Thursday, June 1, 2023

ပြတိုက်၊ လူငယ်နှင့်နွေကာလလှုပ်ရှားမှုများ

 

စစ်တွေ- မေလတ်ဇံ

၂၀၂၃ ခုနှစ် နွေကာလသည် ထူးထူးခြားခြားလူငယ်များနှင့် ဆက်စပ်နေသောလဖြစ်ကြောင်း တွေ့ရှိရသည်။ ရှေးဦးစွာ မေလ ၃ ရက်နေ့သည် ကဆုန်လပြည့် (ဗုဒ္ဓနေ့)နှစ်တိုင်းကဲ့သို့ ယင်းနေ့တွင် အစဉ်အလာမပျက် ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပခြင်းအပြင် လူငယ်များပါဝင်သော ဗုဒ္ဓနေ့အထူးအစီအစဉ်အဖြစ် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်အား ပူဇော်မည့် ဆီမီးတိုင်များကိုင်ဆောင်လှည့်လည်ပူဇော်ပွဲနှင့် ဓမ္မပူဇာသဘင်တို့တွင် ပါဝင်ပူဇော်ခွင့်ရရှိခြင်းက လူငယ်များ၏နှလုံးသားတွင် ဗုဒ္ဓတရားတော်၏ တန်ဖိုးအဆီအနှစ်တို့ ကိန်းဝပ်စေသောအကျိုးကို ရရှိစေခဲ့သည်။

ကဆုန်လ၏ ပူပြင်းလှသောအပူချိန်ကြောင့် ကျောင်းသားကျောင်းသူ လူငယ်များ ခံနိုင်ရည်မရှိမည်ကို ပွဲစီစဉ်သူလူကြီးများ တွေးပူခဲ့ကြသော်လည်း လူငယ်သဘာဝတက်တက်ကြွကြွ လန်းလန်းဆန်းဆန်းဖြင့် ဓမ္မသဘင်ပွဲပြီးဆုံးသည်အထိတရားနာရာ၌ ပါဝင်ခဲ့ကြသည်ကို တွေ့မြင်ရသည်မှာ ပီတိဝေဖြာမိပေသည်။ လူငယ်များဗုဒ္ဓသာသနာတော်နှင့် မစိမ်းတော့လျှင်ပင် အနာဂတ်သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်မည့်သူများရှိလာမည်ဟု မျှော်မှန်းဝမ်းသာနိုင်ပေပြီ။

ဒုတိယအနေဖြင့် မေလလူငယ်လှုပ်ရှားမှုများအဖြစ် နွေရာသီကျောင်းပိတ်ရက်အတွင်း မျိုးဆက်သစ် ကျောင်းသားကျောင်းသူလူငယ်မောင်မယ်များ အားလပ်ရက်များကို အကျိုးရှိရှိ အသုံးချတတ်စေရန်၊ နိုင်ငံတော်အတွက်ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ် လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်သော ရေကြောင်းနှင့် လေကြောင်းလူငယ်အခြေခံသင်တန်းများ၊ တန်းမြင့်သင်တန်းများသည် လည်း ဧပြီလမှစတင်ကာ မေလအထိ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့ရှိ မြို့နယ် သင်တန်းစခန်းများတွင် တစ်ပြိုင်တည်း ဖွင့်လှစ် ပေးခဲ့ရာ ကျောင်းသား ကျောင်းသူ လူငယ်ပေါင်း ၁၄၀၀ ခန့် တက်ရောက်ကြကြောင်း သိရှိရသည်။

အကျိုးရှိရှိအသုံးချ

အလားတူ ဌာနဆိုင်ရာအချို့က မိမိတို့ဝန်ထမ်း သားသမီးငယ်များ နွေရာသီအားလပ်ရက်ကို အကျိုးရှိရှိအသုံးချနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ပေးကြသော ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ ပန်းချီသင်တန်း၊ ရေကူးသင်တန်းနှင့် ယဉ်ကျေး လိမ္မာသင်တန်းတို့ကိုလည်းတွေ့ရသဖြင့် လူငယ်များ အားလပ်ချိန်ကို အကျိုးရှိရှိအသုံးချနိုင်ကြောင်း ဝမ်းမြောက်ဖွယ်တွေ့ရသည်။

