Monday, July 10, 2023

ပန်းလိုစိုက်ပျိုး၊ ပိုးလိုမွေးမြူရမည့် ကလေးသူငယ်များ

 


ကြည်ထွန်း (လူမှု)

ကလေးတစ်ဦး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးဆုံးကာလမှာ သူ့ဘဝ၏အစောဆုံးနှစ် (မွေးကင်းစမှငါးနှစ်)များပင်ဖြစ်သည်။ ကလေးဘဝအရွယ်ကတည်းက ဘက်စုံဖွံ့ဖြိုးတိုးတက်စေ မည့် အခြေခံကောင်းများရရှိအောင် ဆောင်ရွက်ပေးရန် အထူးလိုအပ်လှသည်။ “ဖွံ့ဖြိုးမှု” ဆိုသည်မှာ ကလေးငယ်တစ်ဦး၏ ပတ်ဝန်းကျင်ရှိ လူ၊ တိရစ္ဆာန်၊ အရာဝတ္ထုစသည်တို့နှင့် အတုံ့အပြန်ဆက်ဆံခြင်း၊ စဉ်းစားတွေးတောခြင်း၊ စိတ်လှုပ်ရှားခံစားခြင်း၊ ရွေ့လျားလှုပ်ရှားခြင်း စသည့်တစ်ဆင့်ပြီးတစ်ဆင့် ပိုမိုခက်ခဲရှုပ်ထွေးသော လုပ်ငန်းအဆင့်များကို ဆောင်ရွက်နိုင်ရန် စူးစမ်းမှု၊ သင်ယူမှုပြုလုပ်၍ အကျိုးဆက်ပြောင်းလဲမှုဖြစ်စဉ်ကို ခေါ်ဆိုခြင်းဖြစ်သည်။

ဖွံ့ဖြိုးမှုမိုင်တိုင်များ

ကလေးငယ်များသည် သာမန်အားဖြင့် သူ့အသက်အရွယ်အလိုက် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာကြမည်သာဖြစ်သည်။ ဤသည်ကို ဖွံ့ဖြိုးမှုမိုင်တိုင်များ (Mile Stones) ဟု ခေါ်ဆိုကြသည်။ ကလေးများ၏ ဖွံ့ဖြိုးတိုးတက်မှုအဆင့်ဆင့်ကို ၎င်းတို့၏အသက်အရွယ်အလိုက် သိမြင်နားလည်မှု ဆိုင်ရာဖွံ့ဖြိုးမှု၊ ကာယဖွံ့ဖြိုးမှု၊ ပေါင်းသင်းဆက်ဆံရေးဖွံ့ဖြိုးမှု၊ စိတ်လှုပ်ရှားခံစားမှုနယ်ပယ်ဖွံ့ဖြိုးမှု၊ ဘာသာစကားဖွံ့ဖြိုးမှုနှင့် ဉာဏဖွံ့ဖြိုးမှုအခြေအနေကိုကြည့်၍ တိုင်းတာစစ်ဆေးအကဲဖြတ်နိုင်သည်။

