(ယမန်နေ့မှအဆက်)
ပညာရေးစစ်တမ်းကောက်ယူရာတွင် အသက် (၁၀) နှစ်နှင့်အထက် စာမတတ်သူများကို (၃) မျိုး ခွဲခြားကောက်ယူခဲ့ပါသည်။
(က) ဗျည်း (၃၃) လုံး ရေးတတ်၊ ဖတ်တတ် သူများ၊
(ခ) ဗျည်း (၃၃) လုံးနှင့် သရ (၁၂) လုံး ရေးတတ်၊ ဖတ်တတ်သူများ၊
(ဂ) စာလုံးဝမဖတ်တတ်၊ မရေးတတ်သူများ _ _ _ ဟူ၍ခွဲခြား ကောက်ယူခဲ့ပါသည်။
ထိုသို့ ကောက်ခံရခြင်းမှာ “အ”သုံးလုံးသင်တန်း ဖွင့်လှစ်လျှင် တတ်မြောက်မှု အခြေအနေအလိုက် အုပ်စုခွဲပြီး သင်တန်းပို့ချရန် ရည်ရွယ်၍ကောက်ယူ ခဲ့ခြင်းဖြစ်ပါသည်။
ထိုအချိန်က
မိတ္ထီလာခရိုင်တွင် စာမတတ်သူ ဦးရေမှာ ၄၇ ဒသမ ၇၆ ရာခိုင်နှုန်းဖြစ်၍ စာတတ်သူ ဦးရေမှာ
၅၂ ဒသမ ၂၄ ရာခိုင်နှုန်းဖြစ်ကြောင်း စစ်တမ်းအရ သိရှိရပါသည်။ ၁၉၅၃ - ၅၄ ခုနှစ် သန်းခေါင်စာရင်းအရ
စာမတတ်သူ ၃၆ ဒသမ ၇ ရာခိုင်နှုန်းရှိရာမှ ၁၀ နှစ်အကြာတွင် စာမတတ်သူနှုန်း ၁၁ ဒသမ ၀၀
ရာခိုင်နှုန်းခန့် တိုးသွားခဲ့သဖြင့် နောက်ထပ် ၁၀ နှစ်အတွင်း ထပ်မတိုးစေရန်နှင့် လုံးဝရပ်တန့်သွားစေရန်
“အ”သုံးလုံးကျေသင်တန်း
ဖွင့်ရခြင်းဖြစ်ပါသည်။
ထို့အတူ
(၅) နှစ်မှ (၁၀) နှစ်အကြားကျောင်း နေအရွယ်ကလေးများ စာတတ်မြောက်မှုကို ကောက်ယူရာတွင်လည်း
စာမတတ်သူကလေးငယ် များမှာ ၇၅ ဒသမ ၃၉ ရာခိုင်နှုန်းဖြစ်ကြောင်း စစ်တမ်းအရတွေ့ရှိရသဖြင့်
အလွန်စိုးရိမ်ရသည့် အခြေအနေတွင်ရှိပါသည်။ ထိုအချက်သည် စာမတတ်သူပပျောက်ရေးကို ခရိုင်လုံးကျွတ်
စာတတ်မြောက်ရေး ရှေ့ပြေးစမ်းသပ်ခရိုင်အဖြစ် မိတ္ထီလာခရိုင်ကို ရွေးချယ်ဆောင်ရွက်နိုင်ရန်
အတွက် အဓိကအချက်ဖြစ်ခဲ့ပါသည်။ ဤသို့လျှင် “စာတတ်မြောက်မှုစစ်တမ်း” ကို
ကောက်ယူရခြင်း ကြောင့် “အ”သုံးလုံးကျေ ရှေ့ပြေးစမ်းသပ် မိတ္ထီလာခရိုင်အတွင်း အားနည်းချက်အနည်းဆုံး
ဖြင့်ဆောင်ရွက်နိုင်ခဲ့ကြောင်း လေ့လာတွေ့ရှိရ ပါသည်။
(င)
ခရိုင်လုံးကျွတ် စာတတ်မြောက်မှုအောင်ပွဲအစ ညောင်ကိုင်းရွာက
စာရေးသူသည်
မိတ္ထီလာနှင့် သာစည်ကို လွန်ခဲ့သော ၁၅ နှစ်က စတင်၍ ယနေ့အထိ အိမ်ဦးနှင့် ကြမ်းပြင်ကဲ့သို့