အလားတူ ဘက်စုံထူးချွန်သူ ကျောင်းသား ကျောင်းသူ လူငယ်များသည်လည်း လူရည်ချွန် အဖြစ် ရွေးချယ်ခံရကာ သတ်မှတ်ထားသော အတန်းများအလိုက် တောင်ကြီး၊ ပုဂံ၊ ငွေဆောင်စသည့် လူရည်ချွန်အပန်းဖြေစခန်းများတွင် အနားယူအပန်းဖြေရင်း ဒေသန္တရဗဟုသုတများ ရှာမှီးခွင့်ရရှိခြင်း၊ နိုင်ငံတော်အစီအစဉ်ဖြင့် ပို့ဆောင်ပေးသော တန်ဖိုးရှိသည့် လေ့လာရေးခရီးများ သွားရောက်ရခြင်း၊ ယခင်(၁၉၆၄-၁၉၈၈) လူရည်ချွန်ကြီးများ၏ ဘဝအတွေ့အကြုံများကို အတုယူဖွယ် နားထောင်မှတ်သားရခြင်း၊ တန်ခိုးကြီးဘုရားစေတီများ ဖူးမြော်ကြည်ညိုခွင့်ရခြင်း၊ နိုင်ငံတော်၏ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းဆောင်ရွက်မှုများ၊ စီမံကိန်းလုပ်ငန်းများကို လေ့လာမှတ်သားခွင့်ရရှိခြင်းတို့အပြင် တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် ပေါင်းစုံမှ တိုင်းရင်းသားသွေးချင်း ညီအစ်ကို မောင်နှမများ ချစ်ကြည်ရင်းနှီးခွင့်ရရှိခြင်းက တန်ဖိုး မဖြတ်နိုင်သော အကျိုးအမြတ်ပင်ဖြစ်ပါသည်။

အနာဂတ်ပညာရေး

တစ်ဖန် ကျောင်းသားကျောင်းသူလူငယ်များ၏ မြန်မာနိုင်ငံအနာဂတ်ပညာရေး ကောင်းမွန် တိုးတက်စေရေး ဦးတည်ချက်ဖြင့် ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃)တွင်လည်း ပညာရေးတန်းစဉ် ကူးပြောင်းမှုနည်းပါးရေး၊ ကလေးသူငယ်တိုင်း အခြေခံပညာကို KG+9 ပြီးမြောက်သည်အထိ သင်ယူခွင့်ရရှိရေး၊ အသက် မွေးဝမ်းကျောင်းအခြေခံရရှိရေးအတွက် Grade-10၊ Grade-11 ၊ Grade-12အတန်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်စက်မှုနည်းပညာရပ်များသင်ကြားရေး၊ လုပ်ငန်းခွင်လက်တွေ့အသုံးချရမည့် ပညာရပ်ကျွမ်းကျင်မှုများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုသိပ္ပံကျောင်းများတွင် ထိရောက်စွာသင်ကြားပြီး လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရေး၊ အဆင့်မြင့်ပညာကို ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုအပြင် လူမှုအသိုက်အဝန်း တိုးတက်မြင့်မားမှုကို အထောက်အကူပြုမည့် သင်ကြားသင်ယူမှုဖြစ်စေရေး၊ ဝိဇ္ဇာ၊ သိပ္ပံပညာရှင်များမွေးထုတ်ရေး၊ လူငယ်လူရွယ်များ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ် ရှိလာစေရန် မည်သို့ဆောင်ရွက်ရမည်ကို လုပ်ငန်းတာဝန်များတွင် ထည့်သွင်းအဖြေရှာရေးစသည့် နိုင်ငံ့ပညာရေးနှင့် လူငယ်များအကျိုးရှိစေမည့် ရည်ရွယ်ချက်များချမှတ်ကာ ယင်းရည်ရွယ်ချက် များကို ဆောင်ရွက်အကောင်အထည်ဖော်မည့် နည်းလမ်းများ၊ တွေ့ကြုံရမည့် စိန်ခေါ်မှုများ၊ ယင်းစိန်ခေါ်မှု အခက်အခဲများကို ကျော်လွှားနိုင်မည့် နည်းလမ်းများကို ဖော်ထုတ်ကြရသည့်အပြင် ဝိုင်းဝန်းစုပေါင်းဆွေးနွေးကြခြင်းဖြင့် ရှေ့လုပ်ငန်းစဉ်များပါ ပေါ်ထွက်လာသည်အထိ ဆွေးနွေး အဖြေရှာကြသည်။

