မိုးကေနိုင်
နိုင်ငံတစ်နိုင်ငံမှာ ရာနဲ့ချီတဲ့ (၁၃၅ မျိုးသော) လူမျိုးအစုအပေါင်းတို့နဲ့ ဖွဲ့တည်ရာ ပြည်ထောင်စု ကြီးမှာ မျိုးချစ်စိတ်လည်း မရှိရ၊ နိုင်ငံချစ်စိတ်လည်း မရှိရ၊ ပြည်ထောင်စုစိတ်ဓာတ်လည်း မရှိရဘူးဆိုတဲ့ အဖြစ်။
အသိပညာတို့၊ မျိုးချစ်စိတ်တို့၊
နိုင်ငံချစ်စိတ်တို့၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဆိုတာ ဒီနေ့ဒီအချိန်မှာ
အလုပ်မဖြစ်တော့ဘူးဆိုတဲ့အသိ။
ဒီလို ရှက်စရာကောင်းပြီး အလုပ်မဖြစ်တဲ့
စိတ်ဓာတ်မျိုးကို လုံးဝခံယူထား၍ မဖြစ်ပါ။ အင်္ဂလိပ် ကျွန်ဖြစ်ခဲ့တာ မမေ့ဖို့လိုသလို
ရှည်လျားလှတဲ့ အတိတ်ကာလတစ်လျှောက် ခါးသီးစွာခံခဲ့ရတဲ့ ကိုလိုနီလက်အောက်ခံဘဝမှာ ကိုလိုနီတစ်ပါးကျွန်လက်အောက်က
ရုန်းထွက်လွတ်မြောက်ဖို့ တိုက်ပွဲ ဝင်ခဲ့ကြတဲ့ ပြည်သူတစ်ရပ်လုံးရဲ့ ခံယူခဲ့ကြတဲ့
စိတ်ဓာတ်ဟာလည်း ဒီမျိုးချစ်စိတ်ပါပဲ။
ရပြီးခဲ့တဲ့ လွတ်လပ်ရေး တစ်ပါးသူလက်ပြန်ပါမသွားအောင်၊
နိုင်ငံရဲ့ အချုပ်အခြာအာဏာ တစ်စကလေးမျှ တစ်ပွန်းတစ်ပဲ့စီဖြစ်မသွားအောင်
အသက်ခန္ဓာတွေ အများကြီးပေး ကာကွယ်စောင့် ရှောက်ခဲ့ကြတာကလည်း ဒီနိုင်ငံချစ်စိတ်ပါပဲ။
တိုင်းရင်းသားလူမျိုး ကြီး၊ ငယ်အားလုံး ညီညီ ညွတ်ညွတ်မျှမျှတတနဲ့ စုစည်းနေထိုင်ကြတာလည်း
ဒီပြည်ထောင်စုစိတ်ဓာတ်ကြောင့်ပဲ မဟုတ်ပါလား။
ခံယူချက်သဘောထားတွေးခေါ်ပုံတွေ ပြောင်းလဲနိုင်ခဲ့ကြလို့သာ
ဒါပေမဲ့
ယနေ့အချိန်အခါ လူငယ်တချို့မှာ ခေါင်းပါးလှတဲ့ အတွေးအမြင်အချို့နဲ့ယှဉ်ပြီး အမျိုးသားရေးအားမာန်နဲ့
မျိုးချစ်စိတ် အားနည်း၊ ယုတ်လျော့လာတဲ့အခြေအနေအရပ်ရပ်ကို နေရာ တကာမှာ
တွေ့မြင်ကြားသိနေလေရဲ့။ ယနေ့ကာလကြီးမှာ ကမ္ဘာပေါ်မှာ ခွဲထွက်ခွင့်ပေးလိုက်လို့ ဘယ်နိုင်ငံ၊
ဘယ်ဒေသတွေများ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်နေတာ တွေ့မြင်ရပါသလဲ။ နဂိုကတည်းက
