Thursday, August 31, 2023

ထိုင်းတပ်မတော်နှင့်ရင်ကြားစေ့နိုင်လာပြီဖြစ်သည့် နိုင်ငံရေးသမားများ

ပါလီမန်ဒီမိုကရေစီနဲ့ စည်းမျဉ်းခံဘုရင်စနစ်ကျင့်သုံးတဲ့ ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ အမတ်နေရာအများစုမရခဲ့တဲ့အတွက် အနိုင်ရပါတီမဟုတ်ခဲ့တဲ့ (Pheu Thai) ဖျူထိုင်းပါတီမှ အမတ် ဆာရက်သာသာဗီဆင်တစ်ယောက် ထိုင်းနိုင်ငံရဲ့အယောက် ၃၀ မြောက် ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါပြီ၊၊

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ကျောထောက်နောက်ခံပြုထားတဲ့ ဖျူထိုင်းပါတီမှ အမတ်ဆာရက်သာအနေနဲ့က ထိုင်းနိုင်ငံရဲ့နိုင်ငံရေးလောကမှာ ဆန့်ကျင်ဘက်ဖြစ်‌နေကြတဲ့ ရှပ်နီ-ရှပ်ဝါ ပါတီအုပ်စုနှစ်စုမှာ သူဟာရှပ်နီပါတီရဲ့ ကိုယ်စားလှယ်ဖြစ်ပါတယ်၊၊ စိတ်လှုပ်ရှားစရာအတိနဲ့ ပြီးခဲ့တဲ့ထိုင်းလွှတ်တော်ရွေးကောက်ပွဲကြီးကနေ ကျွန်တော်တို့ မြန်မာနိုင်ငံအရေးအတွက်ရော ဘာတွေများသင်ခန်းစာပေးခဲ့ပါသလဲ။ ဘယ်လို အတွေ့အကြုံတွေရလိုက်ပါသလဲ။ ယူတတ်ရင်သင်ခန်းစာချည်းဖြစ်သလို တွေးဆဆင်ခြင်နိုင်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံအရေးအတွက် အကျိုးရှိစေမယ့် အပြုသဘောဆောင်တဲ့ အချက်တချို့ကို ထုတ်နုတ်ရယူသင့်တယ်လို့ ယူဆမိပါတယ်။

ဆာရက်သာသာဗီဆင် ဝန်ကြီးချုပ်ဖြစ်ရတဲ့ အခြေခံအကြောင်းတရား

အသက် ၆၀ အရွယ် အိမ်ခြံမြေလုပ်ငန်းရှင် သူဌေးကြီးတစ်ဦးဖြစ်သူ ဆာရက်သာ ဦး‌ဆောင်တဲ့ ထိုင်းအစိုးရအဖွဲ့ဟာ ညွန့်ပေါင်းအစိုးရတစ်ရပ် ဖြစ်ပါတယ်။ သူပါဝင်တဲ့ ဖျူထိုင်းပါတီဟာ ၂၀၁၄ ခုနှစ် အာဏာသိမ်းတပ်မတော်ခေါင်းဆောင်တွေနဲ့ ချိတ်ဆက်ထားတဲ့ ပါတီတွေနဲ့ ပူးပေါင်းနိုင်ခဲ့ပါတယ်။ ကျဆင်းနေတဲ့ထိုင်းစီးပွားရေးကို မြှင့်တင်ပေးနိုင်စွမ်း ရှိမယ်၊ နိုင်ငံရေးအရ အကွဲကွဲအပြားပြားဖြစ်နေတဲ့နိုင်ငံကို တည်ငြိမ်အောင်လုပ်ပေးနိုင်မယ်... လို့ ယုံကြည်ကြတဲ့အတွက် ဘုရင်နဲ့တပ်မတော်ရဲ့ ထောက်ခံမှုနဲ့ဝန်ကြီးချုပ်အဖြစ် သူ့ကိုရွေးချယ် ခဲ့ခြင်းလည်းဖြစ်ပါတယ်။

