Wednesday, December 13, 2023

လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ


ယခုလတ်တလော မြန်မာနိုင်ငံက စက်သုံးဆီဆိုင်တွေဟာ ဆိုင်ကရောင်းဖို့သတ်မှတ်ထားတဲ့ အချိန်လောက်မှာ သွားတန်းစီနေရတယ်။ တစ်မိုင်အရှည်လောက်ထိယာဉ်၊ ဆိုင်ကယ်တန်းအရှည်ကြီးမှာ စိတ်ရှည်သည်းခံစွာနဲ့ တန်းစီစောင့်ဆိုင်းရတာက အလုပ်တစ်ခုဖြစ်နေတယ်။ တစ်နာရီခွဲလောက်အရောက်မှာ ဆိုင်နားလည်းရောက်ရော ကိုယ်လိုချင်တဲ့ ဓာတ်ဆီကမရတော့ဘဲ ဒီဇယ်ပဲရတော့မယ်ဆိုပြီး ဖြစ်သွားတတ်တာလည်း ကြုံဖူးပါပြီ၊၊ အချိန်ကုန် မောတာအဖတ်တင်၊ စက်သုံးဆီဆိုင်ဆီမောင်းလို့ ကုန်သွားတဲ့ဆီပမာဏလေးက မပြောပလောက်ပေမယ့် ခုလိုကာလ ခြိုးခြိုးခြံခြံနေရတဲ့ဘဝမှာ ဒီကုန်သွားတဲ့ ပမာဏလေးသည်ပင် ကိုယ့်အတွက် အရေးကြီးနေပြန်ကော၊ လိုအပ်လို့ မလျှော့သောဇွဲနဲ့ နောက်တစ်ဆိုင်ကူးပြန်ရင်လည်း မသေချာ၊ တစ်ခါအချိန်အကြာကြီးတန်းစီတိုးပြီးမှ တပ်ခေါက်ပြန်ခဲ့ရတာလည်းရှိရဲ့။ တစ်ခါတလေ တချို့ဆိုင်တွေက အကန့်အသတ်နဲ့ ကျပ်နှစ်သောင်းဖိုး၊ သုံးသောင်းဖိုးလောက်ဆီဖြည့်ပြီး မတတ်နိုင်တဲ့အခါ အခေါက်ခေါက်အခါခါ ရောက်ရပြန်တယ်၊၊ ဆီထည့်ဖို့တန်းစီရင်း ဆီဈေးမော်ကြည့်မိရင် ကားထဲဆီပြတ်မှာစိုးလို့ ဘုရားတမိအခါခါ ကုသိုလ်အကုသိုလ် ယှဉ်လျက် ပေါ့.....။

