ကြီးမားသောအကျိုးဆက်
မိသားစုတိုင်း နေ့စဉ်မဖြစ်မနေကြုံရတာတစ်ခုကတော့ ကုန်ဈေးနှုန်းပါပဲ။ နံနက်မိုးလင်းကနေ မိုးချုပ်အထိ မိသားစုအတွက် တစ်နေ့တာကုန်ကျစရိတ်တွေဆိုတာက ကုန်ဈေးနှုန်းအတက်/အကျ အပေါ်မူတည်နေပါတယ်။ ကုန်ဈေးနှုန်း အတက်/ အကျအလိုက် မိသားစုရဲ့နေထိုင်မှုစရိတ်တွေ တိုးနေပါတယ်။ ကုန်ဈေးနှုန်းတွေက တစ်ရက်နဲ့တစ်ရက် မတူပါဘူး။
ကုန်ဈေးနှုန်းတိုးလာတိုင်း
မိသားစုထွက်ငွေ တွေများလာလို့ အိမ်တစ်အိမ်ရဲ့ဝင်ငွေနဲ့ ထွက်ငွေကို မညီမမျှဖြစ်စေပါတယ်။
မိသားစုဝင်ငွေတိုးမလာပေမယ့် ထွက်ငွေတွေကတော့ တိုးနေပါတယ်။ ကုန်ဈေးနှုန်းက ဝင်ငွေကောင်းတဲ့မိသားစုတွေ
အတွက်တော့မထောင်းတာပါဘူး။ ဒါပေမယ့် ဝင်ငွေနည်းမိသားစုတွေ၊ လခစားမိသားစုတွေနဲ့ လက်လုပ်လက်စား
ရပ်တည်နေကြရတဲ့သူတွေ အတွက်တော့ကုန်ဈေးနှုန်းတိုးမြင့်မှုဟာ အဓိကအကျပ်အတည်းတစ်ခုပါပဲ။
မိသားစုဦးရေများတဲ့
အိမ်ထောင်စုတွေမှာဆိုရင် စားစရိတ်၊ ကျန်းမာရေး၊ ပညာရေးစရိတ်တွေနဲ့ ရုန်းကန်နေကြရပါတယ်။
ဒါ့အပြင် မိသားစုတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံစားကုန်နဲ့ လူသုံးကုန်ပစ္စည်းဈေးနှုန်းတွေ
တရိပ်ရိပ်မြင့်တက်နေတာက လူထုကို တိုက်ရိုက်ထိခိုက်တဲ့အပြင် နိုင်ငံ့စီးပွားရေးကိုလည်း
ထိခိုက်စေပါတယ်။ အဲဒီလို ကုန်ဈေးနှုန်းမြင့်တက်တာတွေကြောင့် နိုင်ငံရေးကအစလူမှုရေးအဆုံး
အခြားကဏ္ဍတွေအပေါ်ကိုလည်း ထိခိုက်စေတာကြောင့်မို့ အကျိုးဆက်တွေက ကြီးမားကျယ်ပြန့်လှပါတယ်။
ကုန်ဈေးနှုန်းမြင့်တက်မှုဟာ
မြန်မာနိုင်ငံမှာသာမကပါဘူး၊ ကမ္ဘာ့နိုင်ငံတွေမှာလည်း မြင့်တက် နေတာတွေ့ရပါတယ်။ ကုန်ဈေးနှုန်းမြင့်တက်တဲ့ဒဏ်ကို
ချမ်းသာတဲ့နိုင်ငံတွေမှာ မသိသာပေမယ့် ဝင်ငွေနည်းနိုင်ငံတွေမှာတော့ ထိခိုက်မှုတွေရှိနေပါတယ်။
စက်သုံးဆီဈေးတွေ မြင့်တက်နေတာကြောင့် အခြားကုန်ပစ္စည်းဈေးနှုန်းတွေလည်း လိုက်တက်နေပါတယ်။
မြန်မာနိုင်ငံမှာလည်းပဲ ဇိမ်ခံပစ္စည်း တွေကစလို့ မရှိမဖြစ်နေ့စဉ်စားသောက်ကုန်တွေ အထိ
ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်နေပါတယ်။ ဆန်၊ ဆီ၊ ဆားလိုမျိုး အခြေခံစားသောက်ကုန်တွေရဲ့
ဈေးနှုန်းတွေဟာ တရိပ်ရိပ်မြင့်တက်နေတာကြောင့် မိသားစုဝင်ငွေနဲ့ ထွက်ငွေမမျှတတာ၊ မလုံလောက်တာအပြင်
