အသက်မွေးဝမ်းကျောင်းဆိုင်ရာနှင့် အာဟာရဖူလုံရေးဆိုင်ရာ
ကဏ္ဍနှစ်ခုအတွက် ငါးမွေးမြူရေး လုပ်ငန်းများမှ တိုးတက်ထုတ်လုပ်ထောက်ပံ့နိုင်ရန်
လိုအပ်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတွင်း ငါးစားသုံးမှုသည်
အသားစားသုံးမှစုစုပေါင်း၏ ၆၀ရာခိုင်နှုန်း ကျော်ရှိနေသည့်အတွက်ဖြစ်သည်။
ဂျီဒီပီ၏နှစ်ရာခိုင်နှုန်းကို ငါးလုပ်ငန်းကဏ္ဍက
ဖြည့်ဆည်း
ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏
ထုတ်ပြန်ချက်အရ ကမ္ဘာ့ငါးမွေးမြူထုတ်လုပ်သည့် နိုင်ငံများတွင် မြန်မာနိုင်ငံသည်
အဆင့်(၈)နေရာတွင် ရပ်တည်လျက်ရှိကြောင်း သိရှိရသည်။ထို့အပြင် မြန်မာနိုင်ငံ ဂျီဒီပီ၏နှစ်ရာခိုင်နှုန်းကို
ငါးလုပ်ငန်းကဏ္ဍက အထောက်အကူပြု ဖြည့်ဆည်းပေးလျက်ရှိကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံ၏ ပြည်ပသို့ ငါးတင်ပို့မှုသည် ထုတ်လုပ်မှု၏ ၁၀ရာခိုင်နှုန်းခန့်သာရှိသည့်အတွက်
ငါးလုပ်ငန်းကဏ္ဍဖွံ့ဖြိုးမှုအတွက် ကြိုးပမ်းဆောင်ရွက်သွားရမည့် အခွင့်အလမ်းများ
အများအပြားရှိနေသည်။
ငါးလုပ်ငန်းကဏ္ဍတွင် ငါးများကို ဖမ်းဆီးထုတ်လုပ်ခြင်းနှင့် မွေးမြူထုတ်လုပ်ခြင်းဟူ၍
ကဏ္ဍနှစ်ရပ်ပါဝင်သည်။ ငါးဖမ်းထုတ်လုပ်ခြင်းနှင့် ငါးမွေးမြူထုတ်လုပ်ခြင်း လုပ်ငန်းနှစ်ရပ်လုံးတွင်
ပါဝင်သည့် လုပ်သားအင်အားစုကြီးသည် အခြေခံပြည်သူများဖြစ်ပြီး ၎င်းတို့၏စားဝတ်နေရေးသည်
ငါးမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးမှုအပေါ် များစွာတည်မှီနေသည်။
ပြည်တွင်းစားသုံးသူများ လိုအပ်ချက်နှင့် ပြည်ပစျေးကွက် တင်ပို့နိုင်မှုအခြေအနေများတွင်
အလားအလာကောင်းများစွာ ရှိနေသည့်အတွက် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးလုပ်ငန်းရေရှည်
စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး ငါးရိက္ခာဖူလုံစေရန်၊ ငါးလုပ်ငန်းကို အခြေခံ၍ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန်
နှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ
ဖြစ်စေရန် မျှော်မှန်းဆောင်ရွက်လျက်ရှိသည်။
ပြည်ပစျေးကွက်တင်ပို့နိုင်ရန်
ကြိုးပမ်း
ထို့အတူ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်
ငါးမွေးမြူရေးလုပ်ငန်းရှင်များသည် ငါးမွေးမြူရေး လုပ်ငန်းများမှသည် ပြည်တွင်းစားသုံးသူများ
လိုအပ်ချက်နှင့် ပြည်ပစျေးကွက်တင်ပို့နိုင်ရန်အတွက် ကြိုးပမ်းဖော်ဆောင်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အင်းများ၊ အိုင်များ၊ ကန်များဖြင့် ငါးမွေးမြူမှုများသည့်
ပဲခူးတိုင်းဒေသကြီးအတွင်း ရှိ ငါးမွေးလုပ်ငန်းရှင်များသည်လည်း မွေးမြူရေး