ကလေးငယ်များသည် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုမိုင်တိုင်များ၊ သင်ယူမှုဆိုင်ရာဖွံ့ဖြိုးရေးမိုင်တိုင်များ၊ စိတ်ခံစားမှုဆိုင်ရာဖွံ့ဖြိုးရေးမိုင်တိုင်များကို ကျော်ဖြတ်ကြရာ၌ တစ်ဦးနှင့်တစ်ဦး ဖွံ့ဖြိုးတိုးတက် မှုနှုန်းချင်းမတူညီကြပေ။ အချို့ကလေးများသည် အထက်ပါဖွံ့ဖြိုးတိုးတက်မှုအပိုင်းများကို စောစီးစွာ ရရှိကြသော်လည်းအချို့ကလေးများမှာမူ နောက်ကျမှ ရရှိတတ်ကြသည်။ သို့ရာတွင် ကလေးတစ်ဦးသည် ၎င်းနှင့် သက်တူရွယ်တူကလေးများ အလွယ်တကူ လုပ်ကိုင်နိုင်သောအရာများကို မလုပ်ကိုင်နိုင်လျှင်သော်လည်းကောင်း၊ သက်တူရွယ်တူကလေး များနှင့် ကွဲပြားခြားနားသောအပြုအမူများ ပြုလုပ်လျှင်သော်လည်းကောင်း အဆိုပါကလေးသည် ယေဘုယျအားဖြင့် “ဖွံ့ဖြိုးမှု နှောင့်နှေးခြင်းကြောင့်” သို့မဟုတ် “မသန်စွမ်းမှုတစ်ခုခုကြောင့်” ဖြစ်နိုင်သည်ဟု မှန်းဆနိုင်သည်။ “စောစောသိလေပိုကောင်းလေ” ဆိုသည့်အတိုင်း ကလေး၏ ဖြစ်စဉ် အခြေအနေမှန်ကို ဆောလျင်စွာသတိပြုသိရှိခြင်းဖြင့် ကလေး၏ဖွံ့ဖြိုးမှုဆိုင်ရာနှောင့်နှေးမှု သို့မဟုတ် မသန်စွမ်းမှု ပိုမိုဆိုးရွားလာမည့်အခြေအနေများမှ ကြိုတင်ကာကွယ်ပေးနိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ ကလေးမိဘ/အုပ်ထိန်းသူများအနေဖြင့် မိမိကလေး၏ အသက်အရွယ်အလိုက် အဆင့် ဆင့်ဖွံ့ဖြိုးတိုးတက်မှု မှန်ကန်ခြင်း ရှိ၊ မရှိကို မျက်ခြည်မပြတ် သိရှိနေရန်လိုအပ်ပါသည်။ “နို့စို့ အရွယ်”၊ “ဝမ်းလျားထိုးအရွယ်”၊ “မတ်တတ်ပြေး အရွယ်”၊ “မူကြိုအရွယ်” တည်းဟူသောဖွံ့ဖြိုးမှု မိုင်တိုင်များကို ဖြတ်သန်းကြရာတွင် အောက်ဖော်ပြပါ ပြဿနာများကို ကြုံတွေ့ရပါက အချိန်စောင့် မနေဘဲ သက်ဆိုင်ရာကျွမ်းကျင်သူပညာရှင်များ၊ ကလေးအထူးကုဆရာဝန်များ၊ ရှေးဦးအရွယ် ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေးကျွမ်းကျင်သူများ(Early Interven- tion Specialists-EIS) နှင့် ပြသဆွေးနွေးတိုင်ပင်၍ အဖြေရှာသင့်ပါသည်။

မွေးကင်းစမှ သုံးလအရွယ်

ဤအရွယ်တွင် အမြင်အာရုံနှင့်အသံတို့ကို တုံ့ပြန်မှုမပြုခြင်း၊ ရက်သတ္တပတ်အနည်းငယ် ကြီးလာသည့်တိုင် မှောက်လျက်အနေအထားမှ ဦးခေါင်းကို မမြှောက်နိုင်ခြင်း၊ ဖျတ်လတ်သွက်လက် မှုမရှိခြင်း၊ အားအင်ကုန်ခန်းနေသလို တွေ့ရခြင်း၊ နို့စို့ရန်ငြင်းဆန်ခြင်း၊ အန်ခြင်း (နို့စို့ပြီးနောက် နို့အနည်းငယ် အန်ထွက်သည်ကို မဆိုလိုပါ)၊ ဆီးမသွားခြင်း၊ ပုံမှန်မဟုတ်သောငိုခြင်း (စူးရှသော်လည်း အားနည်းသောငိုသံ သို့မဟုတ် ဆက်တိုက် ငိုကြွေးခြင်း၊ ခိုင်လုံသော အကြောင်းရှာမရဘဲငိုကြွေး ခြင်း)၊ အသားအရေပြာနှမ်းဖျော့တော့သွားခြင်း၊ အမြှုပ်များပါသည့် ဝမ်းအရည်များ များစွာသွားခြင်း၊ ဖျားခြင်း၊ အသက်ရှူပုံပုံစံမမှန်ခြင်း စသည့်ထူးခြား သောလက္ခဏာများ။

သုံးလမှ ခြောက်လအရွယ်

ဤအရွယ်တွင် အသံကြားရာသို့ လိုက်မကြည့်ခြင်း၊ တောက်ပသောအလင်းရောင်ကို လိုက်မကြည့် ခြင်း၊ အရာဝတ္ထုရွေ့လျားရာသို့ လိုက်မကြည့်ခြင်း၊ နှာခေါင်းဖြင့် အသက်မရှူခြင်း၊ မပြုံးတတ်ခြင်း၊ မှောက်လျက်အနေအထားမှ ခေါင်းမထောင်နိုင်ခြင်း၊ ကလေးအားကိုင်ပေးထားစဉ် ဦးခေါင်းကိုမထိန်းနိုင်ခြင်း၊ ငါးလအရွယ်တွင် ကိုယ်ကို မလှိမ့်နိုင်ခြင်း၊ လက်နှစ်ဖက်စလုံးဖြင့် မကိုင်တွယ်တတ်ခြင်း၊ ခြောက်လအရွယ်တွင်ဆုပ်ကိုင်ခြင်း၊ ကြောက်လန့်ခြင်း တုံ့ပြန်မှုများပျောက်မသွားခြင်း စသည့် ချို့ယွင်းအားနည်းမှုများ။