လက်လှမ်းမမီတာတွေနဲ့ တွေ့ကြုံနေကြပါတယ်။
မြင့်မားနေသော
ကုန်ဈေးနှုန်း
ဒီကနေ့ဆိုရင်
ကုန်ဈေးနှုန်းတွေဟာ အချိန်နဲ့အမျှ တက်ရိပ်ပြလို့နေပါတယ်။ ကိုဗစ်-၁၉ ဖြစ်ပွား ချိန်မှစလို့
ကုန်ဈေးနှုန်းတွေ တရိပ်ရိပ်တက်နေတာ ဒီကနေ့အထိပါပဲ။ ၂၀၂၀ နှောင်းပိုင်းကစလို့ ကုန်ဈေးနှုန်းမြင့်တက်လာမှုဟာ
ငွေကြေးဖောင်းပွတာကို တဖြည်းဖြည်းမြင့်တက်လာစေခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်း နေထိုင်မှုစရိတ်တွေဟာ
ယခင်က ထက်စာရင် ၂၀၂၁ ခုနှစ် နှစ်ဆန်းကစလို့ မြင့်တက်လာခဲ့ပါတယ်။ အစားအစာနဲ့ စွမ်းအင်ဈေးနှုန်း
မြင့်တက်မှုဟာ ငွေကြေးဖောင်းပွမှုအတွက် အဓိကအကြောင်းရင်းတွေအဖြစ် တွေ့ရပါတယ်။ ဒါ့အပြင်
ကမ္ဘာ့စီးပွားရေးအပေါ် မျှော်မှန်းချက်အားနည်းနေချိန်၊ ငွေကြေးဖောင်းပွမှု မြင့်မားနေချိန်နဲ့
မသေချာမရေရာမှုတွေ များပြားနေချိန်မှာ ကမ္ဘာ့နိုင်ငံတွေမှာ ပြင်းထန်တဲ့ အကျပ်အတည်းတွေနဲ့
ရင်ဆိုင်နေကြရတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။
ကိုဗစ်-၁၉
ရဲ့ အကျိုးဆက်တွေအပါအဝင် ယူကရိန်းစစ်ပွဲ၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနဲ့ မိုက်ခရိုစီးပွားရေးအခြေအနေတွေ
မြန်မြန်ဆန်ဆန် ပြောင်းလဲလာတာစတဲ့ အခြေခံအကြောင်းရင်းတွေဟာ ကမ္ဘာ့စီးပွားရေးအခြေအနေကို
ထိခိုက်စေလျက်ရှိပါတယ်။ ကိုဗစ်-၁၉ ဖြစ်ပွားလို့ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကြောင့်
စီးပွားရေးပြန်လည် နာလန်ထူနိုင်အောင် ရုန်းကန်နေရဆဲမှာ ရုရှား-ယူကရိန်းပဋိပက္ခဟာ ကမ္ဘာ့စီးပွားရေးကို
ပိုမိုထိခိုက်စေခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်တဲ့ဒဏ်
ခံရမယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ခဲ့ကြပါတယ်။ အထူး သဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ
ပိုမိုထိခိုက်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်လာတဲ့အတွက်
အခြားဆက်စပ်ကဏ္ဍတွေရဲ့ ကုန်ဈေးနှုန်းတွေမှာလည်း မြင့်တက်နေပါတယ်။ အဲဒီရဲ့အကျိုးဆက်တွေက
ဖွံ့ဖြိုးဆဲနိုင်ငံတွေက ပြည်သူတွေရင်ဆိုင်နေကြရပါတယ်။
ဝန်ထုပ်ဝန်ပိုးဖြစ်
ကုန်ဈေးနှုန်းမြင့်တက်မှုဟာ
ကမ္ဘာအနှံ့ဆိုပေမယ့် တစ်နိုင်ငံနဲ့တစ်နိုင်ငံ အကျိုးသက်ရောက် တာချင်းတော့မတူညီပါဘူး။
ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ခံနိုင်ရည်ရှိကြပေမယ့် ဆင်းရဲနွမ်းပါးတဲ့နိုင်ငံတွေမှာ
ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ် ခံနိုင်ရည်အားနည်းကြ ပါတယ်။ ဒါကြောင့် ဝင်ငွေနည်းနိုင်ငံတွေက
ပြည်သူတွေဟာ ကုန်ဈေးနှုန်းကြီးမြင့်လာတဲ့အတွက် နေ့စဉ်နေထိုင်စားသောက်စရိတ်ဟာ ကြီးမားတဲ့ဝန်ထုပ်ဝန်ပိုးဖြစ်နေပါတယ်။
စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်လာတာနဲ့အတူ သယ်ယူပို့ဆောင် ရေးစရိတ်တွေ မြင့်တက်လာပြီး
အခြားကုန်ပစ္စည်း ဈေးနှုန်းတွေလည်း မြင့်တက်လာပါတယ်။ အထူးသဖြင့် အခြေခံစားသောက်ကုန်ဈေးနှုန်းမြင့်တက်လာမှုဟာ
အခြေခံလူတန်းစားတွေရဲ့ နေ့စဉ်ဘဝ တွေမှာ အကျပ်အတည်းတွေနဲ့ ဖြတ်သန်းနေကြရပါတယ်။
မြန်မာနိုင်ငံမှာဆိုရင်
အဓိကအခြေခံစားကုန် ဖြစ်တဲ့ဆန်ဈေးနှုန်းတွေ အရင်ကထက် ပိုမိုမြင့်တက်နေပါတယ်။ ဆန်စပါးဟာ
ပြည်တွင်းထွက်ကုန် ဆိုပေမယ့် အခြားနိုင်ငံခြားသွင်းကုန်တွေလိုပဲ ဈေးနှုန်းမြင့်တက်ပါတယ်။
ဆန်စပါးဈေးနှုန်း မြင့်တက်ရတဲ့အကြောင်းရင်းတွေထဲမှာ သယ်ယူစရိတ်၊ သွင်းအားစု၊ စိုက်ပျိုးစရိတ်၊
လုပ်သားစရိတ်စတဲ့ အထွေထွေစရိတ်မြင့်တက်တာတွေ ပါပါတယ်။ အဲဒီအကြောင်းရင်းတွေအပြင် ကုန်သည်ပွဲစားတွေရဲ့ဈေးကစားတာ၊
အမြတ်ကြီးစားတာတွေကလည်း ဆန်စပါးဈေးနှုန်းကို ဖြစ်သင့်တာထက်ပိုပြီး ဈေးနှုန်းမြင့်မားစေပါတယ်။
ဆန်စပါးလိုပဲ အခြား ပြည်တွင်းထွက်ကုန်၊ စိုက်ပျိုးရေး၊ မွေးမြူရေး ထွက်ကုန်တွေလည်း
မြင့်တက်နေပါတယ်။
လူတန်းစားအားလုံးအတွက်
မရှိမဖြစ်အခြေခံ စားကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေဟာ ဖြစ်သင့်တဲ့ ဈေးနှုန်းထက် မြင့်တက်နေတဲ့အတွက်
အခြေခံလူတန်းစားတွေနဲ့ လက်လုပ်လက်စားပြည်သူတွေအတွက် တစ်နေ့တခြားဆင်းရဲတွင်းပိုမိုနက်ရှိုင်း
စေလျက်ရှိပါတယ်။
အကျိုးသက်ရောက်မှု
ငွေကြေးဖောင်းပွမှုဟာ
အချိန်ကာလတစ်ခုအတွင်းမှာ ကုန်ဈေးနှုန်းမြင့်တက်ခြင်းလို့ ဆိုပါတယ်။ နိုင်ငံတစ်နိုင်ငံအတွင်းမှာ
ငွေကြေးဖောင်းပွမှုရဲ့ အကျိုးသက်ရောက်မှုဟာ သာမန်အားဖြင့် နေထိုင်မှုစရိတ်တွေ မြင့်တက်တာ၊
ဒါမှမဟုတ် အလုံးစုံကုန်ဈေးနှုန်း မြင့်တက်တာတွေအထိ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေပါတယ်။
ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် မတည်ငြိမ်မှုတွေ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့်လည်း
အမေရိကန်သမ္မတ ဟောင်းဖြစ်တဲ့ Gerald Ford က ငွေကြေးဖောင်းပွမှု ဟာပြည်သူလူထုရဲ့ နံပါတ်တစ်ရန်သူဖြစ်တယ်လို့
၁၉၇၄ ခုနှစ်က ပြောကြားခဲ့ဖူးပါတယ်။
အခုဆို
မြန်မာနိုင်ငံမှာကုန်ဈေးနှုန်းတွေမြင့်တက်ပြီး နေထိုင်စားသောက်စရိတ်တွေ မြင့်တက်လာပေမယ့်လုပ်ခလစာနဲ့
ဝင်ငွေတွေတိုးမလာတဲ့အတွက် ဝင်ငွေနဲ့ထွက်ငွေ မျှတမှုမရှိဘဲ ဖြစ်နေကြပါတယ်။ ပြည်သူလူထုရဲ့
အကျပ်အတည်း အကျိုးဆက်တွေဟာ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနဲ့ပညာရေးတွေအထိ
ထိခိုက်စေပါတယ်။ ကုန်ဈေးနှုန်းမြင့်မားတာ အချိန်ကြာလာတာနဲ့အမျှ ဘေးထွက်ဆိုးကျိုးတွေက
ပိုမိုနက်ရှိုင်းလာပါလိမ့်မယ်။ ဒါကြောင့် ကုန်ဈေးနှုန်း မြင့်မားစေတဲ့အကြောင်းရင်းတွေကို
ကိုင်တွယ် ဖြေရှင်းဖို့လိုပါတယ်။
ဝိသမလောဘ
ကုန်ဈေးနှုန်းတက်ရတဲ့
အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ အဲဒီထဲမှာ ဝိသမလောဘသား တွေရဲ့ အမြတ်ထုတ်မှုလည်းပါပါတယ်။
မတော်လောဘနဲ့ ဝိသမလောဘဆိုတာကတော့ အမြဲလိုလိုတွေ့ရတတ်တဲ့ လူ့သဘာဝတွေထဲကတစ်ခုပါ။ ဝိသမလောဘဆိုတာကတော့
ဝိသမ လောဘာဘိဘူတာ၊ ဝိသမလောဘဟာ သူတစ်ပါးထံကနေ မတရားသဖြင့် လိုသည်ထက်ပိုပြီး အလွန်အကျွံ
လောဘရမ္မက်ကြီးစွာ ရယူလိုချင်တဲ့လောဘလို့ ဆိုပါတယ်။ ဝိသမလောဘရဲ့ သဘောမှာဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့
စိတ်သဘောထားရှိ တတ်ကြပါတယ်။ ဝိသမလောဘသမားတွေဟာ ကျင့်ဝတ်၊ ဂုဏ်သိက္ခာ၊ ကိုယ်ချင်းစာတရားနဲ့
ဥပဒေ လေးစားလိုက်နာမှုဆိုတာတွေ မရှိကြပါဘူး။ ဝိသမလောဘနဲ့ပတ်သက်လို့ အင်္ဂုတ္တရနိကာယ်တိက
နိပါတ်ပလောကသုတ်မှာ လူတွေရဲ့မတရားအဓမ္မ လောဘနဲ့ တပ်မက်မှုတွေကြောင့် မြို့၊ ရွာတွေ
ပျက်စီးခြင်းရောက်ရပုံကို မြတ်စွာဘုရားက ဟောကြားထားပါတယ်။
ဝိသမလောဘများတဲ့သူတွေဟာ
အခြားသူတွေကို ပျက်စီးစေရုံမကပါဘူး၊ မိမိကိုယ်မိမိလည်း ပျက်စီးစေပါတယ်။ ငယ်စဉ်ကသင်ယူခဲ့ရတဲ့
ရွဲကုန်သည်ဟာ အခြားသူထံကပစ္စည်းကို မတော် လောဘနဲ့ရယူလိုတဲ့ဆန္ဒ ပြင်းထန်တာကြောင့် သူကိုယ်တိုင်ဒုက္ခရောက်ခဲ့ရပါတယ်။
လူရဲ့သဘာဝ အရ လူတိုင်းဟာ လောဘနဲ့မကင်းနိုင်ကြပါဘူး။ လောဘနည်းတာနဲ့ များတာတော့ ကွာခြားပါတယ်။