အာဃာတအမုန်းတွေနဲ့၊ အုပ်စုကွဲ အမြောက်အမြားနဲ့ အခြေခံအဆောက်အအုံနဲ့ နည်းပညာက မဖွံ့ဖြိုး၊
အသိပညာရည်နိမ့်ပါးပြီး မငြိမ်းချမ်းမဖွံ့ဖြိုးတဲ့နိုင်ငံတွေ၊ ဒေသတွေမှာဆို
ပိုဆိုးတာပေါ့။ အထူးသဖြင့် ယနေ့မျိုးဆက်သစ် လူငယ်လူရွယ်တွေအတွက် ရည်ရွယ်ပြီး
အများကြီး သိစေချင်ပါတယ်။
ဒီနိုင်ငံ၊ ဒီမြေ၊ ဒီရေ၊ ဒီလေကို တို့ဘိုးဘွားဆွေစဉ်မျိုးဆက်
ကာကွယ်စောင့်ရှောက်ထိန်းသိမ်း ခဲ့ကြလို့သာ ယခုလိုကာလအထိ အချုပ်အခြာဟာ တည်တံ့ခိုင်မြဲနေရခြင်းဖြစ်တယ်။
မျိုးဆက်အဆက်ဆက်တို့က တိုင်းပြည်ကို အခက်အခဲကြားက ထိန်းသိမ်း တည်ဆောက်နိုင်ခဲ့ကြလို့သာ
ယနေ့ ပြည်ထောင်စုကြီးနဲ့ တို့တွေ ယခုတွေ့နေမြင်နေရတဲ့ ဘာသာ၊ သာသနာ၊ စာပေ၊
ကိုယ်ပိုင်ယဉ်ကျေးမှုအသီးသီးဟာ ခိုင်မြဲနေတယ်ဆိုတဲ့အချက်ကို မမေ့ကြဖို့နဲ့
အစဉ်လေ့လာနေဖို့ လိုပါတယ်။
မျိုးချစ်စိတ်ကို အဓိက တဖွဖွဆိုရာမှာလည်း
မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းဟာ မျိုးချစ်စိတ်ကိုသာ
အခြေခံခဲ့လို့ ဖြစ်ပါတယ်။ ၁၉၂၀ ပြည့်နှစ်ဝန်းကျင်တစ်ဝိုက်က စတင်လိုက်တဲ့ မြန်မာ
တိုင်းရင်းသား ခေတ်ပညာတတ် ကျောင်းသားလူငယ်လေးတွေရဲ့ ကိုလိုနီပညာရေးအပေါ် အမျိုးသားပညာရေးသပိတ်
တိုက်ပွဲလှုပ်ရှားမှုဟာ လွတ်လပ်ရေးအတွက်
တစ်နိုင်ငံလုံးအုံကြွလှုပ်ရှားမှုအားလုံးရဲ့ အခရာဖြစ်ခဲ့ပြီး
တစ်နိုင်ငံလုံးနယ်ချဲ့ကို မလိုချင် တော့တဲ့အထိ လွတ်လပ်လိုတဲ့ နိုင်ငံချစ်စိတ်၊
မျိုးချစ် စိတ်တို့မွေးဖွားရာ မျိုးစေ့သဖွယ်ဖြစ်ခဲ့ပါတယ်။
အရေးကြီးတာက ထိုခေတ်က လူငယ်တွေဟာ
သူတို့ရဲ့သဘောထားတွေ၊ တွေးခေါ်ပုံတွေကို အခြေ အနေအလိုက်
ပြောင်းလဲနိုင်ခဲ့ကြခြင်းပါပဲ၊၊ ခံယူချက်ပြောင်းလဲမှုနဲ့အတူ ပြင်းထန်တဲ့အမျိုးသားရေး
ဇာတိမာန်ကြောင့်သာ လွတ်လပ်ရေးကြီး ရခဲ့တာ ဖြစ်တယ်ဆိုတာ မမေ့ဖို့ပါပဲ။
ဒီလိုပညာသန္ဓေကောင်း ခဲ့တဲ့ နိုင်ငံချစ်စိတ်ကိုအရင်းခံပြီး ယနေ့လူငယ်များအနေနဲ့ လွတ်လပ်ရေးတိုက်ပွဲဝင်