ခြောက်လမှ ဆယ်လအရွယ်

ဤအရွယ်ကလေးငယ်များသည် သူတို့ဘာသာသူတို့ ထိုင်တတ်၊ မတ်တတ်ရပ်တတ်ရမည့် အရွယ်ဖြစ်သည်။ သို့ရာတွင် ကိုးလသားအရွယ်အထိ ဝူးဝူးဝါးဝါးအသံမထွက်တတ်သေးခြင်း၊ အရာဝတ္ထုများကို မဆုပ်ကိုင်နိုင်ခြင်း၊ ရောက်အောင်မသွားနိုင်ခြင်း၊ ဆယ်လသားအရွယ်တွင် ကိုယ့်မိသားစုဝင်များနှင့် သူစိမ်းများကြား ကွဲပြားမှုကိုမမှတ်မိခြင်း၊ အကိုင်အတွယ်ရှိလျက်နှင့် မရပ်နိုင်သေးခြင်းစသော ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးလွန်းခြင်း။

ဆယ်လမှ နှစ်နှစ်အရွယ်

ဤအရွယ်သည် လမ်းစလျှောက်ခြင်း၊ စကားစပြောခြင်း၊ ဇွတ်တရွတ်လုပ်တတ်ခြင်းတို့ဖြင့် သူတို့ ၏ ကိုယ်ပိုင်စွမ်းရည်ကို ရှာဖွေဖော်ထုတ်စပြုသည့်အရွယ်ဖြစ်သည်။ တချို့ကလေးများက ၁၀ လ၊ သို့မဟုတ် ၁၅ လအရွယ်တွင် ပထမဦးဆုံးစကားလုံးကို စတင်ပြောဆိုသည်။ တချို့ကလေးများက ၁၁ လ သို့မဟုတ် ၁၆ လအရွယ်တွင် ပထမဦးဆုံးခြေလှမ်းကို စလျှောက်သည်။ တချို့ကလေးများကမူ ၁၀ လမှ ၁၄ လအတွင်းကတည်းက စကားစပြောခြင်း၊ လမ်းစလျှောက်ခြင်းတို့ကို လုပ်နိုင်ကြသည်။ သို့ရာတွင် ၁၂ လအရွယ်ရောက်သည့်တိုင်လေးဖက် တွား သို့မဟုတ် ဖင်ဒယဉ့်တိုက်မသွားတတ်သေးခြင်း၊ ရုပ်ပုံများကို မကြည့်တတ်၊ မညွှန်ပြတတ် သေးခြင်း၊ ဖွက်ထားသောပစ္စည်းများကို မရှာဖွေတတ်သေးခြင်း၊ ၁၅ လအရွယ်ရောက်သည့်တိုင် စကားလုံးအနည်းငယ်မျှ မပြောတတ်သေးခြင်းစသော ဖွံ့ဖြိုးမှုနှေးကွေးလွန်းခြင်း။

နှစ်နှစ်မှ သုံးနှစ်အရွယ်

ဤအရွယ်သည် ကလေးတစ်ယောက်အဖို့ ပြောင်းလဲမှုများစွာဖြစ်ပေါ်သော အရွယ်ဖြစ်သည်။ နှစ်နှစ်သားအရွယ်တွင် အပြုအမူတစ်ခုတည်းကို ကြိမ်ဖန်များစွာ ထပ်တလဲလဲ အချိန်အကြာကြီးပြုမူ နေတတ်ခြင်း (ဥပမာ- သူ့ခေါင်းနှင့် နံရံကို အကြာကြီးဆောင့်နေခြင်း)၊ ရင်းနှီးထိတွေ့နေသော အရာဝတ္ထုပစ္စည်းများ၏အမည်များကို မသိခြင်း သို့မဟုတ် စကားလုံးနှစ်လုံးမျှသာပါဝင်သော ဝါကျ များကိုပင် မပြောတတ်ခြင်း၊ ကစားစရာကား၊ မြင်း စသည်တို့ကိုသတိမမူတတ်ခြင်း၊ သုံးနှစ်အရွယ် ရောက်သည့်တိုင် စကားပြောနှင့်တူသော အသံပုံစံများ၊ အနိမ့်အမြင့်များကို အတုခိုးပြောနိုင်မှုမရှိခြင်း၊ ဇွန်းကိုအသုံးပြု၍ အစာမစားတတ်ခြင်း၊ အရာဝတ္ထုပစ္စည်းတစ်ခုခုကို ကောက်ယူရန်အလို့ငှာ ဆောင့်ကြောင့်ထိုင်မချတတ်ခြင်း စသည့်အထူးအလေးထားသင့်သော ဖွံ့ဖြိုးမှုနောက်ကျခြင်း။

