ဤ “ဗုဒ္ဓအကြောင်း သိကောင်းစရာမှတ်တမ်း” စာအုပ်သည် ဗုဒ္ဓဘာသာဝင်တိုင်း သိသင့်သိထိုက်သော ဗုဒ္ဓအကြောင်း မှတ်တမ်းတင်ခြင်းကို ရေးသားထားခြင်း ဖြစ်ပါသည်။ အစမှအဆုံးအထိ ဖတ်ကြည့်သောအခါ ဗုဒ္ဓဝင် ဖြစ်ပါသည်။ ဤစာအုပ်သည် မြတ်ဗုဒ္ဓ၏ သန္ဓေယူသည်မှ ပရိနိဗ္ဗာန်စံသည် (တေဇောဓာတ် လောင်ကျွမ်းခြင်း) အထိ စုဆောင်းဖော်ပြရေးသားထားပါသည်။ မကျဉ်းမကျယ်သော ဗုဒ္ဓအကြောင်း ဖြစ်ပါသည်။ စာရေးသူက တိုတိုနှင့်လိုရင်းသို့ရောက်အောင် ရေးပြထားပါသည်။ (စာတည်း)
(၁၆-၈-၂၀၂၃
ရက်နေ့မှအဆက်)
ထိုအခါ
တန်ခိုးကြီးမားသော အရှင်မောဂ္ဂလာန်သည် မြေကြီးကိုလှန်၍အောက်ပြင်ရှိ မြေဆီ၊ မြေလွှာ၊
မြေသြဇာတို့ကို ကျွေးရမူကောင်းလေစွဟု ကြံပြီး ဘုရားရှင်အား အသိပေးခွင့်ပြုရန် တောင်းခံ
လျှောက်ထားသည်။ ဘုရားရှင်ကခွင့်မပြုပါ။ အန္တရာယ်ရှိသောကြောင့်ဖြစ်သည်။ ထိုသို့မရလျှင်
အရှင်မဟာမောဂ္ဂလာန်က ရဟန်းတို့အား မြောက်ကျွန်းသို့ ဆွမ်းခံစေလိုကြောင်း တစ်ဖန်ဆက်၍
လျှောက်ထားသည်။ ဘုရားရှင်က ဤသို့ခွင့်မပြုဘဲ အန္တရာယ်ရှိကြောင်း မိန့်မြွက်လေသည်။
မှတ်ချက်။
။ ဟိုရှေးဘဝက အလောင်းတော်ဘဝ လူပျက်လူဆိုးဖြစ်စဉ်က ဖုဿဘုရားရှင် လက်ထက်က တပည့်ရဟန်းတို့အား
မုယောဆန်ကြမ်းကို စားကြကုန်၊ သလေးဆန်ကောင်းကို မစားရန် ရေရွတ်ပြောဆို ပြစ်မှားခဲ့ဖူးသည်။
ထိုဝဋ်ကြွေးကြောင့် ယခုဝေရဉ္ဇာပြည်၌ သီတင်းသုံးနေစဉ် တစ်ဝါလုံး မုယောဆန်ကြမ်းကို ဘုဉ်းပေးရခြင်း
ဖြစ်သည်။
သာသနာတော်ရှည်ကြာကြောင်း
သိက္ခာပုဒ်ပညတ်ရန် လျှောက်ထားခြင်း
ဝေရဉ္ဇာပြည်၌
ဘုရားရှင် ဝါကပ်သီတင်းသုံး နေသောအချိန်၌ ပညာအရာတွင် ဧတဒဂ်ရသော လက်ယာရံ အရှင်သာရိပုတ္တရာသည်
တစ်နေ့သောအခါ တစ်ပါးတည်းနေထိုင်ရင်း အဘယ်ဘုရားရှင်တို့၏ သာသနာသည် ကြာမြင့်စွာ မတည်နိုင်သနည်း။
အဘယ်ဘုရားရှင်တို့၏ သာသနာသည်ကြာမြင့်စွာ တည်လေသနည်းဟု စဉ်းစားတွေးခေါ်နေသည်။ တစ်ညနေချမ်းအချိန်သို့ရောက်သောအခါ
အရှင်သာရိပုတ္တရာသည် ဘုရားရှင်ထံသို့ ချဉ်းကပ်၍ ထိုစဉ်းစားချက်တို့ကို လျှောက်တင်မေးမြန်းရာ
