Thursday, October 5, 2023

နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၃) မှတစ်ဆင့် ဥပဒေရေးရာအသိပညာများ တိုးမြင့်လာခြင်း

ဒေါက်တာသံလွင်ထွန်း (ကသ - ၃၂)

နေပြည်တော်တွင် တည်ရှိသည့် ရုံးအမှတ် ၂၅၊ ဥပဒေရေးရာဝန်ကြီးဌာနသည် ယခင်ပြည်ထောင်စု ရှေ့နေချုပ်ရုံးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၁၇၆/၂၀၂၁ ဖြင့် ပြင်ဆင်ဖွဲ့စည်းထားသည့်ဝန်ကြီးဌာနဖြစ်ပြီး ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ ဥပဒေရေးရာဝန်ကြီးဌာနသည် “ဥပဒေပညာသည် အကျင့်သိက္ခာနှင့် ပြည့်စုံသောပညာဖြစ်သည်” ဟူသည့်ဆောင်ပုဒ်နှင့်အညီ ဥပဒေဆိုင်ရာအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်၊ ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ ပိုမိုအားကောင်းလာစေရန်၊ အများပြည်သူ၏ ယုံကြည်အားကိုးမှုမြှင့်တင်ရန်နှင့် တရားမျှတမှုကဏ္ဍ ပြုပြင်ပြောင်းလဲရေးတွင် ပါဝင်ဆောင်ရွက်ရန်ဟူသည့် ရည်မှန်းချက်ပန်းတိုင်များထားရှိကာ ဆောင်ရွက်လျက်ရှိပါသည်။ ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်ထောင်စုဝန်ကြီးရုံး၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန၊ တရားစွဲနှင့် အမှုလိုက်ဦးစီးဌာန၊ ဥပဒေအသိပညာပြန့်ပွားရေးဦးစီးဌာနဟူ၍ ဦးစီးဌာနငါးခုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

ဥပဒေသုတေသနစာတမ်းများ

ဥပဒေရေးရာဝန်ကြီးဌာနသည် မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄) ကို တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှုခေါင်းစဉ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဥပဒေပညာပြန့်ပွားရေး လုပ်ငန်းစဉ်များအနေဖြင့် နှစ်အလိုက်ဥပဒေစာအုပ်များ၊ နည်းဥပဒေစာအုပ်များနှင့် Myanmar Laws စာအုပ်များကို ထုတ်ဝေပေးလျက်ရှိပြီး ဥပဒေများကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် လေ့လာနိုင်ရန်စီစဉ်ပေးထားပါသည်။ ဥပဒေပညာလေ့လာလိုသူ များအတွက် ဥပဒေသုတေသနစာတမ်းများကိုလည်း ပြုစုလျက်ရှိသည့်အပြင် ဥပဒေပညာဂျာနယ်၊ အင်္ဂလိပ်-မြန်မာ ဥပဒေဝေါဟာရအဘိဓာန် စသည်တို့ကိုလည်း ပုံနှိပ်ထုတ်ဝေဖြန့်ဖြူးပေးလျက်ရှိပါသည်။ ထို့ပြင် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို အချိန်နှင့်တစ်ပြေးညီလေ့လာဖတ်ရှု နိုင်စေရန် မြန်မာဥပဒေသတင်းအချက်အလက်စနစ် (Myanmar Law Information System) ကိုလည်း အွန်လိုင်းဝက်ဘ်ဆိုက်ဖြင့် လွှင့်တင်ပေးထားပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၏ ဦးဆောင်မှုတို့ဖြင့် နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၃) ကို ၂၀၂၃ ခုနှစ် ဇွန်လ ၇ ရက်နေ့က အောင်မြင်စွာဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် စာရေးသူအပါအဝင် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီးမှ သင်တန်းသား ၃၇ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ၂၀၂၃ ခုနှစ် ဇွန်လ ၈ ရက်နေ့မှ ဩဂုတ်လ ၁၉ ရက် နေ့အထိ ဖြစ်ပါသည်။

အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၏ သမိုင်းကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုစနစ်နှင့် ဖက်ဒရယ်စနစ်အကြောင်း၊ မြန်မာနိုင်ငံဥပဒေများ နှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့၏ ဆက်နွှယ်မှုများ၊ နိုင်ငံ၊ အချုပ်အခြာအာဏာ၊ တရားဝင်မှုနှင့် တရား စီရင်ပိုင်ခွင့်တို့အပေါ် အပြည်ပြည်ဆိုင်ရာနိုင်ငံရေးနှင့် ဥပဒေရှုထောင့်တို့မှ လေ့လာခြင်း၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၊ အာဆီယံပဋိညာဉ်စာတမ်း၊ နိုင်ငံဖြတ်ကျော်မှုခင်းများအကြောင်း၊ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာကိစ္စများ၊ စီးပွားရေးဆိုင်ရာစာချုပ်စာတမ်းများနှင့် မမျှော်မှန်းနိုင်သည့် ဖြစ်ရပ်ဆိုင်ရာပြဋ္ဌာန်းချက်များ၊ အထွေထွေဥပဒေ အကြံဉာဏ်ပေးရေးဘာသာရပ်၊ ဥပဒေပြုအဖွဲ့အစည်းနှင့် ဥပဒေပြုအာဏာ၊ ဥပဒေမူကြမ်းစိစစ်ရေးဆွဲရေးနည်းလမ်းများ၊ တစ်ဆင့်ခံ ဥပဒေရေးဆွဲ ရေးနည်းလမ်းများ၊ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများရေးဆွဲခြင်းနှင့် ပြင်ဆင်ခြင်းနည်းလမ်းများ၊ စာဖတ်နည်း၊ စဉ်းစားတွေးခေါ်နည်း၊ စာရေးနည်းနှင့် ဥပဒေရေးဆွဲနည်းအနုပညာ၊ ပြစ်မှုဆိုင်ရာ ဥပဒေများအကြောင်း၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုများအား ငွေကြေးထောက်ပံ့မှုကို တိုက်ဖျက်ရေးတို့နှင့်စပ်လျဉ်းသည့် အစိုးရအချင်းချင်းအကြား ဖွဲ့စည်းထားသည့်အဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာစာချုပ်စာတမ်းများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအကြောင်း၊ ရှေ့တော်သွင်းစာချွန်တော်အမိန့်၊ အာဏာပေးစာချွန်တော်အမိန့်၊ တားမြစ်စေစာချွန်တော်အမိန့်၊ အာဏာပိုင်မေးစာချွန်တော်မိန့်၊ အမှုခေါ်စာချွန်တော်အမိန့်စသည့် စာချွန်တော်အမိန့်များအကြောင်း၊ အစိုးရသို့မဟုတ် ရာထူးအလျောက်ဆောင်ရွက်ရသည့် ပြည်သူ့အရာထမ်းများကစွဲဆိုသည့် တရားမမှုများနှင့် ဥပဒေဆိုင်ရာအထွေထွေကိစ္စရပ်များစသည့် စိတ်ဝင်စားစရာကောင်းသည့်အပြင် အဖိုးတန်သည့် ပညာရပ်များကို သင်ကြားပို့ချပေးခဲ့ပါသည်။

အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာကိစ္စများ

ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းသည် နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအနေဖြင့် အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာကိစ္စများဆောင်ရွက်ရာတွင် ဥပဒေရှုထောင့်အမြင်ဖြင့် မည်ကဲ့သို့စဉ်းစား ဆုံးဖြတ်ရမည်ကို နားလည်သဘောပေါက်စေသည့်အပြင် ဝေဖန်ပိုင်းခြားတွေးခေါ်မှုစွမ်းရည်ကို တိုးတက်စေသည့် သင်တန်းတစ်ခုဖြစ်ပါသည်။ သင်တန်းသားတစ်ဦးချင်းစီအား ဥပဒေဆိုင်ရာ အယူအဆများ၊ ဥပဒေအခြေခံမူသဘောတရားများနှင့် လက်တွေ့ကျင့်သုံးဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်နိုင်စေရန် စီစဉ်ပေးထားပါသည်။ ထို့ပြင် ဌာနဆိုင်ရာ အသီးသီးအတွက် ဥပဒေရေးရာကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေရန် ပံ့ပိုးပေးသည့်အပြင် သင်တန်းသားများအား ဥပဒေဆိုင်ရာနယ်ပယ်အသီးသီးမှ ဥပဒေအသိပညာဗဟုသုတများကို တိုးပွားလာစေသည့် သင်တန်းတစ်ခုလည်းဖြစ်ပါသည်။

အသိပညာဗဟုသုတဆိုသည်မှာ စွမ်းအားတစ်ရပ်ပင်ဖြစ်ပြီး ကျွန်ုပ်တို့၏ ခေတ်မီဖွံ့ဖြိုး တိုးတက်နေသည့်ကမ္ဘာတွင် ဒေသတွင်းသာမက ကမ္ဘာတစ်ဝန်းတွင် မှတ်သားလေ့လာစရာများ ပို၍များပြားလာပါသည်။ အသိပညာစွမ်းအားဖြစ်သည့် အကြောင်းအရာတစ်ရပ်နှင့်စပ်လျဉ်းသည့် သတင်းအချက်အလက် သို့မဟုတ် ဗဟုသုတရှိခြင်းဖြင့် တစ်ဦးချင်းစီအား ခွန်းအားဖြစ်စေသည့်အပြင် အကျိုးကျေးဇူးများစွာပေးစွမ်းနိုင်ပါသည်။ အသိပညာဆည်းပူးခြင်းဖြင့် ပိုမိုကြီးမားသောအခွင့် အလမ်းများ၊ အောင်မြင်မှုများရရှိစေနိုင်ပြီး ပြည့်စုံမှန်ကန်စွာ ဆုံးဖြတ်ချက်ချမှတ်စေနိုင်ပါသည်။ အသိပညာဗဟုသုတသည် တစ်ဦးချင်းစီအား အခြေအနေအရပ်ရပ်ကို ကျော်လွှားနိုင်ရန်၊ ပြဿနာများဖြေရှင်းနိုင်ရန်နှင့် ပြည့်စုံမှန်ကန်သည့် ရွေးချယ်မှုများပြုလုပ်နိုင်ရန် လိုအပ်သည့် သိမြင်နားလည်နိုင်စွမ်းများကို ပေးစွမ်းနိုင်ပါသည်။ ထို့ပြင် ကမ္ဘာကြီးကို ရှုထောင့်အမျိုးမျိုးဖြင့် ပိုမိုနက်ရှိုင်းစွာ သိမြင်နားလည်စေပြီး အချက်အလက်များကို ပိုင်းခြားစိတ်ဖြာကာ အကဲဖြတ်နိုင်စွမ်းကိုလည်း ပေးနိုင်ပါသည်။