ထို့ပြင် ယခင်ကပင်ချမှတ်ပြီး၊ ရှိနှင့်ပြီးဖြစ်သော နှစ် ၃၀ ကာလရှည်စီမံကိန်းအပေါ် အခြေခံ၍ ကာလလတ်စီမံကိန်း၊ ကာလတိုစီမံကိန်းများ ဆောင်ရွက်နိုင်မည့် အခြေအနေများကိုလည်း ဆွေးနွေးကြသည်။ ကျင်းပပြီးစီးခဲ့သည့် မြန်မာနိုင်ငံပညာရေးညီလာခံ (၂၀၂၃) တွင် ပညာရေးဝန်ကြီးဌာနနှင့်အတူ အခြေခံပညာကဏ္ဍတွင်ဖြစ်စေ၊ အဆင့်မြင့်ပညာကဏ္ဍတွင်ဖြစ်စေ၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးနှင့် သက်မွေးပညာကဏ္ဍတွင်ဖြစ်စေ၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုကဏ္ဍတွင်ဖြစ်စေ၊ ကျောင်းများ၊ သိပ္ပံများ၊ တက္ကသိုလ်များဖွင့်လှစ်ပို့ချ သင်ကြားပေးနေသည့်သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ စိုက်ပျိုးမွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန စသည့်ဝန်ကြီးဌာနများပါ ပူးပေါင်းပါဝင်လျက် စာတမ်းများ ဖတ်ကြားကြခြင်း၊ စကားဝိုင်းဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးကြခြင်း၊ ပြခန်းများ ခင်းကျင်းပြသခြင်းဖြင့် ကျောင်းသားကျောင်းသူလူငယ်များ၏ အနာဂတ်ပညာရေးခရီး ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုခဲ့ပေသည်။

ပြတိုက်နှင့် လူငယ်ဆက်စပ်မှု

ယခု ဤဆောင်းပါးခေါင်းစဉ်တွင်ပါဝင်သော ပြတိုက်နှင့်လူငယ်ဆက်စပ်မှု လာပါတော့မည်။ တစ်ကမ္ဘာလုံးရှိ ပြတိုက်များနှင့် ပြတိုက်မှူးများ၊ ပြတိုက်ကျွမ်းကျင်ပညာရှင်များ ပါဝင်ဖွဲ့စည်း ထားသော အကြီးဆုံးပြတိုက်အဖွဲ့အစည်းမှာ အပြည်ပြည်ဆိုင်ရာပြတိုက်များကောင်စီ ( Inter-national Council of Museums – ICOM) ဖြစ် သည်။ အဆိုပါအဖွဲ့အစည်းက ကြီးမှူး၍ နှစ်စဉ် မေလ ၁၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာပြတိုက် များနေ့ (International Museum Day- IMD )ဟု သတ်မှတ်ကာ နှစ်စဉ်ဆောင်ပုဒ် (Theme) တစ်ခုချမှတ်၍ တစ်ကမ္ဘာလုံးရှိပြတိုက်များကို အပြည်ပြည် ဆိုင်ရာပြတိုက်များနေ့ အခမ်းအနားကျင်းပစေကာ ချမှတ်ပေးသော ဆောင်ပုဒ်(Theme) ကို အကောင်အထည်ဖော်သည့် အထူးပြပွဲများ ကျင်းပခြင်း၊ စာတမ်းဖတ်ပွဲ၊ ဆွေးနွေးပွဲ၊ ညီလာခံစသည့်ပြတိုက် ပညာရပ်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်အပါအဝင် အများပြည်သူ ပူးပေါင်းပါဝင်စေခြင်းဖြင့် အခမ်းအနားများ ကျင်းပလေ့ရှိသည်။