အဓိကအချက်က ပြည်တွင်းပြည်ပနိုင်ငံရေးမှာ အမြဲတမ်းရန်သူ၊ အမြဲတမ်းမိတ်ဆွေမရှိဘူးဆိုတဲ့ အချက်နဲ့ နိုင်ငံရေးမှာ အတ္တနဲ့ပရမျှတမှု၊ မတည်ငြိမ်တဲ့အခြေအနေကြားမှာ လျစ်လျူရှုလို့မရတဲ့ တပ်မတော်ရဲ့အရေးပါတဲ့အခန်းကဏ္ဍ၊ အခြေအနေအချိန်အခါအရ အနောက်ဘက်ကို လုံးဝကြီးမမှီခို တတ်တဲ့ အာရှကျားတစ်ကောင်ရဲ့နမူနာမျိုး၊ နိုင်ငံ ရေးသမားတွေရဲ့ အမြော်အမြင်၊ နိုင်ငံရေးပါးနပ်မှု၊ နိုင်ငံသားတွေရဲ့နိုင်ငံရေးရင့်ကျက်မှုနဲ့ တိုင်းပြည်အပေါ် အလေးထားမှု၊ တိုင်းပြည်ကိုမပျက်စီးစေလိုတဲ့ စေတနာ စတဲ့လေးစားစရာအချက်တွေကို သွားတွေ့ရပါတယ်။

အာဏာသိမ်းမှုများခြင်းနှင့် တိုင်းပြည်ပျက်စီးမှု ဆက်စပ်မှုမရှိ

မြန်မာနိုင်ငံရဲ့အရှေ့ဘက် အိမ်နီးချင်း ထိုင်းနိုင်ငံ ရေးသမိုင်းကို ခပ်ပါးပါးပြန်ကြည့်ရင် ၁၉၃၂ ခုနှစ် ကနေ ယနေ့အထိစစ်ဘက်အာဏာသိမ်းမှု အကြိမ်ပေါင်း ၂၂ ကြိမ်ရှိခဲ့ပြီး ၁၃ ကြိမ်အောင်မြင်ခဲ့ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပြဋ္ဌာန်းတဲ့အကြိမ်ပေါင်း ၂၀ အထိ ရှိခဲ့တာ တွေ့ရပါလိမ့်မယ်။

အာဏာသိမ်းပြီးတာနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်အကြောင်းတရားများ ဆက်စပ်မှုရှိနေတဲ့သဘောပါ။ ဒီအချက်ကပဲ အစဉ်အလာလိုဖြစ်နေတဲ့ စစ်ဘက်အာဏာသိမ်းမှုတိုင်းမှာ နိုင်ငံဟာဖရိုဖရဲမပြိုကွဲ ပျက်စီးသွားခြင်းမရှိဘဲ အခြေအနေကို အမြဲထိန်းထားနိုင်တာတွေ့ရတယ်။

ထိုင်းနိုင်ငံရေးစနစ်နဲ့ နိုင်ငံရေးခေါင်းဆောင် တွေ၊ ပြည်သူနဲ့စစ်တပ်ဟာ သဟဇာတဖြစ်ပြီး အပြန် အလှန်အထောက်အကူပြု ထိန်းကျောင်းနိုင်ကြတဲ့အခါ သူတို့ရဲ့နိုင်ငံရေးဘဝ၊ လူမှုစီးပွားဘဝတွေဟာ အလွယ်တကူပြိုလဲမသွားပါဘူး။ ဒီမိုကရေစီစနစ်မှာ စစ်တပ်ရဲ့ပါဝင်ပတ်သက်မှုအပေါ် အမေရိကန်ကြီးရဲ့မျက်စိမှိတ်၊ နှုတ်ဆိတ်မသိကျိုးကျွန် ပြုထား တာလည်းပါတာပေါ့။ နိုင်ငံသားတစ်ဦးချင်းရဲ့ လူမှုစီးပွားဘဝဆိုတာ သူတို့ရဲ့ဘဝ၊ နိုင်ငံရဲ့ အသက် ဆိုတဲ့အချက်ကို ထိုင်းပြည်သူတွေဘယ်တော့မှ မမေ့ပါဘူး။ သူတို့ရဲ့ဘဝ၊ သူတို့ရဲ့အနာဂတ်၊ သူတို့ရဲ့မျိုးဆက်ကို ဖျက်ဆီးရလောက်အောင်လည်း မမိုက်မဲကြပါဘူး။ အင်မတန်ရင့်ကျက်ကြပါတယ်။ နိုင်ငံရေးအသိ၊ စီးပွားရေးအသိ၊ လူမှုရေးအသိစတာတွေဟာ အတိုင်းအတာတစ်ခုအထိ မြင့်မားနေလို့သာ နိုင်ငံရေးအရ ဖြစ်စဉ်တွေ ရှိတိုင်းရှိတိုင်း ဆိုးကျိုး သက်ရောက်မှုကြီးကြီးမားမားမရှိတာဟူ၍မှတ်ချက်ပြုမိပါတယ်။