သုတေသနနှင့်ဆန်းသစ်တီထွင်မှုများ

အသိပညာဗဟုသုတသည် ဘဝ၏ကဏ္ဍများစွာတွင် အမှန်တကယ် ခွန်အားပေးစွမ်းနိုင်ပါသည်။ ဥပမာအားဖြင့် ပညာရေးကဏ္ဍတွင် အသိပညာဗဟုသုတနှင့် ကျွမ်းကျင်မှုများရှိခြင်းဖြင့် ပိုမိုကောင်းမွန်သည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းများရရှိစေရန် လမ်းဖွင့်ပေးနိုင်ပါသည်။ ကိုယ်ရေးကိုယ်တာဆက်ဆံရေးများတွင်လည်း မိမိနှင့် တစ်ပါးသူ၏အကြောင်းကို သိရှိနားလည်ပေးခြင်းဖြင့် တစ်ဦးအပေါ်တစ်ဦး ဖြည့်ဆည်းပေးနိုင်သည့် ကောင်းမွန်သောဆက်ဆံရေးကို ရရှိစေနိုင်ပါသည်။ ထို့ပြင် သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှုများ ပြုလုပ်ရာတွင်လည်း အသိပညာဗဟုသုတရှိခြင်းဖြင့် နည်းပညာအသစ်များနှင့် ရှာဖွေတွေ့ရှိမှုအသစ်များကို ဖန်တီးရရှိစေနိုင်ပါသည်။ သို့ရာတွင် အသိပညာဗဟုသုတရှိရုံမျှဖြင့် ပြည့်စုံလုံလောက်ပြီဟုမဆိုနိုင်ပေ။ အဆိုပါ အသိပညာဗဟုသုတများကို လက်တွေ့အသုံးချရန်နှင့် သက်ဆိုင်ရာကျွမ်းကျင်မှုများ၊ အရည်အသွေးများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ရန်လည်း လိုအပ်ပါသည်။ အသိပညာဗဟုသုတ၊ ကျွမ်းကျင်မှုနှင့် လက်တွေ့ဆောင်ရွက်ချက်များကို ပေါင်းစပ် လုပ်ဆောင်နိုင်မှသာ မတူညီသည့်အပြုသဘောဆောင်သော ပြောင်းလဲမှုအသစ်များကို ဖန်တီး နိုင်မည်ဖြစ်ပါသည်။

ဥပဒေရေးရာအသိပညာများ တိုးမြင့်လာခြင်းသည် နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် အရေးကြီးသည့် ပြောင်းလဲမှုတစ်ရပ်ဖြစ်သည့်အပြင် အဖွဲ့အစည်းတစ်ရပ်အနေဖြင့် လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် အထောက်အပံ့ ကောင်းတစ်ရပ်လည်းဖြစ်ပါသည်။ စာရေးသူတို့အနေဖြင့် ဥပဒေရေးရာဝန်ကြီးဌာနမှ ဥပဒေအသိ ပညာဗဟုသုတများစွာ သင်ယူလေ့လာနိုင်ခဲ့သည့်အတွက် မိမိတို့၏ အသိပညာဗဟုသုတကို မြှင့်တင်နိုင်ခဲ့ပါသည်။ နိုင်ငံ့ဝန်ထမ်း အကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၃) သင်တန်းတွင် တက်ကြွစွာဆွေးနွေးပို့ချပေးခဲ့ကြသည့်အပြင် အသိပညာဗဟုသုတများ မျှဝေပေးခဲ့ကြသည့် ဥပဒေပညာရှင် ဆရာကြီး ဆရာမကြီးများအား သင်တန်းသားများအနေဖြင့် လေးစားအသိအမှတ်ပြုပါကြောင်း တင်ပြအပ်သည်။ ။

No comments:

Post a Comment