ဘုရားရှင်က အောက်ပါအတိုင်း ပြန်လည်ဖြေကြား မိန့်မြွက်လေသည်။
(၁)
ဝိပဿီ၊ သိခီ၊ ဝေဿဘူ အစရှိသော ဘုရားရှင်တို့၏ သာသနာသည် သာဝကအဆက် အားဖြင့် ကြာမြင့်စွာ
မတည်ခဲ့ချေ။
(၂)
ကကုသန်၊ ကောဏဂုံ၊ ကဿပမည်သော ဘုရားရှင်တို့၏သာသနာသည် သာဝကအဆက် အားဖြင့် ကြာမြင့်စွာ
တည်ခဲ့ပေ၏ဟူ၍ မိန့်တော်မူလေသည်။
ဤသို့အားဖြင့်
ဘုရားရှင်ထံမှ မိန့်မြွက်ချက် ပေါ်မူတည်၍ အရှင်သာရိပုတ္တရာက မေးမြန်းလျှောက်ထားလေသည်။
ဘုရားရှင်ကလည်း အောက်ပါအတိုင်း ပြန်လည်ဖြေကြားလေသည်။
(၁)
ဘုရားရှင်သည် ဝိပဿီ၊ သိခီ၊ ဝေဿဘူ ဘုရားရှင်တို့က တပည့်သာဝကတို့အား အကျယ် ဟောကြားရန်
ကြောင်းကြမစိုက်ကြချေ။ တရားဓမ္မကလည်း အနည်းသာရှိသည်။ ဝိနည်းသိက္ခာပုဒ် တို့ကို မသတ်မှတ်ချေ။
အနည်း = အာဏာပါတိ မောက်တို့ကို ပြတော်မမူခဲ့။ ရဟန်းတို့သည် ခြောက် နှစ်တစ်ကြိမ်သာ ဘုရားထံသို့လာ၍
၎င်းဘုရားရှင်၏ အဆုံးအမသြဝါဒ ပါတိမောက်ဖြင့် ဥပုသ်ပြုကြကုန်၏။ ဘုရားရှင်၏ သာသနာသက်သည်အနှစ်
ခြောက်သောင်းသာ ကြာမြင့်သည်။ သာဝကနှစ်ဆက်သာ တည်တံ့ခိုင်မြဲသည်။ ဤဘုရားရှင်တို့နှင့်
သာဝကတို့ ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် ယင်းဘုရားရှင်တို့၏တရားသည် ဖရိုဖရဲဖြစ်ကာ
နောင်လာနောက်သား ရဟန်းတို့လက်ထက်၌ သာသနာကောင်းစွာ လျင်စွာကွယ်ပျောက်ကြောင်း ဟောတော်မူသည်။
(အနှစ်တစ်သိန်း၌
ပွင့်တော်မူသော ဘုရားရှင် တို့၏ တပည့်ရဟန်းတို့သည် လုံးဝအပြစ်ကင်းစင် သောကြောင့် ဝိနည်းသိက္ခာပုဒ်ကို
ဘုရားရှင်တို့က မသတ်မှတ်မပညတ်ခြင်းဖြစ်ပါသည်။)
(၂)
ဘုရားရှင်ကဆက်၍ “ကကုသန်၊ ကောဏဂုံ၊ ကဿပဘုရားရှင်တို့သည်
တပည့်သာဝကတို့အား အကျယ်ဟောကြားရန် ကြောင့်ကြစိုက်ထုတ်ကုန် ကြသည်။ တရားဓမ္မကလည်း များပြားလှပါသည်။
ရဟန်းတို့ကိုလည်း ဝိနည်းသိက္ခာပုဒ်ကို ပညတ် တော်မူသည်။ ဝိနည်း = အာဏာပါတိမောက်ကို ပြတော်မူသည်။
အာဏာပါတိမောက်ဖြင့် ရဟန်းတို့အား လဝက်တစ်ကြိမ် ဥပုသ်ပြုစေသည်။ ထိုဘုရား ရှင်တို့နှင့်