ကျောင်းသားတွေကို နမူနာယူကာ နိုင်ငံရဲ့ လုံခြုံရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍစုံမှာ
စွမ်းဆောင်ရည်မြင့်မြင့်နဲ့ အကောင်းဆုံး ပါဝင်ကြစေချင်ပါတယ်။
ဆက်စပ်နေတဲ့အမျိုးသားပညာရေးနဲ့ မျိုးချစ်စိတ်
အမျိုး၊ ဘာသာ၊ သာသနာကို မီးထိုးပေးခဲ့တဲ့ အမျိုးသားရေးအားမာန်အစပျိုးရာ
မီးပွားတစ်စဟာ လွန်ခဲ့တဲ့ ၁၉၂၀ ကစပြီး နိုင်ငံတစ်ဝန်းမှာ စတင်တောက်လောင်ခဲ့ပါတယ်။ ထိုမှတစ်ဆင့်
အမျိုးသား ကျောင်းတွေ ပေါ်ပေါက်လာတယ်ဆိုတာလည်း အားလုံးအသိပါ။ မကြာမီကျရောက်တော့မယ့်
အမျိုးသားအောင်ပွဲနေ့ဟာလည်း ရာပြည့်နှစ်မက ကျော်လွန်လို့ သုံးနှစ်ထဲစွန်းခဲ့ပါပြီ။
ဂျီစီဘီအေ ရာပြည့်၊
အမျိုးသားကျောင်းရာပြည့်၊ ရန်ကုန်တက္ကသိုလ်ရာပြည့် ကာလတွေဟာလည်း
အမျိုးသားနေ့ရာပြည့်နဲ့အတူ တောက်ပခဲ့ဖူးပါပြီ။ ကိုလိုနီဘဝက အမျိုးသားအောင်ပွဲရဲ့ ထူးခြားချက်
ကနေ မျိုးချစ်စိတ်နဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို ပညာရေးရေခံမြေခံကောင်းတွေနဲ့အတူ
မွေးဖွားပေး နိုင်ခဲ့ခြင်းကို နမူနာယူဖို့ပါပဲ။ ထို့ပြင် နိုင်ငံနဲ့လူမျိုးအတွက်
အမျိုးသားအကျိုးစီးပွားကို ရှေ့တန်းတင် မယ်ဆိုရင် ပညာရေး၊ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်နဲ့
အမျိုးသားရေးတာဝန်တွေဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေမှုကို ဖော်ထုတ်နိုင်ဖို့ပါပဲ။
ဒါပေမဲ့ ကံမကောင်းတာက နိုင်ငံမှာ ပညာရေး ရေခံမြေခံ
ရေသောက်မြစ်နဲ့ အကိုင်းအခက်များစွာ ဟာ ရိုက်ချိုးဖျက်ဆီးခံနေရခြင်းပါပဲ။ အဆက်မပြတ်
တည်ဆောက်နေတဲ့ကြားက အဖျက်ဆီးခံနေရခြင်းပါ။ အားလုံးကို ပညာမဲ့တွေဖြစ်စေလိုတဲ့ အန္တိမရည်မှန်းချက်နဲ့
ဘာသာတရားကိုပါ အမှည့်ခြွေခံနေရခြင်းများကို အမှုမဲ့အမှတ်မဲ့မနေသင့်ပါဘူး။