ဘုရင်စနစ်နဲ့ဘုရင်ရဲ့အရေးပါပုံကို အလေးအမြတ်ပြုကြသူများ

မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒို့တာဝန်အရေးသုံးပါးကို ဘယ်သူမှ ထိလို့မရသလိုပါပဲ၊ ထိုင်းနိုင်ငံမှာလည်း ဘုရင်နဲ့ဘုရင့်မိသားစုကို ဦးထိပ်ထားပြီး ထိလို့မရပါဘူး။ ဘုရင်ကို နိုင်ငံသားအားလုံးက အလေးအမြတ်ထား ပြီး ရိုသေလေးစားထိုက်တဲ့ ပုဂ္ဂိုလ်နေရာမှာ ထားရှိကြောင်း နိုင်ငံဖွဲ့စည်းပုံ အခန်း ၂ ပုဒ်မ ၆ မှာ အတိ အလင်းပြဋ္ဌာန်းထားပြီး သားဖြစ်တဲ့အတွက် ဘုရင်ကိုမလေးမစားပြုခြင်း၊ ဘယ်လိုအကြောင်းနဲ့မှ စွပ်စွဲပြောဆိုခြင်း၊ အရေးယူခြင်း၊ ရေးသားဖော်ပြခြင်းတွေ မလုပ်ရပါဘူး။

ဘုရင်ဟာ ထိုင်းလက်နက်ကိုင်တပ်မတော်ရဲ့အကြီးအကဲဖြစ်သလို အစိုးရရာထူး နေရာများကို ဖန်တီးခြင်း၊ အဆောင်အယောင်များအပ်နှင်းခြင်း၊ ရုပ်သိမ်းခြင်းတို့ကိုပါ ပြုလုပ်ခွင့်ရှိပါတယ်။ ဘုရင် စနစ်နဲ့ဘုရင်ရဲ့အရိုက်အရာကို နိုင်ငံတော်က

ကာကွယ်စောင့်ရှောက်ထိန်းသိမ်းပေးရမယ့် အချက်တွေကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းထားပါတယ်။ ဒီအချက်တွေဟာ ထိုင်းနိုင်ငံမှာဘုရင်နဲ့ဘုရင်စနစ်ကို ဘယ်လောက်အရေးထားကြောင်း အချက်အချို့ပါပဲ။

ဘာကြောင့်လဲဆိုတော့ အထွတ်အမြတ်ထားရာ ဘုရင်နဲ့ဘုရင်စနစ်ကို ကာကွယ်စောင့်ရှောက်ခြင်းကို အမျိုးသားလုံခြုံရေး တာဝန်ထမ်းဆောင်ခြင်းနှင့် တစ်တန်းတည်းထားတဲ့အတွက်‌ကြောင့်ပါပဲ။ ဒီလို ပြဋ္ဌာန်းချက်တွေနဲ့ အရေးပါပုံတွေကို ပစ်ပယ်ဖို့