သာဝကရဟန်းတို့ ပရိနိဗ္ဗာန်စံပြီးနောက် သာသနာတော်သည်လည်း ဖရိုဖရဲမဖြစ်၊ တည်တံ့ကုန်သည်၊
ဝိနည်းသိက္ခာပုဒ်တို့ဖြင့်သတ်မှတ် ပညတ်ထားခြင်းကြောင့် ထိုဘုရားရှင်တို့၏ သာသနာတော်သည်
သာဝကများ အဆက်ပေါင်းများစွာ တည်တံ့ခိုင်မြဲနေလေသည်။ နောင်လာ နောက်သားရဟန်းတို့ကလည်း
သာသနာတော်ကို ကြာမြင့်စွာ တည်စေကုန်သည်ဟူ၍ မိန့်မြွက်လေ
သည်။
(ယင်းဘုရားရှင်တို့၏
သက်တမ်းသည် အနှစ် လေးသောင်းတမ်း၊ အနှစ်သုံးသောင်းတမ်း၊ အနှစ် နှစ်သောင်းတမ်းတို့၌ ပွင့်တော်မူကြသော
ဘုရားရှင် များဖြစ်ကြပါသည်။ သိက္ခာပုဒ်တို့ကိုလည်း ပညတ် သတ်မှတ်ခဲ့သောကြောင့် သာဝကအဆက်ပေါင်း
များစွာတိုင် တည်တံ့ခိုင်မြဲလေသည်။)
အရှင်သာရိပုတ္တရာသည်
ဘုရားရှင်၏မိန့်မြွက်ကို ကြားနာပြီးနောက် ဘုရား၏သာသနာကို အဓွန့်ရှည်ကြာစေချင်သည်။ ဘုရားတစ်ဆူနှင့်
တစ်ဆူ ပွင့်တော်မူသည်မှာ ဒုလ္လဘတရားဖြစ်ပါ သည်။ သာသနာတော် အသက်ရှည်မှသာလျှင် သတ္တဝါတို့၏
အကျိုးစီးပွားချမ်းသာမည်။ ထို့ကြောင့် ဘုရားရှင်အား ယခုသာသနာတော်အဓွန့်ရှည်အောင် ဝိနည်းသိက္ခာပုဒ်များ
ပညတ်တော်မူရန်၊ အာဏာပါတိမောက်ကို ပြတော်မူရန်အချိန်ရောက်ကြောင်း လျှောက်ထားလေသည်။
ဘုရားရှင်က
အရှင်သာရိပုတ္တရာ လျှောက်ထားချက်ကိုဆိုင်းငံ့ရန် အကြောင်းပြချက်များဖြင့် ရှင်းပြ သည်။
ဝိနည်းသိက္ခာပုဒ်ကို ပညတ်ခြင်း၊ ပါတိမောက် တို့ပြခြင်းမှာ အချိန်အခါတို့သည် ဘုရားရှင်သာ
သိကြောင်း၊ ရဟန်းသံဃာများ အပြစ်ကျူးလွန်မှုမရှိသမျှ ကာလပတ်လုံး ပညတ်တော်မမူ၊ အာဏာပါတိမောက်ကို
ပြတော်မမူပေ။ အာသဝေါတရားတို့၏ တည်ရာဖြစ်သော ကာမဂုဏ်ငါးပါး ပွားစီးခြင်း၊ ရဟန်းတော်များ
အလွန်များပြားလာခြင်း၊ လာဘ်လာဘများပြားခြင်း၊ လာဘ်ပူဇော်သက္ကာရ၊ အခြံအရံကိုတောင်းတခြင်း၊
ဗဟုကိစ္စဗျာပါရ များပြားခြင်းဟူသော မကောင်းမှုဒုစရိုက်မှုများ ပြုကြောင်း စသည်တို့မဖြစ်ပွားလေသမျှ
ကာလ ပတ်လုံး သံဃာတော်များ၌ အပြစ်ကင်းကြသည်၊ ကိလေသာအမည်းအညစ်များ ကင်းကြသည်ဖြစ်၍သိက္ခာပုဒ်