ဘာသာသာသနာနဲ့ အသိပညာဟာ စစ်မှန်တဲ့ အမျိုးသားရေးစိတ်ဓာတ် အရင်းခံဖြစ်တယ်ဆိုတာ ကျွန်တော်တို့
ကောင်းကောင်းသိဖို့လိုပါပြီ။
ကျောင်းသားလှုပ်ရှားမှု၊ အမျိုးသားပညာရေးကတစ်ဆင့်
သန္ဓေတည်လာတဲ့ အမျိုးသားအောင်ပွဲ ကနေ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်ကို မွေးဖွားပေးခဲ့တဲ့
လွတ်လပ်ရေးကို အရယူနိုင်ခဲ့တဲ့စိတ်ဓာတ် ကို သက်သေပြုပြီး ယခုလိုအခြေအနေမှာ လိုအပ်နေတဲ့
တစ်မျိုးသားလုံးရဲ့ အမျိုးသားရေးစိတ်ဓာတ် တွေ ပြန်လည်နိုးထရန်အချိန်တန်ပြီလို့ ယူဆပါတယ်။
အမျိုးသားရေးစိတ်ဓာတ်နဲ့ ဒေသအလိုက်၊ လူမျိုးအလိုက် တန်ဖိုးထားရတဲ့
အမျိုးသားယဉ်ကျေးမှု ဂုဏ်ဒြပ်များ ဓလေ့ထုံးစံ၊ ဘာသာ၊ စာပေနဲ့ သိမ်မွေ့နက်နဲလှတဲ့ အနုသုခုမပညာရပ်တွေ
မပျက်ပြားမယိုယွင်းအောင် ထိန်းသိမ်းစောင့်ရှောက် နိုင်မှသာ အမျိုးသားရေးစရိုက်လက္ခဏာတွေ
မတိမ်ကောမှာဖြစ်တယ်ဆိုတာကို များစွာသတိပြု ရမှာဖြစ်ပါတယ်။
ဝံသာနုနိုးကြားမှုအရှိန်ကို မြှင့်တင်ခဲ့သည့်
လှုပ်ရှားမှုများ
ထိုခေတ်ထိုအခါက လှုပ်ရှားခဲ့ကြတဲ့ ကျောင်းသားတွေဟာ
ပညာရေးအတွက်၊ တိုင်းပြည် အတွက်၊ ကိုယ်ကျိုးမကြည့်ဘဲ တိုင်းပြည်နဲ့ လူမျိုးအတွက်ကိုသာကြည့်ပြီး
စွန့်လွှတ်စွန့်စားခဲ့ဟန် တူပါတယ်။ ဆိုလိုတာက နယ်ချဲ့အစိုးရကပေးတဲ့
ကိုလိုနီပညာရေး၊ ဘာဘွဲ့၊ ဘယ်မြို့ဘယ်နယ်ပိုင်၊ ဘယ်အရေးပိုင်ရာထူးကိုမှ မတပ်မက်ခဲ့ကြခြင်းပါ။
ထိုထိုအနစ်နာခံစိတ်တွေဟာ လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်စိတ်ဓာတ်၊ ဩဇာပြင်းပြတဲ့
ခေါင်းဆောင်ကောင်းစိတ်ဓာတ်တွေရဲ့ ရေခံမြေခံ မွေးဖွားရာဖြစ်တယ်ဆိုလည်း မမှားပါဘူး။
တစ်မျိုးသားလုံးညီညွတ်ရေး အခိုက်အတန့်တစ်ခုကို
အစပျိုးနိုင်ခဲ့ခြင်းသည်ပင် ကိုလိုနီခေတ် ဂျီစီဘီအေ၊ ဝိုင်အမ်ဘီအေတို့လို
အမျိုးသားရေး အသင်းအဖွဲ့တွေနဲ့ဆက်စပ်ပြီး ပညာ၊ ဘာသာ၊ လူမှု ဝန်းကျင်ကောင်းတွေ