နိုင်ငံတကာမှာလည်း ထို့အတူ

လူတန်းစားမရွေးကြုံရတဲ့ ခံစားချက်များ စိတ်ကူးများနဲ့ထပ်တူ သာမန်မြန်မာပြည်သူ တစ်ယောက်ရဲ့ လတ်တလောအခြေအနေလေးပါပဲ၊ မရှိမဖြစ်အရေးပါတဲ့အရာတစ်ခုနဲ့ ပတ်သက်ပြီး ဒါတွေဘာကြောင့်ဖြစ်နေရသလဲ.. ဆန်းစစ်တဲ့အခါ..မြန်မာနိုင်ငံမှာ စက်သုံးဆီဈေးနှုန်းတက်ခြင်းဟာ သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုထက် မပိုဘူးဆိုတာလည်း သတိထားမိပြန်ရဲ့..။ တရိပ်ရိပ်တက်လာနေတဲ့ စက်သုံးဆီဈေးအခြေအနေဟာ ၂၀၂၂ ခုနှစ် အကုန်လောက်နဲ့ ၂၀၂၃ ခုနှစ် သင်္ကြန်မတိုင်ခင်ကစပြီး မှတ်မိသလောက် ပိုတက်လာဟန်တူပါတယ်။ နိုင်ငံတကာမှာလည်း အတူတူပါပဲ။ အမေရိကန်လိုရေနံထွက်တဲ့နိုင်ငံအပါ အခြားဖွံ့ဖြိုးပြီး ဝင်ငွေကောင်းတဲ့နိုင်ငံတွေမှာလည်း ထို့အတူ၊ ထိုနိုင်ငံက ပြည်သူတွေလည်း စက်သုံးဆီဈေးတက်တဲ့ဒဏ်ခံစားကြရပြီး ဆီတစ်လီတာဈေးနှုန်းချင်းနှိုင်းယှဉ်ရင် ထိုနိုင်ငံတွေမှာများလှတယ်ဆိုပေမယ့် ဝင်ငွေကောင်းတော့ အထောင်းသက်သာနေတာပေါ့၊၊ ကမ္ဘာ့စက်သုံးဆီဈေးနှုန်းနဲ့ ကမ္ဘာ့နိုင်ငံရေးဆက်စပ် တယ်ဆိုတဲ့အချက်ကလည်း မမေ့သင့်တဲ့အချက်ပါ။ ကမ္ဘာမှာကျည်ဆန်စစ်ပွဲကနေ ရေနံစစ်ပွဲပြောင်းနေ ပုံများကို လေ့လာသင့်ပါတယ်။

ကောလာဟလ ထောင်ချောက်ကိုသတိထားရန်

မြန်မာနိုင်ငံမှာတော့ နိုင်ငံရေးအမြတ်ထုတ်ဖို့ တိုက်ပွဲတွေဖော်ဆောင်ရင်း စီးပွားရေးအရပါ အမြတ်ထုတ်ပြီး အကျပ်အတည်းတစ်ခုပြီးတစ်ခု ဖန်တီး၊ ဂယက်ရိုက်ခတ်နေအောင် တမင်အကွက် ဆင်တတ်တာလည်း ရိုးအီနေပါပြီ။ နိုင်ငံတော်အစိုးရကို အကျပ်ရိုက်အောင်လုပ်ရင်း ပြည်သူတွေထံက မကျေနပ်တဲ့အသံတွေနားစွင့်၊ လူထုကိုအာရုံပြောင်း ထွက်ပေါက်ဖန်တီးပြီး လူထုအုံကြွမှုထောင်ချောက်ကို ဖန်တီးတတ်တဲ့အချက်ကို တည်ငြိမ်အေးချမ်းမှုလိုလားတဲ့ ပြည်သူမှန်သမျှ သတိပြုမိဖို့လိုပါတယ်။

အတုအယောင်နိုင်ငံရေးနဲ့ စီးပွားရေးဝိသမ လောဘဇောဇာတ်လမ်းနဲ့ စက်သုံးဆီပြဿနာရဲ့ နောက်ဆက်တွဲ ကုန်စည်ပို့ဆောင်မှု၊ ရှားပါးမှု၊ ဈေးတက်မှုစတဲ့ သက်ရောက်မှုတွေ ပေါင်းစပ်လိုက်တဲ့အခါ အစိုးရလည်းအခက်တွေ့၊ ပြည်သူလည်း ဒုက္ခကြုံအောင် လုပ်တတ်တဲ့သဘော သဘာဝများကို သတိထားမိအောင်ပါ။ ဒီလိုထောင်ချောက်မျိုးကို အဖျက်သမားတွေဟာ ကောလာဟလသတင်းတု၊ သတင်းမှားမျိုးစုံနဲ့ ဖန်ဆင်းပြီး လူထုကိုစိုးရိမ် ထိတ်လန့်မှုတွေနဲ့ တိုင်းပြည်ကို ဖရိုဖရဲဗရုတ်ဗရက် ဖြစ်အောင်လုပ်နေခြင်းဖြစ်ပါတယ်။

