Wednesday, October 4, 2023

ဇာတ်ကြီးသဘင်

 


၂၀၂၃ ခုနှစ် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ ဇာတ်သဘင်ဘာသာရပ်ပြိုင်ပွဲတွင် ဆယ်ဘွဲ့ဇာတ်တော်လာ မဟောသဓာဇာတ်တော်ကို ပြဋ္ဌာန်းပေးထားကြောင်း သိရသည်။ ဆို ငို ပြော ပညာရပ်များဖြင့် မွမ်းထုံထားသော ထိုတင်ဆက်ကပြမှုကို မြန်မာဇာတ်ကြီးဟုခေါ်ကြသည်။

ဇာတ်ကြီးနှင့်ပတ်သက်၍ ဆရာဦးသော်ဇင်က-

ဇာတကသဒ္ဒါ၏ အနက်အရင်းမှာ မွေးဖွားခြင်း၊ ဖြစ်ပေါ်ခြင်းပင် ဖြစ်သည်။ ဂေါတမမြတ်စွာဘုရားအဖြစ်သို့မရောက်မီ အလောင်းတော်ဘဝက ဖြစ်ပျက်ခဲ့သော အတ္ထုပ္ပတ္တိများပင်ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

ကျေးလက်ရိုးရာ နိပါတ်ခင်းခေါ် လှည်းဇာတ်

ဇာတ်ကြီး၏ မူလမြစ်ဖျားခံရာသည် ကျေးလက်ရိုးရာ နိပါတ်ခင်းခေါ် လှည်းဇာတ်ဟု ဆိုကြသည်။ ဒေါက်တာတင်အောင်က “မြန်မာဇာတ်ကြီးဟူသောခေါင်းစဉ်ကို အင်္ဂလိပ်ဘာသာဖြင့် ပြုစုသော သုတေသနကျမ်းတွင် အေဒီ ၁၅၃၂ မှ ၁၇၅၂ ကာလအတွင်းတွင် နိပါတ်ခင်း ပေါ်ပေါက်ရာကာလဟု မှန်းဆကောက်ချက်ချသည်။ ဒေါက်တာတင်အောင် မှန်းဆသော အေဒီ ၁၅၃၂ မှ ၁၇၅၂ ကာလ အတွင်းသည် အမျိုးသားစာပေဖွံ့ဖြိုးမှုရှိခဲ့ရာ ကာလဖြစ်သည်။ အင်းဝပျက်၍ ဟံသာဝတီတွင် အင်အားလျော့နည်းနေစဉ် တောင်ငူတွင် မင်းကြီးညိုကွယ်လွန်ပြီး သားဖြစ်သူ တပင်ရွှေထီးက မြန်မာနိုင်ငံတစ်နိုင်ငံလုံးကို စည်းရုံးဖို့ ကြိုးပမ်းသောအချိန်ဖြစ်သည်။

နိပါတ်ခင်းသည် ရိုးရာအစဉ်အလာ ယဉ်ကျေးမှုလမ်းကြောင်းပေါ်တွင်သာ အဓိကထား အားပြုသည်။ နောက်ထပ်ဖွံ့ဖြိုးလာသည့် အဆင့်တစ်ခုတွင် အသက်မွေးဝမ်းကျောင်းပညာရှင်များက အစုအဖွဲ့ များဖွဲ့၍ လှည့်လည်ကပြကြခြင်းဖြင့် ပို၍ရင့်ကျက်သော ဇာတ်ကြီးအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်ဟု ဆိုနိုင်သည်။ နိပါတ်ခင်းသည် ကျေးလက်တောရွာများတွင် ဖြစ်ထွန်းခဲ့သည်ဟုလည်း ဆိုနိုင်သည်။