သွားလာနေခဲ့ပါသည်။ ထိုမိတ္ထီလာနှင့် သာစည်လမ်းပေါ်ရှိ မိတ္ထီလာမြို့နယ် ညောင်ကိုင်းရွာကို
ဖြတ်သန်းသွားတိုင်းငယ်ငယ်က သတင်းစာများနှင့် ပညာရေးမှတ်တမ်းများတွင် ဖတ်ရှုရသည့် “မိတ္ထီလာခရိုင်လုံးကျွတ်
စာတတ် မြောက်မှုအောင်ပွဲ” ကျင်းပနေပုံကို စိတ်ကူးဖြင့် မြင်ကြည့်ကာ ပီတိအကြိမ်ကြိမ်ဖြစ်နေမိသည်။
မြန်မာနိုင်ငံ
စာတတ်မြောက်ရေးလှုပ်ရှားမှု၏ “ခရိုင်လုံးကျွတ်စာမတတ်သူပပျောက်ရေး ရှေ့ပြေး စမ်းသပ်ခရိုင်”အဖြစ်
၁၉၆၉ ခုနှစ် မိတ္ထီလာခရိုင်ကို ရွေးချယ်ဆောင်ရွက်ခဲ့သည်။ မြို့နယ်အလိုက် စာတတ်မြောက်ရေးသင်တန်းဖွင့်ပွဲများ
ကျင်းပရာသို့ လှည်းစစ်ကြောင်း၊ လူစစ်ကြောင်းများဖြင့် ချီတက်ခဲ့ကြသည်။ မိတ္ထီလာခရိုင်တွင်
နှစ်လုံးပေါက် “အ”သုံးလုံး (အရေး၊ အဖတ်၊ အတွက်) ကျေအခြေစိုက်စခန်းများ ဖွင့်လှစ်ကြပ်မတ်
ဆောင်ရွက်နိုင်ခြင်းကြောင့် ခရိုင်လုံးကျွတ်စာတတ်မြောက်ခဲ့ပါသည်။
၁၉၇၁
ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် စာတတ် မြောက်မှုအောင်ပွဲ ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပါသည်။
လူ ရှစ်သောင်း တက်ရောက်ခဲ့သည်ဟု ဆိုပါသည်။ ထိုပွဲ သို့ တော်လှန်ရေးကောင်စီလက်ထက်က ပညာရေး
တာဝန်ခံ (ဝန်ကြီး) ဗိုလ်မှူးကြီးလှဟန် တက်ရောက်ခဲ့ပါသည်။ သူ့မိန့်ခွန်းတွင် “ပညာရေးအထူးအရာရှိ
ဆရာကြီး ဦးသံဗျင်က “အ”သုံးလုံးသင်တန်း သုတေ သနလုပ်ကာ သက်ကြီးစာတတ်မြောက်ရေးလှုပ်ရှားမှု
လုပ်လိုကြောင်း၊ ဂရင်းလိုက်ပေးပါဟု ခွင့်ပန်လာသောအခါ လန့်သွားကြောင်း၊ ဦးသံဗျင်က ဘတ်ဂျက်
မကုန်စေရဟု အာမခံဖြင့် ခွင့်တောင်းသည့်အခါ မယုံကြည်ခဲ့ကြောင်း၊ သို့သော် ဆရာကြီးဦးသံဗျင်က
စိတ်ရောကိုယ်ပါ ဘတ်ဂျက်မကုန်သည့်နည်း၊ လူထုပါဝင်လှုပ်ရှားသည့်နည်းဖြင့် လုပ်ပါမည်ဆိုသဖြင့်
ခွင့်ပြုခဲ့ကြောင်း၊ ယခုလို တစ်ခရိုင်လုံး စာတတ်မြောက်သည့်အောင်ပွဲကို လာပြီးတက်ခွင့်ရလို့
လူထုပရိသတ်ကြီးကို မြင်ရသည့်အခါ ဘယ်လိုဝမ်းသာမှန်း မသိကြောင်း” ပြောကြားခဲ့ပုံကို
မှန်း၍ မြင်ယောင်မိပါသည်။ မိတ္ထီလာနယ်သားများ ပညာမျက်စိပွင့်လာပုံ၊ ပညာအလင်းရလာပုံတို့ကိုတွေး၍