ဖန်တီးနိုင်ခဲ့ခြင်းကြောင့်ဖြစ်တယ်လို့ မှတ်ယူမိပါတယ်။ မီးခဲပြာဖုံးဖြစ်နေတဲ့
ဇာတိသွေးဇာတိမာန်တွေဟာ ဝံသာနုနိုးကြားမှုအရှိန်ကို မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။
ထိုခေတ်လူငယ် တွေဟာ မျက်နှာဖြူနဲ့ မြန်မာတွေအကြား ခွဲခြားမှုကင်းတဲ့
ပညာရေးဥပဒေပြဋ္ဌာန်းပေးနိုင်ရေးကစလို့ မြန်မာပြည် ယူနီဗာစီတီ
သီးခြားပေါ်ပေါက်လာဖို့၊ လယ်လုပ်သူ မြန်မာလယ်သမားတွေ လယ်ပိုင်ရေး၊
မြန်မာတိုင်းရင်းသားလုပ်ငန်းရှင်တွေ စီးပွားရေးမှာ
ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရေး တောင်းဆိုမှုတွေ အထိ ခပ်စိတ်စိတ်လှမ်းနိုင်ခဲ့ကြပါတယ်၊၊
ရေနံ၊ သတ္တု၊ အထည် ၊ ဘဏ်လုပ်ငန်းတွေမှာ နယ်ချဲ့တွေ ကြီးစိုးမှုမှန်သမျှ ကန့်ကွက်နိုင်ခဲ့ကြပါတယ်။
အုပ်ချုပ်ရေးမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးအထိ ရရှိဖို့ အထိ
တောင်းဆိုလှုပ်ရှားခဲ့ကြတယ်။ တိုင်းရင်းသားအကျိုး ဘယ်လိုမှရှေးရှုခြင်းမရှိတဲ့
ကိုလိုနီဥပဒေတွေ ကို သပိတ်မှောက်နိုင်ခဲ့ကြပါတယ်။
သွေးခွဲမှုဆန်သည့်စွက်ဖက်မှုများ သတိထားရန်
သတိထားဂရုပြုရမယ့်အချက်တစ်ခုကို တင်ပြလိုပါတယ်။
ကိုလိုနီခေတ်က တိုင်းတစ်ပါးဗြိတိသျှတို့ ပေးခဲ့တဲ့ ဒိုင်အာခီအုပ်ချုပ်ရေးဟာ
မြန်မာတိုင်းရင်းသား မြန်မာလူမျိုးတွေရဲ့ စုစည်းညီညွတ်မှုစိတ်ဓာတ်ကို ဖြိုခွဲနိုင်ခဲ့တဲ့
သာဓကတစ်ခုလို့ဆိုနိုင်ပါတယ်။ ထိုစဉ်က ဂျီစီဘီအေအသင်းတွေ အစိတ်စိတ်အမြွှာမြွှာကွဲထွက်သွားပြီး
နိုင်ငံရေးအယူအဆအမျိုးမျိုး၊ အစွဲအမျိုးမျိုးဖြစ်သွားရတဲ့အချက်ဟာ ယနေ့ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်ရေး
ဖြစ်စဉ်တွေမှာ သင်ခန်းစာယူစရာတစ်ခု အချက်တစ်ခုအဖြစ် မမေ့မလျော့သတိမပေါ့ဖို့
လိုပါလိမ့်မယ်။ မြန်မာ နိုင်ငံတော်ကြီး မဖွံ့ဖြိုး၊ မတိုးတက်၊ အင်အားမကြီးမားအောင်
လုပ်ချင်ရင် အလွန်လွယ်ပါတယ်။ မြန်မာတွေ ရဲ့စုစည်းမှု၊ စည်းလုံးမှု၊