ဘယ်လိုကောလာဟလမျိုး ဖြစ်နိုင်ပါသလဲ။ နိုင်ငံခြားသုံးငွေပြတ်လပ်နေပြီ။ စက်သုံးဆီပြတ်လပ်နေပြီ။ နိုင်ငံခြားကအဝင်မရှိတော့ဘူး။ စက်သုံးဆီဈေးနှုန်းတွေက ဘယ်လောက်တောင်မြင့်တက်သွားတာ၊ လူတွေတန်းစီရတာ ဘယ်နှစ်မိုင်လောက်ရှိတယ်။ ဘယ်ဆိုင်တွေကတော့ ပိတ်ထားလိုက်ပြီစသည်ဖြင့် အမှားနဲ့အမှန်ရောရာ လက်ရှိဖြစ်နေတဲ့ အခြေအနေထက် ပိုဆိုးသယောင် ဖောင်းဖောင်းပွပွဖြန့်လိုက်တဲ့ သတင်းအချက်အလက်တွေကြောင့်က အဓိကဖြစ်နေပါတယ်။

ကြိုးစားဖြေရှင်းဆောင်ရွက်ပေးလျက်ပါ

စက်သုံးဆီတင်သွင်းမှုကို နိုင်ငံအတွက်ဦးစားပေးအဆင့် (၁) မှာ အစဉ်တစိုက် သတ်မှတ်ထား ပြီးသားဖြစ်ပါတယ်။ ကဏ္ဍအားလုံးမှာ အရေးတကြီး လိုအပ်ချက်ဖြစ်တဲ့အတွက်ကြောင့်ပါပဲ။ ဒါကြောင့်လည်း နိုင်ငံတော်အစိုးရအနေနဲ့က စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနဲ့ ဈေးနှုန်းအပိုင်းမှာ ဈေးနှုန်းတည်ငြိမ်နေအောင်နဲ့ လုံလောက်မှုရှိအောင်ကိုပါ တတ်နိုင်သမျှကြိုးစားပြီး ဆောင်ရွက်ဖြေရှင်းပေးနေတာ တွေ့ရပါတယ်၊၊ နေ့စဉ်စက်သုံးဆီဈေးနှုန်းက အစဆောင်ရွက်ချက်များကို တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေကိုယ်တိုင် ပြည်သူထံချပြနေတာရှိပါတယ်။ သက်ဆိုင်ရာတင်သွင်းတဲ့နိုင်ငံကနေ နေ့စဉ်ဖြစ်နေတဲ့ဈေးနှုန်း၊ အနည်းဆုံးအခွန်အကောက်နဲ့ သယ်ယူပို့ဆောင်ရေး စရိတ်ရယ်ပေါင်းပြီးတော့မှ နေ့စဉ်ဈေးနှုန်းသတ်မှတ်ပြီး တည်ငြိမ်အောင် ဆောင်ရွက်ပေးနေကြောင်း ထုတ်ပြန်ပြောကြားချက်တစ်ခုကို မှတ်သားဖူးပါတယ်။

နိုင်ငံတော်ဘက်က ပို့ကုန်သွင်းကုန်နဲ့ပတ်သက်ပြီး လတ်တလော ဖြေလျှော့မှုတချို့ကိုလည်း မှတ်သားမိလိုက်ပါတယ်။ နိုင်ငံတော်ဗဟိုဘဏ်ရဲ့ ပြင်ဆင်သတ်မှတ်ချက်မှာ ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ပို့ကုန်တင်ပို့လို့ ပို့ကုန်ရငွေပမာဏရဲ့ကျပ်ငွေနဲ့ လဲလှယ်ဆောင်ရွက်ရမယ့် မူလဖြေလျှော့ချက် ၅၀ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းသို့ လျှော့ချ သတ်မှတ်လိုက်ခြင်း အမိန့်ကြော်ငြာစာတစ်ခုကို လေ့လာတဲ့အခါကျန် ၆၅ ရာခိုင်နှုန်းကို ပြင်ပ ပေါက်ဈေးအတိုင်း လဲလှယ်ဆောင်ရွက်ခွင့်ရတဲ့ သဘောကိုတွေ့ရပါတယ်။ ပို့ကုန်အတွက် လွပ်လပ်စွာဆောင်ရွက်ခွင့်ပေးရင်း သွင်းကုန်အတွက်လိုအပ်တဲ့ နိုင်ငံခြားငွေရလာအောင်နဲ့ နိုင်ငံခြားငွေ စီးဆင်းမှု အားကောင်းလာအောင် ရည်ရွယ်ခြင်းဖြစ်ပါတယ်။