ကြိုးစားတာမှန်သမျှ ဘယ်လိုအနေအထားထိ ရောက်ရှိနိုင်တယ်၊ ကြိုးစားမှုရဲ့နောက်ဆက်တွဲ ဂယက်အနေနဲ့လည်း ဘယ်လောက်အတိုင်းအတာထိရှိသွားနိုင်တယ်ဆိုတဲ့ အချက်တွေဟာ ထိုင်းနိုင်ငံ ရေးသမားတွေနဲ့ပြည်သူတွေ မသိမဖြစ်နားလည် သိရှိထားရမယ့် အချက်များပါပဲ။ ဘုရင်စနစ်အရေးပါပုံကို သိသူနဲ့မသိသူ၊ သဘောပေါက်သူနဲ့ မပေါက်သူနှစ်ဖွဲ့ကြား နောက်ဆက်တွဲသက်ရောက်မှုများအရ ဘယ်လိုကွာသွားနိုင်သလဲ နှိုင်းယှဉ်ကြည့်နိုင် ပါတယ်။

တွေ့ခဲ့မြင်ခဲ့ပြီးဖြစ်ပါလိမ့်မယ်။ ထိုင်းဝန်ကြီးချုပ်သစ်ဟာ ဝန်ကြီးချုပ်ဖြစ်ဖြစ်ချင်း ဘုရင့်ဓာတ်ပုံ ကို ဦးခိုက်ခဲ့ခြင်းဖြင့် နိုင်ငံ့ဦးသျှောင်ရဲ့ပုံရိပ်ကို ဦးထိပ်ထားတဲ့ ရင့်ကျက်မှုကို ပြသခဲ့ပါတယ်။ သူသာဝန်ကြီးချုပ်ဖြစ်ခဲ့ရင် ဘုရင်စနစ်ကိုဖျက်သိမ်းပြီး စစ်တပ်ကိုနိုင်ငံရေးကနေ ဖယ်ထုတ်မယ်ဆိုတဲ့ forward ပါတီခေါင်းဆောင် ပီတရဲ့အမြော်အမြင် နည်းပါးမှုနဲ့တော့ များစွာကွာခြားသွားပါတယ်။

ထို့အတူ ၁၅ နှစ်ကြာ ပြည်ပမှာတိမ်းရှောင်နေ ရတဲ့ ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်ခဲ့ဖူးတဲ့ ဖျူထိုင်း ပါတီခေါင်းဆောင်ဟောင်း သက်ဆင်ရှင်နာဝပ်သည်လည်း ထိုင်းမြေပေါ်ခြေချတာနဲ့ ပထမဆုံးသူ့ရဲ့ အပြုအမူဟာ ထိုင်းဘုရင်နဲ့ မိဖုရားကို ဦးခိုက် အရိုအသေပြုခဲ့ခြင်းပါပဲ။ အတိတ်က ဘုရင်အပေါ် အဆိုးမြင်ဝေဖန်ခဲ့မှုတွေကို မေ့ဖျောက်နိုင်ခဲ့တဲ့ အလွန်တရာသိမ်မွေ့လှတဲ့ မြင်ကွင်းကိုကြည့်ပြီး ထိုင်းနိုင်ငံရေးရဲ့သိမ်မွေ့ပုံကို သတိပြုမိခဲ့ပါတယ်။ ထိုင်းနိုင်ငံရေးလောကမှာ လွှမ်းမိုးမှုအရှိဆုံးနဲ့ ဩဇာအကြီးမားဆုံးသော ဝန်ကြီးချုပ်ဟောင်းတစ်ဦးရဲ့ ရင်ထဲမယ် ဘယ်လိုခံစားချက်မျိုးပဲ ရှိနေရှိနေ၊ သူ့အနေနဲ့ထိုင်းပြည်သူတွေအပေါ် ဘယ်လောက် ထိအလေးထားပုံနဲ့ ရင့်ကျက်တဲ့နိုင်ငံရေးသရုပ် သကန်တွေကို အမြော်အမြင်ကြီးမားစွာ ပြသနိုင်ခဲ့ တာကို‌တော့ လေးစားမိပါတယ်။