ပညတ်ရန်အကြောင်းမရှိသည်ကို ဘုရားရှင်က ဟောကြားတော်မူလေသည်။
ဝေရဉ္ဇာပုဏ္ဏားကြီးသည်
ဘုရားရှင်အား အလှူကြီး ပေးခြင်း
ဘုရားရှင်သည်
ဝါကျွတ်တော်မူရာ၌ ပင့်ဖိတ်သူတို့အား အကြောင်းကြား အသိမပေးဘဲ ကြွလေ့ မရှိပါကြောင်းကို
သူ၏ ညီတော်အရှင်အာနန္ဒာ အားမိန့်တော်မူသည်။ ထို့ကြောင့် ညနေချမ်းချိန်၌ ဘုရားရှင်သည်
အရှင်အာနန္ဒာအားခေါ်၍ ဝေရဉ္ဇာပုဏ္ဏားကြီးအိမ်သို့ ကြွလေသည်။ မြို့တံခါးဝမှစ၍ လမ်းကြီးလမ်းငယ်အသွယ်သွယ်
ရောင်ခြည်တော်တို့ဖြင့် ထွန်းလင်းစေလျက် ပုဏ္ဏားကြီးအိမ်သို့ ဘုရားရှင် ကြွသွားလေသည်။
ဘုရားရှင်သည်
ဝေရဉ္ဇာပုဏ္ဏားကြီး၏ အိမ်တံခါးဝသို့ရောက်သော် ရပ်လျက်နေတော်မူ၏။ ပုဏ္ဏားကြီးသည် ဘုရားရှင်ကြွလာကြောင်း
မြင်လေသော်သတိရကာ ထိတ်ထိတ်ပျာပျာဖြင့် ဘုရားရှင် ထိုင်ရန် နေရာထိုင်ခင်းများကို ပြင်ဆင်လေသည်။
ထို့နောက် ဘုရားရှင်အား အိမ်ထဲသို့ ပင့်ဖိတ်ခဲ့သည်။ ဘုရားရှင်ကလည်း ပုဏ္ဏားကြီးခင်းထားသောနေရာ
တွင် ထိုင်တော်မူလေသည်။
(ပုဏ္ဏားကြီးသည် ရှေ့က မာရ်နတ်ကဝင်ပူး၍ နှောင့်ယှက်ထားသဖြင့်
ဘုရားရှင်ကို သတိမရဘဲ နေခြင်းဖြစ်သည်။ ယခုမူ မာရ်နတ်သည် နှောင့်ယှက်မှုရုပ်သိမ်းသွားခြင်းကြောင့်
ဘုရားရှင်အား ဧည့်ခံ တော်မူခြင်းဖြစ်ပါသည်။)
ပုဏ္ဏားကြီးက
ဘုရားရှင်အားရှိခိုးပူဇော်ပြီး သောအခါဘုရားရှင်က သင်၏ ပင့်ဖိတ်ချက်အရ ဝါကပ်ခဲ့ပြီဖြစ်ကြောင်း
ယခု၌ ဒေသစာရီကြွတော် မူမည်ဆိုသည့်အကြောင်းကြောင့် အကြောင်းကြားရခြင်းဖြစ်သည်ကို မိန့်မြွက်လေသည်။
ပုဏ္ဏားကြီးသည် ဘုရားရှင်အား သူ့အိမ်တွင်ရဟန်းအပေါင်းနှင့် ကြွတော်မူရန်ပင့်ဖိတ်သည်။
ယခု နောက်ကျသွားရခြင်းသည် လှူဖွယ်ပစ္စည်းမရှိ၍လည်း မဟုတ်ပါ။ လှူလိုသောဆန္ဒမရှိ၍လည်းမဟုတ်ပါ။
လူဝတ်ကြောင်တို့တွင် ပြုဖွယ်ကိစ္စများနေပြီး မအားလပ်သောကြောင့် နောက်ကျရခြင်းဖြစ်ကြောင်းကို
ရှင်းပြလျှောက်ထားလေသည်။ ဘုရားရှင်လည်း ဆိတ်ဆိတ်နေ၍ သည်းခံတော်မူပြီး ပုဏ္ဏားကြီးအား
တရားဟော၍ ပြန်ကြွလာခဲ့သည်။ (ပုဏ္ဏားကြီး သည် မာရ်နတ်၏ လှည့်စားမှုကိုမသိရှာပါ။ လူကိစ္စများ၍