ဒါပေမယ့် ဝိသမလောဘသမားတွေကတော့ အခြားသူတွေထက် လောဘများလေ့ရှိကြပြီး သူတို့ရဲ့အတ္တတစ်ခုတည်းအတွက်ကိုပဲ
ရှေ့တန်းတင်စဉ်းစား လုပ်ကိုင်လေ့ရှိပါတယ်။ ဒါကြောင့်လည်း ကိုဗစ်-၁၉ကြောင့် လူတွေအခက်အခဲ၊
အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရချိန်မှာတောင် ဝိသမစီးပွားရေး သမားတွေဟာ ဒုက္ခရောက်နေတဲ့သူတွေဆီကနေ
ရသမျှအမြတ်ထုတ်ခဲ့ကြပါတယ်။
တားဆီးကာကွယ်
မြန်မာနိုင်ငံဟာ
လတ်တလောမှာ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ အကျပ်အတည်းတွေနဲ့ ရုန်းကန် နေရပါတယ်။ ဒီလိုအခြေအနေမှာမတရားလောဘနဲ့
ငွေကြေးဈေးနှုန်း၊ ရွှေဈေးနှုန်း၊ စက်သုံးဆီဈေးနှုန်း၊ လူသုံးကုန်နဲ့မရှိမဖြစ်အခြေခံစားသောက်ကုန်
ဈေးနှုန်းတွေကို ဖြစ်သင့်တာထက် ကုန်ဈေးနှုန်းတွေ မြှင့်ပြီး အမြတ်ထုတ်နေကြရင် အကျပ်အတည်းတွေ
ကနေရုန်းကန်ဖို့ ပိုပြီးခက်ခဲနေပါလိမ့်ဦးမယ်။ အခုဆိုရင် ငွေကြေးဖောင်းပွမှုအနေနဲ့ ၂၀၂၂-၂၀၂၃
ဘဏ္ဍာနှစ်စတုတ္ထသုံးလပတ်အတွင်း ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၂၇ ဒသမ ၅၁ ရာခိုင်နှုန်း
ရှိကြောင်း ဗဟိုစာရင်းအင်းအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။
ဒါပေမယ့်
ဝိသမလောဘသားတွေကတော့ နိုင်ငံရဲ့အကျပ်အတည်းနဲ့ ငွေကြေးအကျပ်အတည်း တွေကို အသုံးချပြီး
ပြည်သူလူထုဆီကနေ အမြတ်ထုတ်ဖို့ ကြိုးပမ်းနေကြဆဲပါ။ အဲဒီလိုသာ ကုန်ဈေးနှုန်းတွေကို ဖြစ်သင့်တာထက်ပိုပြီး
ဈေးနှုန်းတင်တာ၊ ဈေးကစားတာ၊ ထိန်းချုပ်တာနဲ့ အမြတ်ကြီးစားပြီး ကုန်ဈေးနှုန်းတွေတက်ပြီးရင်း
တက်နေရင် နိုင်ငံရဲ့လက်ရှိအကျပ်အတည်းတွေကို ပိုပြီးနက်ရှိုင်းစေပါလိမ့်မယ်။ ဒါကြောင့်
ကုန်ဈေးနှုန်း တက်ရတဲ့အခြားအကြောင်းရင်းတွေကို ကိုင်တွယ်ဖြေရှင်းရမှာဖြစ်သလို တစ်ဖက်မှာလည်း
လတ်တလောအခြေအနေကို အမြတ်ထုတ်ဖို့ ကြိုးစားနေကြတဲ့ ဝိသမလောဘသားတွေကိုလည်း ဟန့်တားဖို့လိုပါတယ်။
ဒါမှ ကုန်ဈေးနှုန်းကိုထိန်းသိမ်းနိုင်မှာပါ။ ကုန်ဈေးနှုန်းတွေဆိုတာက ပြည်သူတွေရဲ့ နေ့စဉ်လူမှုစီးပွားဘဝနဲ့
ဆက်စပ် နေတာမို့ ကုန်ဈေးနှုန်းကျဆင်းလာတာနဲ့အမျှ လူထုရဲ့နေ့စဉ်ဘဝတွေကို တိုက်ရိုက်အကျိုးရှိစေ
ပါလိမ့်မယ်။ ။
ဇင်ငြိမ်း
No comments:
Post a Comment