ကိုယ့်အမျိုးသားအကျိုးစီးပွားအပေါ်အခြေခံ၍ ပူးပေါင်းဆောင်ရွက်နိုင်ပုံ

အသက် ၇၄ နှစ်ရှိ ဝန်ကြီးချုပ်ဟောင်းရဲ့

ပြည်တော်ပြန်ခရီးမှာ အဓိကအကျိုးဆောင်က သူ့ရဲ့ သမီး လက်ရှိ ဖျူထိုင်းပါတီခေါင်းဆောင် ဝန်ကြီးချုပ်လောင်းလျာဖြစ်ခဲ့သူ ပီတွန်တမ်ရှင်နာဝပ်ထရာပဲဖြစ်ပါတယ်။ သူရဲ့ဝန်ကြီးချုပ်ဖြစ်နိုင်ခွင့် အနေအထားကို နိုင်ငံကိုပြန်ပြီး မြေးမြစ်တွေနဲ့အတူ နေချင်နေတဲ့ သက်ဆင်ရဲ့ပြည်တော်ပြန်ခွင့်နဲ့ အလဲအထပ် လုပ်ပေးခဲ့ခြင်းဖြင့် ထိုင်းနိုင်ငံရေးသမားတွေနဲ့ တပ်မတော်၊ ဘုရင်နဲ့အထက်လွှတ်တော်တို့အကြား သမိုင်းဝင်လက်တွဲပူး‌ပေါင်းမှုတစ်ခုကို အစပျိုးနိုင်ခဲ့ တယ်လို့ဆိုရပါမယ်။

ထိုင်းနိုင်ငံရေးဟာ အားလုံးသိခဲ့ကြတဲ့အတိုင်း ရှေ့မတိုးနောက်မဆုတ်ဖြစ်နေတာ သုံးလမျှရှိခဲ့ပါ တယ်။ ဒီလိုအခြေအနေမှာ နိုင်ငံရဲ့စီးပွားရေးတိုင်ကွန်းကြီးဆာရက်သာ ဝန်ကြီးချုပ်ဖြစ်တာနဲ့ တိုက်ဆိုင်စွာ သက်ဆင်ရဲ့ပြည်တော်ပြန်ခရီးလည်း ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ သက်ဆင်ဟာ သူ့ကို ပြည်သူတွေကသောင်းသောင်းဖြဖြ ကြိုဆိုခြင်းခံရပေမယ့် အဂတိ လိုက်စားမှု၊ အာဏာအလွဲသုံးစားမှုစတာတွေနဲ့ သူ့အပေါ်ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကိုလည်း မဆိုင်းမတွခံယူနိုင်ခဲ့ပါတယ်။

ထိုင်းနိုင်ငံရေးမှာ ထုံးစံမဟုတ်တဲ့ ပူးပေါင်းမှုနဲ့ရင်ကြားစေ့မှုမျိုးဟာ ကမ္ဘာ့နိုင်ငံရေးသမားများ သာမက ထိုင်းပြည်သူတွေကိုတောင် အံ့အားသင့်၊ တုန်လှုပ်သွားစေခဲ့ပါတယ်။ ဒါကြောင့် အာဆီယံ ၁၀ နိုင်ငံမှာ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှားရှားပါးပါးတွေ့ဆုံခွင့်ရခဲ့တဲ့ တစ်ဦးတည်းသော ခေါင်းဆောင်နဲ့တစ်ခုတည်းသော နိုင်ငံဟာ ထိုင်းနိုင်ငံဖြစ်နေတယ်ဆိုတဲ့အချက်ဟာ ဘာမှ ထူးခြားတဲ့အရာ မဟုတ်‌တော့ပါဘူး။