သတိမေ့လျော့ခြင်းဖြစ်သည်ဟု အောက်မေ့မိ သည်)။
ပုဏ္ဏားကြီးသည်
ဘုရားရှင်ပြန်ကြွသွားပြီး နောက်သူ့မိသားစုကိုစုဝေးပြီး ဘုရားရှင်အား ဝါတွင်းသုံးလလုံး
ဆွမ်းတစ်ထပ်မျှ မကပ်ရ၊ လှူဖွယ်ပစ္စည်းများ မလှူရသဖြင့် ဘုရားရှင်အား မနက်ဖြန်တွင်ဆွမ်းကပ်၍
လှူဖွယ်ပစ္စည်းများ တစ်ရက်တည်းနှင့် လှူဒါန်းကြရန် စီစဉ်ညွှန်ကြားလေသည်။
ပုဏ္ဏားကြီးသည်
လှူဖွယ်ပစ္စည်းများ၊ ပန်းနံ့သာတို့ဖြင့် စီစဉ်ပြီးသောအခါ ဘုရားရှင်အား လူလွှတ်၍ ပင့်ဖိတ်စေခဲ့သည်။
ဘုရားရှင်လည်း ရဟန်းငါးရာနှင့် ပုဏ္ဏားကြီးအိမ်သို့ ကြွလေသည်။ ပုဏ္ဏားကြီးက ဘုရားရှင်နှင့်ရဟန်းသံဃာတို့အား
နေရာထိုင်ခင်းများဖြင့် နေရာချ၍ ဘုရားအမှူးပြု သော ရဟန်းငါးရာတို့အား ဆွမ်းဘောဇဉ်များ
ဆက်ကပ်လေသည်။
ဘုရားရှင်
ဆွမ်းဘုဉ်းပေးပြီးသော် ပုဏ္ဏားကြီးသည် ဘုရားရှင်အား တစ်ထောင်စီတန်သော သင်္ကန်းလျာပုဆိုးသုံးထည်ကို
လှူဒါန်းဆက်ကပ်သည်။ ရဟန်းငါးရာအသီးသီးကိုလည်း တစ်ထောင်စီတန်သော ပုဆိုးနှစ်ထည်စီကို
လှူဒါန်းလေသည်။ ထိုမျှမကသေး ရဟန်းပရိက္ခရာများကိုလည်း ထပ်မံလှူဒါန်းလေသည်။ ယင်းသို့လှူဒါန်းပြီးသောအခါ
ပုဏ္ဏားကြီးသည် သားမယားနှင့်အတူဘုရားရှင်အား ရိုသေစွာရှိခိုး၍ သူတို့ထိုင်သင့်သောနေရာတွင်
ထိုင်လေသည်။
ဘုရားရှင်သည်
ပုဏ္ဏားကြီးအား တစ်ဝါတွင်းလုံး ဟောရမည့်တရားများကို တစ်ရက်တည်းဖြင့် တရားမိုး ရွာသွန်းဟောကြားသည်။
၎င်းသည် ကောင်းမှုတို့ဖြင့် ဝမ်းမြောက်ပြီး ကောင်းမှုသဒ္ဓါဖြင့် ပွားများ၍ နှစ်သက်ရွှင်လန်းစေသည်။
ဤသို့ဖြင့် ဘုရားရှင်သည် တရားဟောပြီးသောအခါ ဖယ်ခွာ ကြွသွားတော်မူလေသည်။ ပုဏ္ဏားကြီးနှင့်သားမယားတို့သည်
ဘုရားရှင်အား ရိုသေစွာကန်တော့ ကြလေသည်။ ထို့နောက် ဘုရားရှင်နှင့်ရဟန်းတို့အား ပုဏ္ဏားကြီးနှင့်
သားမယားတို့သည် လိုက်လံပို့ဆောင်ပြီး မိမိအိမ်သို့မျက်ရည်များတတွေတွေ ကျကာပြန်သွားလေသည်။
။
(ဆက်လက်ဖော်ပြပါမည်)
ဆရာကြည်
No comments:
Post a Comment