ယခုလို ပြင်ပတင်ပို့မှုနဲ့ဆက်စပ်ပြီး သွင်းကုန်တင်သွင်းတဲ့အခါမှာလည်း မိမိရဲ့နိုင်ငံခြားငွေကို ဈေးကွက်ပေါက်ဈေးအတိုင်း စီမံဆောင်ရွက်သွားနိုင်တော့မယ့်အနေအထားကို အခွင့်အလမ်းတစ်ခုအဖြစ် မြင်စေချင်ပါတယ်။ ယခုလိုအပြောင်းအလဲကြောင့်သာ စက်သုံးဆီတင်သွင်းသူတွေအနေနဲ့ ဒေါ်လာရဖို့ခက်ခဲမှုတချို့ လတ်တလောကြုံတွေ့ နေရခြင်းဖြစ်ပါတယ်၊၊ နိုင်ငံတော်ဘက်ကတော့ ငွေလဲတဲ့အခါမှာ လိုအပ်တဲ့ပမာဏနဲ့ ချိန်ညှိဆောင် ရွက်နေရတာရှိသလို လိုရင်လိုသလောက် လုံလုံလောက်လောက်ရဖို့ လုပ်ငန်းအသစ်တွေဖော်ဆောင် နေရခြင်းမျိုးတွေလည်း ရှိပြီးဖြစ်ပါတယ်။ ဥပမာ- ရုရှားနိုင်ငံနဲ့ ဆက်သွယ်ထားရှိမှုဖြစ်ပါတယ်။

ဆီမရှိလို့မဟုတ်၊ ဆီတင်သင်္ဘောတွေက ရောက်ပြီးသား၊ ရောက်ရှိပြီး စက်သုံးဆီလည်း လုံလုံလောက်လောက်ရှိပါတယ်လို့ တာဝန်ရှိသူများက အကြိမ်ကြိမ်ပြောပြီးဖြစ်ပါတယ်။ ပြောခဲ့သလို ငွေလဲလှယ်မှုနဲ့ လိုအပ်တဲ့ပမာဏတစ်ခုကြောင့်သာ ခေတ္တပြတ်သလိုဖြစ်သွားတာ ဖြစ်တဲ့အတွက် အစိုးရိမ်မကြီးဖို့နဲ့ ကောလာဟလတွေကို မယုံကြည်ဖို့ကိုသာ ထပ်မံတင်ပြချင်ပါတယ်။ စိုးရိမ်မှုလွန်ကဲပြီး များများထည့်၊ အများကြီးတန်းစီဖြစ်သွားတာလည်း နားလည်မှုပေးနိုင်ပါတယ်။ ပြောချင်တာက အလွန်အမင်း ပူပန်သောကမဖြစ်ဖို့နဲ့ ကိုယ့်ကားထဲ၊ ကိုယ့်ဆိုင်ကယ်ထဲ လိုသလောက်သာဖြည့်ဖို့ပါ။ ထွက်လာတဲ့သတင်းတွေကိုလည်း ဖြစ်နိုင်မဖြစ်နိုင် ချင့်ချိန်စဉ်းစားစေချင်တယ်။ အားလုံးက သတင်းအချက်အလက်နဲ့ ကိုယ့်ရဲ့လိုအပ်ချက် သုံးသပ်ချင့်ချိန်ပြီး အများအတွက်ပါမျှဝေလိုတဲ့ ကိုယ်ချင်းစာစိတ်လေးနဲ့လုပ်ကြကိုင်ကြရင် အလွန်ကောင်းသွားမှာပါ။ ဘယ်ကုန်ပစ္စည်းအမယ်ပဲ ဖြစ်ဖြစ်ပါ ရုတ်တရက်ပြတ်လပ်သွားအောင်ကော ဈေးနှုန်းတက်သွားတဲ့နေရာမှာပါ ကိုယ်ကိုယ်တိုင် တစ်ဦးတစ်ယောက်ချင်းကြောင့်လည်း ပါပါတယ်။ ကိုယ့်ကြောင့် မလိုအပ်ဘဲ ဆိုးကျိုးဖြစ်သွား တတ်တဲ့ သဘောလေးတွေကို သတိမူမိစေလိုပါတယ်။