ပီတိဖြစ်နေမိသည်။ လွန်ခဲ့သည့် ၅၃ နှစ်က မြန်မာနိုင်ငံ၏ ပထမ ဦးဆုံးခရိုင်လုံးကျွတ် စာတတ်မြောက်မှုအောင်ပွဲကျင်းပရာ
မိတ္ထီလာမြို့နယ် “ညောင်ကိုင်းကျေးရွာ” ကဟု မှတ်တမ်းတင်ခဲ့၊ သမိုင်းဝင်ခဲ့ပါသည်။
ဆရာကြီး
ဦးသံဗျင်ကိုယ်တိုင်ကလည်း “မြန်မာ့ သမိုင်းတွင် မည်သည့်ရွာက ရွာလုံးကျွတ်စာတတ် မြောက်ခဲ့ပြီး
မည်သည့်မြို့၊ မည်သည့်မြို့နယ်၊ မည်သည့်ခရိုင်ဖြင့် စာတတ်ခဲ့ပြီဟူ၍လည်းကောင်း၊ မည်သည့်ခေတ်တွင်မှ
မရှိခဲ့ပါ။ ယခုတော်လှန်ရေး ကောင်စီအစိုးရခေတ်တွင်မှသာ သမိုင်းသစ်အဖြစ်ဖြင့် မိတ္ထီလာခရိုင်က
တံခွန်ထူနိုင်ခဲ့သောကြောင့်ဖြစ်ပါသည်” ဟုမှတ်တမ်းတင်ခဲ့သည်။
ညောင်ကိုင်းရွာမှသည်
နိုင်ငံတကာအသိမှတ်ပြု အောင်ပွဲဆီသို့
ညောင်ကိုင်းကျေးရွာ၌
ခရိုင်လုံးကျွတ် စာတတ်မြောက်ရေးအောင်ပွဲသို့ ၁၉၇၁ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ကျင်းပပြီးနောက်
အောင်ပွဲသည် မရပ်နားခဲ့ပေ။ နှစ်လအကျော်တွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့သို့ ခရီးဆက်ခဲ့ပါသည်။
ယူနက်စကိုမှ မြန်မာ နိုင်ငံစာတတ်မြောက်ရေးလှုပ်ရှားမှုအတွက် ချီးမြှင့်သော “မိုဟာမက်ရီဇာပါလဗာ”
(The Mohammad Reza Pahlavi Prize) ဆုကို ထိုစဉ်က “အ”သုံးလုံးကျေ
သင်တန်းကြီးကြပ်ညှိနှိုင်းရေး ဗဟိုကော်မတီအတွင်း ရေးမှူးဆရာကြီး (ယခုဒေါက်တာ) ဦးသန်းဦးက
မြန်မာဝတ်စုံဝတ်၊ ခေါင်းပေါင်းဖြင့် ၁၉၇၁ ခုနှစ် နိုင်ငံ တကာစာတတ်မြောက်ရေးနေ့ဖြစ်သည့်
စက်တင် ဘာလ ၈ ရက်နေ့တွင် လက်ခံရယူခဲ့ပါသည်။ ထို့အတူ ၁၉၈၄ ခုနှစ်တွင် နိုင်ငံတကာစာတတ်
မြောက်ရေး၊ သက်ကြီးဖတ်စာများ၊ စာစဉ်များ ထုတ်ဝေနိုင်မှုအတွက် ယူနက်စကိုမှပင် “နိုမာ”ဆု
(The Norma Prize) ကိုထပ်မံဆွတ်ခူးရရှိခဲ့ပါသည်။
သဖန်းစံပြကျေးရွာမှသည်
စာတတ်မြောက်မှု (က) အဆင့်နိုင်ငံဆီသို့
စာရေးသူနှင့်
မိတ်ဆွေများသည် မိတ္ထီလာနှင့်မလှိုင်၊ ဝမ်းတွင်းမြို့နယ်တို့သို့ ၁၉၆၄ ခုနှစ်နှင့်
၁၉၆၉ ခုနှစ် “အ”သုံးလုံးသင်တန်းများတွင်ပါဝင်ခဲ့