နိပါတ်ခင်းပြီးနောက် မြေဝိုင်းဇာတ်ကြီးအဆင့် ပေါ်လာသည်။ မြေဝိုင်းဇာတ်ကြီးကပြနေချိန်တွင် နိပါတ်ခင်းကား ဆက်လက်ဖြစ်တည်ဆဲရှိသည်။ အချို့သောသုတေသီတို့ကလည်း နိပါတ်ခင်းနှင့် မြေဝိုင်းဇာတ်ကြားကာလတွင် ဗုံကြီးဇာတ်၊ ဗုံရှည်ဇာတ်များရှိခဲ့ကြောင်း ဆိုကြသည်။

မှော်ဘီဆရာသိန်း၏ “မြန်မာ့ဇာတ်ပွဲသဘင်နှင့် မြန်မာပြဇာတ်များ စာအုပ်တွင် ဗုံရှည်ဇာတ်အကြောင်းကို အကျယ်တဝင့်ဖော်ပြထားသည်။ ဇာတ်ကြီးပုံသဏ္ဌာန် ပီပီသသပေါ်နေပုံကို -

ဗုံရှည်ဇာတ် ခင်းကျင်းသောနေရာအလယ်၌ ညဉ့်အခါဖြစ်လျှင် စဉ့်မီးခွက်ကြီးတစ်ခုကို ခွေးခြေခုံပေါ်ခုံနှင့်ဖြစ်စေ၊ ဆန်ဖွတ်သော လက်ဆုံမှောက်၍ဖြစ်စေ မီးခွက်ကြီးတစ်ခွက်ထဲဝင်၍ မီးထွန်းရလေသည်။ မီးစာမှာ အဝတ်ကြမ်းကိုကျစ်၍ ရေနံချေးစိမ်ပြီးလျှင် အလယ်က စိုက်ရသည်။ ရေနံစာမှာ ထမင်းခြောက်ကိုဖြစ်စေ၊ ဝါစေ့ကိုဖြစ်စေ မီးခွက်ထဲသို့ထည့်၍ ရေနံလောင်းရသည်။ နောက်မီးထွန်းသောအခါ မီးခြစ်မရှိ၊ ထင်းမီးစကိုယူ၍ မီးမှုတ်ညှိထွန်းရသည်။ မီးတစ်ခွက် တည်းနှင့်ပင် များစွာအလင်းရောင်ရ၍ ပွဲကြည့်သောပရိသတ်ကို ထင်ရှားစွာမြင်ကြပေသည်။ မီးတောက်အရှိန်အဝါမှိန်ခဲ့သည်ရှိသော် တုတ်တံဖြင့် ရေနံစာကို ဆွပေး၊ ရေနံထပ်ထည့်ပြန်လျှင် မီးတောက်မီးလျှံထွန်းလင်းသောအရောင်ကို ရကြပေသည်ဟု ဖော်ပြထားသည်။ ဇာတ်ပွဲတစ်ခု၏ အခင်းအကျင်းပင်ဖြစ်သည်။ ဇာတ်ကြီးသဘင်၏ အဦးအစပုံရိပ်ဟု ဆိုနိုင်သည်။

ထိုပုံရိပ်သည် မြေဝိုင်းဇာတ်သို့ ကူးခဲ့ဟန်ရှိသည်။ ကွင်းကျယ်ကျယ် မြေတလင်းပြောင်ပြောင်တွင် သပြေခက်နှင့် ၁၂ ရာသီပန်းကိုင်းတို့ကို ပူးတွဲလျက်စိုက်ထူကြသည်။ ရင်ခေါင်းခန့် မြင့်သည့် မီးတိုင်များ စိုက်ထူထားသည်။ မီးတိုင်မှာ ဝါးပိုးဝါးတစ်လုံးကို ထိပ်မှခွဲစိတ်ပြီး ရေနံချေးနှင့် ရက်ကန်းစင်မှ ချည်မျှင်အမြိတ်များထည့်၍ အင်တုံတစ်လုံးကို ဝါးဖျားတွင်ညှပ်၍ ထွန်းလေ့ရှိကြသည်။ ကျောဘက်တွင် ခေါင်းတော် (အရုပ်ခေါင်း) များကို တန်းထိုး၍ ချိတ်ဆွဲထားကြသည်။ ဖြီးလိမ်းပြင်ဆင်ရာဝယ် အကာအကွယ်မရှိကြချေ။ မြေတလင်းတွင် ကပြရာမှ ဖျာခင်းကပြသည့်အချိန်သို့ ရောက်လာခဲ့သည်။ ဆိုင်းတစ်ခြမ်း၊ ကြေးဝိုင်းတစ်ခြမ်းမှ ဖန်ကန်တော့ ဖယောင်းတိုင်ထွန်း၍ တီးသည့် ဆိုင်းဝိုင်းကြီးများအထိ တိုးတက်လာသည်။