မြန်မာနိုင်ငံအရေးမှာ အရေးပါတဲ့အလှည့် အပြောင်းဖြစ်စေခဲ့တဲ့ ဒီတစ်ခုက ဘာကိုပြသလဲဆိုတော့ ဘာတွေပဲဖြစ်နေဖြစ်နေ နိုင်ငံတိုင်းဟာကိုယ့်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားသာ ပဓာနဆိတဲ့အရာကို ဘယ်တော့မှလျစ်လျူမရှုဘူးဆိုတဲ့ အချက်ပါပဲ။ နယ်နိမိတ်ဆက်စပ်နေတဲ့ အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးရာတွေဟာ တို့ဆီ လည်း ရိုက်ခတ်နိုင်တယ်၊ ဒါကြောင့် ကိုယ့်နိုင်ငံ ကိုယ့်အကျိုးစီးပွားအတွက် ဘယ်လိုအဖွဲ့အစည်း၊ ဘယ်လိုနိုင်ငံကြီးမျိုးရဲ့ ဖိအားမျိုးကိုမဆိုရင်ဆိုင်ဖို့ အသင့်ရှိခဲ့ကြတဲ့ ထိုင်းအစိုးရရဲ့ ထိုဆောင်ရွက်ချက် တစ်ခုဟာ နမူနာယူစရာဖြစ်ခဲ့ပါတယ်။

ဘုရင်တပ်မတော်နဲ့ နိုင်ငံရေးသမားများအကြား သဟဇာတဖြစ်မှုကသာအဓိက

ဒီလိုနဲ့ပဲ သုံးလတာမျှ ရှေ့မတိုး၊ နောက်မဆုတ် သာရှိနေတဲ့ ထိုင်းနိုင်ငံရေးပြဿနာဟာ ယခုအချိန် မှာတော့ ရပ်တန့်လို့သွားခဲ့ပါပြီ။ ကမ္ဘာပေါ်မှာ ပါတီစုံဒီမိုကရေစီ အမည်တပ်ထားတဲ့ ဘယ်နိုင်ငံမှ ခြောက်ပြစ်ကင်းသဲလဲစင်မရှိပါဘူး။ အနိမ့်အမြင့်၊ အတက်အကျ၊ အဆိုးအကောင်းရှိတတ်ကြစမြဲပါ။ ဒါကြောင့် အနာဂတ်ထိုင်းနိုင်ငံရေးမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ထပ်မံကြုံတွေ့နိုင်‌ခြေ ရှိ/မရှိ ဘယ်သူမှတပ်အပ်မပြောနိုင်ပါဘူး။

လူထုအခိုင်အမာထောက်ခံမှုရခဲ့တဲ့ MFP ရှေ့သို့ချီပါတီတို့လို နိုင်ငံရေးအရရင့်ကျက်မှု လိုအပ်ချက်အချို့ ရှိကောင်းရှိနိုင်ပေမယ့်သဘောထားကြီးပြီး ရုတ်ရုတ်ဆို လမ်းပေါ်မထွက်တတ်တဲ့ အမြော်အမြင်ရှိတဲ့လူငယ်မျိုးဆက်သစ် နိုင်ငံရေးသမားတွေ ရှိနေသရွေ့ ထိုင်းနိုင်ငံရေးသမိုင်းမှာ ယခုထက်ပိုပြီးအပြုသဘောဆောင်တဲ့ အလှည့်အပြောင်းများသာ မြင်တွေ့ရနိုင်ပါတယ်။ နိုင်ငံရေးမှာဆန္ဒစောပြီးမိမိအတ္တ lese- majesty နဲ့ ပါလီမန်မှာ ထိုင်း တပ်မတော်ရဲ့ အခန်းကဏ္ဍကို ယုတ်လျော့စေမယ့် ဘယ်အပြုအမူမျိုးကိုမဆို အလွန်အကျွံရှေ့တန်းမတင်မိဖို့ အရေးကြီးတဲ့သင်ခန်းစာများကို ရှေ့သို့ချီပါတီနဲ့ ဖျူထိုင်းပါတီတို့ရဲ့ ရလဒ်အသီးသီးက ပြသခဲ့ပြီးပါပြီ။