သုံးနှစ်မှ ငါးနှစ် (မူကြိုအရွယ်)

ဤအရွယ်တွင် လွတ်လပ်ပေါ့ပါးစွာ မြူးထူးပျော်ပါးဆော့ကစားတတ်သင့်ပြီ။ ဂီတသံစဉ်နှင့် အတူ လှုပ်ရှားကခုန်တတ်သင့်ပြီ။ ချွဲတတ်နွဲ့တတ်၍ ပလီပလာတီတီတာတာ ပြောတတ်ဆိုတတ်သင့်ပြီ။ အမေးအမြန်းထူ၍ အရိုးရှင်းဆုံးနှင့် အဆန်းကြယ်ဆုံး စိတ်ကူးစိတ်သန်းများကို ပြောတတ်သူဖြစ်သင့်ပြီ။ ယောကျ်ားလေး၊ မိန်းကလေးခွဲခြားသိရှိခြင်း၊ မိတ်ဆွေဖွဲ့တတ်လာခြင်း၊ ကစားရင်းပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ အလှည့်ကျစောင့်ခြင်း၊ မျှဝေခံစားခြင်းတို့ကို လုပ်တတ်သင့်ပြီဖြစ်သည်။

ဤကဲ့သို့မဟုတ်ဘဲ အခြားသောသက်တူ ရွယ်တူကလေးများနှင့်မတူ တစ်မူထူးခြားသောပြုမူ၊ ပြောဆိုကျင့်ကြံ၊ ဆက်ဆံမှုများရှိနေပြီဆိုလျှင် ရှေးဦးစွာမည်သည့်အပိုင်းက ဖွံ့ဖြိုးမှုနောက်ကျနေသည် သို့မဟုတ် မည်သို့သော မသန်စွမ်းမှုအမျိုးအစားဖြစ်သည်ကို ကျွမ်းကျင်သော EIS ပညာရှင်များ၏အကူအညီဖြင့် ဖော်ထုတ်ပြီး အထူးဂရုစိုက် ပြုစုစောင့်ရှောက်ပေးရန် လိုအပ်မည်ဖြစ်သည်။

ကမ္ဘာနှင့်အဝှမ်း ဉာဏ်ရည်မသန်စွမ်းသူများ တိုးပွားနေ

မြန်မာနိုင်ငံ၌ မွေးဖွားလာသော ကလေးသူငယ်ပေါင်း ၁၀၀၀ တွင် ၅၉ ဦးမှာ မွေးဖွားစဉ်ကပင် ချို့ယွင်းမှုဖြင့် မွေးဖွားလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခန့်မှန်းထားသည်။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်း ဖြစ်သော ၂ ဒသမ ၃ သန်းကျော်သည် မသန်စွမ်းသူများဖြစ်ကြသည်။ ယင်းတို့အနက် ရှစ်သိန်း သုံးသောင်းကျော်သည် ဉာဏ်ရည်မသန်စွမ်းသူများဖြစ်ကြပြီး ၎င်းတို့အနက် ကိုးသောင်းကျော်မှာ ကျောင်းနေအရွယ်မသန်စွမ်းသူများဖြစ်ကြသည်။ ကမ္ဘာနှင့်အဝှမ်း ဉာဏ်ရည်မသန်စွမ်းသူဦးရေ တိုးပွားများပြားလျက်ရှိရာ ကမ္ဘာ့လူဦးရေစုစုပေါင်း၏ တစ်ရာခိုင်နှုန်းသည် အော်တစ်ဇင် (Autism)များဖြစ်ကြသည်။ အာဆီယံနိုင်ငံများရှိ လူဦးရေ ၆၅၂ သန်းခန့်အနက် အော်တစ်ဇင် ခြောက်သန်းခန့်ရှိသည်။ ကလေး ၆၈ ဦးမွေးဖွားတိုင်း အော်တစ်ဇင် ကလေးတစ်ဦးပါရှိလာသည်။ မြန်မာနိုင်ငံတွင်လည်း ကလေး ၄၅ ဦး မွေးဖွားလျှင် အော်တစ်ဇင်ကလေး ငယ်တစ်ဦးပါရှိသည်ဟု သိရသည်။ နှစ်စဉ် ဧပြီလ ၂ ရက်နေ့ကို ကမ္ဘာ့အော်တစ်ဇင်နေ့ဟု သတ်မှတ်ရလောက်သည်အထိ ဖြစ်ပွားမှုနှုန်းတိုးနေခြင်းမှာ ရင်လေးဖွယ်ကောင်းလှပေသည်။