ကပြပုံမှာ ဆိုင်းက ခုနှစ်သံချီ အကုန်တီးပြီးနောက် နတ်ကတော် (အပျိုတော်)ထွက်သည်။ နောက် ဝန်လေးပါးလွှတ်တက်၊ ညီလာခံ ဖွင့်ဟန်ပြပြီး တိုင်းရေးပြည်ရာဆွေးနွေးကြသည်။ ဝန်ကြီးများနှင့် လူရွှင်တော်(လက်စွဲတော်၊ လူပြက်) တို့တွေ့ပြီး ရယ်မောဖွယ်ရာပြောကြသည်။ ထို့နောက် ဇာတ်လမ်း၏ တောင်းဆိုမှုအရ၊ ဇာတ်သမားစဉ်ဟု ဖြစ်စဉ်များအရ သစ္စာထားနှစ်ပါးသွားကြသည်။ နှစ်ပါးသွားစခန်းချပြီး ပြည်တော်ပြန်ရောက်ကြသည်။ ဇာတ်အသွားအတိုင်း အလွမ်း၊ အဆွေး၊ အပူတိုက်ကြရသည်။ ဇာတ်လမ်း၏ထွက်ပေါက်အရ သိကြားမင်းဆင်းလာကာ ကယ်တင်သည်။ (မေခလာလည်း ကယ်တင်ကြသည်။) ထွက်ပေါက်အတိုင်းလိုက်ကာ ဇာတ်ပေါင်းကြ၊ ဇာတ်သိမ်း ကြသည်။

မြေဝိုင်းဇာတ်သည် ဇာတ်ကြီးအသွင်သို့ ရောက်လာခဲ့သည်။ နိပါတ်ခင်းမှ မြေဝိုင်းဇာတ်၊ ထိုမှ နန်းတွင်းသို့ ရောက်ရှိခဲ့သည်။ ဤသို့ဖြင့် ဇာတ်သဘင်သည် ယနေ့တိုင်တည်ရှိနေဆဲဖြစ်သည်။ ခေတ်ကာလအခြေအနေအရ ထိခိုက်ပွတ်တိုက်မှုများရှိလင့်ကစား ဇာတ်သဘင်ကို ချစ်ခင်လျက်ရှိသည့် ပြည်သူများရှိဆဲဖြစ်သည်။ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ အနုပညာအထက်တန်းကျောင်းများ (ယခင်ပန်တျာကျောင်းများ) အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များသည်လည်း ဇာတ်သဘင်ပညာ အဓွန့်ရှည်စေရေးအတွက် တစ်ဖက် တစ်လမ်းမှ ပါဝင်ထမ်းဆောင်ပေးနေကြကြောင်း တွေ့ရသည်။