သူများအား ထိုစဉ်က ရွာခံများ၏သဘောထားများ ကို သိလို၍ ကွင်းဆင်းလေ့လာရာတွင် ၁၉၆၄ ခုနှစ်
၌ သဖန်းစံပြရွာ သက်ကြီး “အ”သုံးလုံးကျေ သင်တန်းတွင် တက်ရောက်၍ စာတတ်မြောက်ခဲ့သူ အဘွားဒေါ်ညိုစိန်
(၉၆) နှစ် နှင့် တွေ့ဆုံခဲ့သည်။ ထို့အတူ ၁၉၆၉ ခုနှစ် “အ”သုံးလုံးကျေသင်တန်းများ
တွင် စေတနာ့ဝန်ထမ်း သင်ကြားပို့ချခဲ့သူများဖြစ်သည့် သဖန်းကျေးရွာမှ ဦးအောင်ဝင်းနှင့်
ဦးသိန်းလေးတို့နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
လှုပ်ရှားမှုတွင်
ဆရာတော်များမှအစ ဆူကြုံနိမ့်မြင့်မကျန် ရွာသူရွာသားအားလုံး ပူးပေါင်းပါဝင် ခဲ့ကြကြောင်း
ပြောပြကြသည်။ သင်တန်းပို့ချသူ ဆရာများအား “အ”သုံးလုံးကျေသင်တန်းကြီးကြပ်
ညှိနှိုင်းရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒေါက်တာညီညီက ၁၉၇၀ ပြည့်နှစ် ဖေဖော်ဝါရီလရက်စွဲဖြင့်
ပေးအပ်ခဲ့သည့် မှတ်တမ်းတင်ဂုဏ်ပြုလွှာများကိုလည်း ပြသခဲ့ပါသည်။ ၁၉၆၄ ခုနှစ်နွေရာသီကျောင်းပိတ်
ရက်တွင် လုပ်အားပေးဆရာလောင်းလေးဦးဖြင့် သဖန်းစံပြရွာမှစတင်ခဲ့သည့် သက်ကြီးစာမတတ် သူပပျောက်ရေးလုပ်ငန်းသည်
ထိုအချိန်က မြန်မာနိုင်ငံတွင် ၃၀၈ မြို့နယ်ရှိရာ ၂၉၇ မြို့နယ်အထိ ဆောင်ရွက်ပြီးခဲ့ပြီးဖြစ်ပါသည်။
စေတနာ့ဝန်ထမ်း
ဆရာလေးဦးမှသည် လုပ်အားပေး ဆရာဆရာမပေါင်း ၈၈၃၉၇၆ ဦး တို့က တစ်ပြည်လုံးအနှံ့ သင်ကြားပေးခဲ့ကြသည်။
၁၉၆၄ ခုနှစ် သဖန်းစံပြကျေးရွာက နွေရာသီ တစ်လ “အ”သုံးလုံးမျက်ဖွင့်သင်တန်းအပြီးတွင်
စာမတတ်သူ ၁၀၀ ခန့် စာတတ်မြောက်လာခဲ့သည်။ ၁၉၈၈ ခုနှစ်သို့ရောက်သောအခါ ၂၄၁၁၁၇၉ ဦး စာတတ်မြောက်ခဲ့ပေသည်။
သို့အတွက်ကြောင့် မြန်မာနိုင်ငံအနေဖြင့် စာတတ်မြောက်မှု ၉၂ ရာခိုင် နှုန်းသို့ ရှိခဲ့သည်။
စစ်ပြီးခေတ်က မြန်မာ့စာတတ် မြောက်မှု ၃၅ ရာခိုင်နှုန်းမှသည် နှစ် ၄၀ အကြာတွင် ၉၂ ရာခိုင်နှုန်းသို့
မြင့်တက်လာအောင် စွမ်းဆောင်နိုင်ခဲ့ကြသည်။ သို့ပါ၍ မြန်မာနိုင်ငံသည် အာရှနှင့် ပစိဖိတ်ဒေသတွင်
စာတတ်မြောက်မှုနှုန်း မြင့်မား သည့် (က) အုပ်စုဝင်နိုင်ငံအဖြစ် သတ်မှတ်ခြင်း ခံရပြီးဖြစ်ပေသည်။