မူဝါဒချမှတ်ဆောင်ရွက်

မြန်မာနိုင်ငံတွင် အမျိုးသားအဆင့် မြန်မာ့ရှေးဦးအရွယ် (မွေးကင်းစမှရှစ်နှစ်) ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေး (Early Childhood Care and Development-ECCD) ဆိုင်ရာမူဝါဒကို ၂၀၁၄ ခုနှစ်ကတည်းက ချမှတ်ဆောင်ရွက်လျက်ရှိသည်။ ထိုက်သင့်သော အောင်မြင်မှုအရှိန်အဟုန်ကောင်းများကိုလည်း တွေ့မြင်နေရပြီ။ အဆိုပါ မူဝါဒပါမဟာဗျူဟာ (၃)အရ ရှေးဦးအရွယ်ကလေး သူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးခြင်းနှင့် ပြန်လည်ထူထောင်ရေး (Early Childhood Intervention – ECI) ဆိုင်ရာ အမျိုးသားအဆင့်မဟာ ဗျူဟာ ၂၀၁၇ -၂၀၂၁ ကို ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ECI ရှေ့ပြေးစီမံချက်နယ်မြေ လေးခုတွင် စတင်ဆောင်ရွက်ခဲ့ရာ အသက်ခြောက်လမှ ငါးနှစ်အရွယ်ကလေးဦးရေ ၇၇၀၂ ဦးကို ဖွံ့ဖြိုးမှုတိုင်းတာစစ်ဆေးပြီးဖြစ်သည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း ECCD ပင်မအထောက်အကူပြု ဗဟိုဌာနနှင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ECI ဆိုင်ရာမိဘအသိပညာပေးသင်တန်းများကို အွန်လိုင်းသင်တန်းနှင့် In-person တို့ကို ဖွင့်လှစ်နိုင်ခဲ့သည်။ ECI သင်တန်းများကိုရရှိခဲ့ပြီး နည်းပြအဖြစ်ဆောင်ရွက်နိုင်ခြေရှိသူ များဖြင့် နောင်လာမည့် ECCD သင်တန်းများတွင် ဘာသာရပ်တစ်ခုအနေဖြင့် ထည့်သွင်းပို့ချခြင်း၊ ဆောင်ရွက်ခဲ့သည့်လုပ်ငန်းစဉ်များအပေါ် ပြန်လည်သုံးသပ်ပြီး သင်ခန်းစာများရေးဆွဲခြင်း၊ TOT သင်တန်းများပေးခြင်း၊ အစိုးရမူလတန်းကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ၊ မိခင်ဝိုင်းများနှင့် ပရဟိတဂေဟာများတွင် အသိပညာပေးခြင်းနှင့် ECI ဆန်းစစ်ခြင်းတို့ကို စီမံချက်များရေးဆွဲပြီး ဆက်လက်ဆောင်ရွက်သွားမည်ဟုသိရ၍ ဝမ်းမြောက်ကြည်နူးမိပါသည်။