အရောင်းနဲ့အဝယ်အကြား မမျှတလျှင်

အရောင်းနဲ့အဝယ်အကြား မျှတမှုယိမ်းယိုင်သွားရင် ဖြစ်တတ်တဲ့ သဘောတရားတစ်ခုကိုလည်း တွေ့နိုင်ပါတယ်။ ရှေ့ကဝယ်ဖြည့်သူတွေက လိုတာထက်ပိုပြီးဖြည့်လိုက်တဲ့အတွက် လက်ကျန်မရှိတော့ တဲ့အခြေအနေမှာ ကောလာဟလက တစ်ခါထပ်ဆင့်ပြီး ဝယ်လက်အရေအတွက် မတန်တဆများပြားလာတဲ့အထိ ထပ်ဆင့်သက်ရောက်မှုတွေ ရှိလာခြင်း ပါတယ်။

ကျွန်တော်တို့ သတိထားသင့်တာက နေ့စဉ် ကိုယ်က သွားတန်းစီတိုင်း ဆီဝယ်လို့ ရနေတယ် ဆိုရင် စက်သုံးဆီအဝင်ရှိနေတယ်။ ပြတ်လပ်မှုမရှိဘူးလို့ ကောက်ချက်ချလို့ရနေပြီပဲ။ မြန်မာ့ပင်လယ်ဝမှာကော၊ ဆိပ်ကမ်းမှာပါ ဆီတင်သင်္ဘောတွေရှိနေပါတယ်။ အသင့်စောင့်ဆိုင်းနေကြတယ်။ ဆိပ်ကမ်းကနေ ဆီသယ်ယာဉ်တွေနဲ့လည်း အဆက်မပြတ်သယ်ယူဖြန့်ဖြူးပေးနေတဲ့သတင်းတွေလည်း ချပြပြီးသားပါ။ ဒါကြောင့် လက်ရှိအခြေအနေမှာ အလွန် အမင်းစိုးရိမ်စရာမရှိဘူးလို့ ယူဆပါတယ်။

နောက်တစ်ချက်က အခေါက်ခေါက်အခါခါ တန်းစီ ၊ ထုတ်ယူ၊ သိုလှောင်၊ အမြတ်တင်ပြန်ရောင်း တဲ့ကိစ္စပါ။ ဒါကလည်း တန်းစီစောင့်စားရခြင်း အကြောင်းတရားများထဲက တစ်ခုပါ။ တစ်ဦးချင်း၊ တစ်စီးချင်း၊ ချက်ချင်းဝယ်၊ ချက်ချင်းရောင်းရာကနေကား၊ ဆိုင်ကယ်အုပ်စုလိုက် အထပ်ထပ်တန်းစီပြီး တရားမဝင်သိုလှောင်ရောင်းချကြတဲ့ မြင်ကွင်းတွေ အထိကို တွေ့လာရတာဖြစ်ပါတယ်။ ယခုလိုတရားမဝင်သိုလှောင်ရောင်းချမှုမျိုးဟာ အခန့်မသင့်ရင် မီးဘေးအန္တရာယ်ကအစ ဥပဒေများနဲ့ပါငြိစွန်းပြီး မလိုလားအပ်ဘဲ အပြစ်ပေးအရေးယူခံရမှုမျိုးတွေဖြစ်လာနိုင်ခြေကိုလည်း သတိထားပြီးရှောင်ကြဉ်ကြရမှာ ဖြစ်ပါတယ်။