လုပ်ငန်းမှသည် ဒေသစီးပွား၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးမှုရရှိရန်
ကြိုးပမ်းလျက်ရှိသည်။
“တိုင်းဒေသကြီးထဲက ငါးမွေးမြူရေးစနစ်မှာ စိုက်ပျိုးရေးကနေထွက်ရှိလာတဲ့
ဖွဲနု၊ ဆန်ကွဲ၊ ပဲဖတ်၊ နှမ်းဖတ် စတာတွေနဲ့ မွေးကြတာမို့ ငါးက လတ်ဆတ်တယ်၊ သဘာဝအတိုင်းဖြစ်တယ်။
ကျွန်တော်တို့အနေနဲ့ ဧက ၈၀၀ ကနေ ငါးမြစ်ချင်း ပိဿာချိန် သိန်း ၂၀ လောက် ထုတ်နေပါတယ်။
ကျွန်တော်တို့ ထုတ်လုပ်နိုင်သလောက် ရောင်းရမယ့်အခြေအနေပါ။ ဒါပေမဲ့ အစာဈေးနှုန်းက
တက်နေတော့ မွေးတဲ့သူတွေ အခက်အခဲဖြစ်ကြတယ်။ တိရစ္ဆာန်အစာအခြေခံဖြစ်တဲ့ စိုက်ပျိုးရေးထွက်
ကုန်ကြမ်းတွေက ပြည်ပပို့ကုန်အဖြစ် အကုန်စီးထွက်သွားတော့ အဆင်မပြေတော့တာပါ။
လုပ်ငန်းရှင်တွေ အဆင်ပြေဖို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကနေ
ငွေချေးပေးတာလည်းရှိပါတယ်။ ဒီအတွက်လည်း နိုင်ငံတော်ကို
ကျေးဇူးတင်ပါတယ်။ ထပ်ပြီးတော့လည်း စိုက်ပျိုးရေးကထွက်တဲ့ တိရစ္ဆာန်အစာဈေးနှုန်း
တည်ငြိမ်အောင်နဲ့ ပြည်ပ ဈေးကွက်ရရှိအောင် ကူညီပေးစေချင်ပါတယ်”ဟု
ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်မှ ငါးမွေးမြူ ရေးလုပ်ငန်းရှင် ဦးသန်းစိုးက
ပြောသည်။
ပဲခူးတိုင်းဒေသကြီးမှ မွေးမြူထွက်ရှိသည့် ငါးများကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ
ရွှေပိတောက်ငါးဈေး၊ ကြည့်မြင်တိုင်ငါးဈေးတို့သို့ တင်ပို့ရောင်းချလျက်ရှိပြီး
ပြည်ပတင်ပို့မှုအနေဖြင့် EU နိုင်ငံများနှင့် အခြားနိုင်ငံများသို့ အများဆုံး
တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်၌ ငါးမွေးမြူသူဦးရေ
၅၈၂၆ ဦးရှိပြီး ငါးမွေးကန်ဧက ၃၁၁၉၈ ဒသမ ၂၆၇ ဧက ရှိကြောင်း
တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
“ခရိုင်အလိုက်အနေနဲ့ ပဲခူးမှာဆိုရင် ငါးမွေးသူ၃၅၂၈ ဦးနဲ့
ငါးမွေးကန် ၁၀၀၂၂ ဒသမ ၂၀၀ ဧက၊ ညောင်လေးပင်မှာ ၄၅၅ ဦးနဲ့ ၁၈၂၇ ဒသမ ၁၁၀ ဧက၊ တောင်ငူမှာ
၁၂၇ ဦးနဲ့ ၁၄၉၆ ဒသမ ၉၄၀ ဧက၊ သာယာဝတီမှာ ၇၂၁ ဦးနဲ့ ၁၀၉၂၂ ဒသမ ၈၁၇ ဧက၊ နတ္တလင်းမှာ
၇၂၃ ဦးနဲ့ ၅၉၈၀ ဒသမ ၅၁၀ ဧက၊ ပြည်မှာ ၂၇၂ ဦးနဲ့ ၉၄၈ ဒသမ ၆၉ ဧက ရှိပါတယ်။ ဒီလိုမွေးမြူမှုကနေ
ငါး ၆၀၃၃၄ ဒသမ ၇၄၀ ပိဿာ ထုတ်လုပ်မှုရှိပါတယ်”ဟု ပဲခူးတိုင်းဒေသကြီး
ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောသည်။
“အခုအချိန်မှာ အစာကုန်ကြမ်းဈေးက သုံးဆလောက်အထိ တက်သွားတယ်။
ဒီတော့ ရင်းနှီးစိုက် ထည့်ရတဲ့ငွေပမာဏက များလာတယ်။ ကျွန်တော်တို့ ငါးမွေးမြူတဲ့အခါ
အစာစရိတ်နဲ့ ငါးထုတ်ရမယ့် အချိန်နဲ့ရောင်းမယ့်နှုန်းက အမြဲချိန်ဆနေရပါတယ်။