မိတ္ထီလာသားတို့၏နားလည်အားပေးမှုနှင့်
ပူးပေါင်း ပါဝင်မှုသာအဓိက
လွန်ခဲ့သောနှစ်ပေါင်း
(၅၉) နှစ် (၁၉၆၄ ခုနှစ်) တွင်တစ်ကြိမ်နှင့် (၅၄) နှစ် (၁၉၆၉ ခုနှစ်) တွင် တစ်ကြိမ်
စုစုပေါင်း နှစ်ကြိမ်တိတိဆောင်ရွက် ခဲ့သည့် မိတ္ထီလာမြို့နယ်၏ စာတတ်မြောက်မှု လုပ်ငန်း
ဘာကြောင့်အောင်မြင်ခဲ့ပါသနည်း။ ယနေ့ ကွင်းဆင်းလေ့လာမှုနှင့် မှတ်တမ်းများအရ ဒေသခံ ပြည်သူများ(မိတ္ထီလာနယ်သား)သည်
“အ”သုံးလုံး
ကျေလုပ်ငန်း၏အရေးပါမှုကို နားလည်သဘော ပေါက်ကြသည်။ စိတ်ဝင်စားကြသည်။ ပူးပေါင်း ပါဝင်ရန်
စိတ်အားထက်သန်ကြသည်။ စေတနာ ထားကြသည်။ ဥပမာအားဖြင့် ဆရာကြီးဦးသံဗျင်၏ စာတတ်မြောက်စေလိုသောစေတနာကို
လက်တွေ့လူထုပါဝင်လှုပ်ရှားမှုနည်းဖြင့် အကောင်အထည် ဖော်ရန် ဆရာလောင်းလေးဦးကလည်း စိတ်ဝင်စားကြသည်။
သူတို့ကလည်း
စာမတတ်သူများကို ဆရာကြီး ကဲ့သို့ပင် စာနာ၊ စေတနာထားကာ ရပ်ရွာလူထု ပါဝင်လာအောင်ရှင်းပြသည်။
ထို့အတူ ရပ်မိရပ်ဖ၊ ရပ်ရွာလူထုမှအစ မြို့နယ်အုပ်ချုပ်ရေး၊ ပညာရေး (ထိုအချိန်က ပညာအုပ်)
များနှင့် အခြားဌာနဆိုင်ရာ တို့ကလည်း စိတ်ဝင်စားကြသည်။ စိတ်အား ထက်သန်ကြသည်။ စေတနာထားကြကာ
ပံ့ပိုးကူညီကြသည်။ အားလုံးပါဝင်လုပ်အားပေးမှုဖြင့် သင်ကြားရေးစခန်းများ သင်တန်းတက်ချိန်များကို
ကျေးရွာလူထု၏ အသက်မွေးမှုဘဝနှင့်စပ်ဟပ်နိုင်အောင် စီစဉ်ဆောင်ရွက်နိုင်ခဲ့သည်။ စာသင်သား
အများဆုံးရှိသည့်နေရာနှင့် သင်ကြားနိုင်မည့်အချိန်တွင် ဖွင့်လှစ်နိုင်ခဲ့သည်။
သစ်ပင်ရိပ်၊
ဇရပ်၊ ဓမ္မာရုံ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတို့သည် “အ”သုံးလုံးသင်တန်း
ဖွင့်ရာနေရာ၊ စာအော်ဖတ်သံ တသောသောညံခဲ့သည်။ ညဘက်တွင် အောက်လင်းမီးအိမ်၊ ရေနံဆီမီးရောင်၊
ဖယောင်းတိုင်မီးများဖြင့် အလင်းရောင်ထိန်ထိန် လျှံခဲ့သည်။ နံနက်ချိန်၊ နေ့လယ်ခင်းအားလပ်ချိန်၊
ညဦးပိုင်းတို့သည် “သက်ကြီး “အ”သုံးလုံးသင်တန်း သားများ၏ ကျောင်းချိန်များဖြစ်ခဲ့ကြသည်။
ကျောက်သင်ပုန်းကြီး၊ ထမင်းစားပွဲတို့သည် စေတနာလုပ်အားပေးဆရာများ၏ စာသင်ကျောင်း သင်ပုန်းကြီးများဖြစ်သည်။