ညီညွတ်မှုအားကို သွေးခွဲဖြိုခွဲလိုက်ရုံပါပဲ။ ကိုလိုနီခေတ် လွတ်လပ်ရေးရခဲ့တာမှသည်
ယနေ့ထိတိုင် တိုင်းတစ်ပါးတို့ရဲ့အမျိုးမျိုးသော သွေးခွဲစွက်ဖက်ခြင်းများကြောင့်
ခံစားနေရတဲ့ ယနေ့မြန်မာတိုင်းရင်းသားတွေရဲ့ အနိဋ္ဌာရုံတွေက သက်သေပြလျက်၊
ပြဆဲဖြစ်ပါတယ်။
ပညာအခြေခံမှန်ကန်သည့် အမျိုးသားရေးကိုသာ
ယနေ့ကမ္ဘာ့ဖြစ်စဉ်ဖြစ်ရပ်တွေကြည့်မယ်ဆိုရင်လည်း
ဆုတ်ယုတ်ပျက်စီးတဲ့ နိုင်ငံအများစုရဲ့ အကြောင်းရင်းတစ်ခုမှာ ပညာအခြေခံတဲ့ အမျိုးသားရေးစိတ်ဓာတ်နဲ့
အမျိုးသားရေးတာဝန်ကင်းမဲ့ခြင်း သို့မဟုတ် အမျိုးသားရေးစိတ်ဓာတ်အပေါ်မှာ ကျဉ်းမြောင်းတဲ့
ခံယူကျင့်သုံးမှုနဲ့ တလွဲအမှားတွေကြောင့်ဆိုတာ လေ့လာမိပါတယ်။ ကိုလိုနီခေတ်က မြန်မာ
လူငယ်တွေဟာ ပညာရေးကိုပဲ အခြေခံပြီး အနာဂတ်အမြော်အမြင်ကို ရင့်သန်အောင်လုပ်ခဲ့ကြတယ်။
အဖိနှိပ်ခံဘဝမှာ လွတ်လပ်ရေးလှုပ်ရှားမှုနဲ့အတူ တစ်မျိုးသားလုံး ညီညွတ်အောင်ကြိုးစားကြရတဲ့
အတွေ့အကြုံများကို ထိထိရောက်ရောက် အသုံးချ ခဲ့ကြတယ်။
ပညာကိုပညာတစ်ခုတည်းမထား၊ မူလပညာအခြေခံနဲ့ အတွေ့အကြုံကို
ပေါင်းစပ်လိုက်တဲ့အခါမှ သာလျှင် အတွေးအခေါ်၊ ဗဟုသုတရှိရှိ၊ အမြော်အမြင်ကောင်းကောင်းနဲ့
အသိပညာပြည့်ဝတဲ့ ခေါင်းဆောင်ကောင်းတွေ ရရှိလာခဲ့တာဖြစ်ပါတယ်။ တိုင်းပြည်မှာ
ဒီမိုကရေစီအရေးပြောမလား၊ ဖက်ဒရယ်လမ်းကြောင်းပဲသွားမလား ဘယ်အရေး ဘယ်ကဏ္ဍမှာမဆို ချုပ်လိုက်ရင်
အဓိကအချက်ဖြစ်တဲ့ “ပြည်ထောင်စုငြိမ်းချမ်းရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး”
ဆိုသည့်လမ်းကြောင်းမှာ ပညာရေးကဏ္ဍဟာ မည်မျှအရေးပါကြောင်း အသိအမှတ်ပြုရမှာ
ဖြစ်ပါတယ်။
ဒါကြောင့်ပဲ ယခု ၂၀၂၃ ခုနှစ် (၁၀၃) နှစ်မြောက်
အမျိုးသားအောင်ပွဲနေ့ ဦးတည် ချက်များမှာ လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်နှင့်