ဒါ့အပြင် အခြေခိုင်နေပြီဖြစ်တဲ့ နိုင်ငံရေး ပုံသဏ္ဌာန်နဲ့ အမြော်အမြင်ရှိတဲ့ နိုင်ငံရေးသမားများ ရဲ့ပါ၀င်မှု၊ ဒီမိုကရေစီနိုင်ငံရေးစနစ်မှာ အစဉ်အဆက် ပါဝင်ထမ်းရွက်နေရတဲ့ ထိုင်းတပ်မတော်၊ တပ်မတော်နဲ့ ဘုရင်အကြား အပြန်အလှန်အမှီသဟဲပြုမှု၊ အကျိုးစီးပွားဆိုင်ရာ အရေးပါသူ Stake-holders တွေအကြား အပေးအယူလုပ်ညှိနှိုင်းနိုင်စွမ်းရှိမှု၊ တပ်မတော်နဲ့ဘုရင်ကို ထောက်ခံတဲ့ အထက်လွှတ်တော်တို့ကြောင့် ထိုင်းနိုင်ငံဟာ နိုင်ငံရေးပဋိပက္ခများကြောင့်တော့ အထူးဆုတ်ယုတ် ပျက်စီးသွားစရာ အကြောင်းမရှိဘူးလို့ မြင်ပါတယ်။

တစ်ခုပဲရှိပါတယ်... နိုင်ငံကြီးတွေ အထူးသဖြင့် အနောက်အုပ်စုနိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်မှု၊ မီဒီယာအားကိုးနဲ့ ခြယ်လှယ်ဩဇာလွှမ်းမိုးမှု စတဲ့ ပယောဂတွေကိုတော့ သတိထားကြရမှာဖြစ်ပါ တယ်။ နိုင်ငံရေးမှာဖြစ်ဖြစ်၊ သံတမန်ရေးရာမှာ ဖြစ်ဖြစ် ရှေးဦးမဆွ မူလအခြေခံထားတဲ့ သီအိုရီ တွေ၊ မူဝါဒရေးရာတွေကို တရား‌သေမကိုင်စွဲဘဲ အခြေအနေ၊ အချိန်အခါ၊ ကာလံဒေသံအလိုက် ပြောင်းလွယ်ပြင်လွယ် ကျင့်သုံးသင့်ပုံ Realpolitiking တစ်ရပ်ကို ယနေ့ ထိုင်းနိုင်ငံရေးက ပြသသွားခဲ့ ပါပြီ။

ကိုယ့်ပါတီ၊ ကိုယ့်အဖွဲ့အစည်းအလိုက် အကျိုးစီးပွားချင်းထပ်တူမကျ‌နိုင်ပေမယ့် အရေးကြုံလာရင် နိုင်ငံရေးသမားတွေ၊ ပါတီတွေဟာတပ်မတော်နဲ့အတူ ရင်ချင်းအပ်၊ ကျောချင်းကပ်လက်တွဲပြီး ဘုံရပ်တည်ခဲ့ကြပုံတွေဟာ အတုယူစရာဖြစ်ခဲ့သလို တည်ငြိမ်ရေးအတွက် ဘယ်သူ၊ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းက အဓိကကျသလဲ။ အကျိုး စီးပွားဆိုင်ရာ အရေးပါသူ/အဖွဲ့အစည်းကို ဘယ်လို သတ်မှတ်မလဲ။ နိုင်ငံနဲ့ပြည်သူအရေးအတွက် ဘယ်သူ၊ ဘယ်အဖွဲ့မျိုးနဲ့ လက်တွဲသင့်သလဲ။ဘယ်လိုရအောင်ညှိသင့်သလဲ စတာတွေ တွက်ချက်နိုင်ဖို့ဆိုတာ နိုင်ငံ့အရေးမှာအလွန့်အလွန်အရေးကြီးတဲ့ အချက်တွေ ဖြစ်တယ်ဆိုတာကို ထိုင်းနိုင်ငံရေးက ပြသနေပါကြောင်း ရေးသားလိုက်ရပါတယ်။ ။

No comments:

Post a Comment