သစ်ပျားတစ်ချပ်၊ မြေဖြူ တစ်တံ၊ သက်ကြီးဖတ်စာအုပ်တစ်အုပ် စေတနာဆရာတစ်ဦးရှိလျှင်ပင် ရွာတိုင်း၊
ရပ်ကွက်တိုင်းတွင် “အ”သုံးလုံးကျေသင်တန်း” ဖွင့်ကြတော့သည်။
သင်တန်းတက်ရောက်သူများကို
သတ်မှတ်သည့် သင်ကြားမှုကာလပြီးဆုံးလျှင် စာတတ် မြောက်မှုဗဟိုက စစ်ဆေးသည့်နည်းလမ်းအတိုင်း
စစ်ဆေးသည်။ စာတတ်ခါစသက်ကြီးများ စာဖတ် ရှိန် မြင့်မားလာစေရန်လည်း စာပဒေသာစာစဉ်များ၊
လုံးချင်းစာစဉ်များ ဖြန့်ဝေကာ စာဖတ်ဝိုင်းများ ဖွဲ့စည်းစာဖတ်ခဲ့သည်။ အားလုံးကို ခြုံလိုက်လျှင်
ထိုအချိန်က မိတ္ထီလာသားတို့၏ စိတ်ဝင်စားမှု၊ စိတ်အားထက်သန်မှု၊ စာမတတ်သူမိမိရပ်ရွာ
ဆွေမျိုးသားချင်းများအပေါ် ကိုယ်ချင်းစာမှု၊ စာနာမှု၊ စေတနာထားမှုနှင့် ဒေသဆိုင်ရာအာဏာပိုင်များနှင့်
ဒေသခံလူထု၏အဘက်ဘက်က ပူးပေါင်းပါဝင်မှု၊ ပံ့ပိုးမှုတို့ကြောင့် ဆရာကြီးဦးသံဗျင်၏ နည်းသစ်
သင်ကြားနည်းနှင့် ဘတ်ဂျက်မလို၊ ငွေမကုန် “လူထု ပါဝင် အကောင်အထည်ဖော်နိုင်မှုသာ ပဓာန” နည်းလမ်းတို့ကြောင့်သာ
အောင်မြင်ခဲ့ကြောင်း လေ့လာတွေ့ရှိရပေသည်။
အဆိုပါ
“ဘတ်ဂျက်မလို လူထုပါဝင်ပူးပေါင်းမှု သာလိုသည့် သမိုင်းအစဉ်အလာကောင်း”ကို
ယနေ့ နိုင်ငံဖွံ့ဖြိုးရေး ငြိမ်းချမ်းသာယာရေးလုပ်ငန်းအဝဝ တို့တွင်လည်း အတုယူအကောင်အထည်ဖော်သင့်
ပါကြောင်း မိတ္ထီလာခရိုင်၏ မြန်မာ့စာတတ်မြောက် ရေး လှုပ်ရှားမှုသမိုင်းကောင်းတစ်ရပ်ကို
ကိုးကား ညွှန်းဆိုလေ့လာတင်ပြလိုက်ရပါသည်။ ။
ကျမ်းကိုး
(၁)
ကလောင်စုံ (၂၀၁၇) ဆရာကြီးဦးသံဗျင် ဂုဏ်ပြု အမှတ်တရစာစုများ
(၂)
ဦးသန်းဦးနှင့် ဦးသောင်းလွင် (၁၉၇၀) ၁၉၆၉ ခုနှစ် မိတ္ထီလာခရိုင် စာဖတ်တတ်မြောက်မှု စစ်တမ်း,JBRS
(မြန်မာနိုင်ငံသုတေသနအသင်း ဂျာနယ်)
(၃)
ဒေါက်တာသန်းဦး (၂၀၁၇) ပညာရေး ဆောင်းပါးပေါင်းချုပ်
(၄)
ဒေါက်တာမောင်သင်း (၂၀၂၂) မြန်မာစာတတ် မြောက်မှုနည်းလမ်းမှသည် ကမ္ဘာ့ကလေးများ အသက်ရှင်ရေးဆီသို့
(၁၅ - ၉ - ၂၀၂၂၊ မြန်မာ့ အလင်း)
(၅)
ဒေါက်တာသန်းဦး (၂၀၂၃) ပညာရေးအတွေး အမြင်
ဒေါက်တာမောင်သင်း
No comments:
Post a Comment