မြန်မာနိုင်ငံတွင်လည်း အမျိုးသားပြတိုက် (နေပြည်တော်)တွင် အပြည်ပြည်ဆိုင်ရာ ပြတိုက် များနေ့အခမ်းအနားကို မေလ ၁၈ ရက်နေ့တွင် ကျင်းပရန်စီစဉ်ခဲ့သော်လည်း လူငယ်များအတွက် အထူးအရေးပါသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)ဖွင့်ပွဲရက်နှင့် တိုက်ဆိုင်နေ သဖြင့် ဇွန်လ ၃ ရက်နေ့သို့ ပြောင်းလဲကျင်းပရန်စီစဉ် လျက်ရှိသည်။ မေလ ၁၈ ရက်၊ အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနအောက်မှ အမျိုးသားပြတိုက် (နေပြည်တော်)၊ အမျိုးသားပြတိုက် (ရန်ကုန်) အပါအဝင် ပြတိုက်များ ကို အခမဲ့ဖွင့်လှစ်ပြသခဲ့ပြီးဖြစ်သည်။

ဖိတ်ခေါ်ပြသသွားမည်

ဇွန်လ ၃ ရက်နေ့ ကျင်းပရာတွင်လည်း ပြတိုက်ဆိုင်ရာစာတမ်း ခြောက်စောင် ဖတ်ကြား မည့်အပြင် ယခုနှစ် အပြည်ပြည်ဆိုင်ရာပြတိုက်များ နေ့၏ ဆောင်ပုဒ်ဖြစ်သော “Museum, Sustaina-bility and well Being” (ကျန်းမာပျော်ရွှင်၊ လူ့ဘောင်တခွင်၊ စဉ်ဆက်မပြတ် တည်တံ့ရေး၊ ပြတိုက်များက စွမ်းဆောင်ပေး) ဟူသော ဆောင်ပုဒ်နှင့်အညီ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပြပွဲကိုပါ ထည့်သွင်းပြသမည်ဖြစ်ရာ ကျောင်းသား ကျောင်းသူ လူငယ်များကိုပါ ကျောင်းအလိုက် လေ့လာရေးလာရောက်ရန် ဖိတ်ခေါ်ပြသသွားမည် ဖြစ်ကြောင်း သိရှိရသည်။

အမှန်စင်စစ်ပြတိုက်ဆိုသည်မှာ Non-formal education ခေါ် ကျောင်းပြင်ပ ပညာရေးပင်ဖြစ်ရာ ကျောင်းသားကျောင်းသူများနှင့်ပြတိုက်၊ လူငယ်နှင့် ပြတိုက်တို့သည် နိုင်ငံတကာတွင် ခွဲမရသော အတွဲအစပ်များပင် ဖြစ်ပေသည်။ လူ့ဘောင်တစ်ခွင် ကျန်းမာပျော်ရွှင်စေရန်မှာလည်း သဘာဝ လေကောင်းလေသန့် ရှူရှိုက်ရခြင်း၊ စိမ်းလန်းစိုပြည်လျက်သန့်ရှင်းစင်ကြယ်သော ပတ်ဝန်းကျင်တွင်နေထိုင်ရခြင်း စသည့်အချက်များ ပါဝင်လေရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပြပွဲကို ကြည့်ရှုလေ့လာခွင့်ရရှိခြင်းဖြင့် ကျောင်းသား ကျောင်းသူ လူငယ်များကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလုပ်ငန်း တစ်ပါတည်း ဆောင်ရွက်ရာရောက်သဖြင့် အလွန်အကျိုးများသော ပြပွဲပင်ဖြစ်ပေမည်။

သို့ဖြစ်၍ နွေကာလ ဧပြီ၊ မေမှသည် ဇွန်လ ဆန်းပိုင်းအထိ တောက်လျှောက်လူငယ်များနှင့် သက်ဆိုင်သော၊ လူငယ်များအတွက်အကျိုးရှိသော၊ လူငယ်များကိုယ်တိုင် ပါဝင်လှုပ်ရှားခွင့်ရသော ပွဲတော်များ၊ အခမ်းအနားများ၊ ညီလာခံများ၊ စခန်းချပွဲများကို မြင်တွေ့ရခြင်းဖြင့် မြန်မာလူငယ်တို့၏ အနာဂတ်ပညာရေးခရီး ဖြောင့်ဖြူးစွာဖြင့် လျင်လျင် မြန်မြန်ဘက်စုံစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်ကာ အနာဂတ်မြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်သော နိုင်ငံ့သားကောင်း သမီးကောင်းရတနာများ ပေါ်ထွန်းလာစေကြောင်း ဆန္ဒပြုလိုက်ရပေသည်။ ။          

No comments:

Post a Comment