ဇာတ်သဘင်ဘာသာရပ်ပြိုင်ပွဲ

၂၀၂၃ ခုနှစ် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ ဇာတ်သဘင်ဘာသာရပ်ပြိုင်ပွဲတွင် မဟောသဓာမည်သော ဇာတ်ကြီးကို ကကြပါလိမ့်မည်။ ပြိုင်ပွဲအသွင် ယှဉ်ပြိုင်ကြခြင်းမဟုတ်ဘဲ အရိုးအစဉ်ကို ထိန်းသိမ်းသည့်အသွင် ဖျော်ဖြေကပြခြင်းပင်ဖြစ်သည်။ ပြိုင်ပွဲဟူသော ခေါင်းစဉ်ကြောင့်သာ ဆုဟူသည့် သတ်မှတ်ချက်ဖြစ်လာခြင်း ဖြစ်သည်။ သဘင်အရည်အသွေးကား ဖွံ့ဖြိုးတိုးတက်ခြင်း၏ ထိပ်ဖျားတွင် ရှိနေမြဲဖြစ်သည်။ ထိုထို ပညာရှင်တို့သည် မဟောသဓာဇာတ်တော်ကို-

-         ပညာဉာဏ်စွမ်း အခန်းခန်းဖြင့် မော်ကွန်းစိုက်ထူအောင်မြင်မှုကို ရရှိနိုင်ကြောင်း သိရှိကြစေရန်။

-         ကြီးစွာသောလုံ့လကို မပြတ်ဆည်းပူးတတ်စေရန်။

-         နိုင်ငံနှင့် ပြည်သူတို့၏ အရေးကိစ္စကို ဦးစားပေးတတ်ကြစေရန်ဟူသည့် ကောင်းမြတ်သည့်ရည်ရွယ်ချက်များဖြင့် ဖော်ညွှန်းထုဆစ်က ဖြစ်ကြပါလိမ့်မည်။ ဇာတ်ကြီးပညာရှင်တို့ ကပြကြမည့် ဇာတ်တော်ကြီးကို ဇာတ်ကြီးနှစ်သက်သူတို့ ကြိုတင်ခံစားနိုင်ရန် လှမ်းမျှော်ကြည့်မိသည်။

ဇာတ်လမ်းအကျဉ်း

(မဟောသဓာဇာတ်တော်ကို မြတ်စွာဘုရားသည် ပညာပါရမီကို အကြောင်းပြု၍ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် မဟာသက္ကရာဇ် ၁၁၇ ခုနှစ် ဝါဆိုလဆန်း ၁၄ ရက်နေ့တွင် ဟောကြားတော်မူသည်။)

ဝိဒေဟရာဇ်တိုင်း မိထိလာပြည့်ရှင် ဝိဒေဟရာဇ်မင်းကြီး၌ သေနကအမတ်၊ ပက္ကုသအမတ်၊ ကာမိန္ဒအမတ်နှင့် ဒေဝိန္ဒအမတ်ဟူ၍ အမတ်ကြီးလေးပါးရှိသည်။ မြို့တော်အနီး ပါစီနယဝမဇ္ဈဂုံးရွာ၌ သီရိဝဍ္ဎနသူဌေးနှင့် သုမနဒေဝီတို့မှ သားတစ်ယောက်ဖွားမြင်ရာ မဟောသဓာအမည်မှည့်လေသည်။

ဝိဒေဟရာဇ်မင်းကြီးသည် အိပ်မက်အရ အရပ်ရပ်တွင် ပညာရှိရှာစေရာ ကလေးဘဝ မဟောသဓာ ကြီးကြပ်ဆောက်လုပ်သည့်ဇရပ်ကို တွေ့မြင်ရလေသဖြင့် မဟောသဓာကို စောင့်ကြည့်ကြလေသည်။

မဟောသဓာကား ဉာဏ်ပညာထူးခြားလှ၍ အမျိုးမျိုးသောပြဿနာများကို ဖြေရှင်းပေးနိုင်လေသည်။

မဟောသဓာအား ဝိဒေဟရာဇ်မင်းကြီး၏ မိဖုရား ဥဒုမ္ဗရဒေဝီက ကောက်ယူမွေးစားလေသည်။ အရွယ်ရောက်လျှင် ဥတ္တရစယမဇ္ဈဂုံးရွာမှ အမရာနှင့် လက်ထပ်ပေးလေသည်။

