များ၏ ဘူမိဗေဒဌာနများမှ ပါမောက္ခဆရာ၊ ဆရာမကြီးများလည်း ပူးပေါင်းပါဝင်ဆွေးနွေးကြကာ အကြံဉာဏ်များ ရယူခြင်းများလည်း ဆောင်ရွက်ခဲ့ကြပါသည်။ ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ်အတွက် ပထမဦးဆုံး ဘူမိနယ်မြေများအနေဖြင့် သစ်တောဦးစီးဌာန၏ စီမံခန့်ခွဲမှုနယ်မြေ အတွင်းရှိ ဘူမိနယ်မြေ ၁၅ ခုကို ဦးစွာအတည်ပြုကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ် တည်ထောင်နိုင်ရေးအတွက် အတည်ပြု ရွေးချယ်သတ်မှတ်ထားသည့် ဘူမိနယ်မြေ (Geosite) ၁၅ ခုမှာ (၁) ပုပ္ပားတောင်ထိပ်၊ (၂) မီးတောင်ပြာကျောက်နှင့် ဧရာဝတီသဲကျောက်လွှာထပ်မှုအနေအထား၊ (၃) သုံးထပ်ကွေ့ မီးတောင်ကျိုးပဲ့စာကျောက်များ၊ (၄) ဧရာဝတီ ကျောက်လွှာစု၊ (၅) တောင်နီတောင် ချယ်ဆီဒိုနီနှင့် မြေစေးတွင်းထွက်များ၊ (၆)ပရဆေးဥယျာဉ်နှင့် ပညာပေးပြခန်း၊ (၇) စန္ဒကူးတောနှင့် မြန်မာ့ရွှေသမင်ခြံ၊ (၈) ငှက်သိုက် ချောက်ကမ်းပါး၊ (၉) ကုန်းပြင်မြင့် ချော်လွှာရှုခင်းသာ၊ (၁၀) ဗဆော့ဆန်သော ချော်ရည်စီးကြောင်း၊ (၁၁) တောင်ပေါ်ရွာ (တောင်) ရှုခင်းသာ၊ (၁၂) ပုပ္ပားတောင်ကလပ် အင်ကြင်း ကျောက်များ၊ (၁၃) တောင်နားတောင် ရှုခင်းသာ၊ (၁၄) ပုပ္ပားတောင်မကြီး မီးတောင်ဝနှင့်(၁၅) ဂဲမိုးအိုင်တို့ ဖြစ်ပါ သည်။
ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ် ဖွင့်လှစ်ပြီးပါကလည်း ကလေးသူငယ်များ၊ ကျောင်းသား ကျောင်းသူများ၊ ဘာသာရပ်ဆိုင်ရာ လေ့လာလိုသူများနှင့် ခရီးသွားရောက်လိုသူများ အနေဖြင့် မိမိတို့နှစ်သက်ရာ ဘူမိနယ်မြေများကို ရွေးချယ်ကာ သွားရောက်လေ့လာနိုင် မည်လည်းဖြစ်ရာ ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဘူမိခရီး သွားလုပ်ငန်းကို များစွာအထောက်အကူ ပြုမည်ဖြစ်ပါသည်။
ဘူမိဥယျာဉ်တစ်ခု၏ အရေးကြီးသည့် တာဝန်ဝတ္တရားများမှာ သဘာဝနယ်မြေကြီးတစ်ခုလုံးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရန်နှင့် မြှင့်တင်ပေးရန်၊ ဒေသအတွင်း သဘာဝကပ်ဘေးများကို ခံနိုင်ရည် ရှိရန်ဆောင်ရွက်ပေးခြင်း၊ သဘာဝအရင်း အမြစ်တို့၏ အသိပညာများ ဖြန့်ဝေပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးတို့သည်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်လျက် ရှိကြပါသည်။ ထို့အပြင် အခြားတစ်ဖက် တွင်လည်း ဘူမိနယ်မြေ (Geosite) များကိုအများပြည်သူများနှင့် ဧည့်သည်များ သိရှိနိုင်ရန်ဆိုင်းဘုတ်များ၊ ကြော်ငြာများ၊ လက်ကမ်းစာစောင်များ၊ သတင်းစာနှင့် ရုပ်မြင်သံကြား၊ ရေဒီယိုစသည်တို့မှ အသိပေးကြေညာခြင်းများ ကိုလည်း ပြင်ဆင်ဆောင်ရွက်သွားရ မည်ဖြစ်ပါသည်။