မသန်စွမ်းသောကလေးသူငယ်များ ပြန်လည်ထူထောင်ရေး

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနသည် ရှေးယခင်ကတည်းက အသက်ခြောက်နှစ်မှ(၁၈)နှစ်အတွင်းရှိ မသန်စွမ်းကလေးသူငယ်များ အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ အမြင်အာရုံမသန်စွမ်း သောကလေးသူငယ်များအတွက် ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်နှင့် စစ်ကိုင်းမြို့တို့တွင် မျက်မမြင်ကျောင်းတစ်ကျောင်းစီ ဖွင့်လှစ်ပေးထားသည်။ အကြားအာရုံမသန်စွမ်းသော ကလေးသူငယ်များအတွက် ရန်ကုန်မြို့ တာမွေမြို့နယ်နှင့် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တို့တွင် နားမကြားသော ကလေးများကျောင်းတစ်ကျောင်းစီ ဖွင့်လှစ်ပေး ထားသည်။ ကိုယ်အင်္ဂါနှင့် ဉာဏ်ရည်မသန်စွမ်း သောကလေးသူငယ်များအတွက် ရန်ကုန်မြို့ မရမ်း ကုန်းမြို့နယ်နှင့် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်တို့တွင် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း တစ်ကျောင်းစီကိုဖွင့်လှစ်ပေးထားသည်။ ခိုကိုးရာမဲ့ဉာဏ်ရည်ဆိုင်ရာနှင့် ကိုယ်အင်္ဂါမသန်စွမ်းကလေးများအတွက် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်တွင် သီးသန့်ဂေဟာတစ်ခုဖွင့်လှစ်၍ ပြုစုစောင့်ရှောက်လျက်ရှိသည်။ ထို့အပြင် စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းများက ရန်ကုန်မြို့အင်းစိန်မြို့နယ်တွင် ဖွင့်လှစ်ထားသော ဧဒင်မသန်စွမ်းသက်ငယ်များ ပြုစုရာရိပ်မြုံအပါအဝင် မသန်စွမ်းဂေဟာ ၁၂ ခု ကို နည်းပညာနှင့် နှစ်စဉ်ငွေကြေးများ ထောက်ပံ့ပေးလျက်ရှိသည်။ သို့ရာတွင် ဤကဲ့သို့သော ဝန်ဆောင်မှုများမရရှိသည့် မသန်စွမ်းကလေးသူငယ်အများစုမှာ နိုင်ငံအနှံ့အပြားတွင် ရှိနေဦးမည်မှာမလွဲပေ။

မသန်စွမ်းပုဂ္ဂလိကပညာသင်အထူးကျောင်း/ ဌာန များပေါ်ထွန်းလာ

အထူးသဖြင့် မွေးကင်းစမှ အသက်ခြောက်နှစ်အရွယ် အထူးစောင့်ရှောက်ရန်လိုအပ်သောကလေး အရေအတွက် များပြားလာပြီဖြစ်သော်လည်း ၎င်းတို့ကို စနစ်တကျလေ့ကျင့်သင်ကြားပေးနိုင်မည့် ဆရာ ဆရာမများ၊ ကျောင်း၊ ဌာနများကား အလွန်ရှားပါးလှသည်။ အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ ၂၀၁၅၊ အခန်း ၁၃ ပါ ပြဋ္ဌာန်းချက်အရ လူမှုဝန်ထမ်းဦးစီးဌာနက မသန်စွမ်းပုဂ္ဂလိကပညာ သင်အထူးကျောင်း၊ ဌာနများကို တည်ထောင်ခွင့်ပြုထားပြီးဖြစ်သည်။ ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ယခုအချိန်အထိ ရန်ကုန်တိုင်းဒေသကြီးတွင် ဒဂုံမြို့သစ်(မြောက်ပိုင်းမြို့နယ်) Flowers Special Education and Physiotherapy Centre အပါအဝင် ၁၅ ကျောင်း၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်တွင် “STAR” Special Education Centre အပါအဝင် သုံးကျောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် Bright Kids Special Needs Children Center တစ်ကျောင်း၊ စုစုပေါင်း ၁၉ ကျောင်းပေါ်ထွန်းလာပြီဖြစ်၍ အထူးပြုစုစောင့်ရှောက်ပေးရန်လိုအပ်သော ကလေးမိဘများနှင့်ထပ်တူ အားတက်ကြည်နူးမိပါသည်။

မကြာသေးမီက ရန်ကုန်မြို့ရှိ ပုဂ္ဂလိကအထူးကျောင်းတစ်ကျောင်းသို့ သွားရောက်လေ့လာခဲ့ရာ ကျောင်းတည်ထောင်သူပုဂ္ဂိုလ်က “ကျွန်တော်တို့ ကျောင်းရောက်လာတဲ့ ကလေးတိုင်းကို Denver II Screentest နဲ့ Milestone Development စစ်ဆေးပေးပါတယ်။ ECI နည်းစနစ်များနဲ့ IEP တစ်ဦးချင်းအလိုက် စိစစ်ပြီးသင်ကြားပေးပါတယ်။ အာရုံခံတုံ့ပြန်မှုကို ဖွံ့ဖြိုးစေတဲ့ သင်ထောက်ကူ ပစ္စည်းတွေကို အသုံးပြုပါတယ်။ တစ်ဦးချင်း၊ အုပ်စုဖွဲ့ပြီးတော့လည်း လေ့ကျင့်သင်ကြားပေးပါတယ်။ အားကစားနည်းတွေနဲ့ သင်ကြားပေးနေသလို ပန်းချီလက်မှုစတာတွေကို အသုံးပြုပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ ဘက်စုံပေါင်းသင်းဆက်ဆံရေး၊ ဘာသာစကား၊ သိမှုဖွံ့ဖြိုးခြင်းနဲ့ အရေးအဖတ်စွမ်းရည်တိုးတက်လာအောင် ပြုစုစောင့်ရှောက်ပေး နေပါတယ်”ဟု ဆိုသည်။