ဗလငါးတန်နှင့်ပြည့်စုံသည့် မျိုးချစ်စိတ်ရှိသောလူငယ်များရဲ့အခန်းကဏ္ဍကို အဓိကဦးစားပေးဖော်ပြထားခြင်းကို
သတိထားမိပါတယ်။
ထပ်ဆင့်အတွေ့အကြုံအပေါ် သင်ခန်းစာယူနိုင်တဲ့
အသိပညာဟာ ယနေ့ကမ္ဘာကြီးနဲ့ မြန်မာနိုင်ငံ အဖြစ်အပျက်တွေအပေါ် မြင်သိလက်ခံမှုတွေကို
ပြောင်းလဲနိုင်စွမ်းရှိပါတယ်။ အတ္တမကြီးတဲ့ ကိုယ်ရည်ကိုယ်သွေးကိုပါ ပြောင်းလဲပေးနိုင်စွမ်းပါတယ်။
အနတ္တကိုအခြေခံပြီး ကိုယ့်ဘက်ချည်း မဟုတ် အများအတွက်ပါ စဉ်းစားပေးတတ်လာခြင်း၊ ပကတိအရှိတရားနဲ့
အပြောင်းအလဲကိုလက်ခံပြီး အသိပညာ၊ အမျိုးသားရေးနဲ့ဖွံ့ဖြိုးရေး ဤသုံးချက်ကို မျှမျှတတတွေးခေါ်နိုင်ခြင်းတွေဟာ
နိုင်ငံတည်ငြိမ်ရေးနဲ့ တည်ဆောက်ရေးမှာ များစွာအဖိုး တန်ပါတယ်။
ခိုင်မာတည်တံ့မှုကို လိုချင်ရင်တော့ သိမြင်မှု
အားကောင်းပြီး စွမ်းဆောင်ရည် ပြည့်ဝတဲ့ မျိုးဆက် သစ်တွေ များစွာလိုအပ်နေသေးတာတော့
သေချာပါတယ်။ တည်ဆောက်ရေးနဲ့အဖျက်ကြားမှာ အစွန်း ရောက်အမွေတွေပေးနေသမျှ မျိုးဆက်ပြတ်ပြီး
အရှည်တည်တံ့မှုဟာ ခက်ခဲနေတတ်ပါတယ်။ ဒါကြောင့်လည်း လက်တွေ့မှာ အကျိုးထက် အပြစ်၊
အမှန်ထက် အမှားတွေသာ ထပ်ခါထပ်ခါတွေ့နေရ တာဖြစ်ပါတယ်။
အချုပ်အားဖြင့် ကိုလိုနီပညာရေးစနစ်ကို
ဆန့်ကျင်ခဲ့တဲ့ အမျိုးသားပညာရေးလှုပ်ရှားမှုမှ သည် နိုင်ငံလွတ်လပ်ရေးရသည်အထိ၊
အမျိုးသားရေးတာဝန်များကို မျိုးချစ်စိတ်နဲ့ ခေတ်အဆက်ဆက်
တာဝန်ကျေစွာထမ်းရွက်ခဲ့ကြသလို ယခုလိုကာလမှာလည်း နိုင်ငံတည်ငြိမ်အေးချမ်း
ဖွံ့ဖြိုးတိုးတက် ရေးမှာ အမျိုးသားအောင်ပွဲက မျိုးစေ့ချခဲ့တဲ့ ပညာရည်အခန်းကဏ္ဍရဲ့
အရေးပါပုံကို မလွဲမသွေ သိမြင်လက်ခံကြရမှာ ဖြစ်ပါတယ်။ သို့မှသာ ယနေ့လိုကာလမှသည် အနာဂတ်အထိ
လိုအပ်နေတဲ့၊ နိုင်ငံအတွက် ယုံကြည်အားကိုးလေးစားထိုက်တဲ့ မျိုးဆက်ပေါင်းများစွာ
ပေါ်ထွက်လာနိုင်မည်ဖြစ်တယ်လို့ အလေးအနက် ယုံကြည်နေမိပါတယ်။ ။
No comments:
Post a Comment