နိဂုံး
မြန်မာနိုင်ငံတွင် ဘူမိဥယျာဉ်များ ပေါ်ပေါက်လာခြင်းအားဖြင့် မြန်မာနိုင်ငံ၏ ထူးခြားသောဘူမိရုပ်သွင် သဘာဝအလှတရားနှင့် ယဉ်ကျေးမှုသမိုင်းကို နိုင်ငံတကာတွင် ဂုဏ်ယူဝင့်ကြွား ပိုမို သိမြင်ပြီး ကျော်ကြားမှုရရှိခြင်း၊ ဒေသခံများ၏ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးခြင်း၊ သဘာဝအလှနှင့် ပတ်ဝန်းကျင်ကို ပိုမိုထိန်းသိမ်းနိုင်ခြင်း စသောအကျိုးကျေးဇူးများ ရရှိနိုင်မည့် မြန်မာနိုင်ငံ၏ ပထဆုံးအမျိုးသားဘူမိဥယျာဉ် (Mount Popa National Geopark) ကို ဦးစွာ တည်ထောင် သတ်မှတ်ခဲ့ပြီးဖြစ်ရာ ထိုမှတစ်ဖန် နောက်တစ်ဆင့်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ UNSECO Global Geopark အဆင့်သို့ရောက်သည့်တိုင်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို လည်း ဂုဏ်ယူစွာ သတင်းစကား ပါးရင်း...
“ဘူမိအလှပန်းချီ ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ်ဆီ”
အလှရယ်ပန်းချီ တောတောင်ရစ်သီလို့
သမိုင်းဖြင့်စီရီ ခိုင်မာရှိသည်ပ
ဘာသာသာသနာ တည်ကာထွန်းပါတဲ့
မီးတောင်မြေမဟီ ပုပ္ပားတောင်မြတ်သည်
ယဉ်ကျေးမှုပေါင်းစီ ဇီဝမျိုးကြွယ်လို့
ဘူမိဥယျာဉ်တည် ဂုဏ်ရှိန်ဝင့်မှာပ
ကောင်းမှုရယ်မှန်းရည် ပေါင်းစုရွယ်လှမ်းချီ
ပုပ္ပားအမျိုးသား ဘူမိဥယျာဉ်ဆီ…
ကဗျာလေးဖြင့် သီကုံးကာ ဂုဏ်ပြု ရေးသားဖော်ပြအပ်ပါသည်။
ကိုးကား
(၁) ပုပ္ပားဒေသအမျိုးသားအဆင့် ဘူမိ ဥယျာဉ် အဆိုပြုလွှာ (မူကြမ်း)၊ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်
(၂) ဒေါက်တာမြင့်စိုး၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေး ဦးစီး ဌာန၊ ပုပ္ပားတောင် ဘူမိဥယျာဉ် ဖြစ်မြောက်ရေးအတွက် ကွင်းဆင်း အစီရင်ခံစာများ၊ ၂၀၁၆ ခုနှစ်၊ ၂၀၂၀ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်
(၃) ဦးသန်းထွန်း(ဥက္ကဋ္ဌ)၊ ဘူမိဥယျာဉ် ဖြစ်မြောက်ရေး ကော်မတီ၊ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း၏ ဆောင်းပါးများနှင့် လက်ကမ်း စာစောင်များ
(၄) ဒေါက်တာဦးသိန်း၊ တောင်တော် ပုပ္ပား၊ တက္ကသိုလ်ပညာ ပဒေသာ စာစောင်၊ အတွဲ (၁၅)၊ အပိုင်း (၄)၊ ၁၉၈၁ ခုနှစ်
(၅) Jiuchen Zhang and Jingfei Zhang, 2022. The hisyory and outcomes of the 30th Inter-national Geological Congress, Beijing (1996)
ဇော်ထက်လင်း (ဘဓရ)
No comments:
Post a Comment