ဆက်လက်၍ ကျောင်းခန်းမအတွင်းဝင်ရောက် လေ့လာရာတွင် တာဝန်ခံကျောင်းအုပ်ဆရာမကြီး က “ကျွန်မတို့ကျောင်းမှာ အော်တစ်ဇင်(Autism)လို့ လူအများသိကြတဲ့ ဦးနှောက်နဲ့ အာရုံကြော ဆိုင်ရာ ဖွံ့ဖြိုးမှုပုံမမှန်တာကြောင့် ကလေးဘဝကစပြီး တဖြည်းဖြည်းပေါ်လာတဲ့ အထီးကျန်စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းတဲ့ကလေးတွေရှိပါတယ်။ မျိုးရိုးဗီဇချို့ယွင်းမှုကြောင့် ရုပ်ပိုင်းဆိုင်ရာနဲ့ တွေးတောဆင်ခြင်နိုင်မှု ဉာဏ်ရည်နှောင့်နှေးပြီး သီးခြားသွင်ပြင်လက္ခဏာရှိတဲ့ ဒေါင်းဆင်ဒရုန်း (Down’s Syndrome) ကလေးတွေလည်းရှိပါတယ်။ ADHD လို့ခေါ်တဲ့ အာရုံစူးစိုက်မှုလျော့နည်းပြီး တက်ကြွလွန်မှုလွန်ကဲ (Attention Defecit HyperDisorder) တဲ့ကလေးတွေကိုလည်း လက်ခံထားပါတယ်။ ဒါ့အပြင် ဘက်စုံဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ကလေးတွေ၊ သီးခြားကဏ္ဍတွေမှာ သင်ယူနိုင်စွမ်းခက်ခဲတဲ့ကလေးတွေ၊ ပြောဆိုဆက်ဆံမှုနဲ့ စကားပြော နောက်ကျနေတဲ့ကလေးတွေ၊ CP လို့အများကသိကြတဲ့ သူငယ်နာအကြောတင်းကလေးတွေကိုလည်း ဆရာ ဆရာမအင်အား ပြည့်ပြည့်စုံစုံထားပြီးခေတ်မီ နည်းစနစ်တွေနဲ့ ဝန်ဆောင်မှုပေးနေပါတယ်”ဟု ရှင်းပြသည်။ ၎င်းကျောင်း၏ သဘောသဘာဝနှင့် သိမ်မွေ့ခက်ခဲနက်နဲမှုများ၊ ကလေးများအပေါ်ကရိကထခံ၍ စိတ်ရှည်သည်းခံ လမ်းကြောင်းမှန် ပေါ်ရောက်အောင် ဝန်ဆောင်မှုပေးရသည်များကို သိမြင်နားလည်ခွင့်ရရှိခဲ့ပါသည်။

စင်စစ် ကလေးသူငယ်တိုင်း အသက်ရှင်သန်ပိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ပိုင် ခွင့်နှင့် ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်ရှိကြသည်။ သို့ရာတွင် ကိုယ်ကာယ၊ အမြင်၊ အပြော၊ အကြား၊ အသိဉာဏ်၊ စိတ်ပိုင်း၊ ဉာဏ်ရည်ဉာဏ်သွေးပိုင်း၊ အာရုံခံစားမှုပိုင်းဆိုင်ရာတစ်ခု သို့မဟုတ် တစ်ခု ထက်ပို၍ ချို့ယွင်းအားနည်းချက်ရှိသောကလေး အချို့မှာမူ အဆိုပါအခွင့်အရေးများ ရရှိရန်ခက်ခဲ နေကြသည်။ ကလေးမိဘများ၏ အခြေခံဗဟုသုတနည်းပါးမှု၊ လူ့အသိုက်အဝန်းက ကလေးများအပေါ်ထားရှိသည့် မမှန်ကန်သော သဘောထားအမြင်များ၊ မှားယွင်းသောဆက်ဆံမှုပုံစံများကြောင့် အပစ်ပယ်ခံဘဝသို့ရောက်ရှိနေကာ ပုံမှန်ပညာရေးကျောင်းများနှင့် အလှမ်းဝေးနေကြရသည်မှာ ရင်နင့်ဖွယ်ကောင်းပါသည်။