ကပိလတိုင်း ပဉ္စာလရာဇ်ပြည် စူဠနီဗြဟ္မဒတ်မင်း၌ ကေဝဋ်အမည်ရှိ အမတ်တစ်ဦးရှိလေသည်။ ထိုမင်းက ဝိဒေဟရာဇ်ပြည်ကို သိမ်းလိုသဖြင့် ဝိဒေဟရာဇ်မင်းအား သမီးတော်ပေးဆက်လိုကြောင်း ဖိတ်ကြားကာ ပွဲသဘင်၌ အဆိပ်ခတ်၍သတ်ရန် စီစဉ်လေသည်။ မဟောသဓာက သူလျှိုမှတစ်ဆင့် သိရ၍ သူရဲတစ်ထောင်လွှတ်ကာ အဆိပ်ပါအရက်အိုးများကို ခွဲပစ်လေသည်။

ပဉ္စာလရာဇ်ဘုရင် စူဠနီဗြဟ္မဒတ်မင်း စစ်ချီလာသော် မဟောသဓာသည် ကျေးသားအကူအညီဖြင့် သတင်းယူ၍ ဥမင်လိုဏ်ခေါင်းတူးကာ ပဉ္စာလရာဇ်ပြည်မှ မိဖုရား၊ သားတော်၊ သမီးတော်တို့ကို ဖမ်းယူခဲ့လေသည်။ ပဉ္စာလရာဇ်မင်းကြီးက ဝိဒေဟရာဇ်ပြည်ကို ထပ်မံဝိုင်းရံသော်လည်း မိဖုရား၊ သားတော်၊ သမီးတော်များသည် ရန်သူ့လက်တွင်းရှိနေ၍ အရှုံးပေးလိုက်ရလေသည်။

မဟောသဓာလည်း ဆုလာဘ်များရရှိလေသည်။ နှစ်ပြည်ထောင်လည်း သင့်မြတ်သွားလေသည်။

ပြဋ္ဌာန်းချက်အရ ပါဝင်အပ်သည့်အခန်းစဉ်များကို အောက်ပါအတိုင်းဖော်ပြထားသည်-

၁။      မဟောသဓာသတို့သား မွေးဖွားခန်း။

၂။       ဇရပ်ဆောက်ခန်း။

၃။      အိပ်မက်အရ မိထိလာပြည့်ရှင် ဝိဒေဟရာဇ်မင်းကြီးက ပညာရှိကို ရှာခန်း။

၄။      မဟောသဓာသတို့သားက သားတရားစီရင်ခန်းကို ကပြခန်း။

၅။      ဝိဒေဟရာဇ်တိုင်း မိထိလာပြည့်ရှင် ဝိဒေဟရာဇ်မင်းကြီး နန်းစီးခန်း (အမတ်ကြီးလေးယောက်နှင့် မဟောသဓာသတို့သား၏အကြောင်းများ ပါဝင်သည်။)

၆။      မဟောသဓာသတို့သားအား မိဖုရား ဥဒုမ္ဗရဒေဝီက ကောက်ယူမွေးစားခန်း၊ မိဖုရားက မဟောသဓာအား သတို့သမီး ရှာစေခန်း။

၇။      အထုတ်ဝင် နှစ်ပါးသွားခန်း။

၈။      နိုင်ငံတော်ကို ပြုပြင်တည်ဆောက်ခန်းဟူ၍ တွေ့ရသည်။

မဟောသဓာငယ်စဉ်ဘဝ ပြဿနာများစွာ ဖြေရှင်းခဲ့သော်လည်း သားတရားစီရင်ခန်းကိုသာ ကပြစေသည်ကို တွေ့ရသည်။ မည်သူက ယဉ်ကျေးသည်။ မည်သူက ကြမ်းတမ်းသည်ဟူသည့်သဘောသရုပ်ကို ဖော်ညွှန်းကပြစေလိုခြင်းဖြစ်သည်။ ထိုမှာနောက်ဝယ် နိုင်ငံတည်ဆောက်ခန်းကို စိတ်တိုင်းကျ ခြယ်မှုန်းကပြနိုင်ကြမည် ဖြစ်သည်။