ပြည်တွင်းစားသုံးမှုဈေးကွက်ကို ဖြည့်ဆည်းနိုင်ဖို့ လည်း ကြည့်ရတယ်။
ပြည်ပပို့နိုင်ဖို့လည်း စဉ်းစားရတယ်။ အခုက ငါးဈေးကတော့ မတက်ဘူး။
ပြည်တွင်းစားသုံးမှုကို မထိခိုက်တဲ့ဈေးနှုန်းကိုလည်း ကြည့်ရပါတယ်။ ပြည်ပပို့ကုန်ဈေးကွက်ကတော့
ဈေးနှုန်းတက်နေတဲ့အတွက် အဲဒီဈေးကွက်ရရှိရင်တော့ ကျွန်တော်တို့ မွေးနိုင်ပါတယ်။ ပြည်တွင်းအတွက်လည်း
ကာမိတယ်။ ဒါကြောင့် ကျွန်တော် တိုလို တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်တွေအတွက်
နိုင်ငံတော်ရဲ့ကူညီပံ့ပိုးမှုအားလည်း လိုအပ်ပါတယ်” ဟု သနပ်ပင်မြို့နယ် ငါးမွေးမြူရေးလုပ်ငန်း
ဆောင်ရွက်သူ ဒေါက်တာခင်မောင်မြင့်က ဆိုသည်။
ငါးမွေးမြူလုပ်ကိုင်သူ
အများဆုံးရှိ
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သနပ်ပင်မြို့နယ်သည် လက်ရှိငါးမွေးမြူလုပ်ကိုင်သူ
အများဆုံး ရှိကြောင်းသိရပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် သနပ်ပင်မြို့နယ်မှ
ခန့်မှန်းငါးပိဿာချိန် ၅၀၇၂၀၀၀ ထွက်ရှိနိုင်ကြောင်း သနပ်ပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ
သိရသည်။
“ငါးမွေးသူ ဦးရေက ၄၂၂ ဦးရှိပြီးတော့ မွေးမြူ ဧက ၄၇၈၅ ဒသမ ၃၅
ဧက ရှိပါတယ်။ ငါးမွေးမြူရေး ကနေ အခုနှစ် ၅၀၇၂၀၀၀ ပိဿာထွက်ရှိနိုင်ပြီးတော့
အင်းလုပ်ငန်း၊ ဘုံငါးဖမ်းလုပ်ငန်းစတဲ့ လုပ်ငန်းတွေအပါအဝင် ငါးပိဿာချိန် ၁၃၀၁၆၀၀၀
လောက် ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်”ဟု သနပ်ပင် မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ
ဦးစီးအရာရှိ ဒေါ်ဆွေဆွေဝင်းက ပြောသည်။
စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်
ဒေသအလိုက် စီးပွားဖွံ့ဖြိုးတိုးတက် ရေးအတွက် နိုင်ငံတော်က ကိုဗစ်-၁၉ ရန်ပုံငွေမှတစ်ဆင့်
ကူညီထောက်ပံ့ပေးလျက်ရှိရာ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ ငါးမွေးမြူရေးလုပ်ငန်းရှင်
၁၇ ဦးသို့ ငွေကျပ်သိန်း ၂၉၁၀ ဒသမ ၀၀အား ထုတ် ချေးထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ
သိရသည်။
ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးသယံဇာတိုးပွားလာစေရေး၊
မျိုးကောင်း မျိုးသန့်ငါးမျိုးများ ပြန့်ပွားလာစေရေးအတွက် ပဲခူး၊ သနပ်ပင်၊ အုတ်ဖို
စသည့်ဌာနပိုင်ငါးသားပေါက်စခန်းသုံးခုမှ ငါးမြစ်ချင်း၊ ငါးခေါင်းပွ၊ ရွှေဝါငါးကြင်း၊
တီလား ပီးယား၊ ငွေရောင်ငါးကြင်း၊ ငါးခုံးမကြီးစသည့် ငါးမျိုးများကို ငါးသားဖောက်ဖြန့်ဖြူးမျိုးစိုက်
ဆောင်ရွက်လျက်ရှိသည်။
“ပဲခူးတိုင်းဒေသကြီးအတွင်း ငါးမွေးမြူရေးလုပ်ငန်းတွေကနေ