ကျွမ်းကျင်ပညာရှင်များရရှိရေး

မြန်မာနိုင်ငံရှိ ရှေးဦးအရွယ်ကလေးသူငယ်များအားလုံး တစ်ဦးတစ်ယောက်မျှ ကျန်ရှိမနေဘဲ ရှင်သန်ဖွံ့ဖြိုးကြီးထွားလာရေးအတွက်လိုအပ်သော ဥပဒေနှင့် နည်းဥပဒေများ၊ အမျိုးသားအဆင့် မူဝါဒများ၊ မဟာဗျူဟာများရေးဆွဲချမှတ်ထားပြီးဖြစ်သည်။ သို့ရာတွင် အထူးပြုစုစောင့်ရှောက်ပေးရန် လိုအပ်သောကလေးများ၏ဘဝကို တစ်ဆင့်ပြီး တစ်ဆင့် စိတ်ရှည်လက်ရှည်မြှင့်တင်ပေးနိုင်ရန် ECI ကျွမ်းကျင်ပညာရှင်များစွာ လိုအပ်ပါသည်။ အထူးသဖြင့် မွေးစမှ အသက်ငါးနှစ်အရွယ်ကလေးများအား ထိရောက်စွာ ဝန်ဆောင်မှုပေးနိုင်မည့် စကားပြောကုထုံးပညာရှင်များ (Speech/Language Therapists)၊ အနုစိတ်ကုထုံး/ လက်မှုပညာဖြင့် ကုသသောပညာရှင်များ (OccupationalTherapist) နှင့် ရုပ်ပိုင်းကုထုံးပညာရှင်များ မွေးထုတ်နိုင်ရေးအတွက် တက္ကသိုလ်အဆင့်၊ အပြည်ပြည်ဆိုင်ရာ အဆင့် ပညာရေးအစီအစဉ်များ ထူထောင်ရန်လိုအပ်သည်။ သို့မှသာ ထိုမှထွက်ပေါ်လာသော ဘာသာရပ်ဆိုင်ရာ အထူးကျွမ်းကျင်သူများက ၎င်းတို့ရရှိထားသော အသိပညာ၊ အတတ်ပညာ၊ နည်းပညာများကို ဆင့်ပွားမျှဝေပေးနိုင်မည်။ ဤသို့ဖြင့် ECI ဆိုင်ရာ ပညာရေးနှင့် လေ့ကျင့် သင်တန်းပေးရေးဆိုင်ရာအရင်းအမြစ်များ ကြွယ်ဝလာသည်နှင့်အမျှ ဆက်လက်ဖော်ဆောင်ရန်ရှိသော ECI ဝန်ဆောင်မှုလုပ်ငန်းများကို ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်နိုင်မည်မှာမလွဲပေ။

ဆောလျင်စွာကူညီဆောင်ရွက်ပေး

အချုပ်အားဖြင့် ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး (ECI) ဆိုင်ရာလုပ်ငန်းများသည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ ဌာနအဖွဲ့ အစည်းတစ်ခုတည်းကသာ နားလည်သိရှိဆောင်ရွက်ရုံဖြင့် မလုံလောက်နိုင်ပေ။ အဓိက အားဖြင့် ကလေးငယ်များနှင့် နိစ္စဓူဝထိတွေ့ဆက်ဆံနေရသော မိဘဆရာများအားလုံးက မည်သို့မည်ပုံ ပြုစုစောင့်ရှောက်ရမည်ဟူသည့် နည်းစနစ်များကို လေ့လာသိရှိထားရန်လိုသည်။ မိမိတို့နိုင်ငံရှိ ကလေးသူငယ် လူမမည်လေးများအားလုံးကို ပန်းလိုစိုက်ပျိုး၊ ပိုးလိုမွေးမြူကြရန် နိုင်ငံသားအားလုံးတွင်တာဝန်ရှိသည်။ သို့ဖြစ်ရာ အထူးစောင့်ရှောက်ပေးရန် လိုအပ်သောကလေးများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လူမှုအဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်များနှင့် ပြည်သူလူထုတစ်ရပ်လုံးက ဆောလျင်စွာ ဝိုင်းဝန်းပါဝင်ကူညီဆောင်ရွက်ပေးကြပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။ ။

ကိုးကား

- Myanmar Policy for ECCD (2014)

- National Strategic Plan for the ECI (2017-2021)

- ဒေါက်တာတင်မောင်ထွေး (ဒေါက်ထွေး ဆေး-မန်း)၏ “ကလေးသူငယ်ပြုစုပျိုးထောင်နည်း” (၂၀၀၄)

No comments:

Post a Comment