ပါဝင်အပ်သည့်အခန်းစဉ်များကို လေ့လာကြည့်ခြင်းဖြင့် ဇာတ်ညွှန်းရေးဆရာနှင့် ဇာတ်စင်ဒါရိုက်တာ၏ အနုပညာအရည်အသွေးကို တောင်းဆိုထားမှန်းသိသာသည်။ ဝိဒေဟရာဇ်မင်းကြီးက ဥဒုမ္ဗရဒေဝီအား ကောက်ယူခန်း၊ ဥဒုမ္ဗရဒေဝီက ၎င်းအား စွန့်ပစ်ခဲ့သူကို တွေ့ခန်း၊ မဟောသဓာအမရာတို့ တွေ့ဆုံခန်း၊ မဟောသဓာနှင့်ကေဝဋ်အမတ် ပညာပြိုင်ခန်း စသည်တို့ကို ကောင်းစွာပြည့်စုံကုံလုံအောင် ရေးသားတင်ဆက်နိုင်ကြမည်ဟု မျှော်လင့်ရသည်။ ဇာတ်ရုပ်ဆုများကိုလည်း ချီးမြှင့်မည်ဖြစ်ရာ ဇာတ်စီးဇာတ်ညွှန်းက နေရာပေးတတ်ရန် လိုအပ်သလို အနုပညာရှင်ကလည်း နေရာယူတတ်ရန် လိုအပ်မည်ဖြစ်သည်။

လောက၊ ဓမ္မ၊ ရာဇ အယူအဆများဖြင့် ခေတ်ကိုထင်ဟပ်ပြဆိုကာ ဇာတ်သမားလာလျှင် မှတ်သားစရာကျန်ရမည်ဟူသော စကားအတိုင်း မှတ်သားစရာများစွာကို ချန်ထားနိုင်ခဲ့ပေလိမ့်မည်။ ပညာပါရမီကို အကြောင်းပြု၍ ဓမ္မကြောင်းနွှယ်သော ဇာတ်စာ၊ ဇာတ်စကား၊ ဇာတ်ချင်းများကို ဇာတ်ကြီးပညာရှင်တို့ ပြောဆိုညွှန်းကြပါလိမ့်မည်။ ရာဇကြောင်းအစဉ်အတိုင်း ရာဇာတို့ ဟန်ပန်၊ မာန်တို့ကို လင်္ကာသွားဖြင့် ပြောကြားကြပါလိမ့်မည်။ လောကအကြောင်းအနေဖြင့် အဖြူနှင့် အမည်း၊ ရန်သူနှင့် ချစ်သူ၊ သခင်နှင့် ကျွန်၊ အုပ်စိုးသူနှင့် အုပ်စိုးခံတို့၏ ကျင့်ဝတ်နီတိများကိုလည်း နာယူနိုင်ကြပါလိမ့်မည်။ မြန်မာဇာတ်ကြီး၏ အနှစ်သာရပိုင်းကို ဆက်လက်ထိန်းသိမ်း မြှင့်တင်ခြင်းဖြင့် မြန်မာတို့၏ ကိုယ်ပိုင်ရေစီးကြောင်းအရ ပွင့်လန်းလာသော ဇာတ်ကြီးပညာသည် တင့်တယ်ဝင့်ထည်မြဲရှိကြောင်း ပြသရန်မှာ သဘင်ပညာရှင်များ၊ အနုပညာကိုချစ်သော ပြည်သူများ၏ တာဝန်သာဖြစ်ကြောင်း ညွှန်းဆိုဖော်ပြအပ်ပါသတည်း။        

မှီငြမ်း

၁။ မြန်မာ့ဇာတ်သဘင်သမိုင်း(မောင်သိန်းနိုင်)

၂။ မြန်မာဇာတ်ကြီး(သံလျင်မောင်ဝင်းဝါ)

ကိုဇော်ဌေး (ယဉ်ကျေးမှု)

No comments:

Post a Comment