အဓိကကတော့ နှစ်ချက်ပါပဲ။ ကိစ္စရပ်တစ်ခု အဖြစ်အပျက်တစ်ခုအပေါ်မှာ မူလအရင်းခံအကြောင်းတရားကဘာလဲ၊ လတ်တလောဖြစ်ရတဲ့ အကြောင်းတရားကဘာလဲ၊ ပတ်သက်ဆက်နွှယ် နေတဲ့ အကြောင်းတွေကဘာတွေရှိမလဲ စသဖြင့် ဘာမဆိုအကြောင်းကြောင့် အကျိုးဖြစ်ရတဲ့အပေါ် မူတည်ပြီး ဆင်ခြင်တုံတရားရှိရှိနဲ့ ထွက်ပေါ်လာတဲ့ ကောလာဟလတွေကို မယုံကြည်ဖို့နဲ့ ကိုယ်ချင်းစာ ကရုဏာတရားရှိတဲ့ နိုင်ငံသားကောင်းများ ပီသစေချင်တာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တစ်ချိန်လုံး ကောလာဟလတွေနဲ့သာ နပန်းလုံးနေရသလိုဖြစ်ပြီး အကြိမ်ကြိမ်အခါခါလည်း လိမ်ညာခံရသူတွေဖြစ်ခဲ့ ပါပြီ။ အတိတ်က အခါခါရခဲ့ဖူးတဲ့သင်ခန်းစာတွေကိုရယူပြီး ယခုအခါမှာ အကဲဖြတ်စိစစ်ဆင်ခြင်နိုင် စွမ်းရှိသူတွေ ဖြစ်သင့်ပါပြီ။

ကောလာဟလဟူသည် မိမိအတွက်ကော အများကိုပါ အန္တရာယ်ပေးပါတယ်။ လူ့အဖွဲ့အစည်း မှာ မငြိမ်သက်မှုတွေဖြစ်စေပါတယ်။ မတည်ငြိမ်မှုကို လိုလားသူတွေက ဒီလိုကောလာဟလတွေကို ဖန်တီးတတ်သူတွေပါ။ ဒါပေမယ့်လည်း မှန်မှန်ကန်ကန်နဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ဆင်ခြင်မှုအပေါ် လွှမ်းမိုးသွားတာက လူတွေရဲ့လောဘပါပဲ။ မရှိတဲ့သူကလည်းရှိချင်လို့၊ ရှိပြီးသားလူကလည်း ထပ်ရှိချင်လို့ထပ်ရချင်လို့စသဖြင့် ဒီစက်ကွင်းကကို မလွတ်နိုင်ကြပါဘူး။ တစ်ခုပဲ ပြောချင်တာရှိပါတယ်။ ရှင်သန်ဆဲကာလတစ်လျှောက် အကျပ်အတည်းတွေ၊ ပဋိပက္ခတွေဆိုတာ အမြဲကြုံတွေ့နေမယ့် အရာတွေပါ။ ယခုလိုအားလုံးက မပြည့်မစုံဖြစ်နေ ကြတဲ့ကာလမျိုးမှာ အခက်အခဲရှိသူအချင်းချင်း ကိုယ်ချင်းစာတရားထားပြီး လူအချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းနိုင်ကြဖို့သာ ရည်ရွယ်လိုက်ရပါသည်။ ။

မို့မြင့်

No comments:

Post a Comment