ပြည်တွင်းစားသုံးမှုအတွက်၊ ပြည်ပတင်ပို့နိုင်ဖို့အတွက် မွေးမြူထုတ်လုပ်ပေးနေပါတယ်။
အဲဒီလုပ်ငန်းတွေ အဆင်ပြေစေဖို့ ကျွန်တော်တို့ဌာနအနေနဲ့ နည်းပညာနဲ့ ဈေးကွက်ရရှိအောင်
ကူညီဆောင်ရွက်ပေးရပါတယ်။ ပြီးတော့ ငါးသယံဇာတတိုးပွားဖို့အတွက် ဌာနပိုင် ငါးသား
ဖောက်စခန်းတွေကနေ ငါးသားပေါက် မွေးမြူ ဖြန့်ဖြူးပေးတဲ့လုပ်ငန်းတွေနဲ့
သဘာဝရေပြင်တွေထဲကို ငါးသားပေါက်မျိုး စိုက်ထည့်တဲ့ လုပ်ငန်းတွေကိုလည်း စဉ်ဆက်မပြတ်
ဆောင်ရွက်လျက်ရှိပါတယ်” ဟု ညွှန်ကြားရေးမှူးက ပြောသည်။
ငါးမျိုးစိုက်ဆောင်ရွက်
ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြစ်၊ ချောင်း သဘာဝရေပြင်များအတွင်းသို့
၄၂ ကြိမ် ငါးမျိုးစိုက်ဆောင်ရွက်ခဲ့ပြီး တိုင်းရင်းမျိုးငါး ငါးဖယ်အောင်း ၁၅၀၀၀၀၊ ငါးဖန်းမ
၂၅၀၀၀၀၊ ငါးပြေမ ၅၀၀၀၀၊ ရွှေဝါငါးကြင်း ၁၁၂၅၀၀၀ မျိုးစိုက်
ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရှိရသည်။
“ငါးမျိုးစိုက်ရာသီကာလအတွင်း လျာထား ချက်ကောင်ရေ ၁၂၄ ဒသမ ၄
သိန်းအပေါ်မှာ ၁၀၄ ဒသမ ၈ ရာခိုင်နှုန်း ပြည့်မီကျော်လွန်အောင်
ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ ဌာနကနေ တခြားဌာန၊ အဖွဲ့အစည်းတွေ
သီးခြား ငါးမျိုးစိုက်ထည့်ဖို့နဲ့ စမ်းသပ်မွေးမြူဖို့အတွက် ဖြန့်ဖြူပေးနေတာလည်း
ရှိပါတယ်။ ဌာနပိုင်စခန်း သုံးခုကနေ ငါးမြစ်ချင်း၊ ငါးခုံးမကြီး ငါးသားပေါက်
ကောင်ရေ ၇၀၇၀၀ ကို ဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်” ဟု ညွှန်ကြားရေးမှူးက ရှင်းပြသည်။
ထို့အတူ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သနပ်ပင်၊
ကြို့ပင်ကောက်၊ လက်ပံတန်း၊ အုတ်ဖို၊ သာယာဝတီ၊ ပဲခူး၊ မိုးညို၊ တောင်ငူ၊ အုတ်တွင်း၊
ဒိုက်ဦး၊ ပြည်၊ ဝေါ၊ သနပ်ပင် စသည့်မြို့နယ် ၁၃ မြို့နယ်မှ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွင်း
ငါးသားပေါက်ကောင်ရေ ခြောက်သိန်းကျော် ဖြန့်ဖြူးထားကြောင်း သိရသည်။
သို့ဖြစ်ရာ စိုက်ပျိုးမွေးမြူ ကုန်ထုတ်လုပ်မှု တိုးတက်ရေးသည် နိုင်ငံ့ဝင်ငွေတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက်ဖြစ်သကဲ့သို့
အခြေခံပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားရေးနှင့်လည်း တစ်ဆက်တစ်စပ်တည်းဖြစ်သည်။ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များထဲမှ
ပဲခူးတိုင်းဒေသကြီး၏ ငါးမွေးမြူရေးလုပ်ငန်းများမှသည်
နိုင်ငံ့ဝင်ငွေတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက်
တစ်တပ်တစ်အား ထောက်ပံ့ပေးလျက် ရှိကြောင်း တင်ပြလိုက်ရပါသည်။ ။
မြတ်သူ
